Monday, 24 January 2022

Dear Angel.....(1)






ချစ်သော အိန်ဂျယ်.....,

ဒီနေ့ မနက် မိုးဖွဲဖွဲလေးရွာတယ်.... ဆောင်းရာသီကြီးမှာလေ....။ ရာသီဥတုတွေ ဖေါက်ပြန်တာကြောင့်တဲ့....။ လောကမှာ ဖေါက်လွဲဖောက်ပြန်ဖြစ်နေတာ ခုမှမဟုတ်ဘဲနော်....။ အဓိကတရားခံကတော့ လူတွေကြောင့်ပဲ....။ ထားပါတော့ အဲအကြောင်းပြောရင် ကုန်နိုင်မှာ မဟုတ်ဘူး....။

မိုးရာသီရောက်ဖို့ နောက်ထပ်တစ်ရာသီကိုစောင့်ရဦးမှာပဲ .......
အိန်ဂျယ်ရေ... မင်းဘယ်ရောက်နေလဲ ကိုယ်မသိနိုင်ပေမယ့် ကိုယ်အမြဲတမ်း ရှင်သန်နေဆဲဖြစ်တဲ့ ဒီနေရာလေးကိုတော့ မင်းမျက်စိလည်ပြီး ရောက်လာတတ်လိမ့်မယ်လို့ ကိုယ်ထင်ပါတယ်....။ ဒီနေ့ အခြေအနေအရပ်ရပ်ကြောင့်မရောက်တာ ၂နှစ်ကျော်လောက်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ဈေးကိုရောက်ခဲ့တယ်..,။ နှစ်နဲ့ချီသေနေတဲ့ လက်ပတ်နာရီဓါတ်ခဲလေး သွားလဲတာပါ..,။ အမြဲတမ်းလဲနေကျနဲ့ စိတ်ချရတဲ့ဆိုင်မို့လို့လေ...။ တကယ်တော့ ကိုယ်က လက်ပတ်နာရီပတ်ရတာအပျင်းဆုံးပဲ...။ ကိုယ့်ဆီမှာ လက်ပတ်နာရီသုံးလုံးပဲရှိတာ Michael Korr ရွှေရောင်လေးတစ်လုံး Baby G ဒိုင်ခွက်ကြီးကြီးနဲ့ အနက်ရောင်နာရီတစ်လုံးရယ် ငွေရောင်ဒိုင်ခွက်သေးသေးနဲ့ ဖန်စီနာရီလေးရယ်ပါ....။ ကိုယ့်မှာ အရင်ဆိုက်ကိုတစ်ခုရှိတယ် အဲဒါကတော့ ဘယ်ချိန်ရှိပြီလဲဆိုတဲ့ နာရီကိုကြည့်ရမှာ ကြောက်တတ်တာပဲ..။ အဲဆိုက်ကိုပျောက်သွားခဲ့တာကြာခဲ့ပြီဆိုပေမယ့် တစ်ခါတစ်ခါပြန်ပေါ်လာတတ်တာ သတိထားမိတယ်...။ အဲဒါကြောင့် ကိုယ်နာရီသိပ်မပတ်ဖြစ်တာလည်း ဖြစ်နိုင်တယ်..,,။

ခုတလောတော့ ကိုယ် Baby G နာရီလေးကိုနေ့တိုင်းပတ်ဖြစ်နေတယ်.... ကြိုက်တယ် မြန်မာဝတ်စုံ ဝမ်းဆက်နဲ့ Spot နာရီလေးတွဲဝတ်ရတာကိုလေ....။ ဆန့်ကျင်ဖက် ဖို မ ဓါတ်ရဲ့ ဆွဲအား လာထင်ဟတ်နေတာလို့ ယူဆရတဲ့ ယောကျ်ားနဲ့မိန်းမဆန်တဲ့ Sense နှစ်ခုပေါင်းစည်းထားတဲ့ ဖက်ရှင်ကို ကိုယ်နှစ်သက်တယ်လေ....။....။

နာရီဓါတ်ခဲထည့်တာ စောင့်ရင်း ဈေးအနောက်တန်း ခုံးတံတားအောက်က ကြာဇံကြော်နဲ့ဝက်သားတုတ်ထိုး သွားထိုင်စားဖြစ်သေးတယ်....။ စကော့ဈေးရဲ့ လူသွားလမ်း အနက်ရောင် ကျောက်အုတ်ပြောင်ပြောင်တွေက နေရောင်အောက်မှာ လက်လက်ထလို့  နင်းလျှောက်သူမရှိ ဖြတ်သန်းမယ့် မော်တော်ကားတွေမရှိ ဇီးသီးပေါင်းအသည်တွေမရှိ မြန်မာမုန့်သည်နဲ့ အသုပ်ဆိုင်တွေမရှိ စိန်တွေသီးနေတဲ့ဖက်ရှင်ကျကျ ခေတ်မီတဲ့ အန်တီကြီးတွေမရှိ ကမ္ဘာအရပ်ရပ်ကခရီးသွားတွေမရှိ ....ဟိုအရင်က ဈေးဝယ်သူတွေ ခြေခြင်းလိမ်သွားလာနေတဲ့မြင်ကွင်းတစ်ခုကို ပြန်မြင်ယောင်ရင်း အအီပြေ..သောက်လက်စ သံဗူးအအေးကို လက်စသတ်လိုက်တယ် .....။

ဗိုလ်ချုပ်လမ်းမကြီးကတော့ တိတ်ဆိတ်ကြေကွဲ........


Still flying…..
Still loving…..



_____________________
Revolution will prevail
မိုးငွေ့

 

No comments: