ချစ်သော အိန်ဂျယ်.....,
ကိုယ်အပင်တစ်ပင်စိုက်ဖြစ်တဲ့အကြောင်း မင်းကိုပြောပြဖို့ရောက်လာတာပါ....
တကယ်တမ်းကိုယ်က အပင်စိုက်ရတာ ဝါသနာပါတဲ့သူတော့မဟုတ်ဘူး...။ ရေလောင်းပေါင်းသင် မြေဆွ မြေဩဇာဖြည့် အကိုင်းဖြတ် အရွက်ခြွေစတာတွေ လုပ်ပေးရတဲ့အပြင် လိုအပ်ရင်လည်းစကားပြောပေးရသေးတယ်...။ ဒီတော့မှ သဘာဝကိုချစ်မြတ်နိုးရတာ ပင်ပန်းမှန်း ကိုယ်နားလည်သွားတယ်...။ ပင်ပန်းပေမယ့် စိုက်လက်စအပင်ကိုတော့ ဆက်လက်ရှင်သန်အောင် ပျိုးထောင်ရမယ်မဟုတ်လား...။ အပင်လေးစိမ်းလန်းတာမြင်ရတဲ့အခါ ပျော်ရွှင်ရတယ် တခါတလေ ရွက်ဝါတွေကျတော့လဲ ဝမ်းနည်းရတယ် ....။ အေးလေ.... လူတစ်ယောက်က အမြဲတမ်းတော့ ဘယ်ပျော်နိုင်ပါ့မလဲ....။ ကိုယ့်အတွက် ပျော်ရွှင်မှုတစ်ကြိမ်မှာ ရာခိုင်နှုန်းနဲ့သတ်မှတ်ရင် ၂၀ % လောက်ပဲရှိမယ်ထင်တယ်...။ အပင်လေးက ပန်းတွေဖူးပွင့်ဝေဆာနေတာမြင်ရရင်တော့ အမြင့်ဆုံး ၅၀ % ထိပျော်ရမယ်လို့ထင်တယ် ကျန် ၅၀%ကတော့ မပျော်အုတ်မြစ်တစ်ခုလိုဖြစ်နေပါပြီ....။
အပင်လေးကို သုံးရာသီပတ်လုံး အမြဲစိမ်းလန်းရှင်သန်နေဖို့ ဂရုစိုက်ရမယ် ....။ အပင်လေးကိုလည်း ကိုယ်ကသံယောဇဉ်တွယ်ချစ်တတ်နေပြီ.....။ ဆောင်းမှာ မြူငွေ့တွေလွှမ်းခြုံစေတယ် နွေမှာနေခြည်လဲ့ဖြာစေလို့ ဝသန်မှာတော့ မိုးစွေစေဖို့ ကိုယ်ဂရုစိုက်ရမယ်...။ ခုတော့ ဟေမာန်ကို ဖြတ်သန်းဆဲကာလဖြစ်တယ်... ဂိန်မာန်ရာသီကျရင်တော့ ဘယ်လိုဖြစ်ဦးမယ်မသိဘူး.... ကိုယ်ချစ်တဲ့ မိုးရာသီကတော့ ပြောစရာမလိုဘူးလေ သူ့အလိုလို မိုးရေတွေပက်ဖျန်း ပွင့်လန်းနေလိမ့်မယ်.....။ လေပြင်းဒဏ် နေရောင်ဒဏ်တွေကို ကြံ့ကြံ့ခံနိုင်ဖို့ ကာကွယ်အုပ်မိုးရဦးမှာပဲ....။ ဒီတော့မှ..... သဘာဝကိုချစ်ရတာ မလွယ်မှန်း ဒီအသက်ရွယ်ရောက်မှ ကိုယ်ရှာဖွေသိရှိရတယ်....။
No comments:
Post a Comment