Tuesday, 31 January 2012

သော့တစ်ချောင်းကောက်ရတဲ့ကောင်လေး.....






လမ်းကလေးက ခုလိုဆောင်းရာသီမှာ သစ်ရွက်ကြွေတွေပြန့်ကျဲလို့...... ။ မနက်ခင်းပိုင်းမှာဆို သစ်ရွက်မီးရှို့နံ့နဲ့အတူ ဈေးသည်တွေ အလုပ်သွားလာသူတွေ လူးလားခေါက်ပြန်ဖြတ်လျှောက်ကြတယ်.....။ လမ်းကလေးက ကျဉ်းကျဉ်းလေးပေမယ့် အေးချမ်းတယ် မြက်ရိုင်းပင်တချို့နဲ့ လူတွေနင်းခြေခြင်းကို စိတ်ရှည်စွာ သစ္စာရှိစွာ နှစ်ရှည်လများ ခံယူဆဲ ခံယူမြဲပါပဲ.....။

ဒီလမ်းလေးမှာ လျှောက်ကြတဲ့သူတိုင်း တစ်ယောက်ကို တစ်ယောက် မသိကြပေမယ့် မျက်မှန်းတန်းမိတော့ရှိကြတယ်........။ တစ်ရက်တော့ လမ်းမှာ ကောင်လေးတစ်ယောက်က ကျမနောက်ကိုအပြေးလိုက်လာပြီး ......။

“ဒီသော့တံချောင်းလေးက အစ်မသော့လားဗျ” တဲ့......

ဒီလမ်းလေးမှာ ဒီရပ်ကွက်ကလူတွေအများကြီးထဲကမှ သော့ပိုင်ရှင်ဟာ ကျမဖြစ်လိမ့်မယ်လို့ သူဘာကြောင့်များသေချာနေပါလိမ့်....။ နည်းနည်းတော့ထူးဆန်းနေတယ်...။ ကျမက သူ့ကိုပြူးကြောင်ကြည့်နေတော့.....။


“ အော် ဒီလိုပါ တလောက ဟိုစိန်ပန်းပင်လေးမှာ အစ်မသော့ပျောက်ကြေငြာစာရွက်လေး လက်ရေးလေးနဲ့ ကပ်ထားတာတစ်ရက်တွေ့လိုက်လို့ အဲဒီစာရွက်ကို ကျနော်ပဲခွာယူထားလိုက်တယ်”

“ဟင်....”

ဟုတ်သားပဲ .....ကျမစက္ကူတစ်ခုမှာ ရေးခြစ်ပြီး ကပ်ထားမိတာ.....။ ဒါပေမယ့် ဆက်သွယ်ရမယ့် လိပ်စာ ဖုန်းနံပါတ်တွေထည့်မထားပါဘူး....။ အော်.... ကျမကပ်နေတဲ့အချိန်ကို သူတွေ့သွားတာဖြစ်လိမ့်မယ်....။

“ ဒီလိုပါ အစ်မစာရွက်ကပ်ပြီးထွက်သွားတော့ ကျနော်သွားဖတ်ကြည့်လိုက်တယ် အဲဒီမတိုင်ခင်ကတည်းက ကျနော့်လက်ထဲကို သော့လေးက ရောက်နှင့်နေတာဗျ..... ကျေနော်ကောက်ရထားတာ နဲနဲတော့ကြာပြီ ဘယ်သူ့သော့ချောင်းမှန်းမသိလို့ သိမ်းထားတာ”


ဒီတော့မှ ကောင်လေးက သူ့အိတ်ထဲက သော့ချောင်းလေးကို ထုတ်လာတယ်.....။ ကြေးရောင်ခပ်မှိန်မှိန်ဖြစ်နေပြီဖြစ်တဲ့ သော့တံရှည်ရှည်လေး........။ နှစ်ပေါင်းများစွာ
သော့ခတ်သိမ်းဆည်းထားတဲ့သေတ္တာလေးတစ်ခု......။ သော့လေးပျောက်နေတာနဲ့ဖွင့်မကြည့်တာကြာပြီ။ အမှန်တော့ သော့စပိတ်လိုက်တဲ့နေ့ကတည်းက တခါမှဖွင့်မကြည့်ဖြစ်တော့တာပါ...။


“ကျေးဇူးနော်....တို့ဘယ်လိုကျေးဇူးဆပ်ရမလဲ..... အမှန်းတိုင်းဝန်ခံရရင် တို့အတွက် အရေးကြီးတဲ့ သော့တစ်ချောင်းပါ....ခုလိုကောက်သိမ်းထားပေးတဲ့သူရှိမှန်းတောင် မမျှော်လင့်မိဘူး.... ဘယ်တော့မှပြန်မတွေ့နိုင်တော့ဘူးလို့တောင်ထင်ထားခဲ့တာ”

“ရပါတယ်ဗျ ကျေးဇူးဆပ်စရာမလိုပါဘူး ကျနော်တို့က တစ်ရပ်ကွက်ထဲသားတွေပဲ”


အဲဒီဆံပင်ကောက်ကောက်ကွေးကွေး လွယ်အိတ်အမဲအကြီးကြီးတကားကားနဲ့ကောင်လေးကို ကျမနေ့တိုင်း အလုပ်သွားပြန်တွေ့နေကျပါ.......။ ပိန်ပိန်ပါးပါး ဆံပင်ရှည်ဖါးဖါးပွယောင်းယောင်း မျက်မှန်ကြောင်ကြောင်နဲ့ ကျမကိုလည်း သူသတိထားမိမှာပါ......။ သူဘာအလုပ်လုပ်လည်းကျမ မသိသလို ကျမအလုပ်ကိုလည်းသူသိမယ်မထင်ဘူး...........။

“ဒီလ မဂ္ဂဇင်းမှာပါလာတဲ့ အစ်မအက်ဆေးလေး ကျနော်ဖတ်ရတယ်... ကျေးဇူးဆပ်ချင်ရင် အဲဒီစာအုပ်လေးလက်ဆောင်ပေးရင်ရပါပြီ”

“ဟမ်........” ကျမတအံ့တသြနဲ့ မျက်မှန်လေးပင့်ကြည့်တော့ ကောင်လေး ခေါင်းလေးလှန်ပြီး ဟက်ဟက်ပက်ပက်ရယ်လိုက်တယ်......။ သူ့အပြုံးလေးတွေက ပျိုမျှစ်လိုက်တာ.....။

“အံ့သြသွားလား......အစ်မ ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်တယ် စာလဲရေးတယ် အဲဒါကျနော်သိနေတယ်လေ”


ကောင်လေးက သူ့လွယ်အိတ်သိုင်းကြိုးကိုလက်နှစ်ဖက်ဆွဲပြီး ပခုံးပေါ်ပြင်လွယ်ရင်းပြောတယ်....။

သော့ချောင်းလေးကို အိတ်ထဲထည့်သိမ်းရင်း....

“အိုကေ... မင်းကို တို့နောက်နေ့စာအုပ်ယူခဲ့ပေးမယ်... ပြီးတော့တစ်ခုခုလိုက်ကျွေးမယ်....”

“အပြင်မှာတော့ မစားချင်ဘူး အစ်မလက်ရာတစ်ခုခုချက်ကျွေးမလား”

“ဟမ်...”

ဒုတိယအကြိမ် ကျမရဲ့ အံ့အားသင့်မှု...။ ကျမ ပါးစပ်အဟောင်းသားများဖြစ်သွားမလားပဲ...။

“မအံ့သြပါနဲ့ အမကိုယ်တိုင် အချက်အပြုတ်ကျွမ်းကျင်တယ်ဆိုတာ အမ အင်တာဗျူးမှာ ဖတ်ဖူးထားတယ်လေ”

ကျမ မျက်မှန်ကို လက်ညိုးနဲ့ပင့်တင်ရင်း ပြုံးစစလေးဖြစ်သွားမိတယ်....။ ကျမကို လူသိများနေပြီလား....။

“အိုကေ အိုကေ ဒီပိတ်ရက်ကို တို့တစ်ခုခုချက်ကျွေးပါ့မယ်....”

ကောင်လေးပခုံးပေါ်က လွယ်အိတ်က လေးလံနေပုံ....။ ဘာတွေများထည့်ထားလို့ လေးလံပြီးကြီးနေပါလိမ့်...။ ကျမနဲနဲစပ်စုချင်စိတ်ပေါက်သွားတယ်.....။

“မင်းကဘာအလုပ်လုပ်လဲ... အမြဲတမ်းအဲဒီအိတ်ကြီးကြီးလွယ်တာတွေ့လို့”

ကျမပြောမှ သူက သူ့လွယ်ထားတဲ့ အိတ်ကိုငုံ့ကြည့်ရင်း တစ်ချက်ပြုံးလိုက်တယ်...။

“ကျနော်က အပျော်တမ်းဓါတ်ပုံရိုက်တယ်.... ပုံမှန်အလုပ်မယ်မယ်ရရမရှိပါဘူး....အချိန်ပိုင်းအနေနဲ့ သတင်းဓါတ်ပုံတွေရိုက်ပေးပါတယ် ဂျာနယ်တိုက်တွေကို”

“အော်...အော်.. အိုကေ နောက်မှဆုံကြတာပေါ့... တို့အိမ်မှာ ချိန်းထားတဲ့ ဧည့်သည်ရှိလို့”

“ဟုတ်...အမ... တာ့တာ”

ကျမတို့ နှုတ်ဆက်ရင်း လမ်းခွဲလိုက်ကြတယ်....။



****************************



အခန်းမီးရောင်မှိန်မှိန်အောက်မှာ ယွန်းသေတ္တာလေးက နွမ်းလျလျ.....။ နှစ်ပေါင်းများစွာ သော့ခတ်သိမ်းဆည်းခံထားရတဲ့ အတိတ်ဟောင်းတွေကို ကျမပြန်ဖွင့်ကြည့်သင့်သလား.......။ အဲဒီသော့ပျောက်ကတည်းက ကိုယ့်ဘာသာကိုယ် သော့ကောက်ရသူဟာ မိန်းကလေးပဲဖြစ်ဖြစ် ယောကျာၤလေးပဲဖြစ်ဖြစ် ချစ်တဲ့သူနဲ့ တစ်သက်လုံးပျော်ရွှင်စွာပေါင်းရပါစေလို့ ဆုတောင်းပေးလိုက်တယ်....။ ကျမဆီကို အဲဒီသော့ပြန်ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး....။ အဲဒီနေ့ကစိတ်ညစ်ညစ်နဲ့ စာရွက်လွတ်မှာ ကောက်ခြစ်ရေးပြီး ကပ်ထားမိတာ....။ သော့တံလေးကို ကောက်ရထားရင်တောင် ကျမဆီကို ပြန်လာပေးနိုင်ဖို့ ကျမဘာအဆက်အသွယ်မှ မထားခဲ့ဘူး....။ ခုလို ကျမဆီဆိုက်ဆိုက်မြိုက်မြိုက်ပြန်ရောက်လာတော့ ကျမရဲ့ ဆုတောင်းတွေကဘယ်လိုဖြစ်သွားမလဲ.....။ အိုကွယ်...ထားလိုက်ပါ...ကျမအတွေးမများချင်တော့ဘူး...။ ယွန်းသေတ္တာလေးကို ကျမမဖွင့်ကြည့်ဖြစ်တော့ပါဘူး.....။ ခုတော့သူ့သေတ္တာ သူ့သော့ချောင်းလေးနဲ့ အပြည့်အစုံဖြစ်နေပြီပဲ...။ ဒီလောက်ဆို ကျေနပ်စရာကောင်းပါပြီ...။ လူတိုင်း လူတိုင်းအတိတ်ဆိုတာရှိကြပေမယ့် ကျမတို့သွားရမှာက ကောင်းမွန်မယ့် အနာဂတ်ဆီကိုလေ....။

စာကြည့်စားပွဲပေါ်က လက်တော့လေးကိုဖွင့်ရင်း.. နောက်နေ့လုပ်ရမယ့်အလုပ်တွေကို သေချာတန်းစီမှတ်လိုက်တယ်.......။ စိတ်ကူးနဲနဲရသွားတာနဲ့ စာတစ်ပုဒ်ချရေးဖြစ်တယ်.......။ ကျမရဲ့ အိပ်ချိန်က ကြည့်လိုက်ရင် အမြဲတမ်းနာရီလက်တံတွေက ဆယ့်နှစ်နားနီးရင်နီး မဟုတ်ရင် ကျော်နေတတ်တယ်....။ အဲဒီအချိန်မတိုင်ခင် ကျမအိပ်ယာမဝင်တတ်တော့ဘူး... အကျင့်ဖြစ်သွားပြီ....။ တိတ်ဆိတ်တဲ့ညအချိန်က ပိုပြီးစာရေးလို့ကောင်းတယ်လေ...။ စာရေးရင်း အတွေးထဲ ဆံပင်ကောက်ကောက်ကွေးကွေးနဲ့ ကောင်လေးဝင်လာတယ်.....။ ကိုယ်သိပ်မသိသေးပေမယ့် သူ့အကြောင်းလေးနဲနဲ စာထဲထည့်ရေးမိတယ်.....။ ဆောရီးပါ...ကိုယ့်ပတ်ဝန်းကျင်က အရာဝတ္ထု လူသူအားလုံးကို ကိုယ်ကုန်ကြမ်းအဖြစ်အသုံးပြုတာဟာ.... ကိုယ့်စာရသမြောက်ဖို့သက်သက် မဟုတ်ပါဘူး.....။ ကိုယ့်စကားလုံးတွေလှပဖို့ အကာအရံထည့်တာ မဟုတ်ပါဘူး...။ တကယ့်အပြင်ပတ်ဝန်းကျင်က အဖြစ်အပျက်တချို့နဲ့ ကိုယ့်စိတ်ကူးတို့ပေါင်းစပ်ထားတဲ့...... အဟာရတစ်ခွက်သာဖြစ်ပါတယ်...။


************************



ဒီနေ့.... ဟိုကောင်လေး ထမင်းလာစားမယ်ဆိုလို့.... မနက်ကတည်းက ဈေးစောစောသွားပြီး ဟင်းလေးသုံးလေးခွက်လောက်ချက်လိုက်တယ်......။ သူဘာအသားတွေရှောင်လဲ မမေးမိလိုက်ဘူး....။ ကြက် ပုဇွန် ငါး တော့ရှောင်မယ်မထင်လို့ အဲဒါတွေရွေးချက်လိုက်တယ်......။ ကြက်သားကို တစ်ကောင်လုံးခါတိုင်းဆီပြန်ချက်တဲ့ အနှစ်ထဲ စပါးလင်လေးပါထောင်းထည့်တယ်.......။ ကင်မွန်ချဉ်ဟင်းကို ပုဇွန်ခြောက်လေးနဲနဲခတ်တယ်......။ ကကတစ်ပေါက်လေးတွေကို ကြော်ပြီးကြက်သွန်နီကွင်းလေးနဲ့ပဲငါးပိနဲ့ ပြန်နှပ်တယ်....။ ပန်းမုန်လာကို ဘဲဥနဲ့ကြော်.....။ ငါးပိထောင်းတို့စရာ.....။ ဒါလောက်ဆို သူထမင်းမြိန်လောက်ပါပြီ....။

ကျမထမင်းဟင်းအဆင်သင့်ဖြစ်တဲ့အချိန်မှာပဲ သူရောက်လာတယ်.....။ အချိန်အဆတော်ပါ့... စားလို့ရမယ့်ချိန်ကွက်တိကို ရောက်လာတာ....။

“အစ်မရေ.... ကျနော်ရောက်ပြီဗျ...”

အိမ်အဝင်ဝကနေသူကစီးပြောပါတယ်....။

“ထမင်းဟင်းတွေအဆင်သင့်ပါပဲရှင်.....”

“ကျနော်အတွက်နဲ့ အစ်မတော့ပင်ပန်းသွားပြီ....... အားလဲနာတယ် ဒါပေမယ့် အားလဲမနာဘူး.... ကျနော်က အစ်မလက်ရာကို အင်တာဗျူးမှာဖတ်ရကတည်းက စားချင်နေတာ အမှန်ပြောတာ”....

သူ့စကားကြောင့် ကျမရောသူရော နှစ်ယောက်စလုံးပြိုင်တူ ရယ်လိုက်မိကြတယ်....။

“ကဲပါ.....ခုပဲစားရတော့မှာပါ....လာတစ်ခါတည်း ထမင်းစာပွဲမှာထိုင်လိုက်တော့ တို့..အမောပြေရေခပ်ပေးမယ်”

“ဟုတ်အစ်မ..ရပါတယ် အလုပ်ရှုပ်ကုန်ပြီ”

“ရတယ် ရတယ်...မောင်လေးလက်လေးဆေးလိုက်မလား ဇွန်းခရင်းနဲ့စားမယ်ဆိုလဲ ရတယ်...”
“အစ်မဟင်းတွေက လက်နဲလွေးမှ ပိုမြိန်မှာဗျ ”

ကိုယ်တော်ချောလေးက ပါးစပ်ကလဲပြောရင်း လက်ဆေးဘေစင်ဆီရောက်သွားပြီ....သွက်ပုံ...။


ကျမတို့ထမင်းလက်ဆုံအတူစားရင်း သူ့အလုပ်ကိုယ့်အလုပ်ကြောင်း ပြောဖြစ်ကြတယ်.....။ ထမင်းစားပြီးတော့ အချိုတည်းဖို့ ဇီးထန်းညက်နဲ့ရေနွေးကြမ်း....။ ကျမကို မြန်မာဆန်ဆန်စားသောက်လို့ သူကသဘောကျနေလေရဲ့...။ တကယ်တော့ ကျမကအစားစာတွေကို အစုံကြိုက်နှစ်သက်သူပါ...။ တခြားတိုင်းပြည်က ဒေသအစားစာတွေကိုလည်း စားဖူးသည်ရှိအောင် ဆိုင်တွေမှာ အကုန်လိုက်စားတယ်...။ ပေ့ါရွှတ်ရွှတ် ဖြူဖတ်ဖြူရော်အစားစာကလွဲလို့ အကုန်ကြိုက်တယ်...အစားမရွေးဘူး....။ ပြီးတော့ နိုင်ငံတကာဟင်းချက်နည်းတွေကိုလဲ လေ့လာဖတ်ရှုတယ် ...အချိန်ရှိရင် ရှိသလိုလက်တွေ့စမ်းသပ်တယ်....။

ကျမ ပန်းကန်ဆေးနေတုန်း သူက ကျမစာအုပ်စင်ကို စိတ်ဝင်တစားကြည့်ရှုနေပါတယ်....။ ကျမရဲ့ ဓါတ်ပုံအမ်ဘမ်တွေကြည့်ပြီး တပြုံးပြုံးနဲ့လည်းရှိသေး...။

“အစ်မက မော်ဒယ်လုပ်ရမှာဗျ...”

“နောက်နေလား..ဟင်... ဒီလိုပုလင်းဖင်မျက်မှန်နဲ့ ဆံပင်ဖွာလန်ကျဲနဲ့”

“ဟ ဟ အစ်မကလဲကိုယ့်ကိုယ်အားပေးလိုက်တာ.... အဲလောက်လဲမဟုတ်ပါဘူး အစ်မက ကိုယ့်အလှကိုဖွက်ထားတာကိုးး... ကျနော် အစ်မဓါတ်ပုံတွေကိုသေချာကြည့်ပြီးပြီ မျက်ကပ်မှန်လေးတပ်လိုက် ဆံပင်နဲနဲပါးပါးပုံသွင်းလိုက် မိတ်ကပ်တွေချယ်လိုက်ဗျာ....မီလန်ကမော်ဒယ်လ်တွေကိုလုံးဝမီတယ်...”

“ဘုရားရေ.... ရှင်က ကျုပ်ကိုအဲလောက်တောင်မှန်းလိုက်တယ်....မလုပ်ပါနဲ့ စူပါမော်ဒယ်တွေထမင်းငတ် ကုန်မယ်”


ကျမစကားကြောင့် သူအားပါတရရယ်မောလိုက်တယ်....။ ဒုတိယအကြိမ် ပျိုမျှစ်တဲ့ အပြုံးတွေကို ကျမငေးမောမိသွားတယ်...။


“ကျနော်တကယ်ပြောတာအစ်မ .... အစ်မအားရင် ကျနော်အောက်ဒိုး အစမ်းလိုက်ရိုက်ပေးကြည့်မယ်...”

“မလုပ်ပါနဲ့... တို့က အိုက်တင်မလုပ်တတ်ဘူး...ပြီးတော့လူမြင်ကွင်းမှာ တို့အဲလိုမနေတတ်ပါဘူးး ”


ကျမနဲ့ ဒုတိယကြိမ်သာဆုံဖူးပေမယ့်သူ့ကြည့်ရတာ ကျမကိုမစိမ်းဘဲ သူနဲ့အရင်တုန်းကတည်းက ခင်မင်ရင်းနှီးလာတဲ့ မိတ်ဆွေသူငယ်ချင်းလိုပဲ....။ လာမယ့်လကျရင် သူ့ဓါတ်ပုံပြပွဲရှိလို့ ကျမကိုဖိတ်တဲ့အကြောင်းပြောရင်း သူနှုတ်ဆက်ပြန်သွားပါတယ်......။ ကျမ သူ့လက်ရာလေးကို သွားကြည့်ဖြစ်မှာပါ.....။ အနည်းဆုံးကုန်ကြမ်းတော့ရတာပေါ့လို့ တွေးရင်းပြုံးမိသွားတယ်...။ ကျမတို့လို့စာရေးသူတွေ မြင်မြင်သမျှစာထဲထည့်ထည့်ရေးနေတာ အန်မတန်မှ စွန့်စားရာရောက်ပါတယ်...။ ဒါကြောင့် တချို့စာအုပ်တွေမှာဆို စာရေးသူနဲ့စာကိုမရောထွေးစေဖို့ မေတ္တာရပ်ခံရသေးတယ်....။



*******************************


ရုံးလွယ်အိတ်ကတစ်ဖက်... စာအုပ်အိတ်ကတစ်ဖက်နဲ့ ...နေပူကျဲတောက်ထဲကနေ သူဓါတ်ပုံပြပွဲရှိတဲ့ ဟိုတယ်ဆီလမ်းလျှောက်သွားရတာ......။ ရုံးနဲ့ကသိပ်မဝေးလို့ လမ်းပဲလျှောက်လိုက်တာ...။ ထီးကိုင်ရမှာပျင်းတဲ့ သူမို့လဲ နေပူလဲ ပူပူပေါ့...အဲလိုပေတာလေ...။ ဒီနေ့က ရုံးနေ့တစ်ဝက်မို့ အဆင်လဲပြေသွားတယ်....။ သူ့ပြပွဲက မနက်ဆယ့်တစ်ကနေ ညနေသုံးနာရီထိဆိုတော့...။ ဟိုတယ်ထဲရောက်တော့ rest room ကိုအရင်ပြေးလိုက်တယ်...။ လူက ရုပ်မပေါက်တော့ဘူး...ချွေးတွေသန်တွေနဲ့ နဲနဲပါးပါးတော့ရွှိုင်းရမယ်လေ....။ အနက်ရောင်ဘောင်ကြီးကြီး မျက်မှန်ကို ခဏချွတ်ပြီး အိတ်ထဲက wet tissue တစ်ရွက်ကိုထုတ်ပြီး မျက်နှာကိုရှင်းသွားအောင်သုတ်ပစ်လိုက်တယ်....။ ပွယောင်းယောင်းဆံပင်တွေကို သိမ်းပြီး ခပ်ရှင်းရှင်းရိုးရိုးလေးပဲထုံးလိုက်တယ်...။ ဒီနေ့ စနေမို့ယူနီဖေါင်းမဝတ်ရတော့ ခပ်ပျော့ပျော့အစ အနက်ခံ ပွင့်ရိုက် ပန်းခရမ်းရောင်အဆင်လေးကို ဝမ်းဆက်ဝတ်ထားတယ်...။ ကျမဒီနေ့နဲနဲပဲများလာတယ်...။ အဲ...မျက်မှန်ကတော့ အလှပျက်မစိုးလို့ဆိုပြီး ချွတ်ထားလို့မဖြစ်...။ သူမပါရင် ကျမဘာမှမမြင်လို့ အရှက်ကွဲလိမ့်မယ်...။ ဖိနပ်ကတော့ အပါးလေးပဲစီးဖြစ်တယ် အရပ်ကရှည်ပြီးသား ဒေါက်ထပ်စီးရင် ကလန်ကလားဖြစ်နေသလားလို့ ခံစားမိတယ် ပြီးတော့ အလုပ်ဆင်းရင်း ကားဂိတ်နဲ့ကနဲနဲလှမ်းတာမို့ ဒေါက်ဖိနပ်စီးပြီး ရှိုးထုတ်ရဖို့က ပိုပိုဝေးသွားတော့တယ်...။

rest room ကထွက်လာပြီး reception မှာ ခြင်းတောင်းကိုအပ်ထားလိုက်တယ်....။ ပြခန်းမရှိရာဆီကို စက်လှေကားစီးတက်ရသေးတယ်...။ အပေါ်ရောက်တော့ လူနဲနဲစီနေပြီ...။ အပြင်ခန်းမအဝမှာ ကော်ဖီနဲ့ ဆမ်းဝှစ်ချ် ကောက်ခ်တေးတွေနဲ့ ဧည့်ခံတယ်....။ တချို့တွေ ကော်ဖီခွက်လေးကိုင်ပြီး ခန်းမထဲဝင်သွားတာတွေ့ရတယ်...။ လောလောဆယ် ဗိုက်ဆာပေမယ့် ဓါတ်ပုံတွေကို အရင်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်...။ ခန်းမထဲကကျယ်တော့ လူများပေမယ့် နံရံလေးဖက်လေးလံမှာချိပ်ဆွဲထားတဲ့ ပုံတွေဆီပြန့်ကျဲနေလို့ သိပ်ပြီး ကျပ်တယ်မထင်ရပါဘူး...။ သူ့ကို ဝေ့၀ဲရှာကြည့်လိုက်တယ်... မတွေ့ဘူး...။ သူ့ပုံစံကရှာရလွယ်ပါတယ်...ဒီအခန်းထဲမရှိလို့ဖြစ်ပါလိမ့်မယ်...။ ပုံတွေကိုညာဘက်ကနေစပြီး ကြည့်လိုက်တယ်...။ အညိုရောင်သစ်သားဘောင်တွေခတ်ထားတဲ့ ဓါတ်ပုံတွေက ဆိုဒ်စုံ အရောင်စုံ....။ ကျမစကြည့်တဲ့ပုံက ပထမဆုံးပုံပါပဲ...နံပါတ်တွေအစဉ်လိုက်တပ်ထားတာကိုးး...။ အဲဒီပထမဆုံးပုံနံပါတ်တစ်လေးကို ကျမမြင်ဖူးနေပါတယ်....။ ဓါတ်ပုံဘောင်အောက်မှာ “ချစ်သူလမ်းကြား”လို့ ရေးထားတယ်...။ ဒါ... ကျမတို့ရပ်ကွက်ထဲကနေ လမ်းမကြီးဆီကို ဖြတ်လမ်းသွားရတဲ့ လမ်းကလေး......။ သူနဲ့ကျမဆုံဖြစ်ခဲ့တဲ့လမ်းကလေးပေါ့ ဟုတ်တယ်....။ အလဲ့....ဓါတ်ပုံကိုနာမည်လေးပေးထားတာလေးကို ကျမသဘောကျသွားလို့ ပြုံးမိသွားတယ်...။

“အစ်မရောက်နေပြီလားးး”

ကျမနောက်ကျောဆီက အသံကြောင့် လှည့်ကြည့်ဖြစ်တော့ သူ....။ အနက်ရောင်ရှပ်အကျီၤနဲ့အနက်ရောင်ဘက်ကီဘောင်းဘီဝတ်ထားတယ်...။ ဆံပင်တွေကို စုစည်းချည်ထားတယ်။ ကျမကိုသူက တောက်ပတဲ့အကြည့်နဲ့ အံ့အားသင့်သလိုပုံမျိုးကြည့်တယ်...။ ကျမပုံစံပြောင်းနေလို့လား...။

“အစ်မ ဒီနေ့သိပ်လှတယ်.... အဲလိုပုံမျိုးနဲ့ ကျနော်တစ်ခါမှမမြင်ဖူးဘူး”

“ ဟ ဟ... အိုကေ အိုကေ ဒီပွဲပြီးရင် တို့ကော်ဖီလိုက်တိုက်မယ်”

“ဟုတ် အေးဆေးကြည့်ပါဦး ကျနော် တခြားဧည့်သည်တွေသွား ဧည့်ခံလိုက်ပါဦးမယ်”

ကျမသူ့ကိုခေါင်းညိတ်ပြရင်း ပုံတွေကိုဆက်ကြည့်နေလိုက်တယ်...။ သူရိုက်တဲ့ ပုံတွေက သဘာဝပတ်ဝန်းကျင်ပုံတွေများတယ်...။ လူပုံတွေ တိရိစ္ဆာန်ပုံတွေသိပ်မပါဘူး....။ ပန်းပုံတွေ သစ်ရွက်သစ်ခက်တွေ တိုက်တာအဆောက်အဦတွေ ကြော်ငြာဘုတ်တွေ မောတွေထဲက အလှတွေ ဓါတ်လှေကားတွေ တိမ်ပုံတွေ ။ ကျမကိုပိုပြီးစိတ်ဝင်စားစေတာက ပုံတွေတိုင်းရဲ့အောက်မှာ စာတန်းလေးတွေပါပဲ စာသားလေးတွေက အဓိပ္ပါယ်ရှိရှိလေးတွေ..။ ဒီတိုင်းပုံချည်းအလွတ်ပြထားတာထက်ပိုပြီး လေးနက်အသက်ဝင်သွားတယ်..။ ပုံတိုင်းမှာ ခံစားမှုတွေပျော်ဝင်နေတယ် ပုံတစ်ပုံကိုကြည့်ရတာ စာအုပ်တစ်အုပ်ကိုဖတ်လိုက်ရသလို ရသမျိုးရတယ်...။ သူ့ပုံတွေကိုကြည့်ရင်း ဘဝကိုရိုးစင်းစွာဖြတ်သန်းနေတဲ့ အူတူတူလူငယ်လေးဆီမှာ ဒီလို အိုင်ဒီယာကောင်းလေးတွေရှိနေတာ မယုံနိုင်စရာပဲလို့ တွေးလိုက်မိတယ်....။ အနုပညာမှော်ဝင်သွားရင် မထင်မှတ်ထားတဲ့သူ မထင်မှတ်ထားတဲ့အရာတွေဟာလဲ လူတွေသတိပြု အသိမှတ်ပြုသွားတဲ့အထိ ထင်ထင်ရှားရှား ထွက်ပေါ်လာရတာပဲလို့ လေးလေးနက်နက်တွေးမိသွားတယ်...။ တဆက်တည်း ဒီလူငယ်လေးကို ကျမစိတ်ထဲ ချီးကျူးမိသွားတယ်....။ ဘာပဲဖြစ်ဖြစ်သူ့ပွဲလေးအောင်မြင်မှာပါ..။ ပုံတွေအားလုံးကြည့်ပြီးတော့ ကျမအပြင်ဖက်က ကော်ဖီလေးတစ်ခွက်သွားသောက်လိုက်တယ်...။ သူကတော့ ဂျယ်နယ်ဇင်းသမားတွေ ဗျူးခံနေတာနဲ့ အလုပ်ရှုပ်နေတယ်...။ ကျမပြန်တော့မယ်....။ သူ့ကိုနှုတ်ဆက်ဖို့ကလည်း လူတွေကရှုပ်နေတယ်...။ ကျမဒီတိုင်းပဲ ပြန်သွားလိုက်တာကောင်းပါတယ်....။ ညနေသုံးနာရီမှာ နေက ကျဲကျဲတောက်ပူဆဲ....။ နဲနဲလည်းစောနေသေးလို့ ကျမ လမ်းသုံးဆယ်ထဲ စာအုပ်တွေဝင်မွှေလိုက်တယ်.....။ ကျမသိပ်မဖတ်ဖြစ်သေးတဲ့ ဆရာမခင်ခင်ထူးရဲ့ ဝတ္ထုတိုတွေ ဆရာကြီးနန္ဒာသိန်းဇံရဲ့ စာအုပ်တွေ နိုင်ငံခြားမဂ္ဂဇင်းစာအုပ်တချို့တွေဝယ်ဖြစ်တယ်......။ ပြီးတော့ လမ်းသုံးဆယ်ဂိတ်ကနေကားစီး တရုတ်တန်းဖက်ခဏဝင်ပြီး ဟင်းသီးဟင်းရွတ်လတ်လတ်ဆတ်ဆတ်တွေရွေးဝယ်တယ်... ဒီညနေတော့ အိမ်မှာရှိတဲ့ ဝက်ပေါင်ခြောက်လေးကို သီးရွက်စုံဆလပ်လုပ်စားမယ်...။ ကားစီးတာနဲ့ အိမ်ပြန်တော့ ညနေတော်တော်စောင်းနေပြီ လမ်းကလေးကိုရောက်တော့ သူပွဲမှာပြသွားတဲ့ “ချစ်သူလမ်းကြား”ကို ပြန်မြင်မိတယ်...။ ဘာကြောင့် သူအဲလို နာမည်ပေးဖြစ်သွားသလဲလို့ သိချင်သွားမိတယ်။ ညနေ နေညိုညိုအရောင်နဲ့ ဒီလမ်းကလေးက အမြဲကြည့်လု့ိလှနေတာ ကျမ အမြင်မှာ ဘယ်တော့မှရိုးမသွားတာ။ တနေ့နေ့တချိန်ချိန်မှာ ဒီမြက်ရိုင်းပင်တွေကိုသာ လူတွေသန့်ရှင်း ခုတ်လဲလိုက်ကြရင် လမ်းကလေးဟာ သူ့သဘာဝအတိုင်း ပီပြင်နိုင်တော့မှာမဟုတ်ဘူး..။ သေချာတယ်...။ ဘာမှမဟုတ် လမ်းကလေးကိုဖြတ်လျှောက်ရင်း ကျမအတွေးတွေက ဟိုးး အဝေးထိရောက်ကုန်တယ်...။ ဖြစ်မလာသေးတဲ့ လမ်းကလေးရဲ့ အနာဂတ်ကို ကြိုတင်နှမြောတသလို့ ရင်ထဲ အလွမ်းတွေတရိပ်ရိပ်တက်လာရတယ်....။



********************************


သူ့ဓါတ်ပုံပြပွဲလေးပြီးသွားကတည်းက ကျမနဲ့သူ မဆုံဖြစ်တာတော်တော်လေးကြာသွားတယ်...။ အလုပ်သွားအလုပ်ပြန်လည်း မတွေ့ဖြစ်ဘူး.....။ ဒီလိုပါပဲ စိတ်ထဲရှိတယ်ရယ်လို့မဟုတ်....။ အလုပ်သွားပြန် တွေ့နေကျမတွေ့ရတော့ တမျိုးလေးဖြစ်နေမိတယ်...။ အရင်ကတော့ တစ်ယောက်ကိုတစ်ယောက်မသိလို့ထားတော့...။ ခုတော့ ကျမတို့က ခင်မင်တဲ့မိတ်ဆွေတွေဖြစ်သွားပြီ...။ ဒီတော့ ကျမပိုပြီး သတိထားမိတာ သတိရမိတာပါ.....။ သူအလုပ်တွေရှုပ်နေလို့ ဒါမှမဟုတ် ခရီးသွားနေလို့ဖြစ်မှာပါ....။ တလောက ကျမအိမ်နားမှာ အင်တာနက်ဆိုင်အသစ်တဆိုင်လာဖွင့်ပါတယ်......။ ဒါနဲ့လိုင်းဝယ်လို့ရတယ်ဆိုတာနဲ့ ကျမတော်တော်အားတက်သွားတာ... အခါတိုင်းလို အိမ်မှာ ကိုယ့်လက်တော့နဲ့ကိုယ်ရိုက်ပြီးသိမ်း ရုံးရောက်မှတင်ချင်တာတင်စရာမလိုတော့....။ တခါတည်း အိမ်မှာလိုင်းရထားတော့ တစ်ညလုံးဖွင့်ပြီး ရေးပါလေ့ပဲ.....။ လိုင်းရကတည်းက ကျမမှာ မျောက်အုန်းသီးရသလိုဖြစ်တော့တယ်...။ ခါတိုင်းညထက် အိပ်ယာဝင်ချိန်ကပိုနောက်ကျလာတယ်....။ စာလည်းရေး သူများဆီလည်း စာလိုက်လည်ဖတ်နဲ့ပေါ့...။ တခါတလေ ရေးစရာအာရုံမရရင် ပန်းချီလေးတွေလျှောက်ဆွဲ ဟုတ်နေတော့တာ.....။ သူငယ်ချင်းတွေနဲ့အွန်လိုင်းမှာ စကားလေးဘာလေး ပြောပေါ့....။

တစ်ည.... ကျမဆီကိုစာတစ်စောင်ဝင်လာတယ်....။ သိပ်တော့မအံ့သြမိပါဘူး....။ လိပ်စာက သူ့နာမည်နဲ့ဆိုတော့ သူပဲဆိုတာတန်းသိလိုက်တယ်...။ ကျမမေးလ်လိပ်စာကိုဘယ်လိုရလဲဆိုတာလဲမေးကြည့်စရာမှမလိုတာ....။ သူပျောက်သွားတာ သူကျမနဲ့မဆုံဖြစ်တော့တာ တစ်လကျော်ကျော်ရှိသွားပြီ......။ သူ ခရီးသွားနေရလို့ပါတဲ့.....။ သူ့ကုမ္ပဏီတစ်ခုက စပွန်ဆာပေးပြီး ချင်းမိုင်ဘက်မှာပြပွဲသွားလုပ်ရတာတဲ့.....။ ကျမမှန်းတာမှန်သွားပြီပေါ့...။ သူ့ပြပွဲလေးရဲ့ အောင်မြင်မှုကြောင့် သူခုလိုထိခရီးရောက်သွားတာ....။ ပြပွဲပြီးကတည်းက အဲဒီကိစ္စတွေနဲ့ရှုပ်နေလို့ ကျမနဲ့မဆုံဖြစ်တာပါတဲ့......။ ချင်းမိုင်မြို့က ပန်းတွေကိုမြင်တော့ ကျမကိုသတိရသွားသေးတယ်ဆိုပဲ.....။ ရယ်တော့ ရယ်ချင်မိသွားတယ် ကျမလိုမိန်းကလေးမျိုးက သိပ်လှတဲ့ပန်းတစ်ပွင့်နဲ့နှိုင်းယှဉ်ကြည့်ဖို့ရာ ကိုယ့်ဘာသာကိုယ်တောင်မဝံ့ပါဘူး.....။ ပန်းလေးတွေက အဆင်းလှတယ် ရနံ့မွှေးပျံ့တယ် ဆွဲဆောင်မှုရှိတယ်...။ ကျမရဲ့ physical ပိုင်းဆိုင်ရာနဲ့ဆို ပန်းတစ်ပွင့်နဲ့က ဘာမှမဆိုင်ဘူးလို့ထင်တယ်....။ ပြီးတော့ သိပ်လှတဲ့ ပန်းခင်းပုံတွေကို အများကြီးပဲ ပို့ပေးထားတယ်.....။ ကျေးဇူးတင်ပါတယ်......။ ကျမလိုအရုပ်ဆိုးဆိုး ပေတေတေ စာရေးသူတစ်ယောက်ကိုများ အလှအပတွေကိုခံစားရိုက်ယူတဲ့ ဓါတ်ပုံဆရာတစ်ယောက်က ဒီလောက်တောင်ခင်ခင်မင်မင်ရှိရသလားလို့...။

ကျမ ဂျီတော့ကို သူ invited လုပ်လာလို့ ကျမလက်ခံလိုက်ကတည်းက ကျမတို့နှစ်ယောက် အွန်လိုင်းမှာ စကားတော်တော်များများပြောဖြစ်ကြတယ်....။ ညတိုင်းလိုလိုပဲ.... ကျမစာရေးရင်း သူနဲ့လည်းစကားပြောရင်း အလုပ်နှစ်ခုကိုပြိုင်တူလုပ်တတ်လာတယ်....။ တခါတခါသူက အားနာလို့ စာရေးပြီးမှလာပြောပါဆိုပေမယ့် ကျမစာရေးအပြီးကိုသာသူစောင့်မယ်ဆို မိုးစင်စင်လင်းသွားလိမ့်မယ်....။ သူနဲ့စကားပြောရင်း စာရေးရတာ အိုင်ဒီယာအသစ်တွေတော့တိုးတယ်.....။ အဟဲ...ကုန်ကြမ်းယူပြန်ပြီလို့တော့ မပြောပါနဲ့.... အကျင့်ဖြစ်နေလို့ပါ...။ ကျမတို့အပြင်မှာ အလုပ်ကိုယ်စီမို့ သိပ်မတွေ့ဖြစ်ကြပါဘူး.... အွန်လိုင်းမှာသာ နေ့တိုင်းဆုံဖြစ်ပေမယ့်လည်း။ သူကခုဆို နာမည်ရစ ဓါတ်ပုံဆရာပေါက်စနဖြစ်နေပြီ....။

တစ်နေ့ကျမကို အောက်ဒိုးဓါတ်ပုံရိုက်ချင်တယ်ချည်း ဇွတ်ပြောနေလို့ ကျမလည်းအတွေ့အကြုံသစ်ရတယ်ဆိုပြီး လက်ခံလိုက်တယ်....။ သူက မိတ်ကပ်ဆရာဘာညာတွေနဲ့တခါတည်းချိတ်ထားပြီးကျမကို စိတ်ကြိုက်ပြင်ဆင်ပါတော့တယ်...။ တခါမှဒီလိုမပြင်ဆင်ဖူးတော့ နေရထိုင်ရခက်နေတယ်...။ မျက်နှာကိုသဘာဝကျကျ ခပ်ပါးပါးလေးပဲ လိမ်းပေးပေမို့တော်တော့တယ်...။ အဖြူရောင်ချည်ဂါဝန် လွင့်လွင့်ကလေးကိုဝတ်ရတာ.......။ အင်းယားကန်စပ်က မြက်ရိုင်းပင်ရှည်တွေနားသွားရိုက်တာ...။ လူသိပ်မရှိတော့ သူပြောတဲ့ အိုက်တင်တွေကိုလုပ်ရတာ သိပ်ပြီးစိတ်မအိုက်တော့ဘူး....။ ညနေ နေဝင်ချိန်ကို အရိပ်ပုံရိုက်တာ သိပ်လှတယ်..။ ကိုယ့်ရုပ်လည်းသေချာမမြင်ရတော့ ပိုကောင်းသွားတယ်...။ ကျမကအဲလို သဘာဝကျကျပုံတွေကို ကြိုက်တာ....။

ဓါတ်ပုံရိုက်ပြီး သူက ဆိုင်တစ်ဆိုင်မှာ တစ်ခုခုသွားစားမယ်ဆိုတာနဲ့ အိမ်မပြန်ဖြစ်သေးဘဲ.... ညနေသူနဲ့ပဲ ဒင်နာလိုက်တယ်....။ ကော်ဖီဆိုင်လေးက အသစ်ကလေးပါ...လာဖွင့်တာသိပ်မကြာသေးဘူး....။ အိမ်ကလေးကအဖြူရောင်တွေချည်း အတွင်းအပြင်ဆင်ကအစ စားပွဲထိုင်ခုံတွေအဆုံးအဖြူရောင်တွေ သုံးထားတယ်.....။ အနောက်တိုင်းက လက်ဖက်ရည်ကြမ်းမျိုးစုံရတယ် ကိတ်တွေရတယ်....။ ဒီဆိုင်ကကြော်ငြာမြင်ကတည်းကလာစားဦးမှလို့စိတ်ကူးထားတာ....။ ဒေါင့် အခန်းကျဉ်းလေးနေရာကို ကျမတို့ရွေးထိုင်လိုက်တယ်......။ ကျမက နှင်းဆီဖူးလက်ဖက်ခြောက်ခတ်တဲ့ လက်ဖက်ရည်ကြမ်းတစ်အိုး မှာတယ်.... ဘလူးဗယ်ရီတာ့တစ်ခုမှာတယ်...။ သူကကော်ဖီနဲ့ ချောကလက်ကိတ် မှာတယ်......။ တေးဂီတသံစဉ်ညိမ့်ညိမ့်ညောင်းညောင်းနဲ့ အခြေနေလေးက ရိုမန်တစ်သိပ်ဖြစ်တာပဲ.....။ ကျမကတော့ ကျမရေးတဲ့စာထဲက ဇာတ်ကောင်တချို့ကိုတောင်ပြေးသတိရလိုက်မိသေး.....။

“မ ကခုလိုလေးပြင်ဆင်တာ သိပ်လှတာပဲ ဘာလို့ ကိုယ့်ကိုယ်ကို ရုပ်ဆိုးအောင်လုပ်ထားသလဲ”

ဘုရားရေ.....ကျမက ကိုယ့်ကိုယ်ကိုရုပ်ဆိုးအောင်လုပ်တယ် သူပြောမှသာသတိထားမိတာပါ...။ တစ်သက်လုံးမှ ဒီလိုနေလာတာကြာပေါ့...။

“တို့ဒီလိုပဲ နေတတ် ဝတ်တတ်စားတတ်တာလေ” “မရဘူး ဒီနေ့ကစပြီး မ ရဲ့ ဒီဇိုင်နာ ကျနော်ဖြစ်သွားပြီ ကျနော်ပြောတဲ့အတိုင်းပဲ ဝတ်စားရမယ်”

ကျမသူ့ကို မျက်စောင်းတချက်ထိုးမိသွားတယ်......။

“တွေ့လား အဲလိုချစ်စရာအမူအရာတွေရှိရက်နဲ့ ဖုံးဖိထားတယ်”

“ဟောတော်.....ဘာမှမလုပ်ရဲသလောက်ပါပဲ ကဲပါ ဒီဝိုင်းကိုတို့ရှင်းပါ့မယ် သိပ်မမြှောက်တော့နဲ့ ထိုင်ခုံနဲ့လူနဲ့ခပ်လွတ်လွတ်ဖြစ်နေပြီ” “ပြီးတော့ ကျနော် မ ကို အရေးကြီးပြောစရာစကားရှိတယ်”

ဘာကြောင့်မှန်းမသိ သူ့စကားအဆုံးမှာ ဘယ်ဘက်ရင်အုံက ဒိန်းခနဲခုန်သွားတယ်....။ မွေးရာပါ ကျမတို့ မိန်းမသဘာ၀ ယောက်ကျားတစ်ယောက်ကချစ်ခွင့်ပန်တော့မှာကို ကြိုတင်သိတဲ့လက္ခဏာပေါ့....။ ကျမ လက်ဖက်ရည်ကြမ်းခွက်ကိုကောက်ကိုင်ပြီး တကျိုက်သောက်လိုက်တယ်....။ အနွေးဓါတ်တွေဝင်သွားပေမယ့် ရင်ကတော့ ခုန်မြဲခုန်ဆဲ...။

“မ........”

ဟာ.....ဆက်မပြောနဲ့တော့ ကျမ ခံနိုင်ရည်မရှိတော့လို့ပါ....။ နှုတ်ကထွက်မလာတဲ့ ရင်ထဲကစကား...။

“ကျနော် .... မ ကိုချစ်တယ်....... ကျနော့်ကိုလက်ထပ်ခွင့်ပြုပါ”

ဘုရား....သူ့ရည်းစားစကားက တူးအင်ဝမ်းကြီးပါလား.....။ တခါတည်း လက်ထပ်ခွင့်ပါတောင်းတယ်.......။ ကျမဘဝမှာ ဒီလိုစကားမျိုးကို နားထောင်ခဲ့ဖူးပါတယ်....ရင်ခုန်ခဲ့ဖူးပါတယ်.......။ ဒါပေမယ့်....ခုလိုမျိုးလက်ထပ်ခွင့်တော့ ခုမှတောင်းခံရဖူးတာပါ....။ ခုလို ရည်းစားစကားပြောခံရရင် ကျမဝတ္ထုထဲက ဇာတ်ကောင်တွေဘယ်လိုနေကြလဲ ဘယ်လိုတုန့်ပြန်ကြလဲဆိုပြီး ခေါင်းပူပူနဲ့အပြေးအလွှားစဉ်းစားနေမိသေးတယ်....(ရှင်တို့မရယ်ကြပါနဲ့လေ)...။ အရုပ်ဆိုး ဂေါ်မစွံ မှန်ကြောင်စာရေးဆရာမကို ဘယ်လိုစိတ်ကူးမျိုးနဲ့များ ဒီလိုစကားလာပြောတာလိမ့်လို့လည်း တွေးမိပြီး ရယ်ချင်မိသေးတယ်.....။

“မ...တစ်ခုခုပြန်ပြောလေဗျာ.. စာအုပ်ထဲကလို သုံးနှစ်သုံးမိုးစဉ်းစားမယ်လို့တော့မပြောနဲ့နော်”

ကျမဘာပြန်ပြောရမှန်းမသိ လက်ဖက်ရည်ကြမ်းကိုချည်း လိမ့်သောက်နေမိတာ...။ ပြောမှပြီးမယ့်စကားမို့ ကြိုးစားပြီးပြောချပစ်လိုက်တယ်....။

“မင်းနဲ့တို့ မဖြစ်နိုင်ဘူးထင်တယ်....... တို့ကတစ်ကောင်ကြွက် အရုပ်ဆိုးဆိုး တချိန်လုံးစိတ်ကူးယဉ်ပြီး စာရေးနေတတ်တဲ့သူ...ပြီးတော့အဓိကအချက်က မင်းနဲ့တို့ အသက်သိပ်ကွာတယ်.......အဲဒါနဲ့တင် မင်းတို့ကို ရည်းစားစကားတောင်မပြောသင့်ဘူး.....”

“ဗျာ......”

ကျမရဲ့တုန့်ပြန်စကားတွေက သူမျှော်လင့်မထားဘူးထင်ရဲ့ ဗျာခနဲဖြစ်သွားတယ်....။

“တို့ပြောတာနည်းလမ်းကျပါတယ်...... မင်းနဲ့တို့က အသက်ဆယ်နှစ်လောက်ကွာနေတာ ဘယ်လိုမှတောင် စဉ်းစားလို့မရဘူး..... နှစ်ဦးသဘောနဲ့ချစ်ခင်ကြတယ်ဆိုဦး...တကယ်လက်တွေ့မှာ ဘဝနှစ်ခုအတူပေါင်းဖို့ဆိုတာ ဒီလူနှစ်ယောက်တည်းပေါင်းရတာမဟုတ်ဘူး ဟိုဖက်ဒီဖက်အသိုင်းဝိုင်းနှစ်ခုပေါင်းကြရမှာ.....”

“ဟာာ မ ကလဲ.... အဲလိုအတွေးများခဲ့လို့ထင်တယ် ခုထိအိမ်ထောင်မပြုတာ....”

ကြည့်စမ်း သူကပဲ ကျမကို အဲလိုပြောရတယ်လို့......။ ဒါဟာ မိန်းမတစ်ယောက်ရဲ့ အားနည်းချက်မဟုတ်ဘူး....။ ကျမရဲ့ခံယူချက်ကတော့ ဘဝကိုလွတ်လွတ်လပ်လပ်ပျံသန်းချင်လို့ အဲဒီတစ်ခုပဲ....။ ပြီးတော့ကျမဖြစ်ချင်တာ လုပ်ချင်တာကို စိတ်ကြိုက်လွတ်လွတ်လပ်လပ်လုပ်ခွင့်ရှိချင်တယ်....။ အိမ်ထောင်သည်ဖြစ်သွားရင် ဒါတွေအားလုံးကိုကျမစွန့်လွတ်လိုက်ရမှာ....တမဟုန်ချင်းပဲ....။

“မင်း...တို့ကို ကြိုက်သလိုဝေဖန်နိုင်တယ်..... အချစ်ကိုတို့ပုံစံမျိုးစုံနဲ့ ဆုံဖူးတယ်.......ဒါပေမယ့်တို့ကအချစ်နဲ့လက်တွေ့ဘဝကို မတည်ဆောက်ခဲ့ဘူး....။ အချစ်ကိုခံစားဖူးသွားပြီဆို ဘဝကပြီးပြည့်စုံနေပါပြီ... အဲဒါတို့က ကိုယ့်ကိုယ်ကိုချစ်လို့ အတ္တကြီးလို့ပဲ....တို့လိုပုံစံမျိုးနဲ့မင်းနဲ့က ဘယ်လိုမှမဖြစ်ပါဘူး.... စိတ်လျှော့လိုက်ပါ....မင်း...တို့အတွက်နဲ့ စိတ်ဆင်းရဲရလိမ့်မယ်.....”

“ဘာဆက်ပြောရမှန်းတောင်မသိတော့ဘူး....”

သူကခေါင်းကုတ်ရင်းတော်တော်လေးအကြံအိုက်သွားပုံရပါတယ်။

“ဘာမှ စိတ်ဓါတ်ကျမနေနဲ့ တို့မဟုတ်လည်း ခုဆို မင်းက ဓါတ်ပုံဆရာပေါက်စနဖြစ်နေပြီ တနေ့နေ့တော့ မင်းစိတ်ကြိုက်မင်းရဲ့ ဘဝအဖော် မော်ဒယ်လှလှလေးတစ်ယောက်တော့ အသာလေးရမှာပါ..”

“ဒုက္ခပါပဲ.... ကျနော်က တစ်ယောက်တည်းကိုပဲချစ်ချင်တာ”

“မင်းဘဝမှာ ရည်းစားမထားခဲ့ဖူးဘူးလား ဒီအသက်ရွယ်ထိ......” “ထားဖူးပါတယ်....အားလုံးက ကျနော့်ကို ထားသွားတာချည်းပဲ”

သူ့အဖြေကြောင့် ကျမ ဟက်ဟက်ပက်ပက်ရယ်မောမိသွားတယ်.......။ ကျမရယ်တာကိုကြည့်ပြီး သူကရှက်သွားသေးတယ်....။

“မင်းက အဲဒီအထားခံရတဲ့ကံပါလာပုံရတယ်.....တို့ကိုလဲ တို့မထားသွားခင် မင်းစောစောကပြောတဲ့ ရည်းစားစကားကို ယုတ်သိမ်းသွားလိုက်တော့ ဟုတ်ပြီလား...”

ကျမအဲလိုလဲပြောပြီးရော သူခေါင်းငိုက်စိုက်ကျသွားတော့တာ....။ စိတ်မကောင်းပါဘူး ကောင်လေးရယ်........။ ကျမသူ့ကိုအပြီးအပြတ်ငြင်းလိုက်တယ်ဆိုတာ ကိုယ့်စိတ်ကိုသိနေလို့.......ကိုယ့်နှလုံးသားကိုနားလည်နေလို့ပါ...။ အဲနေ့ကစပြီးသူနဲ့ကျမ အွန်လိုင်းမှာတောင် သိပ်မဆုံဖြစ်ကြတော့တာပါ....။ သူမီးလင်းနေရင်တောင် ကျမကို အရင်ကလိုစကားလာမပြောတော့.....။ အဲလိုကျတော့လည်း လွမ်းမိသားပဲ အရင်အချိန်တွေကို...။ တကယ်တမ်း အမှန်ကိုဝန်ခံရရင် သူဟာ ကျမရဲ့ပိတ်နေတဲ့ နှလုံးသားတံခါးကိုဖွင့်ဖို့ သော့တစ်ချောင်းကို ကံအားလျော်စွာ ကောက်ရတဲ့သူပါ......။ ဒါပေမယ့်လည်း ကျမဖွင့်ခွင့်မပြုလိုက်ပါဘူး......။ ကျမတို့နှစ်ယောက်ရဲ့အသက်အရွယ်ကွာဟမှုကစကားပြောနေလို့ပါ.......။ အဖြစ်သင့်ဆုံးကိုပဲ ကျမဆုံးဖြတ်လိုက်တာပါ.... ။ ရည်ရှည်မှာ တစ်ယောက်မှမနာကျင်ရအောင်ပါ......။ ကျမတို့က ဖြစ်သင့်ဖြစ်ထိုက်တာကိုပဲ ရွေးချယ်လုပ်ရမယ့်အရွယ်မဟုတ်ပါလား....။ ဒီအတွက် ကျမနှလုံးသားတွေမနာကျင်ပါဘူး......။ လုပ်သင့်လိုက်ထိုက်တာကိုရွေးချယ်ဆုံးဖြတ်လိုက်ကြတာဟာ အနာဂတ်မှာ စိတ်ချမ်းသာရမှာပါ.....။ ကျေးဇူးပြုပြီးတော့ ဒီလိုလေးတွေးပေးပါ.......လောကမှာ ကျမတစ်ယောက်တည်း သူချစ်ရမယ့်မိန်းမ မဟုတ်ဘူးဆိုတာလေ...။ အချိန်တစ်ခုပဲလိုတာပါ.....။ အချိန်ကပဲအရာရာကိုကုစားသွားလိမ့်မယ်......။ ပြီးတော့ အဲဒီချိန်မှာ သူ သိပ်ချစ်ရတဲ့ မိန်းကလေးပေါ်မလာတော့ဘူးလို့ ဘယ်သူပြောနိုင်မလဲ.......။


မိုးငွေ့


Monday, 30 January 2012

အလွမ်းတွေနဲ့ည.....




ညက တိတ်ဆိတ်ညိမ်သက်လို့
အလွမ်းတချို့က ဆူညံ
ချောင်းဟန့်သံတွေကြားက
တိတ်တဆိတ်ယိုကျ
အိပ်ရမှာတောင်
နှမျောတယ်။
ကဗျာတွေထဲကလွမ်း
အိပ်မက်မက်တဲ့အခန်းတောင်
အလွမ်းတွေလျှံကျ
ကိုယ့်ညတွေ အလွမ်းတွေခခဲ့တယ်။
မလွမ်းနဲ့လို့ အမိန့်ပေး
ကိုယ့်အိပ်ရာဝင်တေးတွေမချိုမြလို့
ကိုယ်ငိုချမိလိမ့်မယ်။
ဒီတည လွမ်း
နောက်တညလဲ
အလွမ်းတွေနဲ့
ဆက်နမ်းဖြစ်လိမ့်မယ်။
အလွမ်းတွေကိုမှ
မတွယ်တာရင်
ကြင်နာသူကို
ဖယ်ခွာသလိုဖြစ်နေမှာပေါ့
အလွမ်းတွေကိုပိုက်ထွေး
ကြင်နာသူကို
စိုက်ငေးနေချင်တယ်။
ကိုယ့်အလွမ်းည
တညအတွက်
ကြင်နာသူရဲ့အိပ်မက်ထဲ
ကိုယ့်အရိပ်တွေ
ရစ်ဝဲခွင့်ပြုပါ။
ကြင်နာသူအိပ်မက်
အလွမ်းတွေနဲ့
လတ်ဆတ်ပါစေ။

ကျမ၏ကဗျာဆရာ



Friday, 27 January 2012

အပြာရောင်တောင်တန်းနှင့်တွေ့ဆုံခြင်း.....






သိပ်မကြာခင်ကပဲ ဖဘရဲ့ ကျေးဇူးကြောင့် ငယ်တုန်းက သိပ်ခင်ခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပြန်တွေ့ခဲ့တယ်..။ ခေါင်ခေါင့်ရဲ့ကော်မန့်တစ်ခုမှာသူ့ကိုပြန်တွေ့ခဲ့တာ...။

ငယ်သူငယ်ချင်းဆိုပေမယ့် သူ့ကိုကျမဆယ်တန်းအောင်ပြီး ဆရာလူထုဦးစိန်ဝင်းရဲ့ အင်္ဂလိပ်စာသင်တန်းမှာတွေ့ပြီး ခင်ခဲ့တဲ့ သူငယ်ချင်းပါ....။ အဲဒီသင်တန်းမှာ သူက ကျမထက်စီနီယာကျပါတယ်... အသက်ကတော့ ကျမထက်နှစ်နှစ်ငယ်ပါတယ်...။ ကျမတို့ သင်တန်းမှာ ကျောင်းစအပ်တာနဲ့ ဆရာကြီးက အင်္ဂလိပ်နာမည်ပေးတတ်တယ်...။ ကျမရဲ့ မြန်မာနာမည်ထဲမှာ သန္တာပါလို့ ဆရာကြီးက Coral ဆိုပြီးပေးခဲ့တယ်...။ သူ့နာမည်ကပျိုးယုဝသုန် ဆရာကြီးပေးတဲ့ နာမည်က Mona Lisa တဲ့.....။ ကျမသူငယ်ချင်းက နာမည်နဲ့လိုက်ဖက်အောင် လှပကျော့ရှင်း မိန်းမဆန်တဲ့ မိန်းကလေးတစ်ယောက်ပါ......။ သူ့နာမည်လေးအကြောင်းကို ဒီမှာ ရေးဖူးပါတယ်....။

ဖဘမှာ သူ့နာမည်ကိုတွေ့တော့ သူပဲလို့သေချာအောင် သွားကြည့်တော့ဟုတ်တယ် အဲဒါနဲ့ ကျမသူ့ကို အက်ဖရန်းလုပ်လိုက်တယ်.....။ ကျမတို့ပြန်တွေ့ဖြစ်ကြတာဝမ်းသာစရာပါ...။ တိတိကျကျမမှတ်မိတော့ပေမယ့် လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်လောက်တုန်းက သူအင်္ဂလန်ကိုထွက်သွားခဲ့တယ်...။ ခုကျမပြန်တွေ့တော့သူ အော်ဇီကိုရောက်နေတာတဲ့..။ ကျမတို့စကားပြောဖြစ်ကြတယ်...။ ပြီးခဲ့တဲ့လတုန်းက မြန်မာပြည်ကိုသူရောက်နေပေမယ့် ကျမတို့ မဆုံလိုက်ရဘူး.... သူဒီမှာကြာဦးမယ်ဆိုလို့ အေးဆေးမှတွေ့ကြမယ်ဆိုပြီး ခုတွေ့မယ်ပြောတော့ သူက အော်ဇီကိုပြန်ရောက်သွားပြီတဲ့.....။

စာပေဝါသနာတူမို့ ကျမတို့ငယ်ငယ်တုန်းကသင်တန်းမှာစုပြီး ကဗျာစာအုပ်တွေထုတ်ကြတယ်...။ သူက ကဗျာရေးကောင်းတယ် ဝတ္ထုတွေရေးတာကောင်းတယ်... သူ့စာတွေ တော်တော်များများ စာမျက်နှာပေါ်မှာတွေ့ရတယ်.....။ ခုတော့ မမဝသုန်နှင့်အပြာရောင်တောင်တန်းများ ဆိုတဲ့ဘလော့လေးတစ်ခု လုပ်ထားတာ မကြာသေးပါဘူး....။ သူ့စာတွေကို ကျမအားရင် အားသလိုသွားသွားဖတ်နေတယ်.....။ ကျွန်မထက် စာရေးအများကြီးကောင်းတဲ့ ကျွန်မထက်အများကြီး ဆရာကျတဲ့ သူငယ်ချင်းလေးပါ.....။ ခု...သူက ဆရာမပျိုးယုဝသုန်ဖြစ်နေပါပြီ....။ သူရေးတဲ့ စာတွေက ကျမအကြိုက်တွေများတယ်....။ “အပြာရောင်တောင်တန်းများသို့ လွမ်းချင်း”ကို အကြိုက်ဆုံးပဲ...။ သွားဖတ်ကြည့်စေချင်တယ်... ကျမသူငယ်ချင်း စာရေးဘယ်လောက်ကောင်းလဲဆိုတာ ကြွားချင်လို့ပါ....။

ကျမတို့ အင်္ဂလိပ်စာသင်တန်းတက်တုန်းက အကြောင်းလေးကို ပို့စ်လေးရေးဖြစ်ဦးမှာပါ......။ ကျမရဲ့ ငယ်ဘဝအကြောင်းတွေရေးဖြစ်တဲ့ တစ်ခါတုန်းကတို့ရွာမှာလည်းတော်တော်လေးစုံစုံလင်လင်ရေးဖြစ်ပြီးနေပြီ...။ တစ်ခါတုန်းကတက္ကသိုလ်ခေါင်းစဉ်အောက်မှာ ကျမရေးပါ့မယ်.....။


မိုးငွေ့

Thursday, 26 January 2012

ချွေမချရဲတဲ့သစ်ပင်.....





အ လွ မ်း  တွေ ထု ပ် ပိုး
ရ င် ခု န် သံ တ စ် ချို့  နဲ့
စို က် ပျိုး ခဲ့ တဲ့ အ ပ င်
နွ ယ် မျှ င် တွေ တောင်
အ ထ ပ် ထ ပ် ရ စ် ပ တ် နေ ပြီ
တ က ယ် ဆို
အဲ ဒီ အ ပ င် မှာ
အကိုင်း အ ခ တ် ‌တွေ
ဝေ ဖြာ နေ တာ
အ ကြ င် နာ တွေ ပေါ့
ချို မြ တဲ့ အ ချ စ် တွေ က
ရ င့် မှ ည့် လွ န်း လို့
သူ့ အ ရှေ့ မှာ
ကြွေ မ ကျ ရုံ တ မယ် ပါ ပဲ။
အိ ပ် မ က် ထဲ ပဲ
အ ခါ ခါ ချွေ ချ
အ ပင် လေး က
ပို လှ မ ယ် ထ င် တ ယ်။
အ ပြ င် မှာ ချွေ မ ချ ရဲ
ကို ယ် အ ကျ နာ မှာ စိုး တယ်  လေ ။

ကျမ၏ကဗျာဆရာ

Wednesday, 25 January 2012

အဖွားလုံ.....





ချောင်းစပ်လေးမှာ မေးတင်ထားတဲ့ တက်ကဲမိုးဝါးခြေတံရှည်အိမ်လေးထဲမှာ.... အဖွားလုံတို့ သားအမိနှစ်ယောက်တည်းနေပါတယ်....။ ခြေတံရှည်အိမ်လေးပေါ်တက်ဖို့ ဝါးလုံးလှေကားရင်းနဲ့ သိပ်မနီးမဝေးမှာ လုံးပတ်ကြီးကြီး ခပ်မြင့်မြင့် လက်ပံပင်ကြီးရှိတယ်....။ နွေဦးဆို အပင်ပေါ်မော့ကြည့်လိုက် လက်ပံပွင့်ဆုပ်တွေ နီရဲနေတာများ.....။ အိမ်အောက်ခြေပတ်ပတ်လည်က မြေပြင်သလင်းတွေက မြေနီမြေဝါမို့ မာကျစ်ပြီး အဖွားလုံးသမီးက ခြံစည်းရုံးပင်ရိုးတွေနဲ့လုပ်ထားတဲ့ တံမြက်စည်းကြမ်းနဲ့လှဲကျင်းထားတာ အမှိုက်တစ ခဲတလုံးမရှိအောင် ပြောင်နေရော......။

အဖွားလုံကို ကျွန်မက ရှမ်းလို “မယ်ထောက်လုံ”လို့ခေါ်တယ် ...။ မယ်ထောက်ဆိုတာ ရှမ်းလို အဖွားလို့ အဓိပ္ပါယ်ရတယ်....။ ကျောင်းအားရက် သို့မဟုတ် ကျောင်းအားချိန်တွေဆို အဖွားလုံအိမ်ကို သွားသွားလည်တတ်တယ်....။ အဖွားလုံက ကွမ်းစားတယ် သွားတွေဆို ကွမ်းစားလွန်းလို့ မဲနေပြီ....။ အဖွားလုံကွမ်းယာတာကို ထိုင်ကြည့်ရတာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်....။ ကလေးဆိုတော့ဘာရယ်မဟုတ် အိုးပုတ်ကစားသလိုပဲ စိတ်ထဲခံစားပြီး ကြည့်နေတာ.....။ အဖွားလုံက ကွမ်းအစ်ကြီးကို အရှေ့ချ ကွမ်းရွက်ကို လက်ဝါးမှာဖြန့် ထုံးထည့် ရှားစေးကျတော့ ကျွန်မတို့ ခုကွမ်းယာဆိုင်တွေမှာလို အရည်နဲ့ဟုတ်ဘူး...။ ကျမတို့အိမ်မှာရောင်းတယ် ရှားစေးတွေကို အလုံးလေးတွေလုပ်ထားတာ... အဖွားလုံးက ရှားစေးကိုအစိပ်သေးသေးညှပ်ထားတာထည့် ကွမ်းသီးညှပ်ထားတာထည့်ပြီး ပါးစပ်ထဲထည့်ဝါးလိုက်တယ်...။ ကွမ်းတွေဝါးပြီးလို့ ကုန်ပြီဆို အမျှင်လေးတွေလုပ်ထားတဲ့ ဆေးရွက်ကြီးကို လက်မနဲ့ လက်ညှိုးမှာညှပ်ပြီး သွားတွေကိုတိုက်နေတော့တာ...။ အဲဒါဘာအတွက်အဲလိုလုပ်တယ် ကျွန်မနားမလည်ခဲ့ဘူး....။ အဖွားလုံသွားတွေကတော့ မဲပြောင်လို့ရယ်.....။

အဖွားလုံမှာ သမီးနှစ်ယောက်ရှိတယ်.......။ သမီးအကြီးက သူ့အိမ်ထောင်နဲ့ သူ့သားသမီးတွေနဲ့ နေတာတော့ အဖွားလုံတို့နဲ့ အိမ်ဝိုင်းတစ်ဝိုင်တည်းပဲ...။ သမီးအငယ်ကတော့ အိမ်ထောင်မရှိ အဖွားလုံနဲ့အတူနေတယ်... အဲဒီအဒေါ်က(အဖွားလုံသမီးငယ်) လူကြီးတွေပြောတော့ နဲနဲ ကျပ်မပြည့်ဘူးတဲ့...။ ဒါပေမယ့် သိပ်မဆိုးပါဘူး.... အဖွားလုံကိုတော့ သေချာပြုစုစောင့်ရှောက်တတ်ပါတယ်.....။ အဖွားလုံတို့သားအမိက ကျွန်မတို့အိမ်ရှေ့က ကုက္ကိုပင်ကြီးအောက်မှာ တဲလေးထိုးပြီး ကောက်ညင်းပေါင်း ပလာတူးငါးကြော် ကြက်ကြော် ငါးဒုက္ခ မျှစ်ဒုက္ခတွေကို ကျိုင်းတုံ တာချီလိတ်အသွားအပြန်ကားတွေက ခရီးသည်တွေကို အဓိကရောင်းကြရပါတယ်.......။ မနက်စောစောဈေးခင်းတယ် နေ့လည် တစ်နာရီ နှစ်နာရီဆိုသိမ်းပြီ....။ ကောက်ညှင်းပေါင်းကို ဖက်နဲ့ လေးတောင့်စပ်စပ်ပုံသေချာထုပ်ပြီးစီထားတယ်...။ ငါးကြော် ကြက်ကြော် တွေကိုတော့ ကြွေရည်သုပ်လင်ဗန်းကြီးထဲ ထည့်ပြီးရောင်းကြတယ်....။

အဖွားလုံရဲ့ မီးဖိုချောင်နဲ့ ရှမ်းဟင်းလေးတွေအကြောင်းနဲနဲပြောပြချင်တယ်......။ အဖွားလုံတို့မီးဖိုက သစ်သားလုံးအခြမ်းတွေကို လေးဒေါင့်စပ်စပ် အကာအရံလုပ်ထားပြီး မြေနီတွေကိုဖြန့်ခင်း အဲဒီပေါ်မှာမှ အုပ်ခဲတွေနဲ့ သုံးမြှောက်ဆိုင်ဖိုခနောက်လုပ်ပြီး ထင်းမီးဖိုနဲ့ ဟင်းချက်ကြတာ.......။ ထင်းမီးခိုးတွေကြောင့် မီးဖိုမျက်နှာကျက်နဲ့ ဝါးထရံတွေမှာ ကြပ်ခိုးတွေအပြည့်ပေါ့....။ မီးဖိုထုတ်တန်းတွေပေါ်မှာပဲ ကြက်သွန်ဖြူနီတွေကို အစည်းလိုက်ချိပ်ဆွဲထားသေးတယ်.....။ အိမ်ကြီးခင်းက ဝါးကပ်နဲ့ဆိုတော့ လမ်းလျှောက်ရင် ကျိုးကျိုးကျွတ်ကျွတ်နဲ့ပေါ့..။ အဖွားလုံတို့က မနက် နေ့လည် ညစာကို ထမင်းသိပ်မစားကြဘူး ထမင်းအစား ကောက်ညှင်းပေါင်းကိုပဲ ဟင်းနဲ့စားကြတယ်.......။ မနက်အာရုံမတက်ခင်ကတည်းက မီးမွှေးပြီး ညကစိမ်ထားတဲ့ ကောက်ညှင်းကို ဝါးပေါင်းအိုး ပေါင်းချောင်ထဲထည့်ပြီး အရင်ပေါင်းတယ်......။ ပြာပူအောက်ထဲကို ကြက်သွန်ဖြူ ကြက်သွန်နီဥတွေထည့်ထား ငရုတ်သီးစိမ်းတောင့်ကြီးတွေကို သီတံနဲ့ စီပြီးသီလိုက်တယ် မီးသိပ်မပြင်းတဲ့ နေရာမှာ ကင်လိုက်တယ်....။ အဲဒီကင်ထားတဲ့ သုံးမျိုးကို သစ်သားဆုံထဲထည့်ထောင်း ဆားအချိုမှုန့်ခတ် ပန်းထဲထည့်ခါနီး နံနံပင်လေးပါထည့်ထောင်းလိုက်တယ်.....။ အဲဒါ ရှမ်းငရုတ်သီးစိမ်းထောင်း....။ ငါးကလေးတွေကို ရေသေချာဆေးပြီး ဆား နနွင်း ငရုတ်သီး နံနံပင် စပါးလင်ထည့်နယ်ပြီး ဖက်ရွက်နဲ့သေချာထုပ် အစောက ပြာပူအောက်မှာ အုန်းလိုက်တယ်.....။ ကျက်သွားရင် ငါးအုန်းထုပ်လေးတွေဖြစ်သွားပြီ....။ ကောက်ညှင်းရတော့ အဲဒီငါးအုန်းနဲ့ ငရုတ်သီးထောင်းနဲ့ စားကြတယ်....။ တခါတလေ အရွက်ပေါင်းစုံခတ်ထားတဲ့ ဟင်းရည် (ပဲပုပ်ကိုမီးကင်ပြီး ထောင်းထည့်ထားတယ်) လည်းပါတတ်တယ်....။ ကျွန်မကတော့ အဖွားလုံဆီသွားရင် အမြဲတမ်းထမင်းစားပြီးမှပြန်တတ်တယ်........။


မုန်ညင်းပေါ်ချိန်ဆို မုန်ညင်းစိမ်းတွေကို မကျည်းရည် ခရမ်းချဉ်သီးနိုင်းချင်းနဲ့ မုန်ညင်းစောလုပ်စားကြတယ်....။ မုန်ညင်းစောလေးခပ်စားလိုက် ငရုတ်သီးခြောက်မီးကင် တစ်ကိုက်ကိုက်လိုက် ကောက်ညှင်းတစ်လုတ် ထည့်လိုက်နဲ့ ချဉ်ချဉ်စပ်စပ်လေးစားကြတယ်....။ ကျွန်မမှတ်မိသလောက်တော့ အဖွားလုံတို့အိမ်မှာချက်တဲ့ ဟင်းက များသောအားဖြင့် ငါးကလေးအုန်းနဲ့ ဟင်းသီးဟင်းရွက်တွေများတယ် ကြက် ဝက် သိပ်မချက်ဘူး....။ ရွာအလှူမှာမှ ကြက်သား ဝက်သားဟင်းကို အဝစားကြရတာလေ...။ အဲ...ဝက်သားရရင်တော့ ဒီလိုလေးလုပ်စားတတ်ကြတယ်....။ ဝက်သားအသားချည်းပဲဖြစ်ဖြစ် အဆီအသားအခေါက်တွဲလျက် အသားပဲဖြစ်ဖြစ် ခပ်ပါးပါးလေးလှီး ဂျင်းထောင်းပြီး အရည်ညှစ်ထည့် ဆား အချိုမှုန့်နဲ့နယ် ခဏနှပ်ထားပြီး မီးဖြေးဖြေးနဲ့ ဇကာပေါ်မှာကင်ပါတယ်...။ ကင်ပြီးရလာတဲ့အသားကိုမှ ပြန်ပေါင်းပြီး ကောက်ညှင်းနဲ့စားကြတာ...။ အသားလေးက နူးညံ့ပြီး မီးကင်ထားတဲ့ အနံ့လေးသင်းလို့ပေါ့...။ အဲလိုလေးစားကြတယ်...။

တကယ်တော့ အဖွားလုံတို့က ဆင်းရဲတယ်.... တစ်နေ့လုပ်တစ်နေ့စားတွေ....။ မနက်ဈေးရောင်းပြီးရင် နေ့ခင်းဖက် ကျွန်မတို့အိမ်က ကုန်ဆုံဆိုင်မှာ ဆား အချိုမှုန့် နနွင်းမှုန့် လက်ဖက်ခြောက်တွေ ကူထုပ်ပေးတယ် မီးကူတို့တယ်.....။ အိမ်က အဖွားက ညောင်းလို့နှိပ်ပေးပါဆို အဖွားလုံပဲ ...။ အဖွားပြောတော့ အဖွားလုံက လက်ပေါက်တယ်တဲ့....အနှိပ်ကျွမ်းကျင်တာပေါ့......။ ကျွန်မတို့ ဗီဒီယိုရုံပြပြီးရင် ကြည့်သူတွေစားသွားတဲ့ နေကြာစေ့ခွံတွေ အမှိုက်တွေကို အဖွားလုံက လှဲကျင်းပေးတယ်....။ အဲဒီအခါ အဖွားလုံကို ကျွန်မတို့အဖွားက စားစရာတွေ လုံချည်အကျီၤတွေ မုန့်ဖိုးတွေပေးပေးလိုက်တယ်......။ အဖွားလုံတို့က ဂုန်ရှမ်းလူမျိုးတွေ အဖွားလုံတို့လူမျိုးက ခွဲခြားရတာလွယ်တဲ့ ဂုန်ရှမ်းအဖွားကြီးတွေတော်တော်များများက ဆံထုံးကို ခပ်မြင့်မြင့်နဲ့ တစောင်းထုံးကြတယ်.....။ အဲဒီဆံထုံးကိုကြည့်တာနဲ့ လူမျိုးကိုခွဲခြားလို့ရတယ်...။ နောက်ပြီး သူတို့ပြောတဲ့ ရှမ်းလေသံက တစ်မျိုးလေ....။ နားထောင်လို့ကောင်းတယ်....။

အဖွားလုံက ဝါတွင်းဆို သုံးလကို ဘုန်းကြီးကျောင်းမှာ ဝတ်ဖြူစင်ကြယ်နဲ့သွားပြီး သီတင်းဥပုသ်ယူတယ် တရားသွားထိုင်တယ်...။ ကျောင်းမှာ တစ်ညအိပ်တယ်ပေါ့...။ အဲလိုနေ့မျိုးဆို အိမ်က အိမ်သားတွေက 12နာရီမကျော်ခင် ထမင်းဟင်းတွေကို ကြိမ်ဗန်းကြီးထဲထည့်ပြီး ဥပုသ်စောင့်တဲ့ အဖိုးအဖွားတွေကို သွားကျွေးကြတယ်...။ ရှေ့ပို့စ်တွေမှာတုန်းက ရေးဖူးပါတယ် ခဏခဏ....။ ဘုန်းကြီးကျောင်းထဲက ဘုရားရှိခိုးခန်းမဆောင်ထဲမှာပဲ အဖိုးအဖွားတွေက တန်းစီအိပ်ရတယ်.....။ အဖွားလုံကို ကျွန်မ ရန်ကုန်ကျောင်းသွားတက်တော့ မတွေ့ဖြစ်တော့ဘူး...။ အဖွားလုံဆီကိုတော့ လူကြုံရှိရင် စားစရာတွေ မြန်မာမင်းသား မင်းသမီးတွေပုံပါတဲ့ ပြက္ခဒိန်တွေဝယ်ပို့ပေးတတ်တယ်...။ အဖွားက အဲဒီပြက္ခဒိန်စာရွက်တွေကို သူ့အိမ်ခန်းဝါးထရံလေမတိုးအောင် ကပ်ကပ်ထားတာ...။ ဆောင်းဆို လေအေးတွေတိုးတော့ အိပ်မရဘူးပေါ့...။

ဆောင်းမနက်ခင်းတွေမှာဆို ကျမတို့အိမ်ရှေ့က ကုက္ကိုရွက်ကြွေတွေကို တံမြက်စည်းစုလှဲ မီးရှို့နေတတ်တဲ့ သိုးမွှေးအနွေးထည်ခပ်နွမ်းနွမ်း ခြေစွပ်တွေဝတ်ထားပြီး ခေါင်းပေါင်းထားတတ်တဲ့ ဖွားလုံကိုတွေ့ရတတ်တယ်..။ ဈေးရောင်းရင်းနဲ့လည်း ကျွန်မ မောင်လေးတွေကို အားရင်အားသလို လာထိန်းတတ်သေးတယ်...။ ကျွန်မဆယ်တန်းဖြေပြီး ပြန်တော့ အဖွားလုံတော်တော်နေမကောင်းဖြစ်နေပြီ....။ အသဲလား ကျောက်ကပ်လားတော့မသိဘူး မျက်နှာတွေကအန်းနေတာ....။ အဲလို အပေါ်ပိုင်းယောင်ပြီး ခြေထောက်ထိရောက်သွားရင် အသက်ပါ ပါသွားရောလို့ လူကြီးတွေကပြောကြတယ်......။ တကယ်လဲ အဖွားလုံသိပ်မနေလိုက်ရဘူး သုံးလေးရက်မှာပဲ ဆုံးသွားရှာတယ်......။

အသုဘချတော့ တာလေသင်္ချိုင်းက အရင်နေရာမှာမဟုတ်တော့ဘူး ...။ အရင်က ရွာထိပ်ရောက်ရင် ဘယ်ဘက်ချိုးတာနဲ့ တာလေတောင်ကုန်စေတီ မိုင်းဖြတ် ကျိုင်းတုံအဝေးပြေးလမ်းနဲ့ ချောင်းစပ်ကြားက တောအုပ်လေးထဲမှာပါ....။ ခုတော့ နဲနဲထပ်သွားရင် နတ်ပေါင်းစုံ မြန်မာမင်းကြီးမင်းလေး မယ်တော်တွေကအစ တရုတ်အန်းကုံးတွေအဆုံးရှိတဲ့ နတ်နန်းရောက်ရင် ညာဘက်ကိုတောအုပ်ထဲကို ချိုးဝင်သွားတဲ့မြေလမ်းကလေး... သချိုၤင်းအသစ်က အဲဒီထဲကိုတော်တော်လေး ဝင်ရတယ်...။ အဖွားလုံအသုဘကိုလိုက်ပို့တော့ မိုးတွင်းကြီး မြေလမ်းတွေကလဲ ဒူးလောက်ရွှံ့တွေထူနေတယ် ကျမတို့ ထောလာဂျီနဲ့သွားကြရတာ...။ ကျွန်မငယ်လေးကတည်းက အဖွားတစ်ယောက်လိုချစ်ခဲ့ရတဲ့ အဖွားလုံရဲ့ နောက်ဆုံးခရီးကို ကိုယ်တိုင်လိုက်ပို့ရတဲ့အတွက် အဲဒီတုန်းကထက် အခုပြန်တွေးကြည့်တော့ တော်တော်လေး ကျေနပ်မိတယ်...။ အဝတ်ဖြူပတ်ထားတဲ့ အဖွားလုံခန္ဓာကို ထင်းပုံပေါ်တင်လိုက်ကြတယ် မီးရှို့သဂြိုလ်တော့ ကျွန်မဆက်မကြည့်တော့ဘူး ပြန်လာလိုက်တယ်...(ရှမ်းပြည်မှာ များသောအားဖြင့် ဂူသွင်းကြတာများတယ်)....။ အဖွားလုံ ကောင်းမွန်ရာ ဘုံဘဝကိုရောက်ရှိပါစေလို့ ထပ်ပြီးဆုတောင်းပေးလိုက်ပါတယ်.......။

ခုတလော ကိုယ့်မွေးရပ်မြေအကြောင်းလေးရေးဖို့ စိတ်ကူးပိုရနေတယ်...။ အသက်ဆယ့်နှစ်နှစ်မတိုင်ခင်က အကြောင်းအရာလေးတွေကို ခုလောက်ထိ memory လေးရနေတာကိုပဲကျေးဇူးတင်ရမယ်....။


မိုးငွေ့

Tuesday, 24 January 2012

မျက်ရည်တို့ခမ်းပါစေ...




တစ်ခုခုဆို စိတ်က
ခံစားတတ်လွယ်လွန်းတာ ခက်တယ်
စကားလေး တစ်ခွန်း
အပြုအမူလေး တစ်ခု
ဘာရယ်မဟုတ်ပါပဲ
အကြိမ်ကြိမ်ခံစား
ကိုယ့်စိတ်နဲ့ကိုယ်
မှားနေတာများလား
တသော့သော့
လေညှင်းလေးကိုလည်း
နူးညံ့စွာခံစားတတ်သလို
တဖျော့ဖျော့
နေဝန်းကြီးကိုလည်း
ဝမ်းနည်းစွာခံစားတတ်ပြန်တယ်
ပျော်ရွှင်ကြည်နူးတဲ့
ခံစားမှုတွေရှိသလို
ဝမ်းနည်းကြေကွဲရတဲ့
ခံစားမှုနိယာမ
သိခဲ့တာလဲကြာပေါ့
ဟောဒီရင်ခွင်ကြီးကပဲ
ဖော့ဖရောင်းလို
ပျော့ပျောင်းလို့လားမသိ
ဆစ်ကနဲဆို နာကျင်
ထစ်ကနဲဆို ဝမ်းနည်း
အဲဒီအတွေးတွေထဲ
တဝေ့ဝေ့ တဝဲဝဲပါပဲ
အငိုလွယ်တော့
အရှိုက်ခက်တယ်တဲ့
ဟင့်အင်း
ကိုယ်ကတော့
ငိုလိုက်တိုင်း
ရှိုက်ဖြစ်နေပြီ
ဝမ်းနည်းမှုတွေက
အုံ့ဆိုင်းမှိုင်းညို့တော့
မျက်ရည်တွေလည်း ပြိုပြီပေါ့
ခံစားမှု ပိုတယ်ပဲပြောပြော
မျက်ရည် လွယ်တယ်ပဲဆိုဆို
အဲဒီလို နေ့ရက်မျိုးကိုတော့
မလိုချင်ခဲ့ပါဘူး
တောင်းဆု တစ်ခုသာ
ရမယ်ဆိုရင်လေ
နှလုံးသားကျောက်ကြမ်း
မျက်ရည်တို့ ခမ်းပါရစေ။

ကျမ၏ကဗျာဆရာ



Monday, 23 January 2012

ငယ်တုန်းကဈေးထဲကအစိမ်းရောင်နှင့် ကျမအကြိုက်အစားစာတွေ...




ဝေလီဝလင်းရှိသေးပေမယ့် ဈေးတန်းထဲမှာ တောသည်တွေကတန်းစီ ငှက်ပျောဖက်စိမ်းတွေနဲ့ ခင်းပြီး ခူးဆွတ်လာကြတဲ့ အသီးအရွက်လတ်လတ်ဆတ်ဆတ်တွေကို ခင်းကျင်းနေကြပြီ....။ ပိန်းကြာရွက်ထဲမှာ အဖြူရောင် အဝါရောင်ငါးပေါက်ကလေးတွေ .... မဲမဲချွန်ချွန်နဲ့ခွေနေတဲ့ ခရုလေးတွေ.... ကျော်စံကေးတွေကလဲ ခြေလက်ကားယားတွေ အတွဲလိုက်လေး.....။ ဟော ...ဟိုဖက်အသည်ကျတော့ ဖက်ရွက်လေးပေါ်မှာ ဘာအရွက်တွေမှန်းမသိ အစုံရောနှောထားတာ တစ်ပုံကိုငါးကျပ်တဲ့...ဟင်းရည်ချက်သောက်ရင် အလွန်ချိုဆိုပဲ....။ ဒီဘက်ကခေါင်းပေါင်းနဲ့အဒေါ်ကြီးက ဝါးကျည်တောက်တွေကို ငှက်ပျောဖက်နဲ့စို့ပြီး တန်းစီထားတယ်...။ အင်ဖက်ရွက်ထဲမှာက အဖြူရောင်ဥသေးသေးလေးတွေ ခါချဉ်ဥတဲ့....။ ဒါဖြင့် ကျည်တောက်ထဲက ဘာလဲဆိုတော့ ဝါးပိုးကောင်တွေပါတဲ့...။ ဖွင့်ကြည့်လိုက်ရင် လှုပ်ရွရွနဲ့ အသဲယားစရာပါ...။ အဲဒီကောင်တွေကို ရေဆေး ဆီထဲဒီတိုင်းပစ်ထည့်ကြော်ရတာ ငရဲများပါတယ်...။ ဒါပေမယ့်လဲ သူများကြော်ကြွေးတာစားဖူးတယ် ဆိမ့်နေရောပဲ....။ ခါချဉ်ဥတွေကျတော့ ကြက်ဥနဲ့ခေါက်ပြီးကြော်စားရသတဲ့..။ ဇလုံထဲရေနဲ့စိမ်ထားတဲ့ အစိမ်းရောင်ချောကျိကျိတွေက ရေတံခွန်ကျောက်တွေကြားကယူလာတဲ့ ရေညှိတွေ လတ်လတ်ဆတ်ဆတ်ဒီတိုင်းလေး ခရမ်းချဉ်သီးနဲ့ ပဲပုပ်မှုန့်နဲ့သုပ်စားကြတယ် အရည်ရွှဲရွှဲနဲ့ပဲ....။ ဝဥတွေကို တိုဖူးလိုအတုံးလိုက်လုပ်ရောင်းတယ်....။ ပိန်းနှဲသီးပေါ်ချိန်ဆို ပိန္နဲနုလေးတွေကို ဝက်သားနဲ့ဖြစ်ဖြစ် သက်သတ်လွတ်ပဲဖြစ်ဖြစ် ဟင်းရည်ချက်သောက်ကြတယ်...။ အနီအညိုနုရင့်နဲ့ အရောင်လေးပြောင်လက်လက်နဲ့ အရွက်လေးက ညောင်ချဉ်ရွက်တဲ့...။ အနုလေးတွေကိုသင်ပြီး ပေါင်းရတယ်..။ အရွက်လေးနူးလာရင် နုတ်နုတ်စင်းပြီး ပဲပုပ်မှုန့်နဲ့ကြက်သွန်ဖြူဆီသတ်ပြီးကြော်စားကြတယ်...။ ဒါမှမဟုတ်လဲ ဝက်ရိုးနဲ့ အရေသောက်လေး မီးမြေ့မြေ့တနေကုန်တည်ထားရင် မျှစ်ချဉ်ဟင်းလိုပဲ သိပ်ကောင်းတယ်...။ ဝက်လက်အေးရောင်းတဲ့အသည်ကလဲ ဗန်းထဲက ဝက်လက်အေးကို ကြွေခွက်ထဲထည့်ပြီး တစ်ခွက်ကိုတစ်ရာနဲ့ရောင်းတယ် ငှက်ပျောဖက်နဲ့ထည့်ပြီး ဝါးတုတ်ချောင်းလေးနဲ့ထိုးညှပ်ပေးတယ်...။ ဝက်လက်အေးကိုဆောင်းတွင်းမှာပဲလုပ်ရောင်းကြတာ... သူက ဝက်လက်ကို စပါးလင် နနွင်း ငရုတ်သီး ဂျင်းနဲ့ပြုတ်ပြီး... နူးလာရင် ကျောက်ကျောလိုပဲ ဗန်းထဲလောင်းထည့်အအေးခံ မနက်ဆိုရင်ခဲသွားပြီ အဲဒီအသားခဲတွေကို ကောက်ညင်းပေါင်းနဲ့စားကြတယ်...။ နောက်တမျိုးက လက်ပံပွင့်အခြောက်တွေ ရှမ်းခေါက်ဆွဲထဲ ရေနွေးဖျောထည့် စားကောင်း၏။ ဒီဘက်ရှမ်းတွေက ရှမ်းခေါက်ဆွဲထဲကို အရွက်တွေစုံစိနေအောင်ထည့်စားတတ်ကြတယ်....။ ရွှေပဲရွက် ပဲပင်ပေါက် လက်ပံပွင့်ခြောက် ဂေါ်ဖီပါးပါးလှီး နံနံပင် ကြက်သွန်မှိတ် ရှမ်းနံနံအပြင် ရေပူစမ်းထဲမှာ အစည်းလိုက်လေးပြုတ်ပြီး လာရောင်းတဲ့ မျှစ်နုနုလေးတွေကိုပါ အမျှင်လိုက်ဆိတ်ထည့်ပြီးစားတတ်ကြတယ်...။ ရှမ်းခေါက်ဆွဲပန်းကန်ကြည့်လိုက်ရင် အစိမ်းရောင်တွေဝေဆာလို့ စားချင်စရာ...။ ရှမ်းမုန့်အချိုပွဲတွေထဲမှာ ကောက်ညင်းကင်လည်းစားကောင်းတယ် ငှက်ပျောဖက်ကို ကန်တော့ပုံလုပ် ကောက်ညင်းကို သကြားအုန်းနို့နဲ့ဆားနဲနဲထည့်ပြီး ကန်တတော့ထဲထည့် ဝါးတုတ်တံလေးနဲ့ထိုးပြီး မီးနဲနဲနဲ့ကင်ရတာ ဖက်နံ့လေးမွှေးပြီး စားလို့သိပ်ကောင်းတယ် ဒီမှာတော့ ဘိတ်အစားစာတွေမှာ ခပ်ဆင်ဆင်ကောက်ညင်းကင်မျိုးတွေ့ဖူးတယ်....။ နောက် ရောင်စုံဆန်ကျောက်ကျောတွေ အနီအစိမ်းအဖြူသုံးထပ်ပါတယ်...။ အညိုရောင်ဆန်ကျောက်ကျောမုန့် (မုန့်ကျွဲသဲလိုမျိုး)၊ ငှက်ပျောသီးကောက်ညင်း၊ ရွှေထမင်း (ရွှေထမင်းကျတော့ ကောက်ညင်းပေါင်းလိုပဲ ကြံသကာကြောင့်အညိုရောင်လေး ဖြစ်သွားတာပဲကွာတယ် အုန်းသီးဖတ်လေးဖြူးစားရတယ်) ရန်ကုန်မှာလို့ အတုံးလေးတွေမဟုတ်ဘူး...။ အချဉ်ရောင်းတဲ့အတန်းမှာဆိုရင် နာမည်အကြီးဆုံးက အမဲကျောကိုအချဉ်တည်ထားတာပဲ အကျောတွေက ကြည်ကြည်လေးတွေနဲ့ နှစ်လက်မအရှည်လေးတွေတုံးထားတယ် ငရုတ်သီးကြမ်းနဲ့အချဉ်တည်ထားတာ စားကောင်းတယ်...။ နောက် ကတက်ချဉ်ရွက်ဆို နုဖတ်နေတာများ အိမ်ရောက်ရင် ရေနဲနဲဆေး ရိတ်ရိတ်လှီးပြီး ကြက်သွန်ဖြူဓါးပြားရိုက်ထည့် ကြက်သွန်နီးပါးပါးလှီးထည့် ပီနံငရုတ်သီးခြောက်ကိုမီးကင်ပြီး ချိုးထည့် ဆားအချိုမှုန့်လေးထည့်နယ်ပြီး နံနံပင်လေးဖြူးလိုက် အောင်မလေးဗျာ...ဆွေမျိုးမေ့ပဲ...။ ရေးရင် သရေကျတယ် တကယ်ပါ...။ ကောက်ညှင်းဆန်ကိုအချဉ်ဖေါက်ထားတာ ကစော်ခေါ်တယ်... စားဖူးကြမှာပါ...။ ငယ်တုန်းကတော့ လူကြီးတွေက များများမစားရဘူး မူးတတ်တယ်ပြောတယ်...။ အင်းပေါ့ သူက ဆန်အရက်နီးနီးဖြစ်နေတာကိုးး...။ အဲဒါလေးကို သကြားလေးထည့်ပြီးသောက်တာ အရသာကချဉ်စုတ်စုတ်နဲ့ ...။ ဆီတိုဖူးအတုံးလေးတွေက ငရုတ်သီးရောင်လေးတွေတင်ထားတော့ ရဲရဲလေးတွေ ဝါးတောင်းလေးဒေါင့်ထဲ ဖက်ခံပြီးစီထည့်ထားတာ... ဆီတိုဖူးသည်ဆို နနွင်းမှုန့်နဲ့ အရောင်တင်ငရုတ်သီးမှုန့်တွဲရောင်းလေ့ရှိတယ်....။ စစ်တပ်ထဲကအဒေါ်ကြီးတွေလာရောင်းလေ့ရှိတဲ့ ပဲကပ်ကြော်.. မုန့်လုံးကြီးကြော် ဘိန်းမုန့်.... မုန့်လက်ကောက်...။ မုန့်လုံးကြီးဆို အထဲမှာဌာပနာထားတဲ့ အုန်းသီးကချိုမွှေးနေရောပဲ.. ကောက်ညင်းဆန်ကကောင်းတော့ ဗယ်ရီးဂွတ်ပေါ့ဗျာ....။ အဲဒီကဘိန်းမုန့်ကို ခုထိရန်ကုန်မှာ မတွေ့သေးဘူး ...။ ဒီမှာက ဘိန်းမုန့်ဆို အချပ်သေးသေးလေးတွေ ..။ ငယ်တုန်းက စားဖူးတာ သူတို့က ဘန်းလိုက်လုပ်ပြီး ကပ်ကြေးနဲ့ဖြတ်ဖြတ်ရောင်းတာ....။ ဘိုစာထဲကဆို ဟန်းနီးကိတ်နဲ့ခပ်ဆင်ဆင်ရယ်....။ ဒါကြောင့်တခါတလေ ငယ်တုန်းကဘိန်းမုန့်အလွမ်းပြေလေး ပျားရည်ကိတ်လေးကိုဝယ်ဝယ်စားဖြစ်တယ်.....။ မုန့်လေပွေကိုလည်းလွမ်းတယ် ... ပူပူနွေးနွေးဆုံထဲကထွက်လာတဲ့ ခေါပုတ်ကိုလဲလွမ်းတယ်....။ ဒီဈေးထဲမှာ ကျမအကြိုက်ဆုံးက တိုဖူးဦးနှောက်အချိုပွဲလေးပဲ...။ ပဲပိစပ်ကို ကြိတ်ပြီးလုပ်ထားတာ စားခါနီးဇွန်းလေးနဲ့ခတ်ပြီး ကြံသကာကိုဂျင်းနဲ့ကြိုထားတာကိုဆမ်း အုန်းနို့ဆမ်း အိုးး ဂွတ်မှဂွတ်ပဲ....။ အုပ်ကျင်းရွာထဲက အဒေါ်တစ်ယောက်ရောင်းတဲ့ ပဲတိုဖူးသုပ်ကိုလည်းသိပ်ကြိုက်တာပဲ....။ မုန့်ဟင်းခါးဆို ဒေါ်အေးမြင့်ဆိုင်က မုန့်ဟင်းခါးကြိုက်တယ်...။ ငါးရှားပေမယ့် တခါတလေ ငါးမပါပဲ စပါးလင်မွှေးမွှေး ငှက်ပျောအူနုနု ပဲရည်လေးနဲ့လဲသိပ်ကောင်းတယ်.....။ ဖြစ်နိုင်ရင် ခုရေးထားတဲ့ အစားအစာတွေကို ပုံလေးတွေနဲ့တင်ချင်ပါတယ်....။ တကယ်တမ်းကိုယ်စားခဲ့ဖူးတဲ့ အဲဒီအစားစာတွေဟာ ခုနေပြန်သွားရင်တောင်မှ ဈေးထဲမှာ အဲလိုတွေသဘာဝကျကျလေး စုံလင်အောင်တွေ့နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး.....။ လူတွေဟာ တနေ့တခြား သဘာဝအစားသောက်တွေနဲ့ ဝေးဝေးသွားတယ် အလွယ်တကူ ရယ်ဒီမိတ်ကို အားပေးလာကြတယ်....။ ရယ်ဒီမိတ်ဆိုတာ တာရှည်ခံဆေးတွေ ဓါတုဆေးဝါးတွေထည့်သုံးထားတော့ ကျန်းမာရေးအတွက်တယ်ပြီး မကောင်းလှပါဘူး....။ ဖြစ်နိုင်ရင် စားစရာမုန့်ပဲသရေစားတွေကိုတောင် သဘာဝငှက်ပျောဖက်လေးနဲ့ပဲ ထည့်ရောင်းစေချင်ပါတယ်...။ ပလတ်စတစ်အိတ်တွေ ကြွပ်ကြွပ်အိတ်တွေအစား ဖက်တွေ စက္ကူတွေကို ပြန်သုံးစေချင်ပါတယ်...။ ဒီပို့စ်ကိုစရေးတော့ ကျမငယ်ငယ်တုန်းက အဖွားတစ်ယောက်လိုချစ်ခင်ရတဲ့ အဖွားလုံရဲ့ မီးဖိုချောင်အကြောင်းကိုရေးမလို့ပါပဲ ရေးရင်းနဲ့ ဈေးထဲကအစားအစာတွေက ကိုယ့်ကိုဆွဲဆောင်လိုက်တယ်....။ အဖွားလုံအကြောင်းကို နောက်တစ်ပို့စ်ကျမှရေးမယ်ကွယ်...။


မိုးငွေ့

Friday, 20 January 2012

ကိုယ့်ရဲ့ အိပ်မက်နတ်သမီး.....




ကို ယ့် ည တွေ ဟာ
ချ စ် သူ ပ က် ဖြ န်း တဲ့
နှ င်း ဆီ ပွ င့် ဖ တ် တွေ ပျံ့ ကျဲ လို့
ထုံ သ င်း မွှေး ပျံ့ နေ ခဲ့ ပြီ ။
ည န က် လေ မွှေး ပျံ့ လေ နဲ့
နှ င်း  ဆီ ရ နံ့ တွေ ကြား
ကို ယ့် ရ င် ခု န် သံ တွေ
ကြား နေ ရ တယ် ။
အ ချိ န် တို င်း မှာ
ချ စ် သူ့ ပုံ လွှာ လေး က
အ မြ င် အာ ရုံ မှာ ကပ် ညှိ လို့
ကို ယ့် အ နား မှာ
သူ အ မြဲ ရှိ နေ ပြီ
ဒီ တ ည လ ည်း
ချ စ် သူ ဖြ န်း ပ က် တဲ့
နှ င်း ဆီ ပွ င့် ဖ တ်‌ တွေ ကြား
အိ ပ် စ က် လို့ အိ ပ် မ က်
ကို ယ့် ရဲ့ ည တွေ မှာ
ချစ် သူ သည် သာ
အိ ပ် မ က် န တ် သ မီး ပါ ။

ကျမ၏ကဗျာဆရာ


Thursday, 19 January 2012

ငယ်တုန်းက သူငယ်ချင်း.....





မအိမ်သူရဲ့ ငချိပ်ခေါပုပ်ကိုကြည့်ပြီး.... ငယ်ငယ်တုန်းက ငချိပ်ပေါင်းကိုသတိရသွားတယ်........။

အဲဒီတုန်းက မနက်မနက်ဆို တောင်းလေးကိုထမ်းပိုးနဲ့ထမ်းပြီး ကောက်ညှင်းပေါင်း ငချိပ်ပေါင်း ရွှေထမင်းတွေကို လာလာရောင်းတဲ့ အဒေါ်ကြီးတစ်ယောက်ရှိတယ်....။ နေ့တိုင်းလိုလို သူ့ဆီက ခေါက်ဆွဲနဲ့စားဖို့ ကောက်ညှင်းပေါင်းဝယ်တယ်...။ ငချိပ်ပေါင်းဆို အုန်းသီးဖတ်များများ သကြားလေးဖြူးပေးတယ်... အရမ်းစားကောင်းတာ.........။ အိမ်မှာ ဘုရားဆွမ်းကို ငချိပ်ပေါင်းကပ်တဲ့နေ့ဆို ဆယ့်နှစ်နာရီမထိုးခင် အိမ်ပေါ်တက်တဲ့လှေကားမှာ သူငယ်ချင်းနန်းဖေါင်းနဲ့အတူစောင့်နေကြပြီ....။ ဆယ့်နှစ်ဒေါင်ခနဲထိုးတာနဲ့.... ဘုရားဆွမ်းတော်စွန့်..... ငချိပ်ပေါင်းတွေယူပြီး ဟိုး အပေါ်ဆုံးထပ် ဖလက်ပေါ်ထိတက်ပြီး သွားစားကြတယ်........။

နန်းဖေါင်းနဲ့ကျမက ကျွန်မရန်ကုန်ကိုကျောင်းသွားတက်ခါနီးအထိ အတူတွဲကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ.....။ အိုးပုပ်ဆော့လဲအတူတူ.... ချောင်းထဲရေသွားကူးလဲအတူတူ..... ကျောင်းဝင်းထဲမှာသွားကစားလဲအတူတူ ငါးသွားဖမ်းလဲအတူတူ... ကြာကန်ထဲက ကျွဲခေါင်းသီးသွားခူးတော့လဲအတူတူပဲ......။ တော်တော်ကစားမက်တဲ့ ကလေးမလေးနှစ်ယောက်ပေါ့.....။ (ကျွန်မတို့ကို အမွှာတွေလားလို့တောင်ရွဲ့ပြောကြတယ် မခွဲအတူအမြဲရှိလို့လေ) တခါတလေ နန်းဖေါင်းတို့အဘိုးရဲ့ မက်မန်းခြံထဲကိုတနေကုန် သွားကစားတတ်သေးတာ......။ အိမ်ကနေပဲပုပ်မှုန့်နဲ့ငရုတ်သီး ဆားအချိုမှုန့်တွေယူသွားပြီး မက်မန်းသီးအကြွေတွေကောက် ငါးကန်အစပ်မှာဆောက်ထားတဲ့ တဲအိမ်လေးမှာ ဇိမ်ပြေနပြေနဲ့ စားကြတယ်.....။ မောလာရင်တရေးအိပ်ကြသေး.....။

ရွာထိပ် ရေအားလျှပ်စစ်စက်ရုံအပေါ်ဘက်က တောင်စောင်းမှာ လှေကားထစ်ပုံစိုက်ထားတဲ့ နာနတ်သီးခင်းကိုလဲ အသီးသွားခူးကြတယ်.....။ ရေအားလျှပ်စစ်အတွက် ရေအရင်းမြစ်အစဖြစ်တဲ့ တောင်ကျရေတံခွန်ဆီလဲ သွားလိုသွားကြတယ်....။ လူကြီးတွေသိရင်တော်တော်စိတ်ပူကြမှာ...။အဲလို လျှောက်လျှောက်သွားတတ်ကြတယ်..။
ကျွန်မတို့က အိုးပုပ်ကစားတာတောင်မှ တခါတလေ တကယ့်မုန့်တွေနဲ့ကစားကြတာ....။ ယိုးဒယားဖါလူဒါတွေဝယ်လာ တိုဖူးတွေဝယ်လာပြီး မီးဖိုချောင်ထဲက ပန်းကန်တွေခွက်တွေ ဇွန်းတွေယူပြီးကစားကြတာ....။ နန်းဖေါင်းက ဖါလူဒါရောင်းရင် မီးမီးက တိုဖူးရောင်းတယ် ပြီးတော့ တစ်ယောက်မုန့်တစ်ယောက်ဝယ်စားကြတယ်.......။ ပျော်စရာနော်........။ ဥပုသ်နေ့ရောက်ရင်လဲ ပျော်ဖို့ကောင်းတယ်...။ နန်းဖေါင်းတို့အဖိုးနဲ့အဖွားက ဥပုသ်စောင့်သွားရင် နေ့လည်ဥပုသ်သည်တွေစားဖို့ နန်းဖေါင်းတို့အမေက ရှမ်းထမင်းဟင်းအစုံချက်ပြီးပို့ရတယ်......။ မီးမီးတို့နှစ်ယောက်က စားပြီးသားထမင်းဟင်း ဗန်းတွေကိုသွားသိမ်းရတာ.....။ အဲခါကျရင် အဖိုးအဖွားတွေစားလို့မကုန်တဲ့ ဟင်းအကျန်တွေကို နှစ်ယောက်သားဆက်ဆွဲလိုက်ကြတာ ဘာပြောကောင်းမလဲ.....။ တကယ်ဂွတ်တယ်...။ ရှမ်းတွေက ထမင်းအစားကောက်ညှင်းနဲ့ဟင်းနဲ့စားတာလေ...။ ငယ်ကတည်းက ကောက်ညှင်းစားလာလို့ထင်တယ် ခုချိန်ထိ ကောက်ညှင်းကို ဘယ်ချိန်စားစား ဗိုက်ကယ်တယ် ရင်ပြည့်တယ်ဆိုတာမရှိဘူး........။

နန်းဖေါင်းကိုသတိရတယ်....သူနဲ့မတွေ့ရတာ ဆယ်နှစ်နီးပါးရှိပြီထင်တယ်.....။ နောက်ဆုံးတွေ့လိုက်တာ ၂၀၀၂ ၂၀၀၃ လောက်ကထင်တယ်.....အခုဘန်ကောက် ပရတူနမ်းမှာဈေးရောင်းနေတယ်လို့ကြားတယ်...။ အဆက်သွယ်လဲမရှိတော့ဘူး......။ ကျွန်မတို့ ရေစက်မကုန်သေးရင် တစ်နေ့နေ့တော့ ပြန်ဆုံကြဦးမယ်လို့ မျှော်လင့်ပါတယ်....။


မိုးငွေ့

Wednesday, 18 January 2012

ချစ်သူချော့သိပ်တဲ့ တေးကဗျာ.....




ညက တဖြည်းဖြည်းနက်လာတယ်
လေညင်းတွေတိုက်ခက်
ကြယ်စင်တွေလင်းလက်လာတယ်
ဒီဇင်ဘာရဲ့ည
နှင်းစက်တွေချွေချလို့
သူ့ အနားခစား ဝပ်တွားကြတယ်
နှင်းစက်တို့ အေးစက်
အနေခက်တဲ့ လှကလျာ
သန်းခေါင်ယံ ညအခါမှာ
ကိုယ်သီကုံးသော
ကဗျာကို ခေါင်းအုံးလို့ မှေးစက်
ကိုယ့်အကြင်နာတွေ ခြုံလွှမ်းပြီး
ကိုယ်ချော့တဲ့တေး
ခပ်နွေးနွေးနဲ့ အိပ်စက်လို့
အိပ်မက် လေးတွေလှပါစေ။ ။ 

ကျမ၏ကဗျာဆရာ



Tuesday, 17 January 2012

ချစ်သူရေးတဲ့ ကိုယ့်ရဲ့ညတွေ.....



သူ.....ကိုယ့်ရဲ့ညတွေကို.......ရှင်သန်နိုးကြားစေတာကြာခဲ့ပြီ....။

သူဟာ ကော်ဖီခါးခါးတစ်ခွက်နဲ့တူတယ်.......။ အငွေ့တထောင်းထောင်းထနေတဲ့
ကော်ဖီတစ်ခွက်....။ သူပြောတော့ အလွမ်းငွေ့တွေတဲ့...။ ကိုယ့်ကိုယ်ကို လွမ်းတတ်ပြီထင်ခဲ့တာ.....ခုတော့ ကိုယ့်ထက်လွမ်းတတ်တဲ့သူကို ရှာတွေ့သွားပြီ......။


ကျွန်မ၏ကဗျာဆရာလက်ရာ


သိပ်မကြာခင်မှာပဲ........ကိုယ့်ရဲ့ညတွေဆီကနေ...ကော်ဖီခါးခါးတစ်ခွက်အကြာကြီးပျောက်ကွယ်သွားဦးမတဲ့....။
အဲခါကျ....သူပြောတဲ့ အလွမ်းငွေ့တွေ ကိုယ့်နားဝေနေမှာသေချာတယ်..။
ကော်ဖီခါးခါးတစ်ခွက်ကို အငွေ့တွေပျံ အေးစက်သွားသည်အထိ ကိုယ်စောင့်ကြည့်နေမိလိမ့်မယ်......။ 
အလွမ်းငွေ့တွေက မျက်ဝန်းအိမ်မှာငွေ့ရည်ဖွဲ့...အလွမ်းမိုးအဖြစ်ရွာချလာလိမ့်မယ်.....။


သူ့လက်ရာဟင်းတစ်ခွက်ချက်ပေးခဲ့တဲ့ည.....။ တခါတခါ မအူမလည်ပုံဖမ်း
ဒုံးဝေးတတ်တဲ့ သူနဲ့စကားပြောခဲ့ကြတဲ့ည.....။ ကိုယ်ထုတ်တဲ့မေးခွန်းတွေနဲ့ သူစာမေးပွဲမဖြေနိုင်ခဲ့တဲ့ည...။
ချိုမြိန်တဲ့ပန်းသီးအတူစားခဲ့ကြတဲ့ညတွေ.....။ လမင်းကြီးကိုတစ်နေရာဆီပြိုင်တူကြည့်ခဲ့ကြတဲ့ည......။
တိမ်စိုင်တွေအတူခိုစီးခဲ့ကြတဲ့ည........။ အလွမ်းကဗျာတွေအတူရွတ်ဆိုခဲ့ကြတဲ့ည.....။


ကိုယ့်ရဲ့ညတွေများစွာကို သူအသက်သွင်း.... အမှတ်တရ မှန်ဘောင်ခတ်ထားပေးခဲ့တယ်...။ မကြာခင်မှာ သူပျောက်ကွယ်သွားတော့မလား.... ။ အပြီးသတ်နှုတ်ဆက်ခဲ့ပါမယ်လို့ မပြောလိုက်ပါနဲ့.......။ ကိုယ့်ညတွေ မလှမပသေဆုံးကုန်လိမ့်မယ်........။


မိုးငွေ့


Monday, 16 January 2012

အလွမ်းငွေ့တွေတထောင်းထောင်းထနေတဲ့ ကော်ဖီ.....







သူပေးတဲ့ရေကြည်တစ်ခွက်ကို
တရှိုက်မတ်မတ်သောက်သုံး
ဝင်းလက်တဲ့
သူ့အပြုံးတွေကြောင့်
ကိုယ့်နေ့သစ်တွေ
လှပလာခဲ့တယ်
သူပြောဖူးတဲ့ အလွမ်းတွေအကြောင်း
ကော်ဖီခါးခါးတွေအကြောင်း
ကာရံလှလှလေးတွေအကြောင်း
ချိုမြိန်တဲ့ပန်းသီးတစ်လုံးအကြောင်း
«««««««««အို»»»»»»»»»»
အရာအားလုံးကကိုယ့်အတွက်
နူးညံ့လှပလွန်းပါပေတယ်
တခါတခါ သူမေးတတ်တဲ့
မေးခွန်းခက်ခက်တွေကြောင့် အိပ်မက်တွေမှာတောင်
ထွက်ပေါက် မဲ့ကုန်တယ် 
တခါတခါလည်း သူဆိုး ခပ်ရိုးရိုးလေးပါပဲ
----------ဒီလိုနဲ့--------- 
နေ့ရက်တွေကိုရှေ့ဆက် စွဲမက်လို့ တွယ်တာ 
အကြင်နာ တွေလည်း ဝေဖြာခဲ့တယ် 
ခဏလေးကိုတောင် လွမ်းတတ်တဲ့ ကိုယ် 
ထို နေ့ရက်တွေ ပိုလာမှာကိုတွေးရင်း 
အလွမ်းငွေ့တွေအုံ့ဆိုင်း 
မျက်ရည်တွေတောင် ဝိုင်း တတ်နေပြီ 
တကယ်ဆို ကိုယ်က သူ့ ညတွေအတွက်
ကော်ဖီခါးခါးတစ်ခွက်အဖြစ်
အငွေ့တထောင်းထောင်းထနေချင်တာ။     

ကျမ၏ကဗျာဆရာ





Friday, 13 January 2012

အလွမ်းကဗျာလေးရွတ်ဆိုပြမယ်......




မျက်လုံးလေးမှိတ်ပြီး နွေးထွေးစွာ အိပ်စက်လိုက်ပါ........အလွမ်းကဗျာလေးတစ်ပုဒ်တိုးတိုးကလေး ကိုယ်ရွတ်ဆိုပြမယ်.......။ ရင်ဘတ်နဲ့နားထောင်ကြည့်ပါ....ကာရံတွေလှပနေတာကို တွေ့ရလိမ့်မယ်....။

အိပ်မက်လေးလှပါစေ ....အိပ်ရေးလဲဝပါစေ....။ မနက်ခင်းနေခြည်နွေးနွေးမှာ ....လေပြေညှင်းလေးနဲ့အတူတိုးဝှေ့ပြီး ကိုယ်လာရောက်နှိုးလှည့်မယ်.....။

သာယာတဲ့နှုတ်ဆက်သံနဲ့အတူ.... နိုးထခြင်းကို ရေကြည်ချမ်းမြတစ်ခွက်နဲ့မြည်းစမ်းလိုက်ပါ.........။ ဒီလိုဆို ရင်ထဲ အေးချမ်းလို့ သန့်စင်သွားလိမ့်မယ်....။

ကိုယ်တို့ မကြာမကြာဆုံကြမယ်လေ.... ကျေးငှက်လေးတွေတွန်မြည်ကြရင်.....သစ်ပင်သစ်ရွက်တွေကိုလေတိုးကြရင်... မြက်ခင်းစိမ်းတွေဦးမော့ကြရင်.... လိပ်ပြာငယ်လေးတွေ ပျံဝဲကြရင်..... နှင်းဆီပန်းခင်းတစ်ခုလုံးမွှေးပျံ့ချိန်ကျရင်လေ.......။

ဦးတည်ရာမဲ့ ဆောင်းလေအေးတွေ ဝှေ့ရမ်းတိုက်ခတ်လိုက်သလိုပဲ...... မီးခိုးရောင်တွေကိုမြင်ရတိုင်း ကိုယ်တို့ပိုပိုဝေးသွားကြတယ်လို့ မယူဆပါနဲ့....။ စင်္ကြာလေးတွေလည်နေတာကိုကြည့်ရင်းလည်း ကိုယ်တို့မဝေးကြပါဘူး....။ များပြားလှတဲ့ လောကရဲ့ အရှုပ်အထွေးများကြားမှာ မနားမနေပြေးလွှားလှုပ်ရှားရုန်းကန်ရလို့.....ပျောက်ပျောက်သွားတတ်တဲ့ အစိမ်းရောင်ပန်းသီးလေးတစ်လုံးပါ.....။ ဒါပေမယ့် ပန်းသီးလေးက သူ့အတွက်တော့ အမြဲချိုမြပါတယ်.....။ အလွမ်းတွေကို ရင်ထဲထိုးသိပ်သိမ်းမထားချင်ပါဘူး.....။ ဒါကြောင့် ကဗျာလေးတစ်ပုဒ်အဖြစ်ဖန်ဆင်းလိုက်မယ်...။ ပြီးတော့ သူ့ဆီကို အရောက်ပို့ပေးလိုက်မယ်.....။

ကိုယ်ရွတ်ဆိုပြမယ့် အလွမ်းကဗျာလေးကို မျက်လုံးလေးမှိတ်ပြီး သေချာနားထောင်ကြည့်ပါ...... ကိုယ်...ကိုယ်တိုင် ရေးဖွဲ့သီကုံးထားတဲ့ အဲဒီအလွမ်းကဗျာလေးထဲမှာ ဘယ်လိုအရာမျိုးတွေ ပျော်ဝင်စီးဆင်းနေမလဲဆိုတာလေ.... ။


မိုးငွေ့

Wednesday, 11 January 2012

တိတ်တိတ်လေးပဲလွမ်းသွားမယ်.....







ရင်ထဲ အသည်းထဲက
အပြီးအပိုင် ထုတ်လိုက်ရင်
မလွမ်းတော့ဘူးတဲ့
ဟင့်အင်း...
ကိုယ်ဆက်လွမ်းချင်သေးတယ်
အဲဒီ အလွမ်းကြောင့်
ဟောဒီ ရင်ဘတ်ကြီး
ကြေမွသွားပါစေပေါ့
ဆုံနိုင်ခွင့်မရှိလဲ
ရင်ထဲမှာရှိနေမှတော့
အဲဒါတွေ လိုသေးလို့လား
ဝေ့ဝဲလာတဲ့
မျက်ရည်တွေကို ထိန်းချုပ်
သိမ်းထုပ်ထားတဲ့ အလွမ်းတွေနဲ့
ဆက်လွမ်းမယ်
အလွမ်းပေါ် အလွမ်းဆင့်
အလွမ်းတွေ ရင့်သွားပါစေ
တိတ်တိတ်လေးပဲလွမ်းသွားမယ်.....။        ။ ကျမ၏ကဗျာဆရာ



Tuesday, 10 January 2012

Picnic မှာစားဖြစ်ခဲ့တာလေးတွေ.....

စိမ်းလန်းစိုပြေမှာ picnic သွားထွက်တာ


ဗူးသုံးဗူးကရေနွေးကြမ်း၊ ကော်ဖီ၊ ရေသန့် ဘေဘီလိမ္မော်သီး ...နဲ့ မက်မှန်ထဲမှာ မီးမီးပုံပါသွားတယ် ကွာ...... မကွန်လို ၀မ်းလျားမှောက်လိုက်ဖို့မေ့သွားတယ်း)




အဖိုးကြီးသုပ် အဖွားကြီးသုပ်


ပါစတာရှဲလ်လေးတွေကို ခေါက်ဆွဲအတွန့်တွေနဲ့ ပုဇွန်နဲ့ ကြော်ထားတာ အပေါ်မှာ ချီတာချိစ်ပြီး မိုင်ခရိုဝေ့ထဲလှည့်လိုက်တယ် အနောက်နဲ့အရှေ့တိုင်းစတိုလ်ကိုရောသမမွှေထားတာ


အမှတ်တရ” အင်းလေးဆိုင်က ငါးထမင်းနယ်


မုန်ညင်းစိမ်းနဲ့ဝက်နံရိုးဟင်းရည်ဆမ်းထားတဲ့ ထမင်း


ဒါက ထောပတ်သီးမစားဖူးဘူးလို့ပြောတဲ့ ဖြိုးအတွက်


Monday, 9 January 2012

တစ်နေ့တာ...(ပစ်ပစ်လေးရဲ့ တဂ်ပို့စ်)





ဟုတ်ပါ့ ပစ်ပစ်ရေ....2012 ရဲ့ ပထမဆုံး tag post လေးပါပဲ..... အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ နှိုးစက်ထမြည်တဲ့ မနက်ရှစ်နာရီနိုးနိုးချင်း ဆေးသောက်တယ်..... မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ ဘိတ်မုန့်ဟင်းခါးနဲ့ ထမင်းနဲ့စားရတာကြိုက်တယ်...ဒါမှမဟုတ် လက်ဖက်ရည်နဲ့ အီကြာကွေး.... လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ... ထမင်းကြမ်းနဲ့ဟင်း...... နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ ဖြစ်နိုင်ရင်အိမ်မှာပေါ့.... အလုပ်သွားတော့ရုံးမှာချက်စားကြတယ်.... အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ ရှမ်းဝက်လက်အေးဟင်းနဲ့ ကောက်ညှင်းပေါင်းပူပူလေး.... အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ မိုးငွေ့ကြိုက်တဲ့ ကော်ဖီခါးခါးတခွက်....(မသောက်ဖြစ်တာများပါတယ်) ညနေစာကိုဘယ်မှာစားတတ်ပါလဲ အိမ်မှာပဲအစားများပါတယ် တခါတလေတရုတ်တန်းက ဆူရှီဝယ်စားတယ်..... ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ ဒီညအင်တာနက်လိုင်းကောင်းပါ့မလား ဘာစာရေးရင်ကောင်းမလဲ ဆိုတာပါ အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်.. ပထမဆုံးခံစားမိတာက တနေ့တော့ပြီးသွားပြီဆိုတာပါ ဒုတိယခံစားမိတာက ပင်ပန်းတယ်ဆိုတာပါ တတိယခံစားမိတာက ဘဝရဲ့အလုပ် လုပ်ရမဲ့နေ့ရက်တွေကထဲက တရက်တော့လျော့သွားပြီလို့ (ပစ်ပစ်နဲ့တူတူပဲ) အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ လွယ်အိတ်ကိုခုံပေါ်ပစ်တင်ပြီး ညနေစာဘာချက်လဲလို့ နောက်ဖေးပြေးပြီး အုပ်ဆောင်းအရင်ဆုံးဖွင့်ကြည့်တယ်....။ အိမ်ကချက်တဲ့ဟင်းဆို ငရုတ်သီးထောင်းနဲ့ပဲဖြစ်ဖြစ် ကြက်ဥကြော်နဲ့ပဲဖြစ်ဖြစ်စားမြိန်တယ်.... ဒုတိယလုပ်မိတာလေး.. နက်ဖြန်ရုံးတက်ရင်ဝတ်ဖို့ ဝတ်စုံကိုမီးပူတိုက်တယ်..... ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား.. သောက်တတ်တယ်တခါတလေမှပါ....အရမ်းသောက်ချင်တဲ့အခါမျိုးမှ ပုံမှန်တော့ နို့တစ်ခွက်အမြဲသောက်တယ်... ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ... ကိုယ့်ရဲ့ Mp4 နားထဲထည့် သီချင်းလေးနဲ့အိပ်စက်တယ်.. အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ သီချင်းပဲနားထောင်ဖြစ်တယ် ....တခါတလေ ခေါက်ဆွဲပြုတ်ထသောက်တယ် စာရေးဖြစ်တယ်ဒါပါပဲ...။ တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ ငိုပလိုက်တယ်.... အစားတွေအများကြီးစားပလိုက်တယ်....ဟင်းတွေချက်တယ်......ရှော့ပင်တွေထွက်ပလိုက်တယ် အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း အိမ်သော့...ဖုန်း...ပိုက်ဆံအိတ်...နေကာမျက်မှန် မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ ကိုယ့်ကိုယ်ကို အချစ်ဆုံး ပြီးမှအမေကိုချစ်တယ်.....။ တော်တော်အသက်ကြီးတဲ့အထိတစ်ဦးတည်းသောသမီးဖြစ်ချင်ခဲ့တယ်...။ သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ မရှိသေးဘူးခုထိ... အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ အားလုံးကိုခင်ပါတယ်....... ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု.. ကြိုက်တာတွေက သိပ်များနေတယ်ကွယ်.... လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု သော့ချိတ်ကလေးတစ်ခုပါ ခုထိတော့ လက်ထဲမရောက်သေးဘူး အဲဒီလက်ဆောင်လေးက.... ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ ကိုယ့်ရဲ့ချစ်သူ...ထင်တာပဲ ....(ဘယ်တစ်ယောက်လဲမသိဘူး မေးကြည့်ဦးမယ် ကိုကြီးအောင်သာငယ် ညီမပီသအောင်လို့ပါ) အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ ကိုယ့်မွေးနေ့မတိုင်ခင် ကိတ်မုန့်လှလှလေးတစ်လုံးလောက်လုပ်တတ်ချင်တယ်(ခုထိသင်တန်းမတက်ရသေး) .... ကဲ ဂျယ်လီပစ်ပစ်လေးရေ.... သာမီးတဂ်လိုက်တဲ့ တစ်နေ့တာကို မမရေးပေးလိုက်ပီနော်.....။ ကျေနပ်အားရလိမ့်မယ်လို့ ယုံကြည်ပါတယ်.....။ တခြားဘလော့ဂါတွေကိုဆက်မတဂ်တော့ပါဘူး ကျမတဂ်ရင် မအောင်မြင်တတ်လို့ပါ... ဟ ဟ ကိုယ့်အရည်ချင်းကိုယ်သိနေတယ်.....။ 


မိုးငွေ့

Friday, 6 January 2012

အလွမ်းတွေအိတ်ကပ်ထဲ ထည့်သိမ်းထားမယ်.....



တကယ်တော့....ဘယ်အချိန်ကတည်းက သယ်ပိုးထွေးပိုက်ထားမှန်းမသိတဲ့ သူပေးခဲ့တဲ့အလွမ်းတွေက ကိုယ့်ဆီမှာ ပြည့်သိပ်နေခဲ့ပြီးသားပါ......။

ကိုယ်ကလဲ အလွမ်းကိုမှ ခုန်မင်နှစ်သက်တတ်သူလေ.....။ အလွမ်းပင်လယ်ထဲမှာမှ မွေ့လျော်တတ်သူလေ....။ ကိုယ်က ကိုယ့်အလွမ်းတွေကို စာဖွဲ့တတ်သလို သူက သူ့အလွမ်းတွေကို ကဗျာဖွဲ့သူ.....။ ကိုယ်တို့က ရင်ခုန်သံချင်းနီးစပ်ပြီးသားသူတွေ ခံစားမှုချင်းယှက်နွယ်ပြီးသားသူတွေ........။

ပြန်ခါနီးကျပြောနော် တစ်ခုထည့်ပေးလိုက်မယ်တဲ့....။ ကိုယ့်ကို သူဘာပဲပေးပေး..... သူပေးမယ့်အရာအားလုံးကို အမှတ်တရလေး သိမ်းထားချင်တယ်.....။ ကိုယ်ပြန်ခါနီးကိုယ့်ကို လက်ဖဝါးဖြန့်ခိုင်းတယ်....။

ရော့ ယူသွား.....အလွမ်းတွေတဲ့....။ သေချာသယ်သွား မဖိတ်မလျှံစေနဲ့တဲ့.......။ စိတ်ချပါ အလွမ်းတွေလျှံမကျအောင် ကိုယ့်ဘယ်ဖက်အိပ်ကပ်လေးနဲ့သယ်သွားပါ့မယ်....။

ခေါင်းတွေအရမ်းကိုက်နေတယ်.....။
ဒီညကိုယ်မလာဖြစ်တော့ဘူးကွယ်......။ ဆေးသောက်ပြီးအနားယူမယ်...စောစောအိပ်တော့မယ်....။ ပြီးတော့ ဘယ်ဘက်အိပ်ကပ်ထဲက သူပေးခဲ့တဲ့အလွမ်းတွေကို ခပ်ဖွဖွ ထွေးပွေ့ရင်း အိပ်ယာထဲမှာ တိတ်တိတ်ကလေး သူ့ကိုလွမ်းနေရဦးမယ်....။

ကိုယ့်ကို အိပ်ပျော်အောင် နွေးထွေးပေးပါ...... ပျံ့လွှင့်နေတဲ့ အတွေးတွေကိုစုစည်းပေးပါ........ သူအနားမှာ ကဗျာလာရွတ်ဆိုပြ သလိုခံစားမှုမျိုးနဲ့ ကိုယ်အိပ်ပျော်သွားချင်တယ်.....။

အလွမ်းတွေကို အိပ်ကပ်ထဲထည့်ထားရင်း.... ကိုယ်အိပ်ပျော်သွားပါရစေ........။


မိုးငွေ့


Thursday, 5 January 2012

ခပ်နွေးနွေးလေးလွမ်းကြမယ်.....






တစ်ခါတစ်ခါ ဖြေးဖြေးညိမ့်ညိမ့်လေး
တခါတလေလည်း ပြင်းပြရှတ
အဲဒီအလွမ်းတွေအောက်မှာ
ကိုယ်တို့ယစ်မူးခဲ့ကြတယ်
တစ်နေ့တာလွမ်း တစ်ညတာလွမ်း
ခနတာလည်းလွမ်းတာပါပဲ
အလွမ်းတွေကို ပန်းတွေလိုသီလို့
စိတ်ကူးတွေနဲ့ ဆံနွယ်ထက်မှာ
ပန်ဆင်ပေးမိတယ်

အလွမ်းတွေကို ဝေလို့
လွမ်းလွန်းလို့တော့
မျက်ရည်တွေမကျလိုက်နဲ့
အလွမ်းတွေ ကျဲကုန်လိမ့်မယ်
နှုတ်ခမ်းနှစ်လွှာဖွင့်ဟ
အပြုံးစစနဲ့ လွမ်းလိုက်ပါ
လွမ်းတတ်သူအဖို့
ဟောဒီတစ်ညကို ဖြတ်ကျော်ဖို့
လက်ဆောင်ပေးလိုက်မယ်
မျက်လုံးမှိတ်ပြီး
လက်ဖဝါးလေးဖြန့်လိုက်ပါ
လျှံမကျစေနဲ့
ရော့.... 
***အလွမ်း***
ဘယ်ဖက်အိပ်ကပ်ထဲ
ထည့်သိမ်းခဲ့ရင်တော့
သွေးခုန်လိုက်တိုင်း
ခပ်နွေးနွေးလေး လွမ်းရတာပေါ့
ကိုယ်တို့ ခပ်နွေးနွေးလေး
လွမ်းကြမယ်လေ...
***ခပ်နွေးနွေးလေး*** (ကျမ၏ကဗျာဆရာ)




Monday, 2 January 2012

ကျွန်မ၏ကဗျာဆရာ.......




စာတွေ.... ကဗျာတွေ ရူးသွပ်ခဲ့ဖူးပေမယ့် ကိုယ့်ဘဝမှာ ကိုယ်ပိုင် ကဗျာဆရာတစ်ယောက်ရှိလာလိမ့်မယ်လို့ တခါမှမတွေးခဲ့ဖူးဘူး.......။ ပျော်လိုက်တာ....:) ခုခေတ်ပိုင်း မောဒယ်လ်တွေ မင်းသမီးတွေ ကိုယ်ပိုင်ဒီဇိုင်နာတွေထားကြသလိုပေ့ါ..... ကိုယ်လဲ အားကျမခံ ကိုယ်ပိုင်ကဗျာဆရာထားတယ်...။ကိုယ့်ခံစားမှုတိုင်း ကိုယ့်လှုပ်ရှားမှုတိုင်းဟာ သူ့ရဲ့ ကဗျာတွေဖြစ်ဖြစ်လို့သွားတယ်......။ ကိုယ့်ရဲ့ ဝမ်းနည်းမှု ကိုယ့်ရဲ့ မျက်ရည်စက်တွေဟာလည်း ကိုယ့်ရဲ့ ကဗျာဆရာက ကဗျာတစ်ပုဒ်အဖြစ် ပြောင်းလဲပစ်နိုင်ခဲ့တယ်....။ အလွမ်းတွေလည်း ကဗျာဖြစ်ကုန်တယ်....။ ကျမကဗျာဆရာရဲ့ကိုယ်ပိုင်ဥယျာဉ်လေးထဲမှာ အလွမ်းကဗျာပန်းခင်းတွေလည်း ဝေနေခဲ့ဖူးတယ်......။

ကိုယ်တို့စဆုံဖြစ်တုန်းက ကဗျာတစ်ပုဒ်နဲ့ကတောက်ကဆဖြစ်ရင်းနဲ့ပါ........။ ကဗျာတစ်ပုဒ်အတွက် စတင်ဆုံးဆည်းတဲ့သူတစ်ယောက် ကိုယ့်ဘဝထဲကို နူးညံ့ညင်သာစွာ ချင်းနင်းဝင်ရောက်လာလိမ့်မယ်လို့ ဘယ်လိုထင်ထားမိမလဲ....။

နေ့စဉ်နှင့်အမျှ သူရေးစပ်တဲ့ ကဗျာလေးတွဟာ နူးညံ့သိမ်မွေ့လို့ လူတကာစိတ်ဝင်စားလေ့ရှိတယ်.....။ ဒါကြောင့် သူ့ကဗျာထဲပျော်ဝင်ခံစားသွားတာကိုယ့်အပြစ်မဟုတ်ပါဘူးနော်...။ ကိုယ်တို့ဆုံဖြစ်ကြတဲ့အချိန်ဆို သူနဲ့ကိုယ် ကဗျာတွေစာတွေအပြန်အလှန်ဖလှယ်ကြတယ်.......။ တခါတလေ ရေးတဲ့အချိန်တွေတောင်တူတဲ့အပြင် အကြောင်းအရာ စကားလုံးကအစ တိုက်တိုက်ဆိုင်ဆိုင်တူနေတတ်သေးတယ်.......။ ဒါဟာ...တကယ်တော့ ဝါသနာတူ ရင်ခုန်သံချင်းတူ ခံစားချက်ချင်းတူလို့ဖြစ်လာတာပါ....။

ကိုယ့်ရဲ့ ကဗျာဆရာဟာ တစ်သက်လုံး ကိုယ့်အတွက် ကဗျာဆရာဖြစ်နိုင်ပါ့မလားလို့ တခါတခါအတွေးခေါင်မိတယ်။... တကယ်တော့ အဲဒီအတွေးဟာ အဖြူရောင်အတ္တပါ....။ လောကမှာ ပိုင်ဆိုင်မှုဆိုတာ ဘာမှမရှိပါဘူး........။ ပိုင်ဆိုင်မှုဆိုတာ သတ်မှတ်ချက်သက်သက်ပါ........။ ဘယ်ချိန်ဘယ်ခါမှာ ကိုယ့်နားက ပျောက်ကွယ်သွားမလဲမသိပေမယ့်.....လောလောဆယ်တော့ ကိုယ်ပိုင်ကဗျာဆရာတစ်ယောက်ရထားတဲ့အတွက် ကြည်နူးပီတိဖြစ်နေမိတော့တယ်......။


မိုးငွေ့