
တကယ်တော့....ဘယ်အချိန်ကတည်းက သယ်ပိုးထွေးပိုက်ထားမှန်းမသိတဲ့ သူပေးခဲ့တဲ့အလွမ်းတွေက ကိုယ့်ဆီမှာ ပြည့်သိပ်နေခဲ့ပြီးသားပါ......။
ကိုယ်ကလဲ အလွမ်းကိုမှ ခုန်မင်နှစ်သက်တတ်သူလေ.....။ အလွမ်းပင်လယ်ထဲမှာမှ မွေ့လျော်တတ်သူလေ....။ ကိုယ်က ကိုယ့်အလွမ်းတွေကို စာဖွဲ့တတ်သလို သူက သူ့အလွမ်းတွေကို ကဗျာဖွဲ့သူ.....။ ကိုယ်တို့က ရင်ခုန်သံချင်းနီးစပ်ပြီးသားသူတွေ ခံစားမှုချင်းယှက်နွယ်ပြီးသားသူတွေ........။
ပြန်ခါနီးကျပြောနော် တစ်ခုထည့်ပေးလိုက်မယ်တဲ့....။ ကိုယ့်ကို သူဘာပဲပေးပေး..... သူပေးမယ့်အရာအားလုံးကို အမှတ်တရလေး သိမ်းထားချင်တယ်.....။ ကိုယ်ပြန်ခါနီးကိုယ့်ကို လက်ဖဝါးဖြန့်ခိုင်းတယ်....။
ရော့ ယူသွား.....အလွမ်းတွေတဲ့....။ သေချာသယ်သွား မဖိတ်မလျှံစေနဲ့တဲ့.......။ စိတ်ချပါ အလွမ်းတွေလျှံမကျအောင် ကိုယ့်ဘယ်ဖက်အိပ်ကပ်လေးနဲ့သယ်သွားပါ့မယ်....။
ခေါင်းတွေအရမ်းကိုက်နေတယ်.....။
ဒီညကိုယ်မလာဖြစ်တော့ဘူးကွယ်......။ ဆေးသောက်ပြီးအနားယူမယ်...စောစောအိပ်တော့မယ်....။ ပြီးတော့ ဘယ်ဘက်အိပ်ကပ်ထဲက သူပေးခဲ့တဲ့အလွမ်းတွေကို ခပ်ဖွဖွ ထွေးပွေ့ရင်း အိပ်ယာထဲမှာ တိတ်တိတ်ကလေး သူ့ကိုလွမ်းနေရဦးမယ်....။
ကိုယ့်ကို အိပ်ပျော်အောင် နွေးထွေးပေးပါ...... ပျံ့လွှင့်နေတဲ့ အတွေးတွေကိုစုစည်းပေးပါ........ သူအနားမှာ ကဗျာလာရွတ်ဆိုပြ သလိုခံစားမှုမျိုးနဲ့ ကိုယ်အိပ်ပျော်သွားချင်တယ်.....။
အလွမ်းတွေကို အိပ်ကပ်ထဲထည့်ထားရင်း.... ကိုယ်အိပ်ပျော်သွားပါရစေ........။
မိုးငွေ့
11 comments:
ရောဂါတော်တော်ပြင်းလား
ကျနော်လည်းဖျားနေတယ် ဒါပေမယ့် ကြည့်နေနိုင်သေးတယ်
စောစောအနားယူလိုက်ပါ
မနက်ဖြန်တွေ ရှိပါသေးတယ်
တိုက်တိုက်ဆိုင်ဆိုင် ဖျားရတယ်လို့
တကိုယ်လုံး ကိုက်ခဲနေတာ ....
ဟင်....လွမ်းဖျားထင်ရဲ့နော်.......
ဟုတ်ဖူးမှားတယ်...နှစ်ယောက်စလုံး....။ ဒီနေ့အလုပ်မှာမက်မှန်မတပ်လဲ ကွန်ကြည့်တာများသွားလို့ ခေါင်းကိုက်နေတာ...။ ဖျားတာမဟုတ်ရ...။
ရေးထားတဲ့ စာကြောင်းတိုင်းကို ဖတ်နေတုန်း ပြုံးနေမိပါတယ်။ ရေးထားတာလေး သဘောကျလို့ပါ။
(မဟုတ်ရ လို့ မန့်မှာ တွေ့လိုက်တယ်... ထားဝယ်၊ မြိတ်ဘက်က လေသံမျိုးလေးဘဲ) :)
ညလေးက ဘေးလွယ်အိတ်နဲ့ လာခဲ့တာဆိုတော့ ဘေးလွယ်အိတ်ထဲပဲ အလွမ်းတွေ သယ်သွားလိုက်တော့မယ် မမ :):)
အလွမ်းတွေသိမ်းထားရတာကို
ကြိုက်တယ်-----
အလွမ်းတွေကို ခုံမင်တာချင်း တူတယ် အစ်မ... ကျွန်တော်လဲ တစ်ယောက်တည်း အလွမ်း တငွေ့ ငွေ့ နဲ့ လွမ်းဆွေးနေရတာကို ခုံမင်တတ်တယ်...အဲဒီအချိန်ဆိုရင် ပတ်ဝန်းကျင် နယ်ရှစ်ခွင်တိုင်းက လွမ်းမောစရာ အပြည့်ပေါ့...
ရော့  အလွမ်းတွေ ကွန့် မန့် ထဲ ထည့်ပေးလိုက်တယ်..သေချာသယ်သွား မဖိတ်မလျှံစေနဲ့..:P
တစ်ယောက်က ခပ်နွမ်းနွမ်းလေးအလွမ်းတွေပေးတယ်။ တစ်ယောက်က ကျကျနနသိမ်းတယ်။ လိုက်ဖက်တယ်။ အပေးအယူမျှတယ်။ ကျွန်တော်စဖတ်တော့ ကွန်မန့်မရေးခင် ပို့စ်တွေကို အရင်ဖတ်ရတယ်။ အဲဒီမှာ ဇာတ်ရည်လည်ပြီး ကွန်မန့်ကို နောက်ကပြန်ရေးနေရတယ်။ ဒါကိုက မိုးငွေ့ပို့စ်တွေရဲ့ ထူးခြားချက်ထင်ပ။ ကျွန်တော့်စာအုပ်ကိစ္စအတွက် အားပေးသွားတာကို ၀မ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။ နူးညံ့တဲ့ခံစားမှုတွေကို ထပ်မံခံစားမွေးဖွားနိုင်ပါစေ။
ဖျားနေပေမယ့် အိပ်ကပ်ထဲက ခပ်နွေးနွေး အလွမ်းတွေနဲ့တင် သက်သာလာမှာပါ..နော့..မမိုးရယ်း)
Post a Comment