Thursday, 19 January 2012

ငယ်တုန်းက သူငယ်ချင်း.....





မအိမ်သူရဲ့ ငချိပ်ခေါပုပ်ကိုကြည့်ပြီး.... ငယ်ငယ်တုန်းက ငချိပ်ပေါင်းကိုသတိရသွားတယ်........။

အဲဒီတုန်းက မနက်မနက်ဆို တောင်းလေးကိုထမ်းပိုးနဲ့ထမ်းပြီး ကောက်ညှင်းပေါင်း ငချိပ်ပေါင်း ရွှေထမင်းတွေကို လာလာရောင်းတဲ့ အဒေါ်ကြီးတစ်ယောက်ရှိတယ်....။ နေ့တိုင်းလိုလို သူ့ဆီက ခေါက်ဆွဲနဲ့စားဖို့ ကောက်ညှင်းပေါင်းဝယ်တယ်...။ ငချိပ်ပေါင်းဆို အုန်းသီးဖတ်များများ သကြားလေးဖြူးပေးတယ်... အရမ်းစားကောင်းတာ.........။ အိမ်မှာ ဘုရားဆွမ်းကို ငချိပ်ပေါင်းကပ်တဲ့နေ့ဆို ဆယ့်နှစ်နာရီမထိုးခင် အိမ်ပေါ်တက်တဲ့လှေကားမှာ သူငယ်ချင်းနန်းဖေါင်းနဲ့အတူစောင့်နေကြပြီ....။ ဆယ့်နှစ်ဒေါင်ခနဲထိုးတာနဲ့.... ဘုရားဆွမ်းတော်စွန့်..... ငချိပ်ပေါင်းတွေယူပြီး ဟိုး အပေါ်ဆုံးထပ် ဖလက်ပေါ်ထိတက်ပြီး သွားစားကြတယ်........။

နန်းဖေါင်းနဲ့ကျမက ကျွန်မရန်ကုန်ကိုကျောင်းသွားတက်ခါနီးအထိ အတူတွဲကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ.....။ အိုးပုပ်ဆော့လဲအတူတူ.... ချောင်းထဲရေသွားကူးလဲအတူတူ..... ကျောင်းဝင်းထဲမှာသွားကစားလဲအတူတူ ငါးသွားဖမ်းလဲအတူတူ... ကြာကန်ထဲက ကျွဲခေါင်းသီးသွားခူးတော့လဲအတူတူပဲ......။ တော်တော်ကစားမက်တဲ့ ကလေးမလေးနှစ်ယောက်ပေါ့.....။ (ကျွန်မတို့ကို အမွှာတွေလားလို့တောင်ရွဲ့ပြောကြတယ် မခွဲအတူအမြဲရှိလို့လေ) တခါတလေ နန်းဖေါင်းတို့အဘိုးရဲ့ မက်မန်းခြံထဲကိုတနေကုန် သွားကစားတတ်သေးတာ......။ အိမ်ကနေပဲပုပ်မှုန့်နဲ့ငရုတ်သီး ဆားအချိုမှုန့်တွေယူသွားပြီး မက်မန်းသီးအကြွေတွေကောက် ငါးကန်အစပ်မှာဆောက်ထားတဲ့ တဲအိမ်လေးမှာ ဇိမ်ပြေနပြေနဲ့ စားကြတယ်.....။ မောလာရင်တရေးအိပ်ကြသေး.....။

ရွာထိပ် ရေအားလျှပ်စစ်စက်ရုံအပေါ်ဘက်က တောင်စောင်းမှာ လှေကားထစ်ပုံစိုက်ထားတဲ့ နာနတ်သီးခင်းကိုလဲ အသီးသွားခူးကြတယ်.....။ ရေအားလျှပ်စစ်အတွက် ရေအရင်းမြစ်အစဖြစ်တဲ့ တောင်ကျရေတံခွန်ဆီလဲ သွားလိုသွားကြတယ်....။ လူကြီးတွေသိရင်တော်တော်စိတ်ပူကြမှာ...။အဲလို လျှောက်လျှောက်သွားတတ်ကြတယ်..။
ကျွန်မတို့က အိုးပုပ်ကစားတာတောင်မှ တခါတလေ တကယ့်မုန့်တွေနဲ့ကစားကြတာ....။ ယိုးဒယားဖါလူဒါတွေဝယ်လာ တိုဖူးတွေဝယ်လာပြီး မီးဖိုချောင်ထဲက ပန်းကန်တွေခွက်တွေ ဇွန်းတွေယူပြီးကစားကြတာ....။ နန်းဖေါင်းက ဖါလူဒါရောင်းရင် မီးမီးက တိုဖူးရောင်းတယ် ပြီးတော့ တစ်ယောက်မုန့်တစ်ယောက်ဝယ်စားကြတယ်.......။ ပျော်စရာနော်........။ ဥပုသ်နေ့ရောက်ရင်လဲ ပျော်ဖို့ကောင်းတယ်...။ နန်းဖေါင်းတို့အဖိုးနဲ့အဖွားက ဥပုသ်စောင့်သွားရင် နေ့လည်ဥပုသ်သည်တွေစားဖို့ နန်းဖေါင်းတို့အမေက ရှမ်းထမင်းဟင်းအစုံချက်ပြီးပို့ရတယ်......။ မီးမီးတို့နှစ်ယောက်က စားပြီးသားထမင်းဟင်း ဗန်းတွေကိုသွားသိမ်းရတာ.....။ အဲခါကျရင် အဖိုးအဖွားတွေစားလို့မကုန်တဲ့ ဟင်းအကျန်တွေကို နှစ်ယောက်သားဆက်ဆွဲလိုက်ကြတာ ဘာပြောကောင်းမလဲ.....။ တကယ်ဂွတ်တယ်...။ ရှမ်းတွေက ထမင်းအစားကောက်ညှင်းနဲ့ဟင်းနဲ့စားတာလေ...။ ငယ်ကတည်းက ကောက်ညှင်းစားလာလို့ထင်တယ် ခုချိန်ထိ ကောက်ညှင်းကို ဘယ်ချိန်စားစား ဗိုက်ကယ်တယ် ရင်ပြည့်တယ်ဆိုတာမရှိဘူး........။

နန်းဖေါင်းကိုသတိရတယ်....သူနဲ့မတွေ့ရတာ ဆယ်နှစ်နီးပါးရှိပြီထင်တယ်.....။ နောက်ဆုံးတွေ့လိုက်တာ ၂၀၀၂ ၂၀၀၃ လောက်ကထင်တယ်.....အခုဘန်ကောက် ပရတူနမ်းမှာဈေးရောင်းနေတယ်လို့ကြားတယ်...။ အဆက်သွယ်လဲမရှိတော့ဘူး......။ ကျွန်မတို့ ရေစက်မကုန်သေးရင် တစ်နေ့နေ့တော့ ပြန်ဆုံကြဦးမယ်လို့ မျှော်လင့်ပါတယ်....။


မိုးငွေ့

14 comments:

Anonymous said...

ငယ်ငယ်က ကောက်ညှင်းပေါင်း အရမ်းကြိုက်တာ
ပဲနဲ့ပေါင်းထားတဲ့ကောက်ညှင်းပေါင်းကို မနက်တိုင်းစားတယ်

စံပယ်ချို said...

ကောက်ညှင်းငချိပ်ကိုအရမ်းကြိုက်တယ်
စာဖတ်ပြီးစားချင်နေတယ် သူငယ်ချင်းမလေး
နန်းဖောင်းနဲ့လဲ ပြန်တွေ့ပါစေလို့
ချစ်တဲ့ jasmine

mstint said...

ငယ်စဉ်ဘဝလေးတွေပြန်တွေးရင်ကြည်နူးစရာပဲနော်။
တီတင့်လည်းကောက်ညှင်းငချိတ်ကိုကြိုက်တယ်
ဒီကနေ့မနက်ပဲစားဖြစ်သေးတယ်မိုးငွေ့ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အမ်တီအန် said...

ပြန်မရနိုင်တော့မယ့် ငယ်ဘ၀တွေက ပြန်တွေးရင် တကယ့်ကို လွမ်းမောဘွယ်ရာ...။
ကောက်ညှင်းငချိပ်ကို လက်ဖက်ရည်နဲ့ စိမ်စားရတာ ကြိုက်တယ်။

မီးမီးငယျ said...

ကောက်ညှင်းပေါင်းကို၊
ခေါက်ဆိန့် ရည်ထဲမှာနှစ်ပြီးစားရတာကြိုက်တယ်။
ဘယ်လိုစားစားကောက်ညှင်းကြိုက်တယ်ပါတယ်လေ။
ငချိပ်ပေါင်းဆိုပိုတောင်မိုက်သေးနော့်။
ပျော်စရာငယ်ဘ၀လာဖတ်သွားတယ်နော့်။

ဘိုဖြူ said...

စာကိုဖတ်ပြီး
ကောက်ညှင်းငချိပ်ကိုအရမ်းစားချင်မိပါတယ်
ငယ်ငယ်ကနေ့တိုင်းလိုလိုစားခဲ့ရလို့ပါဗျာ

မောင်သီဟ said...

း) ကောက်ညင်းပေါင်းနဲ့ ထန်းရည်အချို သောက်ခဲ့ရတဲ့ ငယ်ငယ်ကပုံရိပ်တွေပြန်ပြောင်းအောင်းမေ့သွားရဲ့

Candy said...

မမသူငယ်ချင်းနဲ့ ပြန်ဆုံတွေ့နိုင်ပါစေနော် :D

Angelhlaing(May everybody be happy and healthy! said...

ညီမလေးမှာလည်း အဆက်သွယ် ပြတ်တောက်နေတဲ့ ငယ်သူငယ်ချင်းမလေး တစ်ယောက် ရှိတယ် သူလဲ ဘယ်ဆီဘယ်ဝယ်ရောက်လို့ ဘာလုပ်နေမှန်းမသိရ..ဘူး တစ်ခါတစ်လေ အရမ်းသတိရတယ် .. သဘောလည်း အနွံတာလည်း အရမ်းခံပြိး ပျော်ပျော်နေတက်တဲ့သူမို့ အရာရာ အဆင်ပြေနေမယ်လို့ မျှော်လင့်လို့ ... တစ်နေ့နေ့ပေါ့ မမရယ်... ပြန်ဆုံနိုင်ကြမှာပါ...အားတင်းထားပါလို့...

blackroze said...

မကြီးမိုးငွေ့
ငယ်ငယ်ကသူငယ်ချင်းတွေအကြောင်း
ပြန်တွေးရတာတကယ်လွမ်းစရာ
ကောင်းတယ်နော်
မကြီးရဲ့သူငယ်ချင်းအမနန်းဖောင်းလည်း
မကြီးကိုသတိရမိမှာပါ
မကြီးတို့ပြန်လည်ဆုံတွေ့နိုင်ပါစေနော်

San San Htun said...

ကောက်ညှင်းကိုတော့ အသေကြိုက်..နန်းဖောင်နဲ့  ပြန်ဆုံပါစေ

သဒ္ဓါလှိုင်း said...

ကလေးဘဝကသူငယ်ချင်းဆိုတာ ဘယ်တော့မှမမေ့နိုင်တဲ့ သူပဲနော်။ ပြန်ဆုံတွေ့နိုင်ပါစေမမိုး။
ချစ်တဲ့
သဒ္ဓါ

ဆူးသစ် said...

ဝယ်မရနိုင်တဲ့ငယ်ဘ၀တွေပေါ့။ လွမ်းစရာလေးမို့ လွမ်းသွားပါတယ်မိုးငွေ့။ ကျွန်တော်တို့တစ်တွေမှာ တစ်ခါတစ်ခါ အဲဒီလို လွမ်းစရာကောင်းတဲ့ ငယ်ဘ၀လေးတွေရှိနေတာကိုက ဘယ်တော့မျှ မမေ့နိုင်သလို ဘယ်အရာနဲ့မှလည်း မလဲနိုင်ပါဘူး။

နွေတေးရှင် (မင်းဧရာ) said...

ဒီပိုစ့်ကို ရေးတဲ့အချိန်နဲ့ ဖတ်တဲ့အချိန်ကို ပြန်ကြည့်မိတော့
နန်းဖေါင်းနဲ့ တွေ့ပြီး ပလားလို့ တွေးမိသေးတယ် ။

သူလည်း သတိရနေမှာပါ ..... ။