Tuesday, 30 March 2021

ဓမ္မအထွေထွေမှတ်စု(၁၃)....


 နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....



အခုဖြစ်နေတာ အတိတ်ကံကြောင့်မဟုတ်...

ပြည်သူတွေ ယခု ခံစားနေရတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းတွေဟာ အတိတ်ကံကြောင့် မဟုတ်ဘူး။ သူတပါးရဲ့ လုံ့လပယောဂကြောင့် ဖြစ်တာ ဖြစ်ပါတယ်။ နေရာတိုင်း အတိတ်ကံကို ရမယ်မရှာကြပါနဲ့။ 

သတ္တဝါတွေခံစားရတဲ့ ဆင်းရဲချမ်းသာတွေရဲ့ အကြောင်း (၈) မျိုး ရှိတယ်။ အဲဒါတွေက 

၁။ သည်းခြေ

၂။ သလိပ်

၃။ လေ 

၄။ သည်းခြေ၊ သလိပ်၊ လေ ၃ ပါးပေါင်းဆုံခြင်း

၅။ ရာသီဥတုဖောက်ပြန်ခြင်း

၆။ နေထိုင်မှုပုံစံ မညီမျှခြင်း

၇။ သူတပါး၏ လုံ့လပယောဂ

၈။ ကံ၏အကျိုး။


ဒီ ၈ မျိုးထဲမှာ နံပါတ် ၈ ဖြစ်တဲ့ ကံကြောင့်ဖြစ်ရတဲ့ ဝေဒနာက လွဲလို့ ကျန် ၇-မျိုးကြောင့် ဖြစ်တဲ့ ဆင်းရဲတွေက ကုစားလို့ တွန်းလှန်လို့ ပျောက်ကင်းနိုင်ပါတယ်။ 💯

သလိပ်ကြောင့် ဖြစ်တဲ့ရောဂါအတွက် သလိပ်ကို ငြိမ်စေတဲ့ဆေးပေးရတယ်။ 

လေကြောင့် ဖြစ်တဲ့ရောဂါက လေကို မျှတအောင် လုပ်ပေးရင် ပျောက်တယ်။ 

သူတပါးပယောဂကြောင့် ဖြစ်တဲ့ဆင်းရဲဝေဒနာကတော့ ဒုက္ခပေးတဲ့သူကို တားမြစ်နိုင် ဖယ်ရှားနိုင်မှ ပျောက်ကင်းချမ်းသာပါတယ်။ 💯

ယခုပြည်သူတွေ ခံစားနေကြရတဲ့ ဆင်းရဲခြင်းတွေဟာ နိုင်ငံတော်အာဏာကို အဓမ္မယူခဲ့တဲ့ လူတစုရဲ့ ပယောဂကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာ ထင်ရှားပါတယ်။ 💯

ပြောချင်တာက ကံကိုချည်း ပုံမချကြဖို့ပါပဲ။ ကံကြောင့်ဖြစ်တာ မဟုတ်ပါ။ ရောဂါရဲ့ အကြောင်းရင်းကို ရှာဖွေပြီး ဒီအကြောင်းရင်းကို ဖယ်ရှားနိုင်မှသာ ရောဂါပျောက်ကင်းမှာ ဖြစ်ပါတယ်။💯


သီဝကသုတ်အဋ္ဌ

သတပရိယာယဝဂ်


credit 

အရှင်အရိယဝံသာလင်္ကာရ


Sunday, 21 March 2021

Stockholm syndrome.....

 



Stockholm syndrome အကြောင်း ကျွန်တော့်ပိုစ့်တွေထဲမှာ မကြာခဏ ထည့်ပြောခဲ့ဖူးပါတယ်.. မမှတ်မိမှာစိုးလို့ တစ်ခါလောက်ထပ်‌‌ပြီးပြောပြချင်ပါတယ်....။

စတော့ခ်ဟုန်းစင်ဒရုန်းဆိုတာ သမင်က ကျားသစ်ကို ဖြစ်တဲ့ နာခံရိုကျိုးစိတ်မျိုး.. သိုးက ဝံပုလွေကို ဖြစ်တဲ့ သံယောဇဉ်စိတ်မျိုးကို ခေါ်တာပါ.....။

ကိုယ်ကြောက်ရွံ့မုန်းတီးရွံရှာရမယ့်.. ကိုယ့်ကို ဒုက္ခပေးခဲ့တဲ့.. ဆက်ပြီးတော့လဲဒုက္ခပေးနေမှာကိုသိရက်နဲ့ ခဏတာ ကိုယ့်အပေါ်ပျော့ပျောင်းညင်သာပြလိုက်တဲ့အချိန်မှာ ကျေးဇူးတွေရေစီးကမ်းပြိုတင်ပြီး မေတ္တာတွေဒလဟောသက်၀င်လိုက်တာမျိုးကို စတော့ခ်ဟုန်းစင်ဒရုန်းလို့ခေါ်ပါတယ်.....။

အမြဲရုပ်တည်နဲ့အရိုက်ကြမ်းတဲ့ဆရာကြီးက စာသင်ချိန်တစ်ချိန်လောက်မှာ အရွှန်းဖောက်ဟာသနှောလိုက်တာလေးကို တစ်တန်းလုံးကကျောင်းသားတွေမေ့မရဖြစ်ကြတာမျိုး....။

အမြဲတမ်းအနိုင်ကျင့်နှိပ်စက်တဲ့အမျိုးသားက တစ်ရက်တစ်လေစိတ်ကောင်း၀င်တုန်း ဈေးဖိုးပိုပေးတာကို မိန်းမလုပ်သူက တသသရင်ခုန်ရတာမျိုး.....။

ကိုယ့်ကိုမတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ရန်သူခေါင်းဆောင်က တစ်ရက်လောက်မှာ ဟင်းကောင်းတစ်ခွက်ချကျွေးပြီး "စားလိုက်ဦး.." လို့ပြောတာကို မျက်ရည်လည်ရွဲနဲ့ကျေးဇူးတင်မိတာမျိုး.....။

ကြာပွတ်တရွှမ်းရွှမ်းနဲ့အရှိုးရာပေါင်းများစွာကိုယ့်ကျောပေါ်တင်ခဲ့သူသခင်က တစ်ခါလောက်မရိုက်ပဲ ရွယ်ရုံရွယ်တာကို ကျွန်ဖြစ်သူစိတ်ထဲမှာ ငါ့သခင်ကြင်နာလှချည်ရဲ့လို့ တွေးတာမျိုးတွေအားလုံးဟာ စတော့ခ်ဟုန်းစင်ဒရုန်းတွေချည့်ပါပဲ.....။

ဒီစင်ဒရုန်း၀င်လာချိန်မှာ လူဟာ ကိုယ့်အပေါ် abuse လုပ်နေသူအပေါ် တဖြည်းဖြည်းနားလည်လက်ခံလိုစိတ်၀င်လာပြီးသံယောဇဉ်တွယ်မိတတ်ပါတယ်.. သူ့ဘက်ကနေ မရည်ရွယ်ပဲရပ်တည်မိသွားတတ်ပါတယ်.. ပိုဆိုးလာရင် ကိုယ့်ကို ကယ်ဆယ်မယ့်သူကိုတောင် အနှောင့်အယှက်လို.. ရန်သူလိုပြန်မြင်လာတတ်ပါတယ်.. ....။

သမိုင်းမှာ မင်းစောလူးဟာ သူ့ကိုဖမ်းချုပ်ထားတဲ့ ငရမန်အပေါ် ယုံကြည်အားကိုးလာပြီး နောက်ဆုံးငရမန်လက်ချက်နဲ့ပဲအသက်ပျောက်ခဲ့ရတာက အထင်ရှားဆုံး စတော့ခ်ဟုန်းစင်ဒရုန်းလို့ ဆိုင်နိုင်မလားပဲ.....။

လူရဲ့ခံစားချက်ဟာ အကိုင်အလှုပ်ကြမ်းတဲ့သူအပေါ် ပိုပြီး အက်ကွဲ ယိုစီးလွယ်ပါတယ်.. ကျိုက်ကျိုက်ဆူတဲ့ရေနွေးတွေလောင်းထည့်ထားတဲ့ခွက်ထဲ ရုတ်တရက် ရေခဲရေထည့်လိုက်တဲ့အခါ ခွက် အက် သွားတတ်သလိုပေါ့.. ဒီအတိုင်းချစ်အောင်လုပ်တာထက် မုန်းအောင်အရင်လုပ်ပြီးမှချစ်‌အောင်ပြန်လုပ်ရတာက ပိုလွယ်တယ်.. ဒီအတိုင်း လေးစားမှုရယူတာထက် ကြောက်အောင်လုပ်ပြီး ရိုသေမှုကိုပြန်ယူတာက ပိုလွယ်တယ်.. ပြောရရင်တော့ဖြတ်လမ်းနည်းပေါ့.. psychological cheat code တွေ.....။

လူဟာအခြားလူအ‌ပေါ် ရက်ရက်စက်စက် လုပ်ခွင့်မရှိဘူးလို့ အခိုင်အမာယူဆထားတဲ့လူတစ်ယောက်ရှေ့မှာ နေ့စဉ်ရက်ရက်စက်စက်တွေလုပ်ပြမယ်ဆို အဲ့ဒီ့လူရဲ့အတွေးအမြင်ဟာ တဖြည်းဖြည်းအကြောက်တရားစိမ့်၀င်ပြီးပြောင်းလဲသွားတယ်.. တစ်ရက်မှာ ရက်ရက်စက်စက်လုပ်ပြနေခြင်းကို အရင်ထက်လျှော့ပြလိုက်မယ်ဆိုရင် သူကိုယ်တိုင်ကိုက "ဒီ‌နေ့လိုသာဆိုတော်သေးတာပေါ့" လို့ လက်ခံသွားတော့တာပဲ.. Good cop bad cop technique လဲ ထိုနည်း၎င်းပဲ.. သူကကျ လူနှစ်ယောက်သုံးတာပဲကွာတယ်.....။

ဒါတွေဟာ ဦးနှောက်မှာရေးသားထားပြီးသား wired program တွေချည့်ပဲမို့ နည်းသိရင် လုပ်လို့ရတာတွေချည့်ပဲ.. တချို့အဖွဲ့အစည်းတွေဟာ အကြောက်တရားကိုအဆင့်ဆင့်ပေးပြီး အုပ်ချုပ်ရတယ်.. အကြောက်တရားကို ဘယ်လိုရိုက်ထည့်ရမလဲ.. ဘယ်လိုတစိမ့်စိမ့်သွင်းရမလဲ.. ဘယ်လိုပြန်ထုတ်ရမလဲ.. တဖက်ကမ်းခတ်ကျွမ်းကျင်ကြတယ်.. ...။

ဒါတွေနဲ့အကျွမ်းမ၀င်သူတွေကျတော့ အဟုတ်ကြီးမှတ်တယ်.. တစ်ခါလောက်အစာ၀နေတုန်း ကိုယ့်လည်မြိုကိုကိုက်မဖောက်ပဲ လျှာနဲ့လာသပ်တာကို ကိုယ့်အပေါ် တကယ်ကောင်းလို့ ညှာတာထောက်ထားတယ်လို့ ထင်မှတ်မှားတယ်.....။

ကျားအတွက် သမင်ဟာ အမြဲတမ်းသမင်ဆိုပေမယ့်..သမင်တွေကတော့ တခါတရံ ကျားကို ကျားဆိုတာ မေ့မေ့သွားတတ်ကြတယ်.....။


Crd


Friday, 19 March 2021

ဓမ္မအထွေထွေမှတ်စုများ(၁၂).....


နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....



အစွမ်းထက်တဲ့ "သမ္ဗုဒ္ဓေဂါထာ" မြန်မာပြန်

(၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ပဉ္စသတ္တ သဟဿာနိ၊ နမာမိ သိရသာမဟံ။

🔴နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊

တစ်သောင်းနှစ်ထောင်သောဘုရားရှင်၊

 ငါးသိန်းသောဘုရား ရှင်  "၅၁၂ဝ၂၈ "ဆူသော ဘုရားရှင်တို့ကို ဦးခေါင်းဖြင့် ရိုသေစွာရှိခိုးပါ၏။

(၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာ မဟံ။

🔴ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာနည်း၏

ပရိနိဗ္ဗာန် စံတော်မူပြီးသော 

အောင်တော်မူဘုရားရှင်တို့ကား အဆုံးမရှိကုန်။ 

ထိုဘုရားရှင်များနှင့် ထိုဘုရားရှင်တို့၏ ဓမ္မနှင့်သံဃာကိုလည်း ရိုသေစွာရှိခိုးပါ၏။

(၃) နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။ အနေကအန္တရာယာပိ၊ ဝိနာသန္တု အသေသတော။

🔴ရှိခိုးရသည့်အာနုဘော်ကြောင့် 

ဘေးရန်ခပ်သိမ်းကို ရှောင်ရှား၍ 

အန္တရာယ်များစွာတို့လည်း အကြွင်းမဲ့ 

ပျောက်ကင်းပါစေသတည်း။

🌹🙏🏼🙏🏼🙏🏼🌹🙏🏼🙏🏼🙏🏼🌹🙏🏼🙏🏼🙏🏼🌹🙏🏼🙏🏼🙏🏼🌹🙏🏼🙏🏼🙏🏼🌹


Crd

Tuesday, 16 March 2021

ဓမ္မအထွေထွေမှတ်စုများ (၁၁).....



နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....



သရဏဂုံတည်ခြင်း


"ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးသာလျှင် ကိုးကွယ်ရာ အစစ်ဖြစ်သည်" ဟု သိမှတ်ရိုသေခြင်းကို "သရဏဂုံ" ဟုခေါ်သည်။ သရဏဂုံတည်ခြင်းဆိုသည်မှာ

  1. ရတနာသုံးပါကို ယုံကြည်စိတ်ဖြင့် မိမိကိုယ်ကို အပ်နှင်းခြင်း။
  2. ရတနာသုံးပါးကို မှီခိုအားထားခြင်း။
  3. ရတနာသုံးပါး၏ တပည့်အဖြစ်ခံယူခြင်း။
  4. ရတနာသုံးပါးကို ရိုသေခြင်း။

ဤလေးပါးမှ တစ်ပါးကို ပြုပါက 'သရဏဂုံတည်" သည်ဟု မှတ်ယူသည်။


သရဏဂုံတည်ခြင်း၏ အကျိုးကျေးဇူးများပြင်ဆင်

  1. လူ့ဘဝ၊ နတ်ဘဝ၏ ပြည့်စုံခြင်း၊ လူ့စည်းစိမ်၊ နတ်စည်းစိမ်၊ ဗြဟ္မာ့စည်းစိမ် ချမ်းသာများနှင့် ပြည့်စုံသည်။ ထို့အပြင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်သို့တိုင်အောင် အကျိုးပေးသည်။
  2. သရဏဂုံတည်သောသူသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် စသော အပါယ်လေးပါးကို တားမြစ်နိုင်၊ ပယ်ဖျောက်နိုင်သည်။
  3. နတ်ပြည်သို့ရောက်ပါကလည်း သရဏဂုံတည်သည့်နတ်နှင့် မတည်သည့်နတ် မတူညီဘဲ ကွာခြားပါသည်။ တည်သည့်နတ်က မတည်သည့်နတ်ထက်ဆယ်ပါးသော အကြောင်းများ ပိုမိုသာလွန်ပါသည်။

ထိုဆယ်ပါးသော အကြောင်းများမှာ - 
(၁) နတ်တို့၏ အသက်ရှည်ခြင်းတွင် ပိုမိုသာလွန်သည်။ 
(၂) အဆင်းလှခြင်းတွင်လည်း ပိုမိုသာလွန်သည်။ 
(၃) ချမ်းသာခြင်းတွင်လည်း ပိုမိုသာလွန်သည်။
(၄) အခြွေအရံများခြင်းတွင်လည်း ပိုမိုသာလွန်သည်။ 
(၅) အာရုံငါးပါး ( အဆင်း၊ အသံ၊ အနံ၊ အရသာ၊ အထိအတွေ့) တွင်လည်း ပိုမိုသာလွန်ပါသည်။

သရဏဂုံကို မိမိကိုယ်တိုင်က ယုံယုံကြည်ကြည်ဆောက်တည်သင့်ပါသည်။ သို့မဟုတ်ပါက မည်သူကပေးပေး မရရှိနိုင်ပေ။ ဘုရားစေတီ၊ ဆင်းတု၊ ရဟန်းသံဃာ များထံတွင် ယုံယုံကြည်ကြည်ဆောက်တည်ပါက သရဏဂုံ ရနိုင်ပါသည်။ သရဏဂုံ တစ်ကြိမ် ဆောက်တည်ပါက တစ်သက်လုံး သရဏဂုံတည်နိုင်ပါသည်။ သရဏဂုံကို ဆောက်တည်ရာ၌ အချိန်ကာလ ကြာမြင့်လေလေ အကျိုးများလေ ဖြစ်ပါသည်။


ကိုးကား။      ။ ဝီကီပီးဒီးယား

မိုးငွေ့

Friday, 5 March 2021

ဓမ္မအထွေထွေမှတ်စုများ.....(၁၀)


 နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....


လမ်းပေါ်မထွက်တဲ့ အိမ်မှာနေနေကြတဲ့ Gen Z နဲ့ Gen Y တချို့ အိမ်မှာနေရင်း Facebook ချည်းကြည့်ပြီး စိတ်ဖိစီးနေမယ့်အတူ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တိုင်းပြည်အတွက် ကူနိုင်ပါတယ်.....။

လူတိုင်း...... အိမ်တိုင်း .....

ပဋ္ဌာန်း (၂၄)ပစ္စည်း ကို 

တနေ့ ... (၃)ကြိမ်ရွက်ဆို ပူဇော်၍ 

အန္တရာယ်တွေကို ကျော်လွှားကြပါစို့။


🔅 ပဋ္ဌာန်း (၂၄)ပစ္စည်း 🔅


ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)


အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)


အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်)


အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)


သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)


သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊

(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)


အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊

(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)


နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊

(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)


ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)


ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)


ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူူးပြု)


အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန်အာသေဝနသဘောတည်း။)


ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)


ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)


အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)


ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)


ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)


မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)


သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)


ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)


အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)


နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)


ဝိဂတပစ္စယော = ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)


အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။

(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)


ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

 

Source : DhammaDownload