Tuesday, 18 May 2010

ကိုယ်ရဲ့နောက်ဆုံးချိန်လေးမှာ...




လွမ်းလိုက်တာ u ရယ်....။ ရင်ထဲမှာ နင့်ခနဲပဲ...စကားလုံးတွေနဲ့ ကိုယ်ပြည့်စုံအောင်မပြောပြတတ်ဘူး။ ကိုယ်သတိတရရှိနေချိန်မှာ.... u ကတော့ ကွန်ပျူတာကိုရောင်းပစ်... အဆက်သွယ်ဖြတ်ပြီး.... ကင်မရာတစ်လုံးနဲ့ မြို့အနှံ့ဓါတ်ပုံတွေစုဆောင်းနေနိုင်တာပေါ့...။ u စိတ်နှလုံးကို တခါတခါနားမလည်နိုင်တော့ပါဘူး....။ ခုတလော ကိုယ်သိပ်နေလို့မကောင်းဘူး....။ တကယ်လို့များ u ပြန်ရောက်မလာခင်မှာ ကိုယ်တစ်ခုခုဖြစ်သွားခဲ့ရင်...u နဲ့ ကိုယ်တွေ့လိုက်ရမှာမဟုတ်တော့ဘူး...။ ဒီရက်ပိုင်း စိတ်ထဲက မကောင်းဘူး... ဝမ်းနည်းစိတ်က အမြဲလွှမ်းမိုးနေတယ်...။ ကိုယ်ငိုချဖို့ကြိုးစားကြည့်တယ်...။ မျက်ရည်တွေက ထွက်မလာဘူး....။ ဝမ်းနည်းဆို့နင့်မှုတွေကြောင့် လည်ချောင်းထဲမှာ ခါးသက်သွားတယ်.....။ ကိုယ်ဟာ... ဒီလောကကြီးထဲကနေ အပြီးအပိုင်ထွက်ခွာသွားရမယ့်ရက်ကိုသာ တိတိကျကျသိနေခဲ့ရင်.... နေရမယ့်နေ့ရက်အနည်းငယ်အတွင်း ကိုယ်ဘာတွေလုပ်မိမလဲ....။ ခေါင်းတွေနောက်ပြီး ကိုယ်လျှောက်တွေးနေမိတယ်...။ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့အတွက် သေလွန်ပြီး တဲ့အခါကောင်းရာမွန်ရာ ရောက်ဖို့အတွက် ကောင်းမှုကုသိုလ်တော့လုပ်ရမယ်...။ အမေနဲ့မောင်နှမတွေနဲ့အတူ ဘူဖေးဟော့ပေါ့ သွားစားကြမယ်... ညကျရင် အမေနဲ့ ညီမလေးကြားမှာတိုးဝှေ့ပြီးအိပ်မယ် ။ နောက်နေ့ကျ စိတ်မချပေမယ့် အမေ့ကိုကန်တော့ပြီး ကိုယ်လုပ်ရမယ့်အရာအားလုံးကို စေ့စေ့စပ်စပ် စီစဉ်ရမယ်..။ ပထမဦးဆုံး ကိုယ်ပိုင်ဆိုင်သမျှကို ပရဟိတလုပ်ငန်းတွေမှာ လိုအပ်သလို လှူချင်တယ်....။ ကိုယ့်ရဲ့ အနန္တမေတ္တာရိပ်မွန်က ကလေးတွေကို ဟင်းသွားချက်ကျွေးမယ် ကလေးတွေနဲ့အတူကစားမယ် သီချင်းတွေဆိုမယ်....။ နောက်နေ့ကျရင် အဖွားဆီသွားမယ် အဖွားဆံပင်တွေရှည်နေရင် ဆံပင်ညှပ်ပေးမယ် လက်သည်းတွေညှပ်ပေးမယ် ခေါင်းလျှော်ပေးမယ် ပြီးရင် အတူထမင်းစားမယ် စကားတွေထိုင်ပြောမယ် ။ ရတနာသုံးပါးကိုတော့ နေ့စဉ်မပျက် နှလုံးသွင်းရင်း ဘုရားရှိခိုးမယ် ပရိတ်တော်တွေရွတ်မယ် မေတ္တာပို့မယ် တရားတော်ခွေတွေကိုနာယူမယ်....။ ကိုယ်အသွားချင်ဆုံး နေရာတွေကို ဟိုးး အဝေးမှာရောက်နေတဲ့ ညီမလေးHN ကိုလှမ်းခေါ်ပြီး အတူသွားကြမယ်။ အဲဒီထဲမှာ u ပြန်လာရင် u နဲ့အတူသွားမယ်လို့ပြောထားတဲ့ တောင်ပေါ်နေရာလေးလဲပါမယ်...။ ခရီးသွားနေစဉ် လမ်းတလျှောက်က လူတွေကို တတ်နိုင်သမျှ ကူညီဖြည့်ဆည်းသွားမယ်...။ မဟာမြတ်မုနိဘုရားလေးဆူလုံးဖူးမယ် နောင်ဘဝမှာလဲ ချစ်ခင်တဲ့သူတွေနဲ့ပြန်တွေ့ပါစေလို့ ဆုတောင်းမယ် ။ လှပတဲ့ရေတံခွန်တွေရှိရာနေရာတွေသွားမယ်....။ ရေတံခွန်ကရေအိုင်ထဲမှာ ကိုယ်ကြိုက်တဲ့ စကားဖြူပန်းတစ်ပွင့် ခေါင်းမှာပန်ပြီး အကြာကြီးမျက်စိမှိတ်ပြီး စိမ်နေချင်တယ်....။ u နဲ့အတူသွားမယ်ဆိုတဲ့ နှင်းတောင်မှာ နှင်းခဲတွေကို အဆုတ်လိုက်လုံးပြီး u ကိုပစ်ပေါက်ချင်သေးတယ်...။ အမြင့်ဆုံးတောင်ထိပ်တစ်ခုမှာ မတ်မတ်ရပ်ပြီး အသံကုန်အော်ဟစ်ပစ်မယ်.....။ နောက်ဆုံးတစ်ရက်ကိုတော့ ကိုယ်အသွားချင်ဆုံးကမ်းခြေလေးမှာ u နဲ့အတူ u ကိုယ်တိုင်ချက်ကျွေးတဲ့ ညနေစာလေး စားချင်တယ်....။ ခရီးတလျှောက်မှာ ရိုက်လာတဲ့ ဓါတ်ပုံတွေထည့်ထားတဲ့ စတစ်ကို u လက်ထဲထည့်ပေးမယ်...။ တစ်ချိန်မှာ u ရဲ့ ဓါတ်ပုံပြပွဲလေးမှာ ချိပ်ဆွဲပြသဖို့ တချို့ပုံတွေအသုံးဝင်ပါလိမ့်မယ်....။ နောက်ဆုံးအနေနဲ့ u မျက်လုံးလေးတွေကို စိုက်ကြည့်ချင်တယ်... အဲဒီထဲမှာ ကိုယ့်အတွက် ပူဆွေးသောကရိပ်တွေပါမနေဘဲ ကိုယ်သွားတော့မယ့်လမ်းကို ကိုယ့်ရဲ့ခရီးကို ပို့ဆောင်နှုတ်ဆက်ရာမှာ သာမန်ခရီးတစ်ခုကို လိုက်ပါပို့ဆောင်သလိုခံစားမှုမျိုးပဲ ရှိနေစေချင်တယ်...။ u လုပ်နိုင်ပါ့မလား....။ ကိုယ့်ရဲ့နောက်ဆုံးထွက်သက်ဟာ u ရင်ခွင်ထဲကနေ နေဝင်ချိန်နဲ့အတူ တိတ်တဆိတ်လေး နှုတ်ဆက်သွားတဲ့အချိန်မှာ ကိုယ့်အတွက်နဲ့ u မျက်ရည်လေးတစ်စက်တောင် မကျစေချင်ပါဘူး...။ ကိုယ့်ရဲ့ရုပ်ကလပ်ကို ဝါးဖောင်လေးနဲ့ဟိုးးး ပင်လယ်ကြီးထဲကိုမျောလိုက်ပါ။ ဒီလိုဆိုတော့လဲ မသေခင် ကိုယ်လုပ်ချင်တာတွေက တော်တော်များသားပဲ။ 


မိုးငွေ့

Wednesday, 12 May 2010

ပထမဦးဆုံးရင်ခုန်သံ.....





ညီမလေး နှင်းဆီနက်က စီဘောက်မှာလာအော်သွားတယ်.... ညီမရဲ့ ပထမဆုံးရင်ခုန်သံကို နားထောင်ပြီးရင် အစ်မမိုးငွေ့ရဲ့ ရင်ခုန်သံကိုလဲ နားထောင်ချင်ပါတယ်တဲ့....။ လကုန်ရက်ဆိုတော့ ရုံးမှာ အလုပ်ရှုပ်တယ်... စာတွေမရေးအားလို့.... မနေနိုင်တဲ့အဆုံး ဘလောက်တွေကို ဖွင့်ထားတယ်.... ဘယ်သူတွေကွန်မန့်လာပေးလဲ.... အလုပ်လုပ်ရင်း ချောင်းချောင်းကြည့်ရတာ အမော....။ နဲနဲအားတော့မှ..... သူငယ်ချင်းတွေအိမ်တွေဆီ လိုက်လည်တော့မှ.... ဘလက်ရို့စ်က...သူ့ရဲ့ ပထမဦးဆုံးရင်ခုန်သံကို ရေးပြီး.... ပို့စ်လာဖတ်သူအားလုံးကိုလဲ ပြန်တဂ်ထားသေးတယ်ဗျာ....ကဲ....။ ကျွန်မအရမ်းကြောက်တဲ့ တဂ်ပို့စ်ကို စရေးရတော့မှာဆိုတော့ နည်းနည်းတော့ ရင်တုန်တယ်....။ ဒီခေါင်းစဉ်လေးနဲ့ ကိုယ်ရေးမယ့်အကြောင်းအရာကို တာဝန်မယူနိုင်မှာစိုးလို့ပါ....။ ဒါပေမယ့်လည်း တော်ပါသေးရဲ့.... ညီမ နှင်းဆီနက် တဂ်တဲ့ အကြောင်းအရာက ကျမရေးဖို့ စဉ်းစားထားပြီးသားမို့ နည်းနည်းတော့ အသက်ရှုချောင်သွားတယ်....။


ညီမနှင်းဆီနက်နဲ့ တိုက်ဆိုင်တာ ညီမရဲ့ ပထမဆုံးရင်ခုန်သံနဲ့ ကျမရဲ့ ပထမဆုံးရင်ခုန်သံဟာ ခုနှစ်ချင်းသွားတူနေတာပဲ.......။ ကျမလဲ 1993 ဆယ်တန်းအောင်တော့ အိမ်ပြန်တုန်းက စတွေ့ခဲ့တာပဲ....။ ကျမတာချီလိတ်မှာခဏနေနေတုန်း သူငယ်ချင်းမီးမီးဆိုတဲ့ကောင်မလေးက ကျမတို့ကို ညဘက် မယ်ခေါင်ဂိတ်နားက ရွှေဝါထွန်းပန်းခြံဆိုလား....ကျမ သိပ်မမှတ်မတော့ဘူး..... အင်း အဲဒီပန်းခြံထဲက စားသောက်ဆိုင်မှာ ထမင်းခေါ်ကျွေးတယ်...။ အဲဒီခေတ်အခါတုန်းက စာသောက်ဆိုင်တွေမှာ စင်တင်တေးဂီတ စပြီး ခေတ်စားတဲ့ အချိန်ပေါ့....။ အဲဒီမှာ သီချင်းဆိုတဲ့ အစ်ကိုကြီးကို စတွေ့တော့...... ကျမသိပ်ကို သဘောကျသွားခဲ့ပါတယ်...။ ညီမဘလက်ရို့စ်တွေ့ခဲ့ဖူးတဲ့ အစ်ကိုကြီးလိုပဲ.... သူ့မျက်နှာလေးက တည်ငြိမ်အေးချမ်းလိုက်တာ.......။ သီချင်းဆိုလဲ သိပ်ကောင်းတယ်....။ အဲဒီတုန်းက ကိုညီထွဋ်သီချင်းတွေ ဟစ်ဖြစ်တဲ့အချိန်ပေါ့...။ ကျမတို့ သူ့ကိုသီချင်းတစ်ပုဒ်တောင်းလိုက်တယ်....။ “Every Time You Go A Way” ဆိုတဲ့သီချင်းလေးပါ ကိုညီထွဋ်ပြန်ဆိုထားတဲ့ သီချင်းလေး....ခေါင်းစဉ်ကို ကျမ မမှတ်မိတော့ဘူး.... စာသားလေးတော့ရသေးတယ်... “ကြယ်တံခွန်အချစ်လေးရေ....ဟိုးအဝေး.....ပြန်ဆုံရန်လမ်းဝေး....ဝေးပြီ..... အဲဒီသီချင်းလေး....။ ကျမတို့တောင်းတဲ့သီချင်းကို သူဆိုပေးပါတယ်....။ သူငယ်ချင်းက သူသီချင်းဆိုပြီးရင် မိတ်ဆက်ပေးဖို့ ကျမတို့ဝိုင်းကို ခေါ်ထားပါတယ်....။ သီချင်းဆိုပြီတော့သူ ရောက်လာပါတယ်....။ အဲဒီချိန်တုန်းက ကိုလေးဖြူစပေါ်တဲ့ခေတ် ကိုညီထွဋ်တို့ ဟစ်ဖြစ်တဲ့ခေတ်.... Rocker တွေစတိုင်လ် ဆံပင်ရှည်ထားကြတဲ့ခေတ်မှာ အဲဒီအစ်ကိုကြီးဆံပင်ကလည်း ကျောလည်လောက်ထိရှည်တယ်...။ ကျမဘဝမှာ ဒီလိုအေးချမ်းပြီး ဆွဲဆောင်မှုရှိတဲ့ ယောက်ကျားမျိုး ပထမဦးဆုံးရင်ခုန်သံနဲ့ အတူ ဆုံဖူးခဲ့တာပါ...။ မျက်ခုံးကောင်းကောင်းနဲ့ မျက်လုံးတွေမဲနက်လို့ နှာတံစင်းစင်း.... အို...... မျက်နှာတစ်ခုလုံးဘာမှ အပြစ်ပြောစရာမရှိဘူး။ ဆံပင်ရှည်ထားပေမယ့် ဂျစ်ပ်စီမဆန်ဘူး....။ သူက တောင်ကြီးသားတဲ့... အင်းလူမျိုးလို့ပြောတယ်....။ အင်းသားစစ်စစ်တွေက သိပ်ချောကြတယ်ကြားဖူးတာ... ခုမှလက်တွေ့ မြင်ဖူးတာ...။ အဲဒီတုန်းက ဆယ်ရှစ်နှစ်အရွယ်ဆိုတော့ ရင်ခုန်လို့အကောင်းဆုံးအရွယ်လေ.....။ အဲဒီအစ်ကိုကြီးနဲ့ ပတ်သက်လို့လဲ စိတ်ကူးတွေယဉ်ရတာအမောပေါ့....။ သူက ကျမထက် ငါးနှစ်ကြီးတယ်....။ ကျမအဲဒီအစ်ကိုကြီးနဲ့ ခင်သွားပြီး ရန်ကုန်ပြန်ရောက်တဲ့ အထိ အဆက်သွယ်ရှိသေးတယ်....။ သူက စီးရီးထုတ်ဖို့ကြိုးစားနေတဲ့သူပေါ့....။ ကျမကသာရန်ခုန်ပြီး တဘက်သတ်စိတ်ကူူးယဉ်ခဲ့တာ.... သူကတော့ ကျမကို ညီမလေးတစ်ယောက်ထက် မပိုခဲ့ပါဘူူး....။ အဲဒီတုန်းက ကလေးအတွေးနဲ့ အော်....သူဟာ အဖြူထည်ယောက်ကျား တစ်ယောက်ပါလားလို့ သတ်မှတ်ခဲ့တယ်...။ တကယ်လည်း ကျမအပေါ်လုံးဝဖြူစင်ခဲ့တဲ့သူပါ....။

ကျမရန်ကုန်ပြန်ရောက်တော့ပြီး သင်တန်းတွေဘာတွေတက်ရင်းနဲ့ အစ်ကိုကြီးကိုမေ့မရခဲ့ပါဘူး....။ သူရန်ကုန်လာမယ်လို့စာရတော့ ဝမ်းသာမဆုံးဖြစ်ခဲ့တယ်....။ ကျမက အဒေါ်နဲ့မှီခိုနေတဲ့ အချိန် အဖေကလည်းမရှိတော့ဘူး.... အဖေမရှိလို့ငါဒီလို သူများနဲ့နေနေရတာဆိုပြီး ဝမ်းနည်းစိတ်ဝင်နေတဲ့အချိန်ပေါ့။ ကျမဘဝဖြစ်ပျက်ဝမ်းနည်းသမျှကို သူ့ဆီစာရေးရေးတတ်နေတော့... ကျမကို အမြဲအားငယ်တတ်သ ူတစ်ဦးအဖြစ် သူမြင်ပြီး.... စိတ်မကောင်းသွားပုံရပါတယ်...။ ကျမကို “မီးအိမ်ရှင်မလေးပေါ်လီယာနာ” စာအုပ်ကို သူကို်ယ်တိုင် လက်မှတ်ထိုးပြီး အမှတ်တရပေးခဲ့တယ်....။ ကျမကလဲ အဲဒီချိန်တုန်းက တစ်ခုခုခံစားရရင် စာအုပ်ထဲချရေးရင်ဖွင့်ဖြစ်တဲ့ အကျင့်ကရှိနေပြီလေ....။ ဒီတော့ သူလဲ ကျမကို စာနဲ့ပြန်နှစ်သိမ့်ပေးခဲ့တာဖြစ်မှာပါ....။ ကျေးဇူးတင်ပါတယ် အစ်ကို ....ညီမလေးဘဝမှာ.... ပထမဦးဆုံးသော ရင်ခုန်သံနဲ့ဆုံတွေ့လိုက်ရတဲ့သူဟာ.... ညီမလေးအပေါ်သိပ်ကို စိတ်ကောင်းစေတနာထားတဲ့ ဖြူစင်ရိုးသားတဲ့ ယောက်ကျားတစ်ယောက်ဖြစ်နေလို့ပါပဲ......။ ပြီးတော့ ညီမလေးရဲ့စိတ်ဓါတ်ကို မြှင့်တင်ပေးခဲ့တဲ့ စာအုပ်မျိုးကို လမ်းညွှန်ပေးခဲ့တဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်....။ သူ စီးရီးမသွင်းဖြစ်ဘဲ.... တာချီလိတ်ကိုပြန်သွားပါတယ်....။ ကျမတို့ အဆက်အသွယ်မရှိကြတော့ပါဘူး.... ။ ကျမလဲ ကျမဘဝတက်လမ်းအတွက် တက္ကသိုလ်တွေမဖွင့်ခင် သင်တန်းတွေတက်ရတယ်....။

နောက်ခြောက်နှစ်အကြာမှာ.... 1999ခုနှစ် ကျမတို့ မန္တလေးမှာ ဖက်ရှင်ဆိုင်သွားဖွင့်တော့....ဆိုင်အတွက် ပစ္စည်းဝယ်ဖို့ တာချီလိတ်ကို ကျမတစ်ခေါက်ပြန်ရောက်ဖြစ်ခဲ့တယ်....။ ကျမသူ့ကိုတော့ သိပ်ပြီး သတိတရမရှိတော့ပါဘူး....။ ဒါပေမယ့်လည်း တာချီလိတ်ပြန်တုန်း သူနဲ့ ဆုံဦးမလားလို့အတွေးတော့ ရောက်မိတယ်...။ ဆုံတော့ ဆုံဖြစ်တယ်ဗျ....။ ကျမ မယ်ဆိုင်ဘက်ကမ်းအသွား ဂိတ်မှာလက်မှတ်ဖြတ်တော့ သူက ဟိုဘက်ကမ်းကနေပြန်လာတာ...။ ဆံပင်တော့ အရင်လို မရှည်တော့ပါဘူး...။ မျက်နှာလေးကတော့ ပိုပြီး ရင့်ကျက်တည်ငြိမ်လာပါတယ်....။ သူက ကျမကို မမှတ်မိတာပဲလား.... မမြင်လိုက်တာပဲလားတော့မသိဘူး.... ကျမသူ့ကို မြင်လိုက်ပေမယ့် သွားနှုတ်ဆက်ဖို့ ချည်တုံချတုံဖြစ်နေတဲ့ အချိန်မှာပဲ.... သူကကျမရှိရာဆီကနေ ကျော်သွားနေပြီ...။ နောက်တော့ သူငယ်ချင်းကပြောပြတယ်.... သူအိမ်ထောင်ကျသွားပြီတဲ့....။ အင်းလေ..... ကျမသူ့ကို စသိတုန်းက သူက 23နှစ်အရွယ်....။ အခု 29နှစ်ဆိုတာ ယောက်ကျားတစ်ယောက်အတွက် အိမ်ထောင်ကျသင့်တဲ့ အရွယ်ပဲလေ....နော်။ ခုကျမစာရေးနေတဲ့ အချိန်မှာဆိုရင်တော့ သူအသက်လေးဆယ်အရွယ်ကို ရောက်နေပါပြီ....။ သားသမီးတွေတောင်ဘယ်နှစ်ယောက်ရလို့ ဘယ်အရွယ်ရောက်ကုန်ပြီလဲဆိုတာမသိတော့ပါဘူး...။ ပြီးတော့ သူတာချီလိတ်မှာ ရှိချင်မှလည်းရှိတော့မှာပါ.....။

လူတိုင်းလူတိုင်းရင်ထဲမှာ.... ကိုယ့်ရဲ့ ပထမဆုံးရင်ခုန်သံကိုတော့ သတိထားမိခဲ့မှတ်မှတ်ရရ သိမ်းထားတတ်ခဲ့ ကြမှာပါ....။ ဒါဟာ...ဘဝမှာ ဘယ်တော့မှမေ့မရနိုင်တဲ့..... သိပ်ကိုနူးညံ့ကြည်စင်တဲ့ သော့ခတ်သိမ်းဆည်း ထားရမယ့် ခံစားမှုမျိုးလေးပါပဲ...။

ကဲ...မမနှင်းဆီနက်လေး....ရေးပြီးပြီနော်.... ။

မိုးငွေ

Sunday, 9 May 2010

အမေများနေ့.....



မေလ ဒုတိယပတ်ရဲ့ တနင်္ဂနွေနေ့ဟာ ကမ္ဘာ့အမေများနေ့.....။ ဒီလိုနေ့မှာ ကဗျာအားဖြစ်လည်းကောင်း စာအားဖြင့်လည်းကောင်း...အလျှိုအလျှို အသီးသီး...ရေးကြတယ်....တင်ကြတယ်....။ ကဲ... အမမိုးငွေ့ဒီနေ့ဘာလုပ်ဖြစ်သလဲ....။ ဒီနေ့ အမေများနေ့ မေကြီးကြိုက်တဲ့ မိုင်ရောနစ်ကိတ်မုန့် ဝယ်ကျွေးတယ်။ ကျမရဲ့ ဒုတိယအမေလို့ပြောလို့ရတဲ့ ကျမကိုငယ်စဉ်ကတည်းက ကျွေးမွေးစောင့်လျှောက်ခဲ့တဲ့ အဒေါ်ကိုလည်း သူကြိုက်တဲ့.... အစိမ်းရောင်အုန်းသီးအစာသွတ်မုန့်လုံး...နဲ့ သာကူလုံးဝယ်ကျွေးဖြစ်တယ်.....။ ဒါကတော့ မိုးငွေ့ရဲ့ အရိုးစင်းဆုံး အမေများနေ့ကို ဂုဏ်ပြုတာပါပဲ....။ မိုးငွေ့ချစ်တဲ့ အမေများကို သေတပန်သက်တစ်ဆုံး ကျွေးမွေးခွင့်ရဖို့ ....



 




စိတျခြမ်းသာလို့ အသက်ရာကျော်ရှည်ပါစေ....။
အမေ့အလွမ်း အမေရေ........... ရပ်ဝေးမြေခြား တိုင်းတပါးမှာ
နေထိုင်မကောင်းဖြစ်တဲ့အခါ Justify Full အိမ်ကိုလွမ်းတဲ့ဝေဒနာဟာ မကြေငြာဘဲနဲ့ ဟောဒီရင်မှာနေရာအပြည့်ယူလာတော့တယ်။ အမေ့အပြုံး အဖေ့အပြုံး ညီအကိုမောင်နှမတွေ တရုံးရုံးနဲ့ တဝုံးဝုံးဆူညံနေခဲ့တာ အိမ်အိုလေးတစ်လုံးကို လွမ်းလွမ်းနေတာလဲ ဟောဒီရင်ထဲကပါပဲ.........။ နေမကောင်းတဲ့အခါ စိုးရိမ်ပူပန်မှ ု မျက်ရည်စတွေနဲ့ ပြုစုထွေးပွေ့ အမေ့ရင်ငွေ့နွေးနွေးကို ပြန်ပြီးတမ်းတ လွမ်းနေရတာလဲ ဟော ဒီရင်ထဲကပါပဲ............။ နေပူထဲမှာဆော့ကစား အပြင်းဖျားတုန်းက အဖေဆူမှာစိုးလို့ အိပ်ချင်ယောင်ဆောင်နေတဲ့အခါ နဖူးလေးကို အသာလာစမ်း ကျနော့်ပါးလေးကို အမေနမ်းတာလည်း ပြန်လည်တမ်းတ လွမ်းနေရတာ ဟောဒီရင်ထဲကပါပဲ.............။(ကာရံလေး)

ဒီနေ့ ကွန်နက်ရှင်မကောင်းလို့ နောက်ကျမှတင်ခဲ့ရတယ် အမေ..... သမီးနောက်မကျသေးပါဘူးနော်....။

အမေချစ်တဲ့သမီး မိုးငွေ့