Wednesday, 12 May 2010

ပထမဦးဆုံးရင်ခုန်သံ.....





ညီမလေး နှင်းဆီနက်က စီဘောက်မှာလာအော်သွားတယ်.... ညီမရဲ့ ပထမဆုံးရင်ခုန်သံကို နားထောင်ပြီးရင် အစ်မမိုးငွေ့ရဲ့ ရင်ခုန်သံကိုလဲ နားထောင်ချင်ပါတယ်တဲ့....။ လကုန်ရက်ဆိုတော့ ရုံးမှာ အလုပ်ရှုပ်တယ်... စာတွေမရေးအားလို့.... မနေနိုင်တဲ့အဆုံး ဘလောက်တွေကို ဖွင့်ထားတယ်.... ဘယ်သူတွေကွန်မန့်လာပေးလဲ.... အလုပ်လုပ်ရင်း ချောင်းချောင်းကြည့်ရတာ အမော....။ နဲနဲအားတော့မှ..... သူငယ်ချင်းတွေအိမ်တွေဆီ လိုက်လည်တော့မှ.... ဘလက်ရို့စ်က...သူ့ရဲ့ ပထမဦးဆုံးရင်ခုန်သံကို ရေးပြီး.... ပို့စ်လာဖတ်သူအားလုံးကိုလဲ ပြန်တဂ်ထားသေးတယ်ဗျာ....ကဲ....။ ကျွန်မအရမ်းကြောက်တဲ့ တဂ်ပို့စ်ကို စရေးရတော့မှာဆိုတော့ နည်းနည်းတော့ ရင်တုန်တယ်....။ ဒီခေါင်းစဉ်လေးနဲ့ ကိုယ်ရေးမယ့်အကြောင်းအရာကို တာဝန်မယူနိုင်မှာစိုးလို့ပါ....။ ဒါပေမယ့်လည်း တော်ပါသေးရဲ့.... ညီမ နှင်းဆီနက် တဂ်တဲ့ အကြောင်းအရာက ကျမရေးဖို့ စဉ်းစားထားပြီးသားမို့ နည်းနည်းတော့ အသက်ရှုချောင်သွားတယ်....။


ညီမနှင်းဆီနက်နဲ့ တိုက်ဆိုင်တာ ညီမရဲ့ ပထမဆုံးရင်ခုန်သံနဲ့ ကျမရဲ့ ပထမဆုံးရင်ခုန်သံဟာ ခုနှစ်ချင်းသွားတူနေတာပဲ.......။ ကျမလဲ 1993 ဆယ်တန်းအောင်တော့ အိမ်ပြန်တုန်းက စတွေ့ခဲ့တာပဲ....။ ကျမတာချီလိတ်မှာခဏနေနေတုန်း သူငယ်ချင်းမီးမီးဆိုတဲ့ကောင်မလေးက ကျမတို့ကို ညဘက် မယ်ခေါင်ဂိတ်နားက ရွှေဝါထွန်းပန်းခြံဆိုလား....ကျမ သိပ်မမှတ်မတော့ဘူး..... အင်း အဲဒီပန်းခြံထဲက စားသောက်ဆိုင်မှာ ထမင်းခေါ်ကျွေးတယ်...။ အဲဒီခေတ်အခါတုန်းက စာသောက်ဆိုင်တွေမှာ စင်တင်တေးဂီတ စပြီး ခေတ်စားတဲ့ အချိန်ပေါ့....။ အဲဒီမှာ သီချင်းဆိုတဲ့ အစ်ကိုကြီးကို စတွေ့တော့...... ကျမသိပ်ကို သဘောကျသွားခဲ့ပါတယ်...။ ညီမဘလက်ရို့စ်တွေ့ခဲ့ဖူးတဲ့ အစ်ကိုကြီးလိုပဲ.... သူ့မျက်နှာလေးက တည်ငြိမ်အေးချမ်းလိုက်တာ.......။ သီချင်းဆိုလဲ သိပ်ကောင်းတယ်....။ အဲဒီတုန်းက ကိုညီထွဋ်သီချင်းတွေ ဟစ်ဖြစ်တဲ့အချိန်ပေါ့...။ ကျမတို့ သူ့ကိုသီချင်းတစ်ပုဒ်တောင်းလိုက်တယ်....။ “Every Time You Go A Way” ဆိုတဲ့သီချင်းလေးပါ ကိုညီထွဋ်ပြန်ဆိုထားတဲ့ သီချင်းလေး....ခေါင်းစဉ်ကို ကျမ မမှတ်မိတော့ဘူး.... စာသားလေးတော့ရသေးတယ်... “ကြယ်တံခွန်အချစ်လေးရေ....ဟိုးအဝေး.....ပြန်ဆုံရန်လမ်းဝေး....ဝေးပြီ..... အဲဒီသီချင်းလေး....။ ကျမတို့တောင်းတဲ့သီချင်းကို သူဆိုပေးပါတယ်....။ သူငယ်ချင်းက သူသီချင်းဆိုပြီးရင် မိတ်ဆက်ပေးဖို့ ကျမတို့ဝိုင်းကို ခေါ်ထားပါတယ်....။ သီချင်းဆိုပြီတော့သူ ရောက်လာပါတယ်....။ အဲဒီချိန်တုန်းက ကိုလေးဖြူစပေါ်တဲ့ခေတ် ကိုညီထွဋ်တို့ ဟစ်ဖြစ်တဲ့ခေတ်.... Rocker တွေစတိုင်လ် ဆံပင်ရှည်ထားကြတဲ့ခေတ်မှာ အဲဒီအစ်ကိုကြီးဆံပင်ကလည်း ကျောလည်လောက်ထိရှည်တယ်...။ ကျမဘဝမှာ ဒီလိုအေးချမ်းပြီး ဆွဲဆောင်မှုရှိတဲ့ ယောက်ကျားမျိုး ပထမဦးဆုံးရင်ခုန်သံနဲ့ အတူ ဆုံဖူးခဲ့တာပါ...။ မျက်ခုံးကောင်းကောင်းနဲ့ မျက်လုံးတွေမဲနက်လို့ နှာတံစင်းစင်း.... အို...... မျက်နှာတစ်ခုလုံးဘာမှ အပြစ်ပြောစရာမရှိဘူး။ ဆံပင်ရှည်ထားပေမယ့် ဂျစ်ပ်စီမဆန်ဘူး....။ သူက တောင်ကြီးသားတဲ့... အင်းလူမျိုးလို့ပြောတယ်....။ အင်းသားစစ်စစ်တွေက သိပ်ချောကြတယ်ကြားဖူးတာ... ခုမှလက်တွေ့ မြင်ဖူးတာ...။ အဲဒီတုန်းက ဆယ်ရှစ်နှစ်အရွယ်ဆိုတော့ ရင်ခုန်လို့အကောင်းဆုံးအရွယ်လေ.....။ အဲဒီအစ်ကိုကြီးနဲ့ ပတ်သက်လို့လဲ စိတ်ကူးတွေယဉ်ရတာအမောပေါ့....။ သူက ကျမထက် ငါးနှစ်ကြီးတယ်....။ ကျမအဲဒီအစ်ကိုကြီးနဲ့ ခင်သွားပြီး ရန်ကုန်ပြန်ရောက်တဲ့ အထိ အဆက်သွယ်ရှိသေးတယ်....။ သူက စီးရီးထုတ်ဖို့ကြိုးစားနေတဲ့သူပေါ့....။ ကျမကသာရန်ခုန်ပြီး တဘက်သတ်စိတ်ကူူးယဉ်ခဲ့တာ.... သူကတော့ ကျမကို ညီမလေးတစ်ယောက်ထက် မပိုခဲ့ပါဘူူး....။ အဲဒီတုန်းက ကလေးအတွေးနဲ့ အော်....သူဟာ အဖြူထည်ယောက်ကျား တစ်ယောက်ပါလားလို့ သတ်မှတ်ခဲ့တယ်...။ တကယ်လည်း ကျမအပေါ်လုံးဝဖြူစင်ခဲ့တဲ့သူပါ....။

ကျမရန်ကုန်ပြန်ရောက်တော့ပြီး သင်တန်းတွေဘာတွေတက်ရင်းနဲ့ အစ်ကိုကြီးကိုမေ့မရခဲ့ပါဘူး....။ သူရန်ကုန်လာမယ်လို့စာရတော့ ဝမ်းသာမဆုံးဖြစ်ခဲ့တယ်....။ ကျမက အဒေါ်နဲ့မှီခိုနေတဲ့ အချိန် အဖေကလည်းမရှိတော့ဘူး.... အဖေမရှိလို့ငါဒီလို သူများနဲ့နေနေရတာဆိုပြီး ဝမ်းနည်းစိတ်ဝင်နေတဲ့အချိန်ပေါ့။ ကျမဘဝဖြစ်ပျက်ဝမ်းနည်းသမျှကို သူ့ဆီစာရေးရေးတတ်နေတော့... ကျမကို အမြဲအားငယ်တတ်သ ူတစ်ဦးအဖြစ် သူမြင်ပြီး.... စိတ်မကောင်းသွားပုံရပါတယ်...။ ကျမကို “မီးအိမ်ရှင်မလေးပေါ်လီယာနာ” စာအုပ်ကို သူကို်ယ်တိုင် လက်မှတ်ထိုးပြီး အမှတ်တရပေးခဲ့တယ်....။ ကျမကလဲ အဲဒီချိန်တုန်းက တစ်ခုခုခံစားရရင် စာအုပ်ထဲချရေးရင်ဖွင့်ဖြစ်တဲ့ အကျင့်ကရှိနေပြီလေ....။ ဒီတော့ သူလဲ ကျမကို စာနဲ့ပြန်နှစ်သိမ့်ပေးခဲ့တာဖြစ်မှာပါ....။ ကျေးဇူးတင်ပါတယ် အစ်ကို ....ညီမလေးဘဝမှာ.... ပထမဦးဆုံးသော ရင်ခုန်သံနဲ့ဆုံတွေ့လိုက်ရတဲ့သူဟာ.... ညီမလေးအပေါ်သိပ်ကို စိတ်ကောင်းစေတနာထားတဲ့ ဖြူစင်ရိုးသားတဲ့ ယောက်ကျားတစ်ယောက်ဖြစ်နေလို့ပါပဲ......။ ပြီးတော့ ညီမလေးရဲ့စိတ်ဓါတ်ကို မြှင့်တင်ပေးခဲ့တဲ့ စာအုပ်မျိုးကို လမ်းညွှန်ပေးခဲ့တဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်....။ သူ စီးရီးမသွင်းဖြစ်ဘဲ.... တာချီလိတ်ကိုပြန်သွားပါတယ်....။ ကျမတို့ အဆက်အသွယ်မရှိကြတော့ပါဘူး.... ။ ကျမလဲ ကျမဘဝတက်လမ်းအတွက် တက္ကသိုလ်တွေမဖွင့်ခင် သင်တန်းတွေတက်ရတယ်....။

နောက်ခြောက်နှစ်အကြာမှာ.... 1999ခုနှစ် ကျမတို့ မန္တလေးမှာ ဖက်ရှင်ဆိုင်သွားဖွင့်တော့....ဆိုင်အတွက် ပစ္စည်းဝယ်ဖို့ တာချီလိတ်ကို ကျမတစ်ခေါက်ပြန်ရောက်ဖြစ်ခဲ့တယ်....။ ကျမသူ့ကိုတော့ သိပ်ပြီး သတိတရမရှိတော့ပါဘူး....။ ဒါပေမယ့်လည်း တာချီလိတ်ပြန်တုန်း သူနဲ့ ဆုံဦးမလားလို့အတွေးတော့ ရောက်မိတယ်...။ ဆုံတော့ ဆုံဖြစ်တယ်ဗျ....။ ကျမ မယ်ဆိုင်ဘက်ကမ်းအသွား ဂိတ်မှာလက်မှတ်ဖြတ်တော့ သူက ဟိုဘက်ကမ်းကနေပြန်လာတာ...။ ဆံပင်တော့ အရင်လို မရှည်တော့ပါဘူး...။ မျက်နှာလေးကတော့ ပိုပြီး ရင့်ကျက်တည်ငြိမ်လာပါတယ်....။ သူက ကျမကို မမှတ်မိတာပဲလား.... မမြင်လိုက်တာပဲလားတော့မသိဘူး.... ကျမသူ့ကို မြင်လိုက်ပေမယ့် သွားနှုတ်ဆက်ဖို့ ချည်တုံချတုံဖြစ်နေတဲ့ အချိန်မှာပဲ.... သူကကျမရှိရာဆီကနေ ကျော်သွားနေပြီ...။ နောက်တော့ သူငယ်ချင်းကပြောပြတယ်.... သူအိမ်ထောင်ကျသွားပြီတဲ့....။ အင်းလေ..... ကျမသူ့ကို စသိတုန်းက သူက 23နှစ်အရွယ်....။ အခု 29နှစ်ဆိုတာ ယောက်ကျားတစ်ယောက်အတွက် အိမ်ထောင်ကျသင့်တဲ့ အရွယ်ပဲလေ....နော်။ ခုကျမစာရေးနေတဲ့ အချိန်မှာဆိုရင်တော့ သူအသက်လေးဆယ်အရွယ်ကို ရောက်နေပါပြီ....။ သားသမီးတွေတောင်ဘယ်နှစ်ယောက်ရလို့ ဘယ်အရွယ်ရောက်ကုန်ပြီလဲဆိုတာမသိတော့ပါဘူး...။ ပြီးတော့ သူတာချီလိတ်မှာ ရှိချင်မှလည်းရှိတော့မှာပါ.....။

လူတိုင်းလူတိုင်းရင်ထဲမှာ.... ကိုယ့်ရဲ့ ပထမဆုံးရင်ခုန်သံကိုတော့ သတိထားမိခဲ့မှတ်မှတ်ရရ သိမ်းထားတတ်ခဲ့ ကြမှာပါ....။ ဒါဟာ...ဘဝမှာ ဘယ်တော့မှမေ့မရနိုင်တဲ့..... သိပ်ကိုနူးညံ့ကြည်စင်တဲ့ သော့ခတ်သိမ်းဆည်း ထားရမယ့် ခံစားမှုမျိုးလေးပါပဲ...။

ကဲ...မမနှင်းဆီနက်လေး....ရေးပြီးပြီနော်.... ။

မိုးငွေ

4 comments:

သဒ္ဓါလှိုင်း said...

မမိုးရဲ့ပထမဆုံးရင်ခုန်သံလေးကလည်းသိပ်ကိုနူးညံ့လှ
ချည်လား။ တမျိုးလေးခံစားသွားခဲ့ရတယ်။

ခင်တဲ့
သဒ္ဓါ

အဖြူရောင်နတ်သမီး said...

မမိုးရဲ့ ပထမဦးဆုံး ရင်ခုန်သံကို ရင်ခုန်စွာနဲ့ ဖတ်သွားပါတယ်...
ရင်ခုန်ရတဲ့အကြောင်းရင်းက တဂ်ခံရမှာဆိုးလို့..း)
မမိုးပြောသလိုပဲ...ရှော့ ရှိတယ်ရှင့်..
အဲဒီရှော့ကြီးက ခါးထောက်ပြီးကြည့်နေလို့...ကြောက်တယ်...ဟီး...

Unknown said...

အမရေ....အမရဲ့ရင်ခုန်သံလေးကို
ိုထပ်လာဖတ်သွားတယ်
အမရာ...မနေ့ကထဲကတခါဖတ်ပြီးသားဘဲ...
ဒီနေ့အလုပ်သာသွားရတယ်...အမရဲ့
ရင်ခုန်သံကညီမစိတ်ထဲမှာရောက်နေတယ်အမရာ...
အမနဲ့အဲဒီအကိုကြီးရဲ့ပုံရိပ်တွေကို...
ညီမမျက်စိထဲမှာလေ..ပုံဖေါ်ကြည့်နေမိတယ်အမရာ..
စိတ်ထဲမှာလဲ..တမျိုးလေးဘဲ..
ဝမ်းနည်းနေသလိုလို..လွမ်းနေလိုလိုနဲ့ဖြစ်နေတာ..
တကယ်တော့..ပထမဆုံးရင်ခုန်သံတိုင်းက
လှပနူးညံပေမဲ့ပေါင်းဆုံခွင့်မရှိတာများပါတယ်..
အမကလဲလေ...တာချီလိတ်မှာပြန်တွေ့တုန်း
နှုတ်ဆက်လိုက်တာမဟုတ်ဘူးနော်..
ဘဝမှာတွေ့ကြုံခဲ့တဲ့
ပထမဆုံးရင်ခုန်သံလေးကို..လူတိုင်းဘယ်တော့မှ
မေ့နိုင်ကြမှာမဟုတ်ပါဘူးအမရယ်..
ပြန်စဉ်းစားတိုင်းလဲ..လွမ်းသလိုလို
သတိရသလိုလိုနဲ့....
ဇော်ဝင်းထွဋ်သီချင်းထဲကလိုပေါ့...
ဘာလိုလို...ဆိုတာလေ..
အမကမှ..ပေါ်လီယာနာစာအုပ်လေး
အမှတ်တရလက်ဆောင်အဖြစ်ရခဲ့သေးတယ်...
ညီမကတော့...သူမသိဘဲပေးခဲ့တဲ့
အပြုံးတစ်ခုကလွဲလို့...း(
အဲဒီအကိုကြီးဆိုတဲ့ဇော်ဝင်းထွဋ်သီချင်းက
ကြယ်တံခွန်အချစ်လေး.....တဲ့လေ...

အမရေ...ရင်ထဲတမျိုးလေးခံစားနေရတယ်အမရာ..

ခင်မင်လျှက်...ညီမနှင်းဆီနက်...

Anonymous said...

လူတိုင်းရဲ့ ပထမဦးဆုံး ရင်ခုန်သံတွေဟာ ဖြူစင်ပြီး
အမှတ်ရစရာကောင်းကြတယ်နော်..
ပြီးတော့လဲ ဦးနှောက်မပါတဲ့ သန့်သန့်စင်စင် မေတ္တာလေးတွေမို့လဲ ချစ်ဖို့ကောင်းလွန်းလှတယ်..
မိုးငွေ့ရဲ့ ပထမဦးဆုံးရင်ခုန်သံက နုညံ့သိမ်မွေ့ပြီး လှပ လွန်းပါတယ်..