Dear Angel.....,
ကြာပြီပဲ.......
ကိုယ်မျက်မကျဖြစ်တာ နှစ်တွေကြာခဲ့ပြီပဲ........
မနေ့ညက လျှပ်စီးလက် မိုးခြိမ်းတော့ သီချင်းတွေနားထောင်ရင်း သူ့ကိုသတိရလို့ ငိုရသေးတယ်....။
ခုနောက်ပိုင်း စိတ်ရှုပ်စရာတွေ စိတ်ဆင်းရဲစရာတွေဆို ရုပ်ရှင်ကားတောင်မကြည့်ဖြစ်ဘူး...။ ပျော်စရာ စိတ်ချမ်းသာစရာလေးတွေပဲ ရွေးပြီးကြည့်ဖြစ်တယ် တွေးဖြစ်တယ် လုပ်ဖြစ်တယ်...။
ဒီနှစ်ထဲ မင်းဆီ ကိုယ်ခုမှစာရေးဖြစ်တာပဲ....။ အကြောင်းထွေထွေထူးထူးသိပ်မရှိတာရယ် မင်းကို ကိုယ့်ရဲ့ တခါတလေ မူမမှန်တဲ့စိတ်အခြေအနေတွေနဲ့ စိတ်မသက်သာစရာ စာတွေမဖတ်စေချင်လို့လည်းပါတယ်...။ ဒီနှစ် နှစ်ဝက်ကျိုးသွားပြီ...ကိုယ်တို့တွေဘာမှ ထူးခြားပြောင်းလဲမလာသေးဘူး...။ ကိုယ့်ကျန်းမာရေးကတော့ ဒီလိုပါပဲ ဒီအသက်အရွယ်မှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေက တစ်နေ့ငွေ တစ်နေ့ရွှေပါပဲ....။ ဒါပေမယ့် ကိုယ်ကြိုးစားပြီး နေတတ်အောင်နေပါတယ်...။
မင်္ဂလာဆောင်တစ်ခုသွားစရာရှိလို့ ကိုယ် လက်သည်းခြေသည်းတွေ ဆိုင်မှာ extension သွားလုပ်ဖြစ်တယ်...။ ဘာအရောင်မှမခြယ်ဘဲ သဘာဝအတိုင်း လေးငါးနှစ်မကနေလာတော့ အဲဒါကိုကြည့်ပြီး ကိုယ့်ခန္ဓာနဲ့မသက်ဆိုင်သလို သပ်သပ်သီးခြားကြီးလိုမြင်နေတယ် အဆင်မပြေနေဘူး..လို့ခံစားနေရတယ်...။ ခုနောက်ပိုင်း တဖြေးဖြေးနဲ့ ဝတ်စားဆင်ယဉ်မှုကအစ လွတ်လပ်ပေါ့ပါးတာ လွယ်တာတွေကိုပဲရွေးဝတ်ဖြစ်တယ်...။ စိတ်သက်သာမှုမပေးတဲ့ ဘယ်အရာမျိုးမဆို လက်မခံနိုင်ဘူးဖြစ်နေတယ်...။
ကိုယ်ဆံပင်တိုတိုလေး ညှပ်လိုက်ပြီ....။ ဟိုအရင် မင်းကိုယ်ဆံပင်ညှပ်တာကို "မမကလဲ ဘာပုံကြီးညှပ်ထားလည်းမသိဘူး"လို့ ပြောဖူးတာမှတ်မိတယ်...။ လူတိုင်းနီးပါးက ကိုယ့်ကို ဆံပင်အရှည်နဲ့ပဲလိုက်ဖက်တယ်လို့ ပြောကြတယ်...။ ငယ်ငယ်တုန်းကတော့ အသက်ငါးဆယ်ကျော်လာရင် ဘာလို့ ဆံပင်တွေတိုသွားကြတာလည်းလို့ နားမလည်ခဲ့ဘူး....။ ခုတော့ ကောင်းကောင်းနားလည်သွားပြီ...။ ဆံပင်တွေ ကျွတ်လို့ အရှည်ပုံကို မထိန်းသိမ်းချင်တော့လို့ ခေါင်းလျှော်ပြီး ခေါင်းသုတ်ပြီး ဘီးဖီးစရာမလိုတော့တဲ့ အနေအထားကို နှစ်သက်တတ်လာလို့....။ ဒါတောင် ဆံပင်ညှပ်ဆရာက နှမြောပြီး နဲနဲရှည်နေသေးတာ ညှပ်ပေးတာက...။ ကိုယ့်သဘောအရဆို ကတုံးဆံပင်ပေါက်နဲနဲရှည်လာတဲ့ပုံမျိုးလိုချင်တာ...။
ဒီနှစ်ပိုင်း ကိုယ့်ရဲ့ထူးခြားချက်တွေက ဒါတွေပါပဲ....
ကျန်းမာရေးဂရုစိုက်.....
မိုးရာသီမှာ မိုးအေးလို့ အအေးမမိအောင် နွေး"ထွေး"နေပါ....
သတိရတိုင်း ကိုယ့်စာလာဖတ်ပါ.....
Still flying......
Still loving......
မိုးငွေ့



















