ချစ်သောအိန်ဂျယ်....,
နေကောင်းလား ...?
ဒီမှာမိုးတွေရွာနေပြီ....
မိုးရာသီဝင်လာပြီဆိုတော့ မိုးအေးတယ် ကျန်းမာရေးဂရုစိုက်ပါ...။
ညတုန်းက မိုးတွေ တစက်စက်နဲ့ရွာနေတာ တစ်ညလုံးပဲ....။
မိုးရာသီကို ပီပီပြင်ပြင်ရောက်သွားပြီဆိုတဲ့အကြောင်း ကိုယ့်ကို မိုးက တစ်ညလုံးလာပြောပြပြီးချော့သိပ်ခဲ့တယ်...။
ကိုယ့်အိပ်ခန်းထဲကို ကိုယ်ပြန်အိပ်ရတဲ့ ပထမဆုံးညမှာပဲ မိုးကျသံကိုနားထောင်ပြီး အိပ်ရတာ မိုးကိုချစ်တဲ့ မိုးကပေးတဲ့ ကိုယ့်ရဲ့ ကံကောင်းခြင်းလက်ဆောင်တစ်ခုပဲ... ။ ဒီတစ်နှစ်ပတ်လုံးမှာ (နာရီနည်းနည်းလေးပေမယ့်) ကိုယ်အိပ်စက်ရတာ အပျော်ဆုံးနဲ့ အိပ်ရေးအဝဆုံးလို့ပြောလို့ရတယ်...။
ပြီးတော့ ဒီအိပ်ခန်းမှာ အမှတ်တရထင်ကျန်စေတဲ့ အငွေ့အသက်တွေ အများကြီးရှိနေတယ်...။ ဒီအိပ်ခန်းလေးထဲမှာ ညလုံးပေါက်နီးပါး ဖုန်းပြောခဲ့တဲ့အသံတွေ... မိုးရာသီမှာ မိုးအကြောင်း လသာညမှာ လပြည့်လအကြောင်း ခုလိုမိုးဖွဲဖွဲလေးမှာ ပွင့်လာမယ့် မွှေးပျံ့နေမယ့် သူစိုက်ထားတဲ့ ယုဇနပန်းတွေအကြောင်း ကိုယ့်ကို သူဘယ်လောက်ချစ်ကြောင်း ပြောဖြစ်ခဲ့ဖူးသလို မကြာခဏကိုယ်တို့ ရန်ဖြစ်စကားများခဲ့ကြဖူးတယ်...။
မိုးကိုချစ်တတ်သူလို့ ကိုယ့်ကို သူသိထားတာမို့ မိုးရွာတာမြင်တိုင်း ကိုယ့်ကို သူသတိရနေလိမ့်မယ်လို့ ကိုယ်ယုံကြည်ပါတယ်...။ သူတစ်ခါပြောဖူးတယ် တစ်ယောက်ယောက်က သူ့ကိုသတိရနေတာပါလားလို့ဆိုတဲ့ အသိနဲ့ သူ့အကြောင်းစာရေးတာကို သူသဘောကျတယ် ဒါပေမယ့် အဲတစ်ယောက်(ကိုယ်)က သူ့ကို မမေ့သေးပါလားဆိုတဲ့အသိနဲ့ သတိရနေရတဲ့ ခံစားမှုမျိုးကို သူမကြိုက်ဘူးတဲ့...။
ကိုယ်ချစ်တဲ့ မိုးနဲ့ ကိုယ်ချစ်တဲ့အိပ်ခန်းလေးထဲမှာ ကိုယ်ချစ်တဲ့သူအကြောင်း တွေးပြီး အိပ်စက်ရတဲ့ ညတစ်ညမို့ ကိုယ့်အတွက် အမြဲတမ်းအမှတ်ရနေစေမယ့် မိုးညတစ်ညလည်းဖြစ်လိမ့်မယ်...။
ကိုယ်ပျော်နေပါတယ် ..... နည်းနည်းနေမကောင်းဖြစ်တာကလွဲလို့ ကိုယ် စိတ်ချမ်းသာနေပါတယ်...:)
ပြီးတော့ ကိုယ်အမြဲတမ်း သတိရနေပါတယ်.....
🎵.. မိုးတွေရွာတိုင်း မင်းကိုလွမ်းတယ် သိစိတ်ကရော မသိစိတ်ကရော....🎵
Still flying.....
Still loving.....
Revolution will prevail
မိုးငွေ့
No comments:
Post a Comment