ကော်ဖီပူပူလေးသောက်ပါဦး
ကိုယ့်အသားနာမှာ အရမ်းကြောက်တတ်တဲ့ ကျမက ခုလို တက်တူးထိုးဖြစ်သွားလိမ့်မယ်လို့ ဘဝမှာ တစ်ခါလေးမှတောင် စိတ်ကူးမယဉ်ဖူးခဲ့ဘူး...။ ဒီနေ့ထိ ကျမခန္ဓာကိုယ်မှာ တက်တူး(Small tattoo) ဆယ့်တစ်ခုတိတိရှိနေပြီ...။ နောက်ထပ်ထပ်ရေးဖို့လည်း စိတ်ပါသေးတယ်...။ တက်တူးထိုးပြီးရင် ထပ်ထပ်ထိုးချင်တဲ့စိတ်ဖြစ်တတ်တယ်ဆိုတာ အရှေ့မှာပြောကြတာ တကယ်လည်း ဟုတ်ပါတယ်...။ ဒါပေမယ့် ကျမက တက်တူးကို အရုပ်ကြီးကြီး ဆေးများများပါတာတွေထက် သေးသေးပိစိလေးတွေနဲ့ ကောက်ကြောင်းလေးတွေပဲရေးရတာကြိုက်တယ်...။ ပြီးတော့ တက်တူးဆိုတာက အရုပ်လေးတွေအသားအရေပေါ်ရေးထားပြီးရင် ပြန်ဖျက်ပစ်လို့မရနိုင်တော့တာမို့ ကိုယ့်စိတ်တိုင်းကျ ရေးချင်တဲ့နေရာနဲ့ အရုပ်ကို သေသေချာချာ ရွေးချယ်ပြီးမှရေးလေ့ရှိတယ်...။ အရင်တုန်းကဆို ညီမတစ်ယောက်က သူ့ခန္ဓာကိုယ်မှာရှိတဲ့အရုပ်တွေက တက်တူးဆရာ ခုနှစ်ယောက်လက်ရာတွေလို့ပြောပြဖူးတာ အံ့အားသင့်ရတယ်...။ အခု ကျမ ကိုယ်ပေါ်မှာရှိတဲ့ အရုပ် ဆယ့်တစ်ခုသည် Tattooist သုံးယောက်ကရေးပေးထားတာဖြစ်နေတော့ သူတို့ သဘောသဘာဝကို ခုမှ နားလည်လာတာ....။ ကိုယ်သဘောကျတဲ့အရုပ်နဲ့ ကိုယ်သဘောကျတဲ့ တက်တူးဆရာတွေနဲ့ အခြေအနေပေးသလို ရေးဖြစ်သွားကြလို့ ဒီလိုဖြစ်တာကိုးလို့ သဘောပေါက်မိတယ်...။
ကျမ ပထမဆုံးရေးဖြစ်တဲ့ ဘယ်လက်ခုံပေါ်က လိပ်ပြာလေးနှစ်ကောင်နဲ့ ကြယ်တာရာတွေ ဂြိုလ်တွေနဲ့က ဆရာ ဇေလတ်ခိုင် ထိုးပေးတာ ...။ စမ်းချောင်း ပန်းခြံလမ်းထဲမှာ သူ့ Studio ရှိပါတယ်...။ ဆရာက အစတုန်းက ပန်းချီဆရာတစ်ယောက် ခေတ်နဲ့ စီးပွားရေးအရ ပန်းချီဆရာကနေ တက်တူးဆရာဖက်ကို ပြောင်းလာသူလို့ သိရတယ်...။ ပန်းချီဆရာဆိုတော့ တခြားတက်တူးဆရာတွေလို အရုပ်သေးသေးမွှားမွှားတွေကို မှင်ရည်နဲ့ Print ထုတ်ပြီး အသားမှာ ကပ်တာတွေဘာတွေမလုပ်တော့ဘူး သူက ဘောလ်ပင်နဲ့ လက်တန်းဆွဲပြီး တစ်ခါထဲရေးပါတယ်...။ တက်တူးရုပ်တွေ အလှဆုံးအချိန်က ဘယ်ချိန်လည်း သိလား ? အနာမကျက်ခင် တက်တူးလိုင်နာလေးတွေ ရောင်နေတဲ့အချိန်က အလှဆုံးပဲ ဖေါင်းကြွလေးဖြစ်နေတာ...။
ကျန်တဲ့ တက်တူး ပိစိလေးရှစ်ခုကိုတော့ ပထမဆုံးတက်တူးနဲ့ သုံးလလောက်ခြားပြီး ဆရာမသက်နွယ်ပင် ဆိုတဲ့ ညီမလေးဆီမှာ တစ်ရက်ထဲနဲ့ ခုနှစ်ခုရေးဖြစ်ပြီး နောက်ဆုံးတစ်ခုကိုတော့ ရှစ်လလောက်ခြားပြီးမှ ရေးဖြစ်တာပါ ...။ သက်နွယ်ပင်က ကျမကိုရေးပေးတုန်းက စမ်းချောင်း ဂုံးတံတားအောက်နားက လမ်းလေးထဲမှာပါ အခုတော့ ဗဟန်းရေတာရှည်လမ်းသစ်ထဲပြောင်းသွားတာကြာပါပြီ..။ ခုဆို သူ့ဆီမှာအရုပ်ရေးချင်တဲ့ Client တွေ ဘိုကင်ကြိုယူရပါတယ်...။ အိမ်ကိုလည်း Package နဲ့ တစ်နေကုန်ကို ဘယ်လောက်ဆိုပြီး ခေါ်လို့ရပါတယ်...။ သူ့ဆီမှာပဲ ကျမ ဘယ်ဖက် လက်မောင်းရင်းနားမှာ အရိုးတံရှည်ရှည်နဲ့ ပန်းတစ်ပွင့်ရယ် ဘယ်ခြေကျင်းဝတ်နားမှာ ရေလှိုင်းအုန်းပင်နဲ့နေပုံ သေးသေးလေးရယ် ဟုတ်တယ် သက်နွယ်ပင်ဆီမှာချည်းပဲ အားလုံး ၈ရုပ်ထိုးဖြစ်ခဲ့တယ်....။
အခုအောက်မှာပြထားတဲ့ ဘယ်ဖက်ပေါင်ပေါ်က အတောင်ပံနဲ့ အိန်ဂျယ်ရုပ်နဲ့ ညာဖက်ပေါင်ဘေးမှာ အရိုးတံနဲ့ ပန်းနှစ်ပွင့်ကိုတော့ ချောက်မြို့မှာနေတဲ့ ညီမလေးမွန်းက ထိုးပေးတာပါ သူက ကျမဆိုင်မှာ စက်ယူလာပြီး ထိုးပေးခဲ့တာပါ..။ အဲအတောင်ပံနဲ့အရုပ်က ဂိမ်းဆော့တဲ့သူတွေဆိုသိတယ် သူတို့ ဂိမ်းထဲက ဇာတ်ကောင်တစ်ကောင် ကိုယ်ကတော့ အတောင်ပံပါလို့ ကြိုက်လို့ထိုးတာ နောက်မှ ဂိမ်းထဲကမှန်းသိ...။ နောက်ထပ်ထိုးဖို့ စိတ်ကူးထားတာက နားအနောက်ဖက် လယ်တိုင်နဲ့အပြိုင်နေရာမှာ စာသားလေးတစ်ကြောင်းထိုးချင်တယ် နောက်ကျောအလည်ဂုတ်တည့်တည့်မှာတစ်ရုပ်ထိုးဖို့ရာထားသေးတယ် ပြီးတော့ လက်ကောက်ဝတ်မှာ Breath ဆိုတဲ့စာသားလေးထိုးဦးမယ်...။ လောလောဆယ်ဒီလောက်ပါပဲ...။ အရုပ်တွေတော့ ရွေးထားတာ အများကြီးပေါ့...။
ဒီပုံလေး IG မှာတင်တော့ တက်တူးဆရာမလေးက ချောချောလေး လို့ လာပြောကြတယ်
Jorden Spark ရဲ့ Tattoo သီချင်းလေးပါ နားထောင်သွားဦးနော်
_____________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment