Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Wednesday, 20 May 2026

အဘိဓမ္မာစိတ်ပိုင်း(၈).....


  နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
  နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
  နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ




ဗုဒ္ဓဟောကြားခဲ့တဲ့ ပိဋိကတ်သုံးပုံထဲက အဘိဓမ္မာကျမ်းကိုလေ့လာခဲ့တာမှာ ပရမ္မက်(၄)ပါးဖြစ်တဲ့ စိတ် စေတသိတ် ရုပ် နိဗ္ဗာန် မှာ စိတ်(၈၉)ပါးထဲက အခုနောက်ဆုံး လောကုတ္တရာစိတ်အပိုင်းကိုရောက်လာပါပြီ....။ လောကုတ္တရာစိတ်မှာ (၈)ပါးရှိတယ် အရှေ့မှာ လောကီစိတ်(၈၁)ပါး ကျမတို့လေ့လာခဲ့ပြီးပြီ... စုစုပေါင်း (၈၉)ပါး....။ 

လောကုတ္တရာ(၈)ပါးကို  8 Supramundane Consciousness လို့ခေါ်တယ်...။ လောကုတ္တရာစိတ်ဖြစ်တဲ့ မဂ်စိတ် ဖိုလ်စိတ်တို့ဟာ ကာမ ရူပ အရူပ ဆိုအပ်သော လောကသုံးပါးကနေ လွတ်မြောက်သောစိတ် သို့မဟုတ် လောကသုံးပါးထက် သာလွန်မြင့်မြတ်သောစိတ်များဖြစ်တယ်...။ 

မဂ္ဂဆိုတာ လမ်း path ဖြစ်တဲ့အတွက် သွားလိုရာအရပ်သို့ ရောက်စေတတ်သော လမ်းပမာ ကျေးဇူးပြုတတ်သောစိတ်ပါ...။ မဂ္ဂင်ဖောင် A raft for crossing over နဲ့ကူးမှ သစ္စာလေးပါးကို သိပြီး လွတ်မြောက်နိုင်ဖို့ အလွန်ခဲ့ယဉ်းတဲ့ သေမင်းနိုင်ငံမှ နိဗ္ဗာန်ဘက်ကမ်းကိုရောက်ရှိမှာပါ...။

မဂ်နဲ့ယှဉ်တဲ့စိတ် မဂ်စိတ် moral supra mundane consciousness လို့ခေါ်ပြီး လောကုတ္တရာကုသိုလ်စိတ်ဖြစ်ပါတယ်...။


မဂ်စိတ်(၄)ပါး ကုသိုလ်

သောတာပတ္တိမဂ်စိတ်            (၈၂)
သကဒါဂါမိမဂ်စိတ်              (၈၃)
အနာဂါမိမဂ်စိတ်                 (၈၄)
အရဟတ္တမဂ်စိတ်                (၈၅)

ဖိုလ်စိတ်(၄)ပါး ဝိပါတ်

သောတာပတ္တိဖိုလ်စိတ်            (၈၆)
သကဒါဂါမိဖိုလ်စိတ်              (၈၇)
အနာဂါမိဖိုလ်စိတ်                 (၈၈)
အရဟတ္တဖိုလ်စိတ်                (၈၉)


လောကုတ္တရာဆိုတာဘာလဲ?

လောကုတ္တရာဆိုတာ လောကနဲ့ ဥတ္တရကို တွဲထားတာပါ...။ လောကဆိုတာကတော့ အားလုံးသိပြီးသားပါ..။ ဥတ္တရက လွန်မြောက်တာ ကျော်လွန်တာ transcend ဖြစ်လို့ လောက ကနေလွတ်မြောက်သွားတဲ့တရားတွေက လောကုတ္တရာပါပဲ..။
လောကီဟ တဏှာ ဒိဠိရဲ့ အာရုံပြုရာနယ်ပယ် ဒါမှမဟုတ် မာရ်နတ်မင်းရဲ့ နယ်ပယ်ပါ...။ လောကုတ္တရာမှာတော့ တဏှာ ဒိဠိ မရှိတော့လို့ မာရ်နတ်ရဲ့ နယ်ပယ် the realism of Mara မှလည်း လွတ်မြောက်သွားပါတယ်...။ လောကုတ္တရာမှာ မဂ်လေးပါး ဖိုလ်လေးပါးနဲ့ နိဗ္ဗာန်ဆိုပြီး တရားကိုးပါးရှိတယ်...။


မဂ်ရဲ့ အဓိပ္ပာယ်? ဖိုလ်ရဲ့အဓိပ္ပာယ်?

မဂ္ဂဆိုတာ လမ်း path လို့ အဓိပ္ပာယ်ရတယ်...။ တကယ်တော့ ဘဝတစ်ခုကို ရတယ်ဆိုတာနဲ့ အို နာ သေ ဆိုတဲ့ သွားနေကျလမ်းနဲ့ မအိုရာ မနာရာ မသေရာ နိဗ္ဗာန်သို့ သွားရာလမ်းဆိုပြီး နှစ်မျိုးပဲ ရှိပါတယ်...။ လူ နတ် ဗြဟ္မာ ဘဝတွေဟာ တပ်မက်ဖို့ကောင်းပေမယ့် နောက်ဆုံးမှာ အိုရ နာရ သေရမှာဖြစ်လို့ မဂ္ဂင်ဖောင်နဲ့ကူးမှ A raft for crossing over နိဗ္ဗာန်ဖက်ကမ်းကိုရောက်မှာပါ...။
ဈာန်အင်္ဂါငါးပါးကို ဈာန်လို့ခေါ်သလို မဂ္ဂင်ရှစ်ပါးကိုလည်း မဂ်လို့ခေါ်ပါတယ် မဂ်စိတ်ဆိုတာ မဂ္ဂင်တွေနဲ့ ယှဉ်တဲ့ စိတ်ပါပဲ...။ မဂ်စိတ်ကလေးပါးရှိပြီး လောကုတ္တရာကုသိုလ်စိတ်လို့ခေါ်တယ်...။ ဖိုလ်ကတော့ မဂ်ရဲ့ အကျိုးဖြစ်တော့ လောကုတ္တရာဝိဘတ်စိတ်လို့ခေါ်တယ်...။

မဂ်ရဖို့ ဝိပဿနာအားထုတ်ရပါတယ်...။ ဈာန်စိတ်တွေဖြစ်တဲ့ ရူပါဝစရနဲ့ အရူပါဝိစရစိတ်တွေကို သမထကျင့်စဉ်နဲ့ ရနိုင်ပေမယ့် မဂ်ဖိုလ်ရဖို့က ဝိပဿနာရှုမှတ်ရပါတယ်...။ 

ပထမ တရားရှုမှတ်လို့ သမာဓိရလာတော့ ရုပ်နဲ့နာမ်ကွဲသွားမယ်...။ ကျမ်းဂန်အရသိတတ်တဲ့နာမ်နဲ့ အပူအအေးစတဲ့ ဆန့်ကျင်ဘက် အကြောင်းတရားများကြောင့် ဖောက်ပြန်ပြောင်းလဲနေတဲ့ ရုပ်ရဲ့ သဘာဝကို ခွဲခြားသိမြင်သွားတဲ့ နာမရူပပရိစ္ဆေဒဉာဏ် Knowledge of the distinction between mind and body ဖြစ်လာမယ်...။

နောက်အကြောင်းအကျိုးဆက်နွယ်ပြီး ရုပ် နာမ် ဖြစ်လာရတဲ့ အကြောင်းအရင်းကို တွဲဖက်ပြီးသိတဲ့ ပစ္စယ ပရိဂ္ဂဟဉာဏ် Knowledge of the cause of arising of mind and body ဖြစ်လာမယ်...။

တဖြည်းဖြည်းနဲ့  ရုပ်နဲ့ နာမ်တွေရဲ့ အနိစ္စ ဒုက္ခ အနတ္တကို မြင်မယ် အဲဒီနောက် ရုပ် နာမ် ဖြစ်ပျက်နေတာ အစမှအဆုံးကိုမြင်မယ်...။ ဒီလိုအဆင့်ဆင့်တက်သွားလိုက်ရင် ဝိပဿနာရဲ့ အထွတ်အထိပ်ရောက်ပြီး မဂ်စိတ် ဆိုတာပေါ်လာတာမို့ မဂ်စိတ်ဟာ ဝိပဿနာရဲ့ ထိတ်မှာပဲနေပြီး ဝိပဿနာထဲမှာ မပါပါဘူး...။

ဝိပဿနာက ရုပ် နာမ်တွေရဲ့ အနိစ္စ ဒုက္ခ အနတ္တ သဘောကို မြင်အောင်ရှုတာဆိုတော့ လောကီကိုပဲ အာရုံပြုတာပါ...လောကုတ္တရာမဟုတ်သေးပါဘူး...။ မဂ်စိတ်ကျတော့ လောကီမဟုတ်တော့ဘဲ လောကုတ္တရာတရားဖြစ်တဲ့ နိဗ္ဗာန်ကို အာရုံပြုတာပါ....။


မဂ်စိတ်ဖြစ်ရင် ဘယ်လောက်ကြာသလဲ?

မဂ်စိတ်ဖြစ်တာ အခိုက်အတန့်လေးအတွင်းမှာပါ...။  တစ်စက္ကန့်ရဲ့ အပုံတစ်သန်းမှာ တစ်ပုံလောက်ပဲရှိမှာပါ...။ ဒါကလဲ မျက်စိတမှိတ် လျှပ်တစ်ပြက် အတွင်း စိတ်က တစ်ကုဋေလောက်ဖြစ်နိုင်ချုပ်နိုင်တယ်လို့ ကျမ်းဂန်ထဲမှာ ဆိုထားလို့ပါ....။ သူက အခိုက်အတန့် ခဏလေးသာကြာပေမယ့် အလွန်အစွမ်းထက်တဲ့ စိတ်ဖြစ်လို့ မဂ်စိတ်ဖြစ်တာနဲ့ ကိလေသာအားလုံးကိုအပြီးပယ်သတ်နိုင်ပါတယ်...။


ကိလေသာပယ်တာ ဘယ်နှစ်မျိုးရှိသလဲ ?

ခဏပယ်တာ အတန်ကြာပယ်တာနဲ့ အပြီးသတ်ပယ်တာဆိုပြီး သုံးမျိုးရှိပါတယ်....။ ခဏပယ်တာဆိုတာ ဘုရားရှိခိုးနေတဲ့အခါ သောက်တော်ရေချမ်းနဲ့ ဆီမီးကပ်လှူနေတဲ့အခါ တရားမှတ်နေတဲ့အခါမှာ ကုသိုလ်စိတ်ဖြစ်နေလို့ အကုသိုလ်တွေကို ခဏပယ်ထားနိုင်တာပါ...။ ကာမဂုဏ်တွေမှာ ပျော်မွေ့နေတဲ့ အကုသိုလ်စိတ်နေရာမှာ ကုသိုလ်စိတ်ကို အစားထိုးလုပ်ပြီးပယ်တာမျိုးပါ...။ ဒီလို တခဏပယ်နိုင်လို့ putting aside for awhile လို့ခေါ်တယ်...။

ဒုတိယတစ်မျိုးက ဈာန်နဲ့ကိလေသာတွေ ပယ်တာပါ...။ သူက တော်တော်ကြာကြာပယ်ထားနိုင်လို့ ဝိက္ခမ္ဘနပဟာန် putting of defilement in a considerable period of time လို့ခေါ်တယ်...။ ဒါပေမယ့် ဈာန်ကလည်း အချိန်မရွေးလျှောတတ်လို့ စိတ်မချရပါဘူး...။ ဈာန်က အရင်းအမြစ်ကနေ ပယ်တာမျိုးမဟုတ်တော့ ဈာန်လျှောတဲ့အခါ ကိလေသာတွေ ပြန်ဝင်လာနိုင်ပါတယ်...။

မဂ်နဲ့ပယ်တာမှာတော့ အကြွင်းမဲ့ပယ်သွားနိုင်လို့ ကိလေသာတွေဟာ မဂ်ဆိုက်သွားတဲ့ ပုဂ္ဂိုလ်ထံဘယ်တော့မှထပ်မလာတော့တာမို့ သမုစ္ဆေဒပဟာန် cutting off the defilement absolutely အပြီးတိုင်ပယ်ရှားခြင်းလို့ခေါ်တယ်...။ မဂ်စိတ်ဖြစ်တာနဲ့ ပုထုဇဉ်ကနေ အရိယာပုဂ္ဂိုလ်ဖြစ်သွားပါပြီ...။ အဲဒီမှာ မဂ်စိတ်(ပထမဆုံးရတဲ့)ကို သောတာပတ္တိမဂ်စိတ်လို့ခေါ်တယ်...။ ဆက်တိုက်ဆိုသလို ဖိုလ်စိတ်နှစ်ကြိမ် သုံးကြိမ်ဖြစ်တယ်...။

မဂ်ပယ်တဲ့ ကိလေသာကိုဖိုလ်ကထပ်ပြီး ငြိမ်းအောင်လုပ်ပေးပါတယ်...။ ဉပမာဆိုရရင် ထင်းမီးနဲ့ ထမင်းဟင်းချက်ပြီး မီးကိုသတ်လိုက်တယ်...။ ဒါပေမယ့် ပိုပြီးသေချာအောင် ရေနဲ့လောင်းတဲ့ သဘောမျိုးပါ...။ ဒီလို သောတာပတ္တိမဂ်စိတ် ဖိုလ်စိတ်ရသွားတဲ့ ပုဂ္ဂိုလ်ကို သောတာပန် လို့ခေါ်ပါတယ်....။

မဂ်စိတ်ပြီးတာနဲ့ ဖိုလ်စိတ်ချက်ချင်းဖြစ်ပါတယ်...။ မဂ်စိတ်က အကြောင်းတရား cause , ဖိုလ်စိတ်က အကျိုးတရား Result ဒီလိုအကြောင်းနဲ့အကျိုး ဘာမှမခြားဘဲ ဆက်တိုက်ဖြစ်တာ ဒီတစ်နေရာပဲရှိပါတယ်...။ တရားဂုဏ်တော်မှာ အကာလိကော ချက်ချင်းအကျိုးပေးတယ်လို့ခေါ်ပါတယ်.....။


မှတ်ချက်။     ။ ခွဲစိတ်ပါမောက္ခ ဒေါက်တာစိန်လင်း၏ ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်ပါသည်...။ ကျွန်မလေ့လာပြီးသလောက် မှတ်သားထားသည်များကို သဘောပေါက်လွယ်အောင် အပိုင်းခွဲပြီး ဆက်လက်ရေးသားဖော်ပြပေးပါဦးမယ်....။ ဓမ္မလက်ဆောင်စာအုပ်ပေးခဲ့တဲ့ ဦး-----ကိုလည်း ဒီပို့စ်နဲ့ကျေးဇူးတင် ကန်တော့လိုက်ပါတယ်...။


မိုးငွေ့

Monday, 11 May 2026

အထွေထွေဓမ္မမှတ်စုများ.....(၃၃)

 

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား ရှိခိုးကန်းတော့ပါ၏ဘုရား



ဝိမုတ္တိယုဂစသော ခေတ် ၅-မျိုးတို့ ရှိကုန်၏။

ယုဂ ၅ မျိုး (သာသနာတော်၏ ယုဂ ၅ မျိုး)

  • ၁။ ဝိမုတ္တိယုဂ- ဝိမုတ္တိယုဂခေတ်, မဂ်, ဖိုလ်, နိဗ္ဗာန်ကို ရနိုင်သည့် ခေတ်ကာလ၊
  • ၂။ သမာဓိယုဂဈာန် သမာပတ် ရနိုင်သည့် ခေတ်ကာလ၊
  • ၃။ သီလယုဂ-သီလဆောက်တည်နိုင်သည့် ခေတ်ကာလ၊
  • ၄။ သုတယုဂပိဋက အကြားအမြင် ရနိုင်သည့် ခေတ်ကာလ၊
  • ၅။ ဒါနယုဂ- အလှူပြုနိုင်သည့် ခေတ်ကာလ။ 

ထို၅-မျိုး တို့တွင် ဝိမုတ္တိယုဂခေတ် ကွယ်ပျောက်သောအခါ သမာဓိယုဂခေတ်ဖြစ်၏၊ သမာဓိယုဂ ခေတ်ကွယ်ပျောက်သောအခါ သီလယုဂခေတ် ဖြစ်၏၊ သီလယုဂခေတ် ကွယ်ပျောက်သောအခါ သုတယုဂ(ပရိယတ္တိ ဗဟုသုတ) ခေတ် ဖြစ်၏၊ သုတယုဂခေတ် ကွယ်ပျောက်၍ အသွင်မျှသာ ကျန်သောအခါ ဒါနယုဂခေတ် ဖြစ်လေတော့သည်။ 

ဝိမုတ္တိယုဂ ခေတ်

(၁) ဝိမုတ္တိယုဂ ဟူသည် မြတ်စွာဘုရား ပရိနိဗ္ဗာန် ဝင်စံတော် မူပြီးနောက် ရဟန္တာ ပုဂ္ဂိုလ်များ ထင်ရှားရှိနေသော ကာလကို ဆိုသည်၊ မဂ်တရား၊ ဖိုလ်တရား များကို ကျင့်ကြံ ကြိုးကုတ်၍ ရနိုင်သော ခေတ်ကောင်း ခေတ်မြတ်ကြီးပင် ဖြစ်သည်။ ပညာသိက္ခာ ထွန်းကားသော ခေတ်ဟု ဆိုလိုသည်။

သမာဓိယုဂ ခေတ်

(၂) ထိုရဟန္တာခေတ် ဟုဆိုသော ဝိမုတ္တိယုဂ ခေတ်ကြီး ကုန်ဆုံးကွယ်ပ သွားသောအခါ သမာဓိယုဂ ခေတ်သို့ ရောက်၍လာ၏၊ မဂ်တရား ဖိုလ်တရားများကို အားထုတ်ကြသော ခေတ်ဖြစ်၏၊ ထိုခေတ်၌ မဂ်ဖိုလ်ကို မရနိုင်တော့ဘဲ လောကီဈာန် အဘိညာဉ် တို့ကိုသာ ရနိုင် ပေတော့သည်၊ ပညာသိက္ခာ ကွယ်ပျောက်၍ သမာဓိ သိက္ခာ ထွန်းကားသော အချိန်ဟု ဆိုလို၏ ။

သီလယုဂ ခေတ်

(၃) လောကီဈာန် အဘိညာဉ် ခေတ်ဟု ဆိုအပ်သော သမာဓိယုဂခေတ် ကုန်ဆုံး ကွယ်ပ ပြီးသည့်နောက် သီလယုဂ ခေတ်သို့ ရောက်လာရ၏၊ ထိုခေတ်တွင် ဈာန်သမာပတ် အားထုတ်မှု မရှိတော့ဘဲ သီလကိုသာ အားထုတ် ကြရတော့၏ ။ ရဟန်း သံဃာများ ပျောက်ကွယ် မသွားသေး၊ သီလတရား အားထုတ်မှု ပျောက်ကွယ် မသွားသေးသဖြင့် စတုပါရိ သုဒ္ဓိသီလ စသော သီလတရားများ ၊ (၁၀)ပါး (၈)ပါး (၅)ပါး သီလများ ထွန်းကား နေသေးသော ခေတ်ဖြစ်၏ ။ အထူးအားဖြင့် သိက္ခာ သုံးပါးတွင် သီလ သိက္ခာသာ ကျန်ရှိတော့၍ ရဟန်းတို့ အဖို့ သီလတရား မှတပါး ဈာန်တရား မဂ်တရားတို့ကို အားထုတ် ကြိုးစားခြင်း လုံးဝ မရှိတော့သော ခေတ် ဖြစ်လေသည်။

သုတယုဂ ခေတ်

(၄) ထိုသီလယုဂခေတ် ကုန်ဆုံး သွားပြီးသည့် နောက်တွင် သုတယုဂ ခေတ် ဖြစ်ပေါ်လာ၏။ ထိုခေတ်တွင် ရဟန်းတို့သည် သီလကို စင်ကြယ်အောင် ထိန်းသိမ်းခြင်းပင် မပြုတော့ဘဲ စာပေ ကျန်းဂန် သင်အံ့ ပို့ချမှုမျှသာ ရှိတော့၏။ တနည်း ဆိုရသော် သီလ စင်ကြယ်သူ ဟူ၍ပင် မရှိ၊ စာပေ ကျန်းဂန် တတ်ကျွမ်းမှု ကိုသာ အကောင်းဆုံး ထား၍ ကိုးကွယ်ရသော ခေတ် ဖြစ်လေသည်။

ဒါနယုဂ ခေတ်

(၅) နောက်ဆုံးတွင် ထိုစာပေကျန်းဂန် သင်အံပို့ချမှုပင် မရှိတော့ဘဲ ( ဝါ - သုတယုဂ ခေတ်ကြီး ကုန်ဆုံး ပျက်ပြုန်း၍ သွားသော အခါတွင်) ထိုခေတ်ပေါ် ရဟန်း သံဃာတော် တို့သည် ပစ္စည်း လာဘ်သပ္ပကာ တို့ကိုသာ ရှာမှီး၍ ဒါနပြုခြင်း တတ်နိုင်သမျှ လှူဒါန်း ပေးကမ်းခြင်း မျှကိုသာ ရဟန်း တရားအနေဖြင့် အားထုတ်ကြသော ခေတ် (ဒါန ယုဂခေတ်) သို့ ရောက်ရှိ လာရလေတော့သည်။ အကျင့် တရားဟူ၍ မည်မည်ရရ မရှိ၊ ရဟန်း အသွင်မျှသာ ကျန်ရှိနေပြီး စွန့်ကြဲ ပေးကမ်းမှု ကိုသာ အမြတ်ဆုံးတရား အနေဖြင့် အားထုတ်နေရသော ခေတ်ကြီးတည်း၊ အလှူအတန်း ပေးကမ်းစွန့်ကြဲ တတ်သော ရဟန်းကိုပင် အကောင်းဆုံး အမြတ်ဆုံး ထား၍ ကိုးကွယ်ရသော ခေတ်ဟု ဆိုလိုပေသည်။

ဖော်ပြပါ ယုဂငါးမျိုးဟု ဆိုအပ်သော သာသနာ ခေတ်ငါးမျိုးကို ထေရဂါထာ အဋ္ဌကထာ ဒုတိယအုပ် ဖုဿ ထေရဂါထာ အဋ္ဌကထာ အဖွင့်၌ အဋ္ဌကထာ ဆရာ အရှင်ဓမ္မပါလမထေရ် “ နောက်အနာဂတ် ကာလ၌ ဤ တရားဆိုးများ ဖြစ်ပေါ် လာလိမ့်မည်” ဟူသော စကားတွင် ပါသော အနာဂတ် ကာလ အဓိပ္ပါယ်ကို ဖွင့်ဆို ဖော်ပြရင်း ဖွင့်ဆိုချက် မျှသာ ဖြစ်လေသည်။ ဤနေရာမှ တပါး အခြား အဋ္ဌကထာ ဋီကာတို့၌ ဤယုဂ ငါးမျိုး ဖော်ပြထားချက် တို့ကို မတွေ့ရပေ။

ဤဖုဿ ထေရဂါထာ အဋ္ဌကထာ ၌လည်း ဖော်ပြပါ ယုဂငါးမျိုးကို အမည်မျှသာ ထုတ်ပြပြီး မည်သည့် အချိန်၌ မည်သည့်ယုဂ ဖြစ်ပေါ်၍ ယုဂတစ်မျိုး တစ်မျိုး၌ မည်မျှ ကြာနေမည် စသော စကား အရိပ်အမြွတ်မျှ မပါမရှိပေ၊ ယုဂငါးမျိုး တစ်ခုပြီး တစ်ခု ဖြစ်လာနိုင်သည် ဟူ၍သာ ဖော်ပြ ထားပေသည်။ စင်စစ်မှာ သာသနာ ကွယ်ပျောက်ရာ၌ ဤယုဂငါးမျိုး အစဉ်အတိုင်း ဖြစ်ပေါ်လာပြီး နောက်ဆုံး သာသနာ ကွယ်ပျောက် သွားနိုင်ပုံကို ဖော်ပြထားခြင်း ဟုသာ နားလည် ထားသင့်ပါသည်။

သို့သော် နောက်ဆရာတို့ကား ဤယုဂ ငါးမျိုးကို နှစ်အပိုင်းများ ဖော်ပြလျက် တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာပြီး နောက်ဆုံးယုဂ ငါးမျိုးလုံး စုံသွားလျှင် ပထမ ဝိမုတ္တိယုဂသို့ ပြန်လှည်၍ လာရမည့် အကြောင်းဖြင့် ရေးသားဟောပြော လာလေသည်၊ မည်သည့် ကျမ်းဂန် အထောက်အထားမျှ ခိုင်ခိုင်လုံလုံ မရှိသဖြင့် အာစရိယ ပရံပရ ပရိယတ္တိ ဝိသာရဒ ပုဂ္ဂိုလ်တို့၏ ထောက်ခံမှုကို မရရှိခဲ့ပေ။

ထိုဆရာတို့ ရေးသား ဟောပြောပုံကား “ယုဂတစ်မျိုး တစ်မျိုးတွင် အနှစ် ၅၀၀ စီရှိသည်၊ ဘုရားပရိနိဗ္ဗာန် စံပြီးစအချိန်မှ စ၍ ဝိမုတ္တိယုဂ ခေတ် စတင်ခဲ့ရာ သာသနာ အနှစ် ၅၀၀ တွင် ဝိမုတ္တိယုဂ ခေတ်ကုန်ဆုံး သွားခဲ့ပြီးလျှင် သမာဓိယုဂ ခေတ် ဖြစ်ပေါ်လာခဲ့သည်။ ထို သမာဓိယုဂ ခေတ် သည် သာသာနာ အနှစ် ၁၀၀၀ ၌ ကုန်ဆုံးခဲ့ပြီးနောက် သီလယုဂခေတ်သို့ ရောက်ခဲ့ပြန်သည်။ သာသနာနှစ် ၁၅၀၀ တွင် သီလယုဂခေတ် ကုန်ဆုံးခဲ့ပြီး သုတယုဂ ခေတ် ထွန်းပေါ် လာပြန်၏။ သုတယုဂ ခေတ်သည် သာသနာ အနှစ် ၂၀၀၀ နှစ်၌ ကုန်ဆုံး သွားပြီးနောက် ၂၅၀၀ မှစ၍ ဝိမုတ္တိယုဂ ခေတ်ကြီး ပြန်လည် ထွန်းကား လာရလေသည်” ဟူသတည်း။


မှတ်ချက်။    ။ ဝီကီဒီးပီးယားမှ ကူးယူဖော်ပြပါသည်....။


မိုးငွေ့

Monday, 6 October 2025

သီတင်းကျွတ်လက်ဆောင်.....

 




꧁ ༺  မိမိ၌ လက်တလော/အမြဲတစေ ဖြစ်ပေါ်နေသော ဘဝအဆင်မပြေမှု ဒုက္ခတို့အပေါ် အခြေပြု၍  မေတ္တာပို့သနည်း    ༻ ꧂


ဘဝ၌ ကြုံတွေ့ရသော အခက်အခဲများကို အခြေခံ၍ မိမိကိုယ်တိုင်မှ စတင်ကာ သတ္တဝါအနန္တအား မေတ္တာပို့သနိုင်ရန် ရည်ရွယ်၍ ဤမေတ္တာပို့သနည်းများကို စီစဉ်ရေးသားထားပါသည်။


「 ✦ မိမိ အလုပ်အကိုင်အခက်အခဲ ကြုံတွေ့နေရတဲ့အခါ ✦ 」


☺️ ငါသည် ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်ချင်ပါတယ်။

☺️ ငါသည် ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်နိုင်ပါစေ။

☺️ ငါ၏ သူဌေး ___ (နာမည်)  သည်လည်း ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်နိုင်ပါစေ။

☺️ ငါ၏ လုပ်ဖော်ကိုင်ဖက်များအားလုံးလည်း ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်နိုင်ပါစေ။

☺️ ငါ့အလုပ်က  လူအားလုံးလည်း  ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်နိုင်ကြပါစေ။

☺️ ငါ့အလုပ်နဲ့ ဆက်စပ်သမျှလူအားလုံးလည်း  ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်နိုင်ကြပါစေ။

☺️ ဒီတစ်မြိုလုံးက   လူအားလုံးလည်း  ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်နိုင်ကြပါစေ။

☺️ ဒီတစ်နိုင်လုံးက  လူအားလုံးလည်း  ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်နိုင်ကြပါစေ။

☺️ ဒီကမ္ဘာကြီးတစ်ခုလုံးက   လူအားလုံးလည်း  ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်နိုင်ကြပါစေ။

☺️ စကြဝဠာအနန္တမှာ ရှိတဲ့ လူအားလုံးလည်း  ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်နိုင်ကြပါစေ။


「 ✦ မိမိ ငွေရေးကြေးရေး အခက်အခဲ ကြုံတွေ့နေရတဲ့အခါ ✦ 」


☺️ ငါသည် ဒီငွေရေးကြေးရေးအခက်အခဲမှ  အမြန်ဆုံး  ပြေလည်ချင်ပါတယ်။

☺️ ငါသည် ဒီငွေရေးကြေးရေးအခက်အခဲမှ  အမြန်ဆုံး  ပြေလည်နိုင်ပါစေ။

☺️  ငါသည် အမြန်ဆုံး  ပြေလည်နိုင်သလို ငါလိုပဲ  ငွေရေးကြေးရေးအခက်အခဲ ကြုံတွေ့နေရတဲ့ လူအားလုံးလည်း  ငွေရေးကြေးရေးအခက်အခဲများမှ  အမြန်ဆုံး  ပြေလည်နိုင်ကြပါစေ။

☺️ ဒီတစ်မြိုလုံးက   လူအားလုံးလည်း  ငွေရေးကြေးရေးအခက်အခဲများမှ  အမြန်ဆုံး  ပြေလည်နိုင်ကြပါစေ။

☺️ ဒီတစ်နိုင်လုံးက  လူအားလုံးလည်း  ငွေရေးကြေးရေးအခက်အခဲများမှ  အမြန်ဆုံး  ပြေလည်နိုင်ကြပါစေ။

☺️ ဒီကမ္ဘာကြီးတစ်ခုလုံးက   လူအားလုံးလည်း  ငွေရေးကြေးရေးအခက်အခဲများမှ  အမြန်ဆုံး  ပြေလည်နိုင်ကြပါစေ။

☺️ စကြဝဠာအနန္တမှာ ရှိတဲ့ လူအားလုံးလည်း  ငွေရေးကြေးရေးအခက်အခဲများမှ  အမြန်ဆုံး  ပြေလည်နိုင်ကြပါစေ။


「 ✦  မိသားစု ပြဿနာ အခက်အခဲ ကြုံတွေ့နေရတဲ့အခါ ✦ 」


☺️ ငါရဲ့ မိသားစု ပြဿနာအခက်အခဲတွေ  အမြန်ဆုံး  ပြေလည်ချင်ပါတယ်။

☺️ ငါရဲ့ မိသားစု ပြဿနာအခက်အခဲတွေ  အမြန်ဆုံး  ပြေလည်နိုင်ပါစေ။

☺️  ငါရဲ့ မိသားစု ပြဿနာအခက်အခဲတွေ  အမြန်ဆုံး  ပြေလည်နိုင်သလို ငါရဲ့အိမ်နီးနားချင်းတွေအားလုံးလည်း မိသားစုပြဿနာအခက်အခဲအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာစွာနဲ့  နေထိုင်နိုင်ကြပါစေ။

☺️ ဒီတစ်မြိုလုံးက  လူအားလုံးလည်း မိသားစု ပြဿနာအခက်အခဲအပေါင်းမှ  ကင်းဝေးပြီး စိတ်ချမ်းသာစွာနဲ့  နေထိုင်နိုင်ကြပါစေ။

☺️ ဒီတစ်နိုင်လုံးက  လူအားလုံးလည်း  မိသားစု ပြဿနာအခက်အခဲအပေါင်းမှ  ကင်းဝေးပြီး စိတ်ချမ်းသာစွာနဲ့ နေထိုင်နိုင်ကြပါစေ။

☺️ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ ရှိတဲ့ လူအားလုံးလည်း  မိသားစု ပြဿနာအခက်အခဲအပေါင်းမှ  ကင်းဝေးပြီး စိတ်ချမ်းသာစွာနဲ့ နေထိုင်နိုင်ကြပါစေ။

☺️ စကြဝဠာအနန္တမှာ ရှိတဲ့ လူအားလုံးလည်း  မိသားစု ပြဿနာအခက်အခဲအပေါင်းမှ  ကင်းဝေးပြီး စိတ်ချမ်းသာစွာနဲ့ နေထိုင်နိုင်ကြပါစေ။


「 ✦  မိမိ ခန္ဓာကိုယ် ရောဂါဝေဒနာ တစ်မျိုးမျိုး နှိပ်စက်ခံရတဲ့အခါ ✦ 」


☺️ ငါသည် ဒီရောဂါဝေဒနာရဲ့ နှိပ်စက်မှုမှ အမြန်ဆုံး    ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့  နေထိုင်ချင်ပါတယ်။

☺️  ငါသည် ဒီရောဂါဝေဒနာရဲ့ နှိပ်စက်မှုမှ  အမြန်ဆုံး   ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့  နေထိုင်နိုင်ပါစေ။

☺️ ငါသည် ဒီရောဂါဝေဒနာရဲ့ နှိပ်စက်မှုမှ  အမြန်ဆုံး ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ  နေထိုင်ခွင့်ရသကဲ့သို့ ငါ့လိုပဲ  ရောဂါဝေဒနာ ခံစားနေရတဲ့ လူအားလုံးလည်း  ရောဂါဝေဒနာတွေရဲ့ နှိပ်စက်မှုမှ  အမြန်ဆုံး    ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့  နေထိုင်နိုင်ကြပါစေ။

☺️ ငါ့ကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ပြုစုစောင့်ရှောက်နေတဲ့ ဆရာဝန််၊ သူနာပြုဆရာမအားလုံးလည်း  စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ  နေထိုင်နိုင်ကြပါစေ။

☺️ ဒီတစ်မြိုလုံးက  လူအားလုံး ၊ သတ္တဝါအားလုံးလည်း    ရောဂါဘယအပေါင်းမှ  ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ  နေထိုင်နိုင်ကြပါစေ။

☺️ ဒီတစ်နိုင်လုံးက  လူအားလုံး၊ သတ္တဝါအားလုံးလည်း  ရောဂါဘယအပေါင်းမှ  ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ  နေထိုင်နိုင်ကြပါစေ။

☺️  ဒီကမ္ဘာကြီးတစ်ခုလုံးက  လူအားလုံး၊ သတ္တဝါအားလုံးလည်း  ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ  နေထိုင်နိုင်ကြပါစေ။

☺️ စကြဝဠာအနန္တမှာ ရှိတဲ့ လူအားလုံး၊ သတ္တဝါအားလုံးလည်း  ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ  နေထိုင်နိုင်ကြပါစေ။


「 ✦ မိမိ မိသားစုဝင်တစ်ဦးဦး ရောဂါဝေဒနာ တစ်မျိုးမျိုး နှိပ်စက်ခံရတဲ့အခါ ✦ 」


☺️  ငါရဲ့ မိသားစုဝင်သည် ဒီရောဂါဝေဒနာရဲ့ နှိပ်စက်မှုမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အမြန်ဆုံး  နေထိုင်နိုင်ပါစေ။

☺️   ငါရဲ့ မိသားစုဝင်သည် ဒီရောဂါဝေဒနာရဲ့ နှိပ်စက်မှုမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ အမြန်ဆုံး  နေထိုင်ခွင့်ရသကဲ့သို့၊

ငါရဲ့ မိသားစုဝင်ကဲ့သို့ ရောဂါဝေဒနာ ခံစားနေရတဲ့ လူအားလုံးလည်း  ရောဂါဝေဒနာတွေရဲ့ နှိပ်စက်မှုမှ  ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အမြန်ဆုံး   နေထိုင်နိုင်ကြပါစေ။

☺️   ငါရဲ့ မိသားစုဝင်အား ပြုစုစောင့်ရှောက်နေတဲ့ ဆရာဝန်၊ သူနာပြုဆရာမအားလုံးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။

☺️  ဒီတစ်မြိုလုံးက  လူအားလုံး၊ သတ္တဝါအားလုံးလည်း  ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။

☺️  ဒီတစ်နိုင်လုံးက  လူအားလုံး၊ သတ္တဝါအားလုံးလည်း  ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။

☺️ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ ရှိတဲ့ လူအားလုံး၊ သတ္တဝါအားလုံးလည်း  ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။


☺️ စကြဝဠာအနန္တမှာ ရှိတဲ့ လူအားလုံး၊ သတ္တဝါအားလုံးလည်း  ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။‎


-----------‎


#ဝိမုတ္တိယုဂခေတ်‎

၂၀၂၅-၁၀-၀၆

Sunday, 17 August 2025

ဓမ္မအထွေထွေမှတ်စုများ.....(၃၂)

 

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား ရှိခိုးကန်းတော့ပါ၏ဘုရား



꧁ ༺ ရောဂါ ဝေဒနာ | နေ့စဉ် ကိုယ့်စိတ်ကိုယ်စစ် စာမေးပွဲ variant 2 ༻ ꧂


* ☐ သဘာဝဖြစ်စဉ်အတိုင်း အိုနာသေကို ဦးတည်သွားနေတဲ့ ဒီရုပ်ခန္ဓာ ဖြစ်စဉ်ကြီးအပေါ်မှာ တွယ်တာမှု (ဥပါဒါန်) တွေ ရှိနေသေးလား။


* ☐(ရုပ်ဇာတိ)  ရုပ်ဟာ ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘော ဖြစ်လို့ ဖောက်ပြန်ပျက်စီးနေတာကို "ငါ့ရုပ်" လို့ အတ္တစွဲနဲ့ မကြည့်ဘဲ၊ "ရုပ်"  သဘောသက်သက်လို့ ဉာဏ်နဲ့ ပိုင်းခြားနိုင်ပြီလား။ (ရုပ် ဖောက်ပြန်မှုတွေကို ခြောက်ပေခေါင်းထဲ ထည့်လိုက်)။


* ☐ သေရင်လည်းထားခဲ့ရမယ့် ရုပ်ကို အခုကတည်းက စိတ်နဲ့ ခွာပြီး အရင်စွန့်ထားလိုက်နိုင်ပြီလား။


* ☐ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ ဝေဒနာတွေ၊ ရောဂါတွေအပေါ်မှာ အစွဲကင်း နိုင်ပြီလား။ ရောဂါဝေဒနာဟာ ရုပ်ခန္ဓာရဲ့ ဖောက်ပြန်မှု (အာရုံ) ကြောင့် စိတ်မှာ ဖြစ်ပေါ်လာတဲ့ ခံစားမှု (ဝေဒနာ) သာ ဖြစ်တယ်။ ပူလောင်မှု၊ ဆင်းရဲမှု အစစ်ဟာ ထိုဝေဒနာအပေါ် "ငါ နာတယ်"၊ "မခံနိုင်ဘူး" လို့ "အယူမှား" ပြီး တွယ်တာ/ပယ်ရှားလိုတဲ့ စိတ်ကြောင့် ဖြစ်တာလို့ ဉာဏ်မှာ ထင်ရှားပြီလား။ (မီးဟာလောင်တဲ့နေရာဟာ ဒီရုပ်ခန္ဓာကိုယ်ကြီးလား၊ စိတ်ခန္ဓာမှာလား။)


* ☐ ရောဂါ ဝေဒနာတွေ ဆိုးဝါးလာတဲ့အခါ ဝေဒနာကို အာရုံမစိုက်ဘဲ၊ ဝေဒနာကို မလိုချင်တဲ့စိတ်၊ မခံနိုင်တဲ့စိတ်၊ မဖြစ်ချင်တဲ့စိတ်၊ ရပ်ချင်တဲ့ စိတ် (ဒေါသ/တဏှာ) ပေါ်လာတာကို သတိထားမိပြီး၊ ဒီစိတ်တွေ ကိုယ်တိုင်ဟာလည်း "အာရုံအရိပ်သဖွယ်" သက်သက်ဖြစ်ပြီး "အတည်ယူစရာမရှိ" လို့ ရှုမှတ်ကာ လက်ခံပေးနိုင်ပြီလား။


* ☐ ကြောက်တဲ့စိတ်၊ ဆုပ်ကိုင်ထားတဲ့စိတ် (ဥပါဒါန်) ကြောင့် ရုပ်ပိုင်းဆိုင်ရာ တင်းကြပ်မှု ပိုဆိုးစေတတ်တာကို ဉာဏ်မှာ ထင်ရှားပြီလား။ ထိုကြောက်စိတ်၊ စွဲလမ်းစိတ်ကို "အာရုံအရိပ်သဖွယ်" အဖြစ် "အတည်မယူဘဲ" လွှတ်ချနိုင်ပြီလား။ အသက်ရှူကြပ်လာရင် ရှူချင်လွန်းတဲ့စိတ်ကို လျော့ထားပေးနိုင်ပြီလား။


* ☐ ရှင်သန်ချင်လွန်းတဲ့စိတ် (ဘဝတဏှာ) ကို လျော့ထားပေးနိုင်ပြီလား။ ဤစိတ်ကိုလည်း "အတည်မယူဘဲ" ရှုမှတ်နိုင်ပြီလား။


* ☐ သေရမှာကို ကြောက်တဲ့စိတ် (မောဟ/ဒေါသ) အစား၊ သေခြင်းတရားကို အနိစ္စ၊ အနတ္တ သဘောအဖြစ် ဉာဏ်နဲ့ လက်ခံပြီး စွန့်လွှတ်တဲ့စိတ်နဲ့ ရင်ဆိုင်နိုင်ပြီလား။


ဒီ စာမေးပွဲ ဟာ ရောဂါဝေဒနာနဲ့ သေခြင်းတရားကို ရင်ဆိုင်ရာမှာ မိမိရဲ့ တရားအားထုတ်မှု အခြေအနေကို ဆန်းစစ်ဖို့ အထောက်အကူ ပြုပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ ရုပ်နာမ်ရဲ့ သဘာဝကို မှန်ကန်စွာ သိမြင်ပြီး၊ အစွဲကင်းစွာ နေထိုင်နိုင်ဖို့ ဖြစ်ပါတယ်။‎

‎ဝိမုတ္တိဉာဏ် ရရှိပါစေ ၊ ယောဂီ။


#ဝိမုတ္တိယုဂခေတ်
၂၀၂၅-၀၆-၀၈

Saturday, 9 August 2025

ဓမ္မအထွေထွေမှတ်စုများ.....(၃၁)

 

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား ရှိခိုးကန်းတော့ပါ၏ဘုရား



꧁ ༺ ရောဂါဝေဒနာနဲ့ ​ ဓမ္မဆင်ခြင်မှု | နေ့စဉ် ကိုယ့်စိတ်ကိုယ်စစ် စာမေးပွဲ ༻ ꧂

အမှာစကား : ဒီခန္ဓာကိုယ်ဆိုတာက ရောဂါတွေရဲ့ မှီခိုရာ၊ ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောရှိတဲ့ "ရုပ်ဇာတိ" သက်သက်ပဲ ဖြစ်တယ်။ ဒီအခြေအနေမှာတောင် ဉာဏ်နဲ့ ကြည့်ပြီး တရားကို ရှာနိုင်ပါတယ်။


​☐ ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ နာကျင်မှု၊ မအီမသာဖြစ်မှု (ဒုက္ခဝေဒနာ) ကို "ငါ နာတာ"၊ "ငါ့ရောဂါ" လို့ အတ္တစွဲနဲ့ မကြည့်ဘဲ၊ ရုပ်တရားရဲ့ သဘာဝ ဖောက်ပြန်မှု ("ရုပ်ဇာတိ") သက်သက်လို့ ဉာဏ်နဲ့ လက်ခံနိုင်ပြီလား။

​☐ ဒီဝေဒနာတွေ ပေါ်လာတယ့်အခါ၊ ဒါတွေကို တွန်းလှန်ချင်စိတ်၊ ပျောက်ချင်စိတ် (ဒေါသ/လောဘ) တွေနဲ့ တုံ့ပြန်မယ့်အစား၊ ဖြစ်ပေါ်လာတဲ့ ​ "ဝေဒနာအရိပ်သဖွယ်" ကို "တည်မြဲ မနေဘူး" ​ ၊ ​ ဖောက်ပြန် ပြောင်းလဲနေတယ်လို့ သဘောထားပြီး ဥပေက္ခာနဲ့ ရှုမှတ်နိုင်ပြီလား။

​☐ ရောဂါအခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်စိတ်၊ ကြောက်စိတ်၊ စိတ်ဓာတ်ကျစိတ် (အကုသိုလ်စိတ်) တွေကို သတိထားမိပြီး၊ ဒီစိတ်တွေကိုလည်း "အာရုံအရိပ်" အဖြစ် အတွေးတွေကို စောင့်ကြည့်သတိထားပြီး "မတွေးနဲ့" ကမ္မဋ္ဌာန်းနဲ့ ဖြတ်တောက်နိုင်ပြီလား။

​☐ "ငါ ဘာလို့ ဒီလိုဖြစ်ရတာလဲ"၊ "ဘယ်တော့မှ ပျောက်မှာလဲ"၊ "အရင်ကလို ကျန်းမာရင် သိပ်ကောင်းမှာပဲ" စတဲ့ အတိတ်ကိုတမ်းတ၊ အနာဂတ်ကိုစိုးရိမ်တဲ့ အတွေးတွေကို "ကာလသုံးပါးမှာ အမြဲမရှိဘူး" လို့ ဆင်ခြင်ပြီး လက်ရှိ ပစ္စုပ္ပန်အာရုံကို စိတ်ကို ပြန်ပို့နိုင်ပြီလား။

​​☐ ကိုယ့်ရဲ့ ဝေဒနာ၊ အားနည်းမှုတွေအပေါ် စိတ်ပျက်အားငယ်မယ့်အစား၊ ကိုယ်ခံစားနေရတဲ့ ဝေဒနာတွေကို လက်ခံ သည်းခံပြီး ​ "ခွင့်လွှတ်ပြီး ပြုံး" ပြီး မေတ္တာထားနိုင်ပြီလား။ ​ ကိုယ့်စိတ်ကလေးကို "ခွင့်လွှတ်ပြီး ပြုံး" ပြီး မေတ္တာထားနိုင်ပြီလား ။ ​ ကိုယ့်ကို ပြုစုစောင့်ရှောက်သူတွေအပေါ် ကျေးဇူးတင်စိတ်၊ မေတ္တာစိတ် ပွါးများဖြစ်ရဲ့လား။

​☐ ဒီရောဂါဝေဒနာကလည်း အကြောင်းတရားတွေ (အတိတ်ကံ၊ ပစ္စုပ္ပန်အထောက်အပံ့၊ ဥတု၊ အာဟာရ) ကြောင့် ဖြစ်ပေါ်လာတယ်လို့ "အကြောင်းအကျိုး သဘာဝတရား" ကို ဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ပြီလား။ ​ အခြေအနေတွေ အပေါ်အပြစ်တင်နေသေးလား။

​☐ "ငါ ကျန်းမာမှ တရားအားထုတ်နိုင်မယ်" ဆိုတဲ့ အစွဲအစား၊ လက်ရှိ အိပ်ရာထဲမှာဖြစ်ဖြစ်၊ နာကျင်နေတုန်းမှာဖြစ်ဖြစ် ပေါ်လာသမျှ အာရုံ (ဝေဒနာ၊ သင်ညာ ၊ အတွေး၊ စိတ်) ကိုပဲ ဝိပဿနာ အရှုခံအဖြစ် အသုံးချနိုင်ပြီလား။

​☐ ခန္ဓာကိုယ်ရဲ့ မမြဲတာ၊ ဖောက်ပြန်တာ၊ အားနည်းတာကို မရဏဿတိ (သေခြင်းကို အောက်မေ့တာ) ဉာဏ်နဲ့ ဆင်ခြင်ပြီး၊ မမေ့မလျော့ဘဲ တရားအားထုတ်ချင်စိတ် (အပ္ပမာဒ) တိုးပွားလာပြီလား။

​☐ ရုပ်အပေါ်မှာ အစွဲပြုတ်ပြီး "ငါ" ပျောက်သွားကာ၊ သိနေတဲ့ "ရှုမှတ်စိတ်" သက်သက်ပဲ ကျန်တဲ့အထိ (ဒါမှ မဟုတ် သုညတကို ဉာဏ်နဲ့ တွေ့ထိတဲ့အထိ) ဉာဏ်အမြင်ကို ရင့်ကျက်အောင် အားထုတ်ချင်စိတ် ရှိရဲ့လား။

​☐ ဘယ်လို ဝေဒနာ၊ ဘယ်လို စိတ်အခြေအနေ ပေါ်လာပါစေ၊ ဒါတွေကို "ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊ ငါ့အတ္တမဟုတ်" (အနတ္တ) လို့ ဉာဏ်နဲ့ ရှုမြင်ပြီး၊ ဒီအရာတွေအပေါ် တွယ်တာမှု၊ စွဲလမ်းမှု ကင်းအောင် လေ့ကျင့်နေပြီလား။

​ဒီ စာမေးပွဲဟာ ရောဂါဝေဒနာ ခံစားနေရချိန် ဒါမှ မဟုတ် အိပ်ရာထဲ လဲနေရချိန်တွေမှာ ကိုယ့်ရဲ့ စိတ်အခြေအနေနဲ့ နှလုံးသွင်းမှု မှန်ကန်ရေးကို ဆန်းစစ်ဖို့ အထောက်အကူပြုပါလိမ့်မယ်။ အဓိကကတော့ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် တရားဓမ္မကို လက်ကိုင်ထားပြီး၊ သတိ၊ ပညာ၊ ဥပေက္ခာတို့နဲ့ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ဖြစ်ပါတယ်။

​​

#ဝိမုတ္တိယုဂခေတ်

Thursday, 24 July 2025

ဓမ္မအထွေထွေမှတ်စုများ.....(၃၀)


နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား ရှိခိုးကန်းတော့ပါ၏ဘုရား




 ꧁ ༺ မိမိ၏ တစ်နေ့တာကို မေတ္တာ ❤️ မုဒိတာ 😊 ကျေးဇူးတရား 🙏 တို့ဖြင့် ဖြတ်သန်းခြင်း ༻꧂

❝ နိုးနိုးခြင်း ❞ 

​-  မိမိသည် ယနေ့ ကျန်းမာစွာ  အသက် ရှင်ခွင့်ရသည့်အတွက် ​ ကျေးဇူးတင်ပါသည် ။  မိမိသည် ​ အေးချမ်းပါစေ  ​ အေးချမ်းပါစေ ​ အေးချမ်းပါစေ ။


❝ ရေချိုးခန်း၌ ❞ 

​- မျက်နာသစ်သောအခါ ​ လောကဓာတ်တစ်ခုလုံး၌ ရှိသော  ​သတ္တဝါတွေ အားလုံးတို့၏  စိတ်သည် ဤရေကဲ့သို့ ကြည်လင်အေးမြ  ချမ်းသာပါစေ ။ 

​- ရေချိုးသောအခါ လောကဓာတ်တစ်ခုလုံး၌ ရှိသော သတ္တဝါတွေ အားလုံးတို့၏ စိတ်သည် ဤရေကဲ့သို့  ကြည်လင်အေးမြ  ချမ်းသာပါစေ ။ 


 ❝ ​ ဘုရားရှိခိုး  / တရားထိုင်သောအခါ ❞ 

​- သံသရာ ဝဋ်ဆင်းရဲမှ ​ အပြီးတိုင် လွတ်မြောက်ရာ နိဗ္ဗာန်ရှိသည့်အတွက် ​ ကျေးဇူးတင်ပါသည်။ 

​- သံသရာ ဝဋ်ဆင်းရဲမှ ​ အပြီးတိုင် လွတ်မြောက်ရာ နိဗ္ဗာန်သို့  သွားရန် လမ်းပြပေးသည့် မြတ်စွာဘုရားရှင်အဆူဆူအား ကျေးဇူးတင်ပါသည် ။ 

- မြတ်စွာဘုရားရှင်၏ တရားတော်များအား တစ်ဆင့် ပြန်လည် မျှဝေဟောပြော လမ်းပြပေးသည့် ဆရာသမားများ ၊ သံဃာတော်များအား ကျေးဇူးတင်ပါသည် ။

​- နိဗ္ဗာန်ချမ်းသာကို ခံစားနိုင်သည့် လမ်းစဉ်အထိ  လက်တွေ့ ကျသော ၊ အခါမလပ် အကျိုးပေးသော ၊ မယုံကြည်သော သူတို့ကို စိန်ခေါ်နိုင်သော  တရားတော်အား ​ ကျေးဇူးတင်ပါသည် ။ 

​- တရားတော်သည်  ကျွန်ုပ်၏ စိတ်နှလုံး၌ ယနေ့ စက္ကန့်တိုင်း ကိန်းဝပ်ပါစေ ။ 


​❝ အိမ်မှ ​ မထွက်ခင်  (သို့) အားလက်ရက်၌ အိမ်မှာ နေသောအခါ  ❞ 

​- မိမိ၏ (မိဘ ၊ သားသမီး ၊ အကို ၊ အမ ၊ ညီ၊ ညီမ ​ ၊ ဦးရီး ၊ ဒေါ်ရီး ၊ အဘိုး ၊ အဘွား ၊ တူ၊ တူမ) တို့အား ယနေ့ ကျန်းမာစွာ တွေ့ရသည့်အတွက် ကျေးဇူးတင်ပါသည် ။ 

​- မိမိ၏ ​ (မိဘ ၊ သားသမီး ၊ အကို ၊ အမ ၊ ညီ၊ ညီမ ​ ၊ ဦးရီး ၊ ဒေါ်ရီး ၊ အဘိုး ၊ အဘွား ၊ တူ၊ တူမ) မြင်လျှင်မြင်ချင်း တစ်ဦးချင်း တစ်ယောက်ချင်း ​ အေးချမ်းပါစေ ။  အေးချမ်းပါစေ ။  အေးချမ်းပါစေ ။ 

​- ပြုတင်းပေါက်ထွက်ကြည့်လိုက်တိုင်း မြင်နေရသော မိမိ အိမ်၏ရှေ့ ၊ ​ နောက် ၊ လက်ဝဲ ၊ ​ လက် ယာ — ​ အိမ်  တိုက် တိုက်ခန်းအားလုံးမှ ပုဂ္ဂိုလ် သတ္တဝါအားလုံး ​ အေးချမ်းပါစေ ။ အေးချမ်းပါစေ ။  ​ အေးချမ်းပါစေ။ 


​❝ ပြင်ပ၌  / လမ်းသွားစဉ်  ❞ 

​- လမ်းသွားစဉ် လမ်းပေါ် ၊ ကားပေါ် ၊ ဘတ်စကားပေါ် ၊ ရထားပေါ် ၊ ​ ဈေး၌ မျက်စိရှေ့ မြင်မြင်သမျှ ​ ဧရိယာတစ်ဝိုက်မှ လူအားလုံး  အေးချမ်းပါစေ ။ အေးချမ်းပါစေ ။  အေးချမ်းပါစေ ။ 

​- ​ အလုပ်သွားသူများတွေ့လျှင်  ထိုသူတို့သည် အလုပ်၌ ဤတနေ့တာလုံး အဆင်ပြေချောမွေ့စွာ  စိတ်ချမ်းသာစွာ လုပ်နိုင်ကြပါစေ ။ 

- လမ်းသွားစဉ် ​ လင်မယား  စုံတွဲများ  တွေ့လျှင် ​ ချစ်ချစ်ခင်ခင် အိုအောင်မင်းအောင်  ကျန်းမာချမ်းသာစွာ  ပေါင်းသင်းနိုင်ပါစေ ။ 

​- လမ်းသွားစဉ် ​ ​ မိသားစုများကိုတွေ့လျှင် ​ ​ မိသားစုတတွေ ​ ​ ချစ်ခင်စည်းလုံးညီညွန့်စွာ နေထိုင်သွားနိုင်ကြပါစေ။ 

​- ကလေးများအား  ပြုစုနေသော မိဘများကို တွေ့လျှင် မိဘကျေးဇူး ကြီးမားပုံကို  ခဏမျှ ​ အောက်မေ့ပါ ။   

- လမ်းသွားစဉ် ​ ​ ကလေးသူငယ်များတွေ့လျှင်  ဉာဏ်ရည်ထက်မြက်၍ ပညာရေး ထူးချွန်ပါစေ။ 

​- လမ်းသွားစဉ် ​ လှပသူများ  တွေ့လျှင် ​ ဘဝဆက်တိုင်းဆက်တိုင်း ဤသို့ ၊ ဤထက်ပို  လှပနိုင်ပါစေ ။ 

​- လမ်းသွားစဉ် ​ အစားကောင်း အသောက်ကောင်း စားနေသူများ  တွေ့လျှင် ​ ဘဝဆက်တိုင်းဆက်တိုင်း  ဤသို့ ၊ ဤထက်ပို စားနိုင်ပါစေ။ 

​- လမ်းသွားစဉ် ​ ​ အသုံးအဆောင်ကောင်းများ  သုံးစွဲနိုင်သူများတွေ့လျှင် ​ ဘဝဆက်တိုင်းဆက်တိုင်း  ဤသို့ ၊ ဤထက်ပို အသုံးအဆောင်ကောင်းများ သုံးစွဲနိုင်ပါစေ ။ 

- လမ်းသွားစဉ် မြင်နေသော အဆောက်အအုံ၌ နေကြသော ​ လူ နတ် သတ္တဝါ  အားလုံး အေးချမ်းပါစေ ။  အေးချမ်းပါစေ ။ အေးချမ်းပါစေ ။ 

​- စားသောက်ဆိုင်သို့ ရောက်သောအခါ ​ ဤစားသောက်ဆိုင်၌ရှိသော စားဖိုမှူးများ  နှင့် ဝန်ထမ်းများ  အားလုံး ​ အေးချမ်းပါစေ ။  ​ အေးချမ်းပါစေ ။ အေးချမ်းပါစေ ။ 

​​

❝ အလုပ် လုပ်စဉ်  ❞ 

​- ​ မိမိ ၊ မိဘ ၊ မိသားစု စားဝတ်နေရေးအတွက် အလုပ်အကိုင် ရှိသည့်အတွက် ကျေးဇူးတင်ပါသည် ။ 

​- ယနေ့ လုပ်နေသည့် ကိစ္စ အဝဝ သည် အဆင်ပြေ ချောမွေ့သွားသည့် အတွက် ​ ကျေးဇူးတင်ပါသည် ။ 

​- ယနေ့ ဖြစ်ပေါ်နေသည့် အခက်အခဲ ပြဿနာ သည် အဆင်ပြေ ချောမွေ့သွားသည့် အတွက် ​ ကျေးဇူးတင်ပါသည်။ 

​- ယခု ဆက်ဆံတော့မည့် လုပ်ဖော် ကိုင်ဖက် ၊ အထက်အရာရှိများ တစ်ဦးချင်းအား ​ အေးချမ်းပါစေ ။  အေးချမ်းပါစေ။ အေးချမ်းပါစေ။ 

​- အလုပ်၌ ဒုက္ခ ပြဿနာတွေ့နေသော သူများတွေ့လျှင်လည်း  ထိုသူတို့သည် ပြဿနာအပေါင်းမှ ​ အမြန်ဆုံးပြေလည်ပါစေ။ အစစ အရာရာ အဆင်ပြေပါစေ။ 

​- အလုပ်၌ ရာထူး တက်သွားသူများကို တွေ့လျှင်လည်း ထိုသူတို့သည် ကုမ္ပဏီ၏အကျိုးကို ဆထက်တပိုး  ထမ်းဆောင်နိုင်ကြပါစေ။ 


​❝ အစာ စားစဉ် ❞ 

​​- ​ လယ်ကွင်းလယ်ကွက် ​ မြွေပါးကင်းပါး အသက်နဲ့ရင်း စိုက်ပျိုး ရရှိလာသော ဆန်ထမင်းတို့အတွက်  လယ်သမား ဦးကြီးများအား ​ ကျေးဇူးတင်ပါသည်။  

​- ယခု စားရသော အစာ အာဟာရ ၊ ​ ကောဖီ ၊ ​ ဆေး အတွက် ​ ကျေးဇူးတင်ပါသည်။ 

​- ယခု စားရသော အစာ အာဟာရ၏ ကုန်ကြမ်းများကို ​ စိုက်ပျိုးထုတ်လုပ် သူအားလုံး ၊ ရောင်းချပေးသော သူအားလုံးအား ကျေးဇူးတင်ပါသည် ။ 

​- “ဤထမင်း ဟင်းအား ခန္ဓာကိုယ် အာဟာရ အတွက်သာ သုံးဆောင်ခြင်းဖြစ်ပါသည်။” ​ ဟု ဆင်ခြင်၍ ​ စားပါ။ 

​​

❝ အိပ်ခါနီး ❞  

​- “ ​ ဪ ဒီတစ်နေ့တာ တာဝန်များ ပြီးစီး၍  အသေကလေး ​ သေရတော့မှာ ပါလား ။ 

ပြီးဆုံးသွားတဲ့ ဒီ တစ်နေ့တာလုံး အချိန်တော်တော်များများမှာ ဘာတွေ တွေးနေခဲ့သလဲ။ 

ဘာကောင်းမှု ကုသိုလ်တွေ လုပ်ခဲ့သလဲ ။  ဘာ အဆိုးတွေ လုပ်ခဲ့သလဲ ။ 

ဘာ အဆိုးတွေ ပြောခဲ့သလဲ။  ဘာ အဆိုးတွေ တွေးနေခဲ့သလဲ။ 

နောက်နေ့တွေမှာ ​ 

ဒီအဆိုးတွေ မလုပ်မိအောင် ​ မတွေးမိအောင် မပြောမိအောင် ​ ဘယ်လို ကြိုးစားမလဲ။ ”  ဟု ဆင်ခြင်၍  တရားမှတ်ပြီး  အိပ်ပါ။ 

​​

❝ လကုန်သောအခါ  ❞ 

​- မိဘ ၊ မိသားစု ကို ​ ထောက်ပံ့နိုင်သည့် ပိုက်ဆံရှိသည့်  အတွက် ကျေးဇူးတင်ပါသည်။ 

​- ဖုန်းခွန် ၊ အိမ်လခ ၊ ​ ဝင်ငွေခွန် ၊ အာမခံကြေး  ​ ၊ အထွေထွေ ​ ပေးရန် ကိစ္စအဝဝ  အတွက် ပိုက်ဆံရှိသည့်  အတွက် ကျေးဇူးတင်ပါသည်။ 

​- ဤရလာသော လခ ​ ပိုက်ဆံသည်  မိမိ ၊ မိဘ ၊ မိသားစု အသက်ရှင် တည်တံခိုင်မြဲဖို့အတွက်သာ ဖြစ်ပါသည်။ 

❝ စိတ် သဒ္ဓါတရား ထက်သန်သလို ​ ❞ 

မိမိဘဝ နေ့စဉ် ​ ကြုံတွေ့မှုများအလိုက် မိမိ ​ စိတ် သဒ္ဓါတရား ထက်သန်သလို မေတ္တာ  မုဒိတာ ​ ကျေးဇူးတရားများကို  အဆင့်ဆင့် ချဲ့ကား၍ ​ ပွါးများနိုင်သည်။ 

​နမူနာ

- ​ လူတစ်ဦးနဲ့ ၊ လူအများနဲ့  ​ တွေ့ဆုံစကားပြောတိုင်း ၊ ထိုသူတို့၏ အကူအညီ ၊ ဝန်ဆောင်မှုကို  ခံယူတိုင်း လှိုက်လှိုက်လှဲလှဲ စိတ်ထဲက ကျေးဇူးတင်ခြင်း ၊ ​ မေတ္တာပို့ခြင်း လုပ်ပါ။ 

​- မကျမ်းမာသူများ  တွေ့လျှင် အမြန်ဆုံး ပြန်လည် ကျမ်းမာလာပါစေ။ ​ ကျမ်းမာလာပါစေ။ ​ ကျမ်းမာလာပါစေ။ ​- မသန်စွမ်းသူများ တွေ့လျှင် အမြန်ဆုံး ပြန်လည် ကျမ်းမာ သန်စွမ်းလာပါစေ။ ​ သန်စွမ်းလာပါစေ။  သန်စွမ်းလာပါစေ။ 

​- တောင်းရမ်းနေသူများတွေ့လျှင်  ဘဝဆက်တိုင်း​ ငွေကြေးပစ္စည်း ဥစ္စာချမ်းသာသူများ  ဖြစ်ကြပါစေ။ 

​- သက်ကြီးရွယ်အိုများတွေ့လျှင်လည်း ထိုအဘိုအဘွား တို့သည် အနာရောဂါကင်း၍  အသက်ရှည်ပါစေ။  အသက်ရှည်ပါစေ။  အသက်ရှည်ပါစေ။ 

- ပင်ပင်ပန်းပန်း  လုပ်ကိုင်စားသောက်နေသူများတွေ့လျှင် ​ အမြန်ဆုံး ပြေလည်၍  သက်သက်သာသာ  လုပ်ကိုင်စားသောက်နိုင်ပါစေ။ ​ လုပ်ကိုင်စားသောက်နိုင်ပါစေ။ ​ လုပ်ကိုင်စားသောက်နိုင်ပါစေ။   

​- ဆင်းရဲသူများတွေ့လျှင်  စီးပွါးရေး အမြန်ဆုံး ​ ပြေလည်၍  ချောင်ချောင်လည်လည် နေနိုင်ပါစေ။  နေနိုင်ပါစေ။ ​ ​ နေနိုင်ပါစေ။  ​ ​  

​- ချမ်းသာသူများ  တွေ့လျှင် ယခုထက်ပိုပြီး  ရှာနိုင်ဖွေနိုင် ချမ်းသာနိုင်ပါစေ။  ယခုထက်ပိုပြီး  ရှာနိုင်ဖွေနိုင် ချမ်းသာနိုင်ပါစေ။  ချမ်းသာနိုင်ပါစေ။  ချမ်းသာနိုင်ပါစေ။ 

​- အလွန် ထူးချွန်သော အတတ်ပညာရှင်များကိုတွေ့လျှင် ယခုထက် ပို၍  ​ တဖက်ကမ်းခက်  ထူးချွန်ပါစေ။  ​ ထူးချွန်ပါစေ။ ​ ထူးချွန်ပါစေ။ 

- အလွန် အလုပ်ကြိုးစားသော သူများကို  တွေ့လျှင် ဤကြိုးစားသည်နှင့် ​ ထိုက်တန်သော ဆုကြေးလစာ ၊ အထူးကောင်းမွန်သောဘဝကို  ပိုင်ဆိုင်နိုင်ပါစေ။ ​ ပိုင်ဆိုင်နိုင်ပါစေ။  ​ ပိုင်ဆိုင်နိုင်ပါစေ။   

​- ယခု ​ သောက်ရသော ​ ဆေး  ​ အတွက် ​ ကျေးဇူးတင်ပါသည်။  ထိုဆေးကို ထုတ်လုပ်ပေးကြသော ဆေးပညာရှင်များ  ကျမ်းမာပါစေ။  ကျမ်းမာပါစေ။  ​ ကျမ်းမာပါစေ။   

- မိမိ ​ နေမကောင်း ဖြစ်တော့မည့်အခါ ၊ ​ ဖြစ်သည့်အခါ ​ ရောဂါပိုးမွှားများကို တိုက်ထုတ်ပေးသော  ဤ ခန္တာကိုယ်၏ ဇီဝ ​ ခံတပ် (Immune System)  ကို ​ ကျေးဇူးတင်ပါသည်။  ကျွန်ုပ်သည် မေတ္တာ  မုဒိတာ  တရားဘာဝနာများကို  ကျန်းကျန်းမာမာဖြင့်  ဆက်၍ အားထုတ်နိုင်ပါစေ။ 

​- မိမိ ​ အလုပ်မှ လခ ရသော ဤအလုပ်ကြောင့်  ငါ၏ မိသားစု အား  လုပ်ကျွေး နိုင်ခြင်းဖြစ်ပါသည်။ ဤအလုပ်အား ကျေးဇူးတင်ပါသည်။ 

​- ပန်းခြံသို့  ရောက်သော်အခါ သစ်ပင်ပန်းမန်များကို  တွေ့လျှင် ထိုသစ်ပင်ပန်းမန်များ ကျန်းမာသန်စွမ်း  စိမ်းစို လန်းစမ်းပါစေ။ ​ ထိုသစ်ပင်ပန်းမန်များကို စိုက်ပျိုးထိန်းသိမ်းသူ  အားလုံး အေးချမ်းပါစေ။  ​ အေးချမ်းပါစေ။ ​ အေးချမ်းပါစေ။ 

​ — အလှုအတန်းပြုသူများကို  တွေ့လျှင် ထိုသူတို့ပြုသော အလှုကိုငါသည် ဝမ်းမြောက်ဝမ်းသာ  သာဓု…  သာဓု…  သာဓု… ခေါ်ဆိုပါသည်။ ​ ထိုသူတို့သည် ဆထက်တပိုး လှုနိုင် တန်းနိုင်ပါစေ။ 

​- မိမိအလှူအတန်းပြုသော်အခါ  ယခုလို လှူနိုင် တန်းနိုင် သည့် ပိုက်ဆံရှိသည့် အတွက် ကျေးဇူးတင်ပါသည်။ 

​- အများအကျိုး ဆောင်ရွက်နေသူများ  တွေ့လျှင် ထိုသူသည် ဤကဲ့သို့ အများအကျိုးကို ဆထက်တပိုး  ​ ဆောင်ရွက်နိုင်ကြပါစေ။  ​ ဆောင်ရွက်နိုင်ကြပါစေ။  ​ ဆောင်ရွက်နိုင်ကြပါစေ။ 

​- ယနေ့ သာယာသော ​ နေအား  ​ ကျေးဇူးတင်ပါသည်။  ​ ​ နေကြောင့်သာ  မိမိနှင့်တကွ ​ လူသတ္တဝါ  အပင်များ  အသက်ရှင်နေရခြင်းဖြစ်သည်။ 

​- ဤကမ္ဘာမြေကြီး၏  ဆွဲအားကြောင့်သာ () ကျွန်ုပ်တို့ ပင်လယ် သစ်ပင်တောတောင်  အဆောက်အအုံများ  ​ တည်ရှိ နိုင်ခြင်း ဖြစ်သည်။ ​ လူသတ္ထဝါ အားလုံး  မျိုးစဉ်မျိုးဆက်  အစင့်စင့် အသက်ရှင်လာနိုင်ခြင်း ဖြစ်သည်။  ထို့ကြောင့် ဤမဟာပထဝီကမ္ဘာမြေကြီးအား ​ ကျေးဇူးတင်ပါသည်။   

​- အသက်ရှူကို  ၁ မိနစ်ခန့် အောင့်ပြီး သောအခါ ငါ၏ အသက်အား  အစဉ်အမြဲ ​ စက္ကန့် တိုင်း ​ ထောက်ပံ့ ပေးနေသော ​ ​ လေအား  ​ ​ ကျေးဇူးတင်ပါသည်။  ​ (လေအသက်  ၃ — ၄ မိနစ် ခန့်သာ။ ​ လေမရသည့် ၅မိနစ် နောက်ပိုင်းတွင် ဦးနှောက်ဆဲလ်များ စတင် ပျက်စီးလာပါပြီ။ )

​- ​ ငါ၏ခန္ဓာကိုယ်ဇီဝ ဖြစ်စဉ်ကို  ​ ထောက်ပံ့ ပေးနေသော ​ သောက်သုံးရေ အား  ​ ကျေးဇူးတင်ပါသည်။  ​ (ကျွန်ုပ်ခန္ဓာကိုယ် ​ ​ ခြောက်ဆယ်ရာခိုင်နှုန်းသည် ​ ရေဖြင့်  ဖွဲ့စည်းထားသည်။ ​ ရေအသက်  ၃ရက်သာ။ )

​- မိမိ အညစ်အကြေးစွန့်သောအခါ  ဤ အညစ်အကြေးစွန့်ပေးသော ​ ခန္တာကိုယ်ကြီးအား ​ ကျေးဇူးတင်ပါသည်။  ဤ ခန္တာကိုယ် ဇီဝဗေဒ ဖြစ်စင်ကို  အဓိက ​ လည်ပတ်ပေးသော ​ ဦးနှောက် ၊ ​ နှလုံး ၊ ​ ကျောက်ကပ် ၊ အသည်း ၊ အဆုတ် 🫁၊ သရက်ရွက် ၊ သည်းခြေအိပ် တို့အားလည်း ​ ကျေးဇူးတင်ပါသည်။ 

​- မိမိ ​ အမြဲ သုံးစွဲနေသော အသုံးအဆောင် ၊ ကိရိယာ တန်ဆာပလာ၊ နာရီ ၊ ​ မျက်မှန် ၊ ပိုက်ဆံအိတ် ၊ ​ အိမ်သုံး ပရိဘောဂ ၊ စက်ပစ္စည်း  များ တီထွင် ထုတ်လုပ်  ရောင်းချသူများ  အား ကျေးဇူးတင်ပါသည်။  ထိုသူတို့သည် ​ အေးချမ်းပါစေ။  အေးချမ်းပါစေ။  အေးချမ်းပါစေ။ 

​- ( ဥစ္စာဓန ​ ကြွယ်ဝချမ်းသာသူများ ) မိမိ၌ လက်ရှိပိုင်ဆိုင်နေသော ပစ္စည်းဥစ္စာတို့အား ယခုလို ပစ္စည်း ဥစ္စာ စုံစုံ လင်လင် နှင့် နေရသည့်အတွက် ကျေးဇူးတင်ပါသည်။  မိမိပိုင်ဆိုင်ရသလို ချို့တဲ့သောသူများလည်း  ပိုင်ဆိုင်ရပါစေ။ 

​- သီချင်းနားထောင်လျှင်လည်း  ထိုသီချင်း တီးမုပ် သီဆို ဖျော်ဖြေသော အနုပညာရှင် အားလုံး အေးချမ်းပါစေ။ ​ အေးချမ်းပါစေ။  ​ အေးချမ်းပါစေ။  ​ ဤသို့ အစဉ်အမြဲ ကောင်းသော အသံပိုင်ရှင် ဖြစ်ပါစေ။ 

​- ရုပ်ရှင် ကြည့်လျှင်လည်း ​ ထိုရုပ်ရှင်၌ ပါဝင် သရုပ်ဆောင်သော အနုပညာရှင်  အားလုံး ​ အေးချမ်းပါစေ။  ​ အေးချမ်းပါစေ။ ​ အေးချမ်းပါစေ။ 

​- တစ်စုံတစ်ဦးကို သတိရမိလျှင်လည်း  ထိုသူသည် ​ ​ အေးချမ်းပါစေ။ ​ ​ အေးချမ်းပါစေ။ ​ ​ အေးချမ်းပါစေ။   

​- ခွန်အားဗလကြီးမားသူများ  တွေ့လျှင်လည်း ​ အခုလိုပဲ ​ နောင်လည်း ကျန်းမာသန်စွမ်းပါစေ။  ကျန်းမာသန်စွမ်းပါစေ။  ကျန်းမာသန်စွမ်းပါစေ။ 

​- စိတ်ထားကောင်းသော သူများနှင့်  ​ တွေ့လျှင်လည်း စိတ်ထားကောင်းသော သူများနှင့် တွေ့ခွင့်ရသည့်အတွက် ​ ကျေးဇူးတင်ပါသည်။  ထိုသူတို့သည် ယခုလိုပဲ အစဉ်အမြဲ စိတ်သဘော ​ ကောင်းနိုင်ပါစေ။ 

​​

❝ နိဂုံးချုပ် ရှင်းပြချက် ❞ 


 ကျေးဇူး သိတတ်ခြင်းသည် (Gratitude) မြတ်စွာဘုရားကိုယ်တော်တိုင်  ဟောကြားသော မင်္ဂလသုတ်တော် မှ ​ မင်္ဂလာတရားပေါင်း(၃၈) ပါး မှ ​ ၁ ပါးလည်း ဖြစ်သည်။  ​ မြတ်စွာဘုရား တရားကို  ​ နေ့စဉ် လက်တွေ့ အောက့်မေ့ လိုက်နာ ကျင့်သုံးသော်ကြောင့် ​ မြတ်စွာဘုရားကို ​ လေးနက်သော ရှိခိုး ပူဇော်ခြင်း ​  ဖြစ်သည်။  

​ မိမိ ​ နေ့စဉ်ဘဝ ​ တွေ့ကြုံမှု ၊ ပိုင်ဆိုင်မှုတို့ကို  ​ လုံးလစိုက်၍  ​ ကျေးဇူးတင်သည့်အတွက်  ​ ​ ​ ရောင့်ရဲတင်းတိမ်လွယ်ခြင်းကို  ဖြစ်စေသည်။ ​ ရောင့်ရဲတင်းတိမ်လွယ်သည်လည်း ၃၈ဖြာ မင်္ဂလာ တစ်ပါး ပါပေ။ 

​ မိမိသည် ​ ​ မေတ္တာဖြင့်  အချိန်တော်တော်များများ၌ 🕓 ​ နေသည့် အတွက် အစဉ်မပြေမှုများကို အရင်ကထက် သည်းခံ  လာနိုင်မည်။ ဘဝ အစဉ်မပြေမှုများကို သည်းခံနိုင်သည်လည်း  ၃၈ဖြာ မင်္ဂလာ တစ်ပါးဖြစ်ပါသည်။ 

​​ ကျေးဇူးတရားသည်  မိမိတို့၏ ဘဝ ​ နေရာတိုင်း၌ ရှိသည်။ ​ သက်ရှိ ဖြစ်စေ၊ သက်မဲ့ ​ဖြစ်စေ — လူ့ပတ်ဝင်းကျင်၌ အရာအားလုံး သည် ချိတ်စက်လျက်  အချင်းချင်း အကျိုးပြုနေကြသည်။ 

ပဋ္ဌာန်းမြတ်ဒေသနာတော်သည်  ဓမ္မ အားလုံး မည်သို့ မည်ပုံ အကျိုးပြုပုံ အသီးသီးကို ဖွင့်ဆိုပူဇော်ထားသည်။ ပဋ္ဌာန်းမြတ်ဒေသနာတော်အား တစ်လုံးထဲနှင့် အနှစ်ချုပ်ပါလျှင် ​ ကျေးဇူးတရား (Gratitude ) ဖြစ်သည်။  

​​

ကိုးကား။ 

ဤသို့ အရာရာတိုင်း သက်ရှိ သက်မဲ့ အားလုံးမကျန် အသေးစိတ် အနုစိတ် ​ ကျေးဇူးတင်သော အတွေးအခေါ်အား စာရေးဆရာမ  ​ Rhonda Byrne ရေးသားသော The Magic စာအုပ်မှ 📖 ​ လေ့လာယူခဲ့သည် — https://www.thesecret.tv/products/the-magic-book/  ။ 

#ဝိမုတ္တိယုဂခေတ်

​၂၀၂၅-၀၆-၁၀


Monday, 21 July 2025

ဓမ္မအထွေထွေမှတ်စုများ.....(၂၉)

 

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား ရှိခိုးကန်းတော့ပါ၏ဘုရား



꧁ ༺ သဘာဝဘေးအန္တရာယ်အပေါ် ဉာဏ်ဖြင့် ဆင်ခြင်ခြင်း | နေ့စဉ် ကိုယ့်စိတ်ကိုယ်စစ် စာမေးပွဲ ༻ ꧂


☐ သဘာဝဘေးအန္တရာယ်များ (ဥပမာ- ငလျင်၊  ရေကြီးမှု) ဟာ  တောတောင်ရေမြေတွေရဲ့ မတည်မြဲခြင်း (အနိစ္စ)၊ ဖောက်ပြန်တတ်ခြင်း သဘောဖြစ်ကြောင်း ဉာဏ်နဲ့ ဆင်ခြင်ပြီး သံဝေဂ ယူနိုင်ပြီလား။ စိတ်မကောင်းဖြစ်ရုံမျှသာ မဟုတ်ဘဲ တရားနှလုံးသွင်းနိုင်ပြီလား ?

☐ ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှု (ဥပမာ- ရင်တုန်ခြင်း) စတဲ့ စိတ်ခံစားချက်၊ ကိုယ်အမူအရာတွေ  ပေါ်လာသည့်အခါ၊ ဒါတွေကို "ငါ ကြောက်တာ"၊ "ငါ ရင်တုန်တာ" လို့ အတ္တစွဲဖြင့် အမည်မတပ်ဘဲ၊ "ရုပ်ဇာတိ" (ရုပ်၏ ဖောက်ပြန်မှု) သက်သက်လို့ ဉာဏ်နဲ့ လက်ခံနိုင်ပြီလား ?

☐ ဒီအဖြစ်ဆိုးများဟာ အကြောင်းတရားများစွာ (ဥတုနိယာမ၊ ကံအကြောင်းအကျိုး) စုံညီလို့ ဖြစ်ပေါ်လာတာပဲလို့  "အကြောင်းအကျိုး သဘာဝတရား" ကို လက်ခံပြီး၊ "ငါ့တို့ကိုမှ  ဒီလိုဖြစ်ရသလား" စတဲ့ အတ္တစွဲ၊  ဒေါသ၊ မကျေနပ်မှုတွေ လျော့ပါးပြီလား ?

☐ ဖြစ်ပြီးခဲ့တဲ့  ဘေးဒုက္ခ အာရုံတွေ  (အတိတ်က "အရိပ်သဖွယ် အာရုံ") တွေကို  ပြန်လည် တွေးတောသောက  မပွားတော့ဘဲ၊ ထပ်ပြီး ဖြစ်လာမှာ စိုးရိမ်တဲ့ အနာဂတ် အတွေး "အရိပ်" တွေအပေါ်မှာလည်း "အတည်မယူဘဲ"  နေနိုင်ပြီလား ?

☐ အတိတ်၊ အနာဂတ်ကို အာရုံမပြုတော့ဘဲ၊ လက်ရှိ ပစ္စုပ္ပန်မှာ သတိ၊ ပညာဖြင့် နေထိုင်ပြီး၊ လုပ်သင့်လုပ်ထိုက်သော ကုသိုလ်တရားများ (ဥပမာ- မေတ္တာပွားခြင်း၊ ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း) ကို အာရုံစိုက် ပြုလုပ်နိုင်ပြီလား ?

☐ "ရုပ်ဇာတိ" နဲ့ "အကြောင်းအကျိုး သဘာဝတရား" ဆိုတဲ့ ဉာဏ်လက်နက်တွေကို အခြေခံ ခိုင်မာအောင်  လေ့လာထားပြီး၊  သဘာဝဘေးအန္တရာယ်  လောကဓံကြုံတိုင်း ၊  သဘာဝဘေးအန္တရာယ်အကြောင်းကြားသိရတိုင်း လက်တွေ့ အသုံးချနိုင်ပြီလား ?

------

ဒီ စာမေးပွဲ  ဟာ သဘာဝဘေးအန္တရာယ်လို လောကဓံကြုံတွေ့ရတဲ့အခါ မိမိရဲ့ စိတ်အခြေအနေနဲ့ နှလုံးသွင်းမှု မှန်ကန်ရေးကို ဆန်းစစ်ဖို့ အထောက်အကူပြုပါလိမ့်မယ်။

အဓိကကတော့ ကြောက်ရွံ့မှု၊ စိုးရိမ်မှုတွေနဲ့ တုံ့ပြန်မယ့်အစား၊ သတိ၊ ပညာ၊ ဥပေက္ခာတို့နဲ့ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ဖြစ်ပါတယ်။‎

‎ဝိမုတ္တိဉာဏ် ရရှိပါစေ ၊ ယောဂီ။


#ဝိမုတ္တိယုဂခေတ်

၂၀၂၅-၀၆-၁၁

Tuesday, 15 July 2025

ဓမ္မအထွေထွေမှတ်စုများ.....(၂၈)

 

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား ရှိခိုးကန်းတော့ပါ၏ဘုရား



꧁ ༺ ရုပ်ရှင်နဲ့ သရုပ်ဆောင်တွေအပေါ် စွဲလမ်းမှု (ရူပတဏှာ) | နေ့စဉ် ကိုယ့်စိတ်ကိုယ်စစ် စာမေးပွဲ ༻ ꧂


☐ ရုပ်ရှင်၊ စီးရီးတွေ (အထူးသဖြင့် ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်တွေ ပါဝင်တဲ့) ကြည့်ချင်တဲ့စိတ် ပြင်းပြစွာ ဖြစ်ပေါ်လာတဲ့အခါ၊ ဒီစိတ်ကို "ငါ ကြည့်ချင်တာ" လို့ အတ္တစွဲနဲ့ မရှုမြင်ဘဲ၊ စိတ်မှာ ပေါ်လာတဲ့ အာရုံသက်သက်လို့ ဉာဏ်နဲ့ ပိုင်းခြားနိုင်ပြီလား ။

☐ လှပတဲ့ သရုပ်ဆောင်တွေရဲ့ ရုပ်အဆင်း ("အာရုံအရိပ်") ကို မြင်တယ့်အခါ ပြင်းထန်တဲ့ တပ်မက်မှု (ကာမရာဂ)၊ သာယာမှု (သုခဝေဒနာ) ဖြစ်ပေါ်လာတာကို သတိထားမိပြီး၊ ဒီစိတ်နဲ့ ဝေဒနာကို "အတည်မယူဘဲ"၊ သူတို့ရဲ့ မမြဲတဲ့ (အနိစ္စ)၊ အနှစ်သာရမရှိတဲ့ (အနတ္တ) သဘောကို ဆင်ခြင်နိုင်ပြီလား ။

☐ ရုပ်ရှင်ဇာတ်လမ်း၊ ဇာတ်ကောင်တွေ၊ သရုပ်ဆောင်တွေအကြောင်း အလွန်အကျွံ တွေးတောနေတာ၊ စိတ်ကူးယဉ်တာ၊ ကိုယ့်ဘဝနဲ့ နှိုင်းယှဉ်တာတွေ ဖြစ်ပေါ်လာရင်၊ အတွေးတွေကို စောင့်ကြည့်သတိထားပြီး "မတွေးနဲ့" ကမ္မဋ္ဌာန်းနဲ့ ဒီအတွေးစဉ်ကို ဖြတ်တောက်နိုင်ပြီလား ။

☐ ရုပ်ရှင်ကြည့်တုန်း ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့ စိတ်ခံစားမှုတွေ (ဥပမာ- ရင်ခုန်စိတ်လှုပ်ရှားမှု၊ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှု၊ ချစ်စိတ်၊ မုန်းစိတ်) ကို "ငါ ခံစားနေရတာ" လို့ မစွဲလမ်းဘဲ၊ ဖြစ်ပြီး ပျက်သွားမယ့် "ဝေဒနာအရိပ်" သက်သက်လို့ ဥပေက္ခာနဲ့ ရှုမှတ်နိုင်ပြီလား။

☐ ရုပ်ရှင်ကြည့်ချင်စိတ်၊ ဒါမှမဟုတ် သရုပ်ဆောင်တစ်ယောက်ယောက်ကို တမ်းတစိတ် ပေါ်လာတယ့်အခါ၊ ဒီစိတ်ဟာလည်း "ကာလသုံးပါးမှာ အစဉ်မရှိ" ကြောင်း၊ ဖြစ်ပြီး ပျက်သွားမယ့် "အာရုံအရိပ်" သာ ဖြစ်ကြောင်း ဆင်ခြင်နိုင်ပြီလား ။

☐ ရုပ်ရှင်ကြည့်တာအပေါ် အလွန်အကျွံ အချိန်ကုန်ဆုံးနေတာ၊ တခြားအရေးကြီးတဲ့ တာဝန်ဝတ္တရားတွေ (ဥပမာ- အလုပ်၊ မိသားစု၊ တရားအားထုတ်မှု) လစ်ဟင်းတာ စတဲ့ ဆိုးကျိုး (ဒုက္ခ) တွေကို ဉာဏ်နဲ့ မြင်လာပြီး၊ ကြည့်ရှုချိန်ကို သတိနဲ့ ထိန်းချုပ်ချင်စိတ် (သီလ၊ ဝီရိယ) ဖြစ်ပေါ်လာပြီလား ။

☐ ကိုယ်နှစ်သက်တဲ့ သရုပ်ဆောင်တွေ၊ ဇာတ်ကောင်တွေအပေါ် "ငါ့အကြိုက်ဆုံး"၊ "သူကတော့ အကောင်းဆုံး" စတဲ့ ပြင်းထန်တဲ့ အစွဲအလမ်း (ဥပါဒါန်) တွေ ဖြစ်နေသေးလား ။ ဒီအစွဲတွေဟာလည်း "အတည်ယူစရာမဟုတ်တဲ့" စိတ်ရဲ့ ပြုပြင်မှု (သင်္ခါရ) သာ ဖြစ်ကြောင်း နားလည်ပြီလား ။

☐ စိတ်ဖိစီးမှု၊ ပျင်းရိမှု၊ အထီးကျန်မှုတွေ ကြုံတွေ့တယ့်အခါ ရုပ်ရှင်ကြည့်တာကို ထွက်ပေါက်အဖြစ် အလွန်အကျွံ အသုံးချနေမိသေးလား။ ဒီအစား တရားရှုမှတ်တာ၊ မေတ္တာပွားတာ စတဲ့ ကုသိုလ်ဖြစ်စေတဲ့ နည်းလမ်းတွေနဲ့ စိတ်ကို ပြောင်းလဲနိုင်အောင် ကြိုးစားရဲ့လား ။

☐ ရုပ်ရှင်ထဲက မြင်ကွင်း၊ အဖြစ်အပျက်၊ လူပုဂ္ဂိုလ်တွေဟာ တကယ့်အပြင်လောကနဲ့ ထပ်တူမဟုတ်တဲ့၊ ဖန်တီးထားတဲ့ "အာရုံအရိပ်" တွေသာ ဖြစ်ကြောင်း ဉာဏ်နဲ့ ပိုင်းခြားသိမြင်နိုင်ပြီလား ။

☐ ရုပ်ရှင်မကြည့်ဘဲ မနေနိုင်အောင် စွဲလမ်းတပ်မက်နေတဲ့စိတ် (အာသဝ) ကို သတိထားမိပြီး၊ ဒီစွဲလမ်းမှုကနေ လွတ်မြောက်ချင်တဲ့ (နိက္ခမ) ဆန္ဒ ဖြစ်ပေါ်လာပြီလား ။

ဒီ စာမေးပွဲဟာ ကိုယ့်ရဲ့ ရုပ်ရှင်နဲ့ သရုပ်ဆောင်တွေအပေါ် ထားရှိတဲ့ စွဲလမ်းတပ်မက်မှု တဏှာကို ဆန်းစစ်ပြီး၊ သတိ၊ ပညာ၊ ဥပေက္ခာတို့နဲ့ ကျင့်ကြံနိုင်ဖို့ အထောက်အကူ ပြုပါလိမ့်မယ် ။ အရေးကြီးဆုံးကတော့ အမြင်အာရုံ ဟာလည်း ဖြစ်ပြီး ပျက်တတ်တဲ့၊ အတည်ယူလို့ မရတဲ့၊ အစိုးမရတဲ့ သဘာဝတရား တစ်ခုသာဖြစ်ကြောင်း ဉာဏ်နဲ့ သိမြင်ပြီး၊ အလွန်အကျွံ တပ်မက်စွဲလမ်းမှုကနေ လွတ်မြောက်အောင် ကြိုးစားဖို့ ဖြစ်ပါတယ် ။

ရုပ်ရှင်၊ တီဗီက မြင်ကွင်းတွေ၊ သရုပ်ဆောင်တွေရဲ့ ရုပ်အဆင်းတွေဟာလည်း မျက်စိဒွါရမှာ ခဏတာ ထင်ဟပ်တဲ့ "အာရုံအရိပ်" တွေသာ ဖြစ်လို့ "အတည်ယူ" စွဲလမ်းဖွယ်ရာ မဟုတ်ကြောင်း ဉာဏ်နဲ့ ရှုမြင်နိုင်ကြပါစေ ။‎

‎ဝိမုတ္တိဉာဏ် ရရှိပါစေ ၊ ယောဂီ ။


#ဝိမုတ္တိယုဂခေတ်

၂၀၂၅-၀၆-၁၂

Thursday, 22 May 2025

အဘိဓမ္မာစိတ်ပိုင်း(၇).....

 

နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ

 


အရူပါဝစရစိတ် (၁၂)ပါး

အရူပါဝစရစိတ် (၁၂)ပါးကို အောက်မှာ အဆင့်ဆင့်ခွဲပြထားပါတယ်...။

1) အရူပါကုသိုလ်စိတ် (၄)ပါး အရူပါဝစရကုသိုလ်စတ်

2) အရူပါဝစရစိတ် (၄)ပါး အရူပါဝစရ ဝိပါတ်စိတ်

3) အရူပါဝစရကြိယာစိတ် (၄)ပါး အရူပါဝစရ ကြိယာစိတ်


အရူပါကုသိုလ်စိတ် (၄)ပါး

၁. အာကာသာနဉ္စာယတနစိတ်                (၇၀)

၂. ဝိညာဏဉ္စာယတနစိတ်                        (၇၁)

၃. အာကိဉ္စာ ယတနာစိတ်                        (၇၂)

၄. နေဝသညာနာသညာ ယတနစိတ်         (၇၃)


အရူပါဝစရစိတ် (၄)ပါး

- အရူပါဝိစရ ကုသိုလ်စိတ်နှင့်တူ            (၇၄-၇၇)


အရူပါဝစရကြိယာစိတ် (၄)ပါး 

- အရူပါဝိစရ ကုသိုလ်စိတ်နှင့်တူ            (၇၈-၈၁)


1.အာကာသာနဉ္စာယတနစိတ်   

အဆုံးမရှိသော ကောင်းကင်ပညတ် Space of infinity ကိုအာရုံပြုသောဈာန်နှင့်ယှဉ်သောစိတ်...။

2.ဝိညာဏဉ္စာယတနစိတ် 

အဆုံးမရှိသော ပထမ အရူပါဝစရစိတ် Boundless Consciousness ကိုအာရုံပြုသော ဈာန်နှင့်ယှဉ်သောစိတ်...။

3. အာကိဉ္စာ ယတနာစိတ်

ပထမအရူပါဝစရစိတ်၏ မရှိခြင်း "နတ္တိဘောပညတ်" Nothingness ကိုအာရုံပြုသော ဈာန်နှင့်ယှဉ်သောစိတ်...။

4. နေဝသညာနာသညာ ယတနစိတ်  

အသိရှိလည်းမဟုတ် ရှိသည်လည်းမဟုတ်ဆိုသော နေဝသညာနာသညာယတန Neither Consciousness nor non Consciousness စိတ်...။


       အရူပါဝစရစိတ်                   မှီတွယ်အပ်အာရုံ                    လွန်မြောက်အာရုံ

         ပထမစိတ်                      ကောင်းကင်ပညတ်                   ကသိုဏ်းပညတ်
         ဒုတိယစိတ်                     ပထမရူပါဝစရစိတ်                  ကောင်းကင်ပညတ်
         တတိယစိတ်                    နတ္တိဘောပညတ်                           ပထမရူပါဝစရစိတ်
         စတုတ္ထစိတ်                    တတိယရူပါဝစရစိတ်                  နတ္တိဘောပညတ်

အရူပါဝစရစိတ်များဟာ ဉပေက္ခာ ဧကဂ္ဂတာဆိုသော ဈာန်အင်္ဂါနှစ်ပါးနဲ့သာ ယှဉ်သောကြောင့် ယင်းစိတ်အားလုံးကို ပဉ္စမဈာန်၌ထည့်သွင်းထားပါတယ်...။

အရူပဆိုတော့ နာမ်ချည်းသက်သက်သာသာရှိတဲ့ဘုံပါ...။ ရုပ်အနေနဲ့ ဘာမှမရှိပါဘူး...။ ဒီနေရာမှာ တချို့က အတွေးအခေါ်

လူ့ဘုံကိုဘယ်လိုခေါ်သလဲ ?

ခန္ဓာငါးပါးရှိတော့ ပဉ္စဝေါကာရဘုံလို့ခေါ်တယ်...။

ရူပါဈာန်ငါးဆင့်ရပြီးမှ အရူပဈာန်ကို တက်လို့ရမှာပါ...။ ရူပါဈာန်ငါးဆင့်ဝင်စားနိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ အထက်ဈာန်ဖြစ်တဲ့ အရူပါဈာန်တွေတက်ဖို့ ဆန္ဒရှိလာကတည်းက ရူပပဉ္စမဈာန်စိတ်ဟာ ကသိုဏ်းနိမိတ်ကို အာရုံယူရတော့ ရုပ်နဲ့ဆက်စပ်နေတာမို့ ရုပ်မဆက်နွယ်တဲ့ အရူပါဈာန်တွေထက် နည်းနည်းကြမ်းတမ်းပါသေးတယ်...။


အရူပါဈာန်တက်ဖို့ဘယ်နေရာကစပြီးရှုရပါသလဲ?

အရူပါဈာန်ကို ကျင့်တဲ့ယောဂီဟာ ရုပ်နဲ့ဆက်နွယ်နေတာကို မလိုချင်လို့ ကသိုဏ်းကိုအာရုံမပြုတော့ဘဲ Ignore လုပ်လိုက်ပါတယ်..။ ကျမ်းဂန်တွေမှာ ကသိုဏ်းနိမိတ်ကိုခွာပြီး ကောင်းကင်ပညတ် Space of Infinity ကိုအာရုံပြုရမယ်လို့ဆိုပါတယ်...။ ဒီနေရာမှာ ခွာတယ်ဆိုတာ ကသိုဏ်းနိမိတ်ကို မရှုတော့တာ...။ ပယ်လိုက်တာပါ..။ ကသိုဏ်းနိမိတ်ကို ပယ်လိုက်တော့ အဲဒါပျောက်သွားပြီး ကွက်လပ်ကြီးကျန်ခဲ့တယ်...။ အဲဒီကွက်လပ်ကို အာကာသ Space ဆိုပြီး အားထုတ်ရမှာ...။


ဒုတိယဈာန်ရဖို့ ဘယ်လိုဆက်ပြီး အားထုတ်ရသလဲ?

ပထမဈာန်ရပြီးတဲ့အခါ လောကသဘာဝအတိုင်း သူက ရှေ့ဆက်တက်ချင်လာတယ် ပိုပြီးကောင်းတဲ့ ဈာန်ကိုရချင်လာတာပါ...။ ဒါကလည်း ပထမဈာန်က ရူပါပဉ္စဈာန်နဲ့နီးတော့ သူ့ထက် သိမ်မွေ့တဲ့ ဒုတိယဈာန်တက်မှပဲလို့ စိတ်ကူးရှိပြီး အားထုတ်တာပါ...။ ဒီလိုဆက်ပြီး အားထုတ်မယ်ဆိုရင် ပထမ အရူပါဝစရဈာန်ကိုပဲ ပြန်ဝင်စားရပါတယ်...။ နောက်ဆက်မဝင်စားတော့ဘဲ ပထမဈာန်စိတ်ဟာ အဆုံး အပိုင်းအခြားမရှိတဲ့စိတ်ဆိုတော့ အနန္တဝိဉာဏ် Boundless Consciousness  သဘောရှိတယ်..။ ဒီလို အထပ်ထပ်ရှုသွားရင် ဒုတိယအရူပဈာန်ကို ရောက်သွားပါလိမ့်မယ်..။ ဒီဈာန်ကို ဝိညာဏာဉ္စာယတနဈာန်လို့လည်းခေါ်တယ်...။

ဒုတိယဈာန်ရောက်ရင် တတိယဈာန်ကို တက်ချင်မှာပေါ့....


တတိယဈာန်ရဖို့ ရောက်ဖို့ ဘာကိုအာရုံပြုရသလဲ?

သူက ပထမဈာန်ရဲ့ မရှိခြင်း Nothingness ကိုပဲ အာရုံပြန်ပြုရပါတယ်...။ တကယ်တော့ စိတ်ဟာ တစ်ခုပြီးမှတစ်ခု ဖြစ်နိုင်တာလို့ ဒုတိယဈာန်ဖြစ်တဲ့အခါ ပထမဈာန်က မရှိတော့ဘဲ ပျောက်သွားပါပြီ...။ ရှိတာတောင် အာရုံပြုဖို့က ခက်ခဲတော့ မရှိတာကို အာရုံပြုနိုင်တယ်ဆိုရင် တော်တော်ကို အထက်တန်းကျပြီး သိမ်မွေ့တဲ့ စိတ်ဖြစ်နေပါပြီ...။ ဒီလိုမရှိတာကို အာရုံပြုပြီး အထပ်ထပ်ပွားများလိုက်ရင် တတိယဈာန်ကိုရောက်သွားပါတယ်...။ အာကိဥ္စညာယတနဈာန်လို့လည်း ခေါ်တယ်...။ ဒီနေရာမှာ အာကိဥ္စည က လုံးဝအကြွင်းအကျန်မရှိခြင်း Total Absent အာယတနက တည်ရာ Place ဖြစ်တာမို့ ပထမ အရူပါစိတ်ရဲ့ အကြွင်းမရှိသော နတ္တိသဘောပညတ်ကို အာရုံပြုတဲ့ ဈာန်စိတ်ရဲ့ တည်နေရာလို့ အဓိပ္ပါယ်ရတယ်...။ (အရူပဈာန်စိတ်တွေရအောင်ပွားများရတာ တော်တော်သိမ်မွေ့တာပဲ)


မရှိတာကို ဘယ်လိုအာရုံပြုရမလဲ?

ဒီလိုဘာမှမရှိတာကို အာရုံပြု အာရုံစိုက်လို့ ဖြစ်ပါ့မလားဆိုတာ ဗုဒ္ဓကျမ်းဂန်မှာ ဉပမာလေးနဲ့ ရှင်းပြထားပါတယ်...။ တစ်ခါက ရဟန်းတစ်ပါးဟာ သိမ်အတွင်းမှာ သံဃာများနဲ့အတူရှိနေပြီး ကိစ္စရှိလို့ ကျောင်းပေါ်ကို ခဏတက်သွားတယ်...။ သူကျောင်ပေါ်ရောက်ပြီး မကြာမီ သံဃာတွေကိုမတွေ့ရပေမယ့်...။ ဒီရှိတဲ့ သဘောကိုပဲ ပြန်လည်အာရုံစူးစိုက်လို့ရသလိုမျိုးပါပဲ.....။ တကယ်တော့ ရှိခြင်းမရှိခြင်းဟာ ဒင်္ဂါးပြားရဲ့ခေါင်းနဲ့ပန်းလိုပါပဲ...။


စတုတ္ထဈာန်ကျတော့ ဘာကိုအာရုံပြုရသလဲ?

သူကျတော့ အရင်ချုပ်သွားတဲ့ ဝိညာဏ်ကိုပဲ အထပ်ထပ် အာရုံပြုရပါတယ်...။ ဒီလိုနှလုံးသွင်းနေရင်း ဝိညာဏ်လေးက အလွန်သိမ်မွေ့သွားပြီး အသိရှိတယ် မရှိဘူး Neither Consciousness of non-consciousness လို့မပြောနိုင်တဲ့ အဆင့်ရောက်သွားရင် နေဝသညာနာသညာယတန စတုတ္ထအရူပဈာန်ကို‌ ရောက်သွားပါပြီ...။ ဒီသဘောလေးကိုလည်း ဗုဒ္ဓဒေသနာမှာ ရှင်းပြထားတာရှိပါတယ်...။ ဆရာတပည့်နှစ်ယောက်ခရီးသွားတော့ ကိုရင်လေးကရှေ့က ဆရာဘုန်းကြီးကနောက်က တစ်နေရာရောက်တော့ ကိုရင်က ချောင်းရိုးလေးအဖြတ်မှာ ရေလေးနည်းနည်းစီးဆင်းနေတာတွေ့တော့ "ရှေ့မှာ ရေရှိတယ်ဘုရား"လို့လျှောက်ပါတယ်...။ ရေရှိတယ်ဆိုပေမယ့် ရေချိုးလို့ရလောက်တဲ့ အထိမဟုတ် ခြေထောက်ရေစိုမယ် ရွှံ့ပေမယ်ဆိုတဲ့ သဘောပြောလိုက်တော့ အလားတူ သိလွယ်တဲ့ သညာနဲ့ စိတ်သဘောထားမျိုးမရှိပေမယ့် အလွန်သိမ်မွေ့တဲ့ စိတ်လေးကရှိနေပါတယ်...။
စတုတ္ထအရူပဈာန်က ရှိသမျှဈာန်ထဲမှာ အကောင်းဆုံးအသိမ်မွေ့ဆုံးဈာန်လို့ ထင်ရပေမယ့် လောကီချမ်းသာထဲမှာ အမြင့်ဆုံးဆိုပေမယ့် မြတ်စွာဘုရားက သူလဲ မမြဲဘဲချုပ်ပျောက်ရမှာမို့ ဈာန်ချမ်းသာကိုလည်း ဘုရားက ချမ်းသာအစစ်လို့မမြင်ဘဲ နိဗ္ဗာန်မှ ချမ်းသာအစစ်လို့ဟောပါတယ်...။


အရူပဈာန်က ဈာန်အင်္ဂါအနေနဲ့ ဘယ်နှစ်ပါးရှိလဲ?

သူက ဉပေက္ခာနဲ့ ဧကဂ္ဂတာဆိုပြီး နှစ်ပါးပဲရှိပါတယ်...။ ရူပပဉ္စမဈာန်နဲ့ အတူတူဖြစ်လို့ အရူပဈာန်စိတ်လေးပါးလုံးကို ပဉ္စမဈာန်ထဲမှာထည့်ထားတယ်...။


ရူပပဉ္စမဈာန် အရူပပဉ္စမဈာန်က ဈာန်အင်္ဂါချင်းအတူတူ ဘယ်မှာ အဓိကခြားနားလဲ?

သူတို့နှစ်ခုက ဈာန်အင်္ဂါတူပေမယ့် စိတ်တစ်ခုချင်း တစ်ခုချင်းမှာ ရှိတဲ့ အာရုံက မတူပါဘူး...။ ပထမစိတ်က ကောင်းကင်ပညတ် ဒုတိယစိတ်က အနန္တဝိညာဏ် တတိယစိတ်က နုတ္တိဘောပညတ် စတုတ္ထက အရူပါဝစရ စိတ်ဖြစ်တာမို့ ရူပဈာန်စိတ်တွေက ဈာန်အင်္ဂါနဲ့သွားပြီး အရူပါဈာန်စိတ်တွေက အာရုံနည်းသွားပါတယ်...။


ဈာန်ဝင်စားနေရင် ဘယ်နှစ်ရက်လောက် ဆက်တိုက်နေနိုင်လဲ?

လူခန္ဓာမှာ ထမင်းအသက်ခုနှစ်ရက် ရေအသက်တစ်မနက်ဆိုတဲ့ စကားအတိုင်း အစာမရှိဘဲနဲ့ အလွန်ဆုံးနေနိုင်တာ 7ရက်ပါ...။ ဈာန်ဝင်စားတယ်ဆိုရင် Limit ကအလွန်ဆုံးခုနှစ်ရက်ပါပဲ...။


နိရောဓ သမာပတ်ဆိုတာ ဘယ်လိုမျိုးလဲ ?

အဟုတ်ရှိတဲ့ နာမ်တရားတွေ ချုပ်ငြိမ်းကုန်တော့ ငြိမ်းအေးမှုသက်သက်နဲ့ အဓိဌာန်ပြုထားတဲ့ ကာလအတွင်း ခန္ဓာဟာ မလှုပ်မရှား ငြိမ်သက်စွာနေတာပါ...။ ဆီး ဝမ်း မသွားဘဲ နေလို့ရတယ်...။ မြင်လွယ်အောင် ပြောရရင် ငါးရံ့တွေဆို ရေခန်းသွားတဲ့ကန်မှာ တစ်နွေလုံးနေကြပေမယ့် မိုးပြန်ရွာတော့ ပြန်ရှင်သန်ကြပါတယ်...။ ဆေးပညာအရ Hibernation လို့ခေါ်တယ်...။ အသက်ရှူနှုန်း သွေးခုန်နှုန်းနဲ့ ခန္ဓာကိုယ်ရဲ့ ကမ္မဇီဝဖြစ်စဉ် metabolism အားလုံး နှေးသွားပြီး ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေ  adaptation ဖြစ်အောင်နေတာပါ...။ နိရောဓသမာပတ်မှာလည်း ဈာန်တန်ခိုး will power ခုနှစ်ရက် အဓိဌာန်ပြုပြီးနေလိုက်တာပါ...။

ရူပဝစရစိတ်က (15)ပါး အရူပဝစရစိတ်က (12)ပါး ဆိုတော့ အားလုံးပေါင်း (27)ပါး သူတို့အားလုံးဟာ အထက်တန်းကျပြီးမြင့်မြတ်တဲ့ ဈာန်စိတ်တွေမို့ Supernormal Consciousness ပါဠိလို မဟဂ္ဂုတ်စိတ်များလို့ခေါ်တယ်...။ ဒီအဆင့်ကို higher mental attainment လို့သုံးတယ်...။ စိတ်သင်တန်းအစက ကာမာဝစရစိတ် (54)ပါး ပေါင်းလိုက်ရင် (81)ပါး ရပါတယ်...။ ဒီစိတ်တွေဟာ ကာမ ရူပ အရူပ လောကသုံးပါးမှာ ကျင်လည်နေတဲ့ လောကီစိတ်တွေပါပဲ....။


မှတ်ချက်။     ။ ခွဲစိတ်ပါမောက္ခ ဒေါက်တာစိန်လင်း၏ ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်ပါသည်...။ ကျွန်မလေ့လာပြီးသလောက် မှတ်သားထားသည်များကို သဘောပေါက်လွယ်အောင် အပိုင်းခွဲပြီး ဆက်လက်ရေးသားဖော်ပြပေးပါဦးမယ်....။ ဓမ္မလက်ဆောင်စာအုပ်ပေးခဲ့တဲ့ ဦး-----ကိုလည်း ဒီပို့စ်နဲ့ကျေးဇူးတင် ကန်တော့လိုက်ပါတယ်...။


Monday, 14 April 2025

Metta Sutta .....




Telegram Channel မှာ ကျနော် Followed လုပ်ထားတဲ့ သုခိတာချောဆီက ကူးယူမျှဝေတာလေးပါ...


""မေတ္တာသုတ်ကို ရွတ်ဖတ်ကြသလို လက်တွေ့လည်း Apply လုပ်ရတော့မယ့် အချိန်အခါပါ ..


ကိုယ်တိုင် အထူးလိုက်နာဖြစ်တာတော့ ဒီအပိုင်းလေးပါပဲ .. 

“ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ .. 

အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ 

ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ “တဲ့ 


ဒီကာလ မှာကိုယ်ဘယ်လောက် ကျင့်သုံးနိုင်လဲ ကိုယ့်ကိုယ်ကို ဆန်းစစ်ဖြစ်ပါတယ် .. 


နပရော ပရံ နိကုဗ္ဗေထ နာတိမညေထ ကတ္ထစိ နကိဉ္စိ ဗျာရောသနာ ပဋိဃသည နာညမညဿ ဒုက္ခမိစ္ဆေယျ။


**တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို ဘယ်လိုအကြောင်းကြောင့်မျှ၊ ဘယ်နေရာမှာမဆို၊ စဉ်းလဲကောက်ကျစ် မကောင်းကြံခြင်း၊ မာန်မာနထောင်လွှားကာ မထီမဲ့မြင် ပြုခြင်း မရှိကြပါစေလင့်။


ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း၊ ဒေါသအာဃာတဖြင့် အချင်းချင်း သူတပါးဒုက္ခရောက်သည်ကို အလိုမရှိကြပါစေကုန်လင့်။ 


Na paro paraṃ nikubbetha, nātimaññetha katthaci naṃ kiñci,


Let none deceive another or despise any being in any state.


Byārosanā paṭīgha-saññā, nāññam-aññassa dukkham-iccheyya.


Let none through anger or ill-will wish harm upon another.


ဒီအချိန်က မေတ္တာပို့နေရမယ့် အချိန်ဆိုတာထက် မေတ္တာသုတ်မှာပါဝင်တဲ့ check list နဲ့ ကိုယ့်ကိုယ်ကို check လုပ်နေရတော့မယ့် အချိန်ဖြစ်နေပါတယ် 


မေတ္တာသုတ် ပါ Check list ကတော့ အောက်ပါ အတိုင်းပါ 


၁) သက္ကောစ - ကုသိုလ်ကောင်းမှု့ကို ပြုလုပ်ရန် စွမ်းနိုင်သူ ဖြစ်ရမည်။ 


(၂) ဥဇူ စ - ကိုယ်ရော နှုတ်ပါ ရိုးသားဖြောင့်မတ် မှန်ကန်သူ ဖြစ်ရမည်။


(၃) သုဟုဇူ စ -စိတ်ဓါတ် ပါ ရိုးသားဖြောင့်မှန်သူ ဖြစ်ရမည်။


(၄) သုဝစော စဿ - ဆိုဆုံးမခြင်းကို နာခံလွယ်သူ ဖြစ်ရမည်။


(၅) မုဒု - ယဥ်ကျေး သိမ်မွေ့ရမည် ။


(၆) အနတိမာနီ - မမောက်မာရ (မာနမကြီးလွန်းရ )။


(၇) သန္တုဿကော - တင်းတိမ်ရောင့်ရဲလွယ်ပြီး ရှိတာနှင့် ကျေနပ်ရမည် ( ဇီဇာမကြောင်ရ )။ 


(၈) သုဘရော စ - မွေးမြူလွယ်ရမည် (​သူများကူညီစောင့်ရှောက်မှု့ကို ကျေနပ်နှစ်သက်နိုင်ရမည်)။


(၉) အပ္ပကိစ္စော စ - ကိစ္စ နည်းပါးရမည် ( မိမိအလုပ်နားသည့်အချိန်မှာ မေတ္တာပွားရန် အချိန်ကို ယူတတ်ရမည်)။


(၁၀) သလ္လဟုက ဝုတ္တိ - ပေါ့ပေါ့ ပါးပါး အသက်မွေးတတ်ရမည် ။


(၁၁) သန္တိန္ဒြိယ - ဣန္ဒြေ သိက္ခာ ရှိရမည် ။


(၁၂) နိပကော စ - ရင့်ကျက်သော အသိပညာဖြင့် ပြည့်စုံအောင် ကြိုးစားရမည် ။


(၁၃) အပ္ပဂဗ္ဘော - ကြမ်းတမ်းခက်ထန်သူ မဖြစ်ရ ။


(၁၄) ကုလေသွ နနုဂိဒ္ဓေါ -ဆွေမျိုး မိတ်ဆွေ တို့အပေါ် တဏှာဖြင့် တွယ်တာမှု့ ကြီးသူ မဖြစ်စေရ ။


(၁၅) န စ ခုဒ္ဒ မာစရေ ကိဉ္စိ ၊ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ - သူများအပြစ်တင် မေးငေါ့ခံရမည့် အပြစ်ပြောစရာ အပြုအမူများကို အသေးအဖွဲက စ၍ မပြုလုပ်ရ ။ တဲ့ 


၁၅ ချက်ရှိပါတယ် .


Being က Doing ထက် ပို အရေးကြီးနေတဲ့ အချိန်ဖြစ်နေလို့ ၂ ခုလုံးကို တပြိုင်ထဲ လုပ်နေပါတယ် .. ""


Cre: Sukhitachaw


https://t.me/sukhitachaw/783

🙏🤎