နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန်
ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား ရှိခိုးကန်းတော့ပါ၏ဘုရား
꧁ ༺ ရောဂါဝေဒနာနဲ့ ဓမ္မဆင်ခြင်မှု | နေ့စဉ် ကိုယ့်စိတ်ကိုယ်စစ် စာမေးပွဲ ༻ ꧂
အမှာစကား : ဒီခန္ဓာကိုယ်ဆိုတာက ရောဂါတွေရဲ့ မှီခိုရာ၊ ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောရှိတဲ့ "ရုပ်ဇာတိ" သက်သက်ပဲ ဖြစ်တယ်။ ဒီအခြေအနေမှာတောင် ဉာဏ်နဲ့ ကြည့်ပြီး တရားကို ရှာနိုင်ပါတယ်။
☐ ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ နာကျင်မှု၊ မအီမသာဖြစ်မှု (ဒုက္ခဝေဒနာ) ကို "ငါ နာတာ"၊ "ငါ့ရောဂါ" လို့ အတ္တစွဲနဲ့ မကြည့်ဘဲ၊ ရုပ်တရားရဲ့ သဘာဝ ဖောက်ပြန်မှု ("ရုပ်ဇာတိ") သက်သက်လို့ ဉာဏ်နဲ့ လက်ခံနိုင်ပြီလား။
☐ ဒီဝေဒနာတွေ ပေါ်လာတယ့်အခါ၊ ဒါတွေကို တွန်းလှန်ချင်စိတ်၊ ပျောက်ချင်စိတ် (ဒေါသ/လောဘ) တွေနဲ့ တုံ့ပြန်မယ့်အစား၊ ဖြစ်ပေါ်လာတဲ့ "ဝေဒနာအရိပ်သဖွယ်" ကို "တည်မြဲ မနေဘူး" ၊ ဖောက်ပြန် ပြောင်းလဲနေတယ်လို့ သဘောထားပြီး ဥပေက္ခာနဲ့ ရှုမှတ်နိုင်ပြီလား။
☐ ရောဂါအခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်စိတ်၊ ကြောက်စိတ်၊ စိတ်ဓာတ်ကျစိတ် (အကုသိုလ်စိတ်) တွေကို သတိထားမိပြီး၊ ဒီစိတ်တွေကိုလည်း "အာရုံအရိပ်" အဖြစ် အတွေးတွေကို စောင့်ကြည့်သတိထားပြီး "မတွေးနဲ့" ကမ္မဋ္ဌာန်းနဲ့ ဖြတ်တောက်နိုင်ပြီလား။
☐ "ငါ ဘာလို့ ဒီလိုဖြစ်ရတာလဲ"၊ "ဘယ်တော့မှ ပျောက်မှာလဲ"၊ "အရင်ကလို ကျန်းမာရင် သိပ်ကောင်းမှာပဲ" စတဲ့ အတိတ်ကိုတမ်းတ၊ အနာဂတ်ကိုစိုးရိမ်တဲ့ အတွေးတွေကို "ကာလသုံးပါးမှာ အမြဲမရှိဘူး" လို့ ဆင်ခြင်ပြီး လက်ရှိ ပစ္စုပ္ပန်အာရုံကို စိတ်ကို ပြန်ပို့နိုင်ပြီလား။
☐ ကိုယ့်ရဲ့ ဝေဒနာ၊ အားနည်းမှုတွေအပေါ် စိတ်ပျက်အားငယ်မယ့်အစား၊ ကိုယ်ခံစားနေရတဲ့ ဝေဒနာတွေကို လက်ခံ သည်းခံပြီး "ခွင့်လွှတ်ပြီး ပြုံး" ပြီး မေတ္တာထားနိုင်ပြီလား။ ကိုယ့်စိတ်ကလေးကို "ခွင့်လွှတ်ပြီး ပြုံး" ပြီး မေတ္တာထားနိုင်ပြီလား ။ ကိုယ့်ကို ပြုစုစောင့်ရှောက်သူတွေအပေါ် ကျေးဇူးတင်စိတ်၊ မေတ္တာစိတ် ပွါးများဖြစ်ရဲ့လား။
☐ ဒီရောဂါဝေဒနာကလည်း အကြောင်းတရားတွေ (အတိတ်ကံ၊ ပစ္စုပ္ပန်အထောက်အပံ့၊ ဥတု၊ အာဟာရ) ကြောင့် ဖြစ်ပေါ်လာတယ်လို့ "အကြောင်းအကျိုး သဘာဝတရား" ကို ဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ပြီလား။ အခြေအနေတွေ အပေါ်အပြစ်တင်နေသေးလား။
☐ "ငါ ကျန်းမာမှ တရားအားထုတ်နိုင်မယ်" ဆိုတဲ့ အစွဲအစား၊ လက်ရှိ အိပ်ရာထဲမှာဖြစ်ဖြစ်၊ နာကျင်နေတုန်းမှာဖြစ်ဖြစ် ပေါ်လာသမျှ အာရုံ (ဝေဒနာ၊ သင်ညာ ၊ အတွေး၊ စိတ်) ကိုပဲ ဝိပဿနာ အရှုခံအဖြစ် အသုံးချနိုင်ပြီလား။
☐ ခန္ဓာကိုယ်ရဲ့ မမြဲတာ၊ ဖောက်ပြန်တာ၊ အားနည်းတာကို မရဏဿတိ (သေခြင်းကို အောက်မေ့တာ) ဉာဏ်နဲ့ ဆင်ခြင်ပြီး၊ မမေ့မလျော့ဘဲ တရားအားထုတ်ချင်စိတ် (အပ္ပမာဒ) တိုးပွားလာပြီလား။
☐ ရုပ်အပေါ်မှာ အစွဲပြုတ်ပြီး "ငါ" ပျောက်သွားကာ၊ သိနေတဲ့ "ရှုမှတ်စိတ်" သက်သက်ပဲ ကျန်တဲ့အထိ (ဒါမှ မဟုတ် သုညတကို ဉာဏ်နဲ့ တွေ့ထိတဲ့အထိ) ဉာဏ်အမြင်ကို ရင့်ကျက်အောင် အားထုတ်ချင်စိတ် ရှိရဲ့လား။
☐ ဘယ်လို ဝေဒနာ၊ ဘယ်လို စိတ်အခြေအနေ ပေါ်လာပါစေ၊ ဒါတွေကို "ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊ ငါ့အတ္တမဟုတ်" (အနတ္တ) လို့ ဉာဏ်နဲ့ ရှုမြင်ပြီး၊ ဒီအရာတွေအပေါ် တွယ်တာမှု၊ စွဲလမ်းမှု ကင်းအောင် လေ့ကျင့်နေပြီလား။
ဒီ စာမေးပွဲဟာ ရောဂါဝေဒနာ ခံစားနေရချိန် ဒါမှ မဟုတ် အိပ်ရာထဲ လဲနေရချိန်တွေမှာ ကိုယ့်ရဲ့ စိတ်အခြေအနေနဲ့ နှလုံးသွင်းမှု မှန်ကန်ရေးကို ဆန်းစစ်ဖို့ အထောက်အကူပြုပါလိမ့်မယ်။ အဓိကကတော့ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် တရားဓမ္မကို လက်ကိုင်ထားပြီး၊ သတိ၊ ပညာ၊ ဥပေက္ခာတို့နဲ့ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ဖြစ်ပါတယ်။
#ဝိမုတ္တိယုဂခေတ်
No comments:
Post a Comment