ရုပ်ပိုင်းဆိုင်ရာဖျားနာခြင်း
ခရီးကပြန်ရောက်ကတည်းက ပင်ပန်းပြီးနေမကောင်းဖြစ် ရုံးခွင့်တစ်ရက်ယူပြီးနားလိုက်ရတယ်...။ ပင်ပန်းတာရယ် ရာသီတုပ်ကွေးရယ်ဆုံသွားတာ....။ အိမ်မှာ ဇိမ်ခံနေသလောက် ခရီးထွက်လိုက်တာ ဟိုရောက်တော့မနားရဘဲ နှစ်ရက်ဆက်တိုက်အိမ်ရှင်းပစ္စည်းသယ်နေတာနဲ့ လူကထိသွားတာထင်တာပဲ ပြီးတော့ သောက်နေကျ immune တက်တဲ့ဆေးတွေတစ်မျိုးမှယူမသွားဖြစ်ဘူး အဲမှာ ဗိုင်းရစ်ကဝင်တော့တာပဲ...။
တကယ်က ပြင်ဦးလွင်မှာ ကိစ္စတစ်ခုအတွက် လက်မှတ်သွားထိုးရင်း ခရီးမထွက်တာကြာလို့ တစ်ပတ်လောက်နေမယ်ဆိုပြီး လေယာဉ်လက်မှတ်တောင်အသွားအပြန်ကြိုဖြတ်ထားတာ...။ အေးဆေးလဲနားရမယ်ထင်လိုက်တာ....။ လူကြီးတွေပါတော့ သူတို့နောက်လိုက်ရတာနဲ့ မနားရ...။ ကိုယ့်ဘာသာကိုယ်တစ်ယောက်ထဲဆို အလုပ်ကိစ္စပြီးတာနဲ့ ပြင်ဦးလွင်ထက် မန္တလေးမှာဆင်းပြီး စားချင်တာတနေကုန်လျှောက်စားမယ်တေးထားတာပဲ...။ မောင်ဘကြိုင်နဲ့တောင်တွေ့ကြမယ်ပြောထားသေးတာ နောက်တော့အလုပ်ရှိတာနဲ့ ရန်ကုန်အားချင်းပြန်လာရတာ...။ ဒီနေ့မှ နေပြန်ကောင်းလို့ အလုပ်ပြန်တက်....။
ပြီးတော့ ကျနော်က အေးတဲ့ရာသီမကြိုက်တဲ့သူ ပြင်ဦးလွင်မှာသိပ်တော့မအေးပါဘူး အနွေးထည်ပါးပါးတောင် ခနလေးပဲဝတ်ရတာ...။ မိုးအုံ့အုံ့ ခြောက်ကပ်ကပ်နဲ့ မန်းလဲအတူတူပဲ သူကရန်ကုန်မှာမိုးအုံ့တာနဲ့မတူဘူး...။ ရန်ကုန်မှာက စိုစိုပြေပြေလေးရှိသေးတယ်....။ ကျနော်တောင်ပေါ်ဒေသမှာမွေးပေမယ့် ရန်ကုန်ရာသီဥတုကိုပဲကြိုက်တယ် ကမ်းခြေဒေသကိုပဲနှစ်သက်တယ် ပင်လယ်ကမ်းစပ်မှာနေရတာကိုပဲ မွေ့လျော်တယ်...Pisces ငါးလေးမို့ထင်တယ်...။
ဒီတစ်ခါဖြစ်ကြတဲ့ တုတ်ကွေးက တော်တော်ခံရခက်တယ် တစ်ကိုယ်လုံးညောင်းပြီးနာကျင်ကိုက်ခဲ ခေါင်းပါကိုက်တာ မျက်လုံးတွေထဲက အပူတွေထွက်....။ ဆေးရုံဆေးခန်းတွေဆိုသည်မှာလည်း လူတွေကြိတ်ကြိတ်တိုးနေတာ အော် ငါတို့တိုင်းပြည်ကြီးအကုန်ဖျားနာနေကြတာပါလား...။ အရူးခုံပေါ်တက်ထိုင်လိုက်တာနဲ့ အဖက်ဖက်ဒေါင့်ပေါင်းစုံက ထိခိုက်နစ်နာမှုတွေ တစ်တိုင်းပြည်လုံးမီးခိုးကြွက်လျှောက် လိုက်တာ လိုက်တာဆိုတာ...။
ကျနော်ကတတော့ ထုံးစံအတိုင်း Antibiotic တွေသောက်ရတယ် ဗိုက်တာမင်စီတွေသောက်ရတယ် ကျန်တဲ့နေ့စဉ်သောက်နေကျ ဗိုက်တာမင်ဒီနဲ့ ငါးကြီးဆီတွေကတော့မပါမဖြစ်ပေါ့....။ လက်ဖက်ခြောက်သံပုရာသီးခတ်အရည်ပူပူလေးသောက်တယ် ကြက်ဥစားတယ်...။ ဒီလောက်ပါဘဲ အခုတော့ လန်းနေပါပြီ... 😍
အားလုံးကျန်းမာရေးဂရုစိုက်ကြပါ.....❤
စိတ်ပိုင်းဆိုင်ရာဖျားနာခြင်း
တစ်ခုသတိထားမိတာ ခရီးကပြန်လာကတည်းက ကျနော့် dark side လွှမ်းမိုးတာခံနေတယ်...။ Pisces တွေရဲ့ dark side တွေကို သွားရှာဖတ်တော့မှ ငါးကလေးနှစ်ကောင်က ရာသီခွင်တွေအားလုံးထဲမှာ very dangerous တွေဆိုတာသိရတယ်....။ ကျနော်အဲစိတ်တွေကို ပြန်ပေါ်မလာအောင် ထိန်းရတော့မယ်....။ မမြင်နိုင်တဲ့ ကျနော့်ရဲ့ စိတ်ပါဝါတွေက Energy အရမ်းကောင်းတဲ့အချိန်တွေဆို စိတ်ထဲကဖြစ်ချင်တဲ့အရာက လက်တွေ့မှာတကယ်ဖြစ်ဖြစ်နေတာသိရတော့ ကိုယ့်ကိုယ်ကိုကြောက်လာသလို ငါ့စိတ်စွမ်းအင်ကတကယ်အားကောင်းတာပဲလို့လဲ တစ်ဖက်ကသွေးနားထင်ရောက်နေတာ..။ ဒါကြောင့် အာဏာပါဝါလက်ထဲရှိတာနဲ့ လူတွေ စိတ်ပြောင်းတတ်ကြတာကိုး...။ ကျနော်အခုဖြစ်နေတာက အကုသိုလ်စိတ်တွေ မကောင်းမှန်းသိလိုက်တာနဲ့ ကျနော်ကိုယ့်စိတ်ကိုယ်တားတယ် ငါဒီလိုဖြစ်နေတာ မကောင်းဘူးဆိုတာသိတယ် လွတ်ထွက်သွားတဲ့ချိန်ဆိုပြန်လုပ်မိပြန်တယ် လွန်ဆွဲနေတာ အဲဒါပြီးခဲ့တဲ့ နှစ်ရက်လောက်က အဲလိုဖြစ်နေတာ...။
ကျနော်မွေးကတည်းက အခုလောက်ထိမျိုး တစ်ခါမှမကောင်းတဲ့စိတ်မဖြစ်ဖူးဘူး...။ အခုက လူတစ်ယောက်ရဲ့အသက်သေစေတဲ့အထိ ကျနော်က စိတ်နဲ့မှန်းပြီးသတ်နေတာမျိုး...။ အမုန်းတရားက ကြောက်စရာတော့ကောင်းတယ်...။ အိန်ဂျယ်နံပါတ်(12) ကျနော့်ကို ပညာပြနေတာလို့သိနေတယ်...။ တော်ပြီ ကျနော်ပျော်ပျော်ပဲနေချင်တယ် ကျနော့်စိတ်ကိုလာကလိမယ့်အနှောက်အယှက်ပေးမယ်ထင်တဲ့ အရာတွေကို တတ်နိုင်သလောက်ရှောင်တော့မယ်...။ ကျနော့်ကြောင့် ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူး....။
No comments:
Post a Comment