ကျွန်မဘဝမှာ ပထမဦးဆုံးသော ဘိုမရုပ်ကလေး..။ မေမေ ဟိုဖက်ကမ်း(မယ်ဆိုင်)မှာ ဈေးသွားဝယ်တော့ ကျွန်မအတွက်ဝယ်လာပေးခဲ့တာ...။ ဆယ်လက်မလောက်ပဲမြင့်တဲ့ ဘိုမရုပ်လေးက လှဲအိပ်ထားရင် မျက်တောင်တွေက သူ့အလိုလိုမှိတ်သွားတယ် ပြန်ထောင်လိုက်ရင် မျက်လုံးလေးပွင့်လာတယ်..။ မျက်ဆံပြာပြာ ဇာဖဲပြားကြိုးလေးနဲ့နှစ်ဖက်ခွဲပြီးချည်ထားတဲ့ ရွှေရောင်ဆံပင်ကလေး ဂါဝန်လေးနဲ့ ...ဂါဝန်အရောင်လေးကို ကျွန်မ မမှတ်မိတော့ဘူး..။ ကျွန်မ ကလေးဘဝတုန်းက တစ်ခုတည်းသော အရုပ်ကလေးပေါ့...။ တနေ့တနေ့ ပျဉ်အိမ်နောက်ဖက်မှာ သင်ဖျူးလေးခင်းပြီး ဆော့လိုက်ရတာ အမောပေါ့..။ တခါတလေ တစ်ယောက်တည်း တခါတခါ သူငယ်ချင်းနန်းဖေါင်းနဲ့ဆော့ကြတယ်...။ အဲအရုပ်အပြင် အိုးပုပ်တွေဘာတွေကလည်း အများကြီးပေါ့..။ ကစားစရာတွေကို ဆော့ပြီးမသိမ်းဘဲ ဒီတိုင်းပစ်ထားလို့ဆိုပြီး အဖွားက ကျွန်မ ကစားစရာတွေ ပလဲထားတဲ့ သင်ဖျူးဖျာကို ဒီတိုင်းလိတ်ပြီး အရုပ်တွေရော အိုးပုပ်တွေရော အကုန်အမှိုက်ပုံးထဲထည့်ပစ်တယ်...။ အဲတုန်းက အမှိုက်ကို ချောင်းထဲပဲ သွားသွန်ပစ်လိုက်တာဆိုတော့ ကျွန်မဘိုမလေး ရေနစ်ရှာရောပေါ့...။ ကောင်းကံထောက်မစွာ တယောက်ယောက်က ကောက်ရပြီး ကျွန်မလိုပဲ သူ့ကိုချစ်ခင်ယုယစွာဆော့ကစားမယ့် ပိုင်ရှင်အသစ်လေးနဲ့ တွေ့ပါစေ..။ ကျွန်မ ဘိုမရုပ်ကလေး ပါသွားခဲ့တယ်...။ မေမေကလဲ ထပ်မဝယ်ပေးတော့ဘူး...။ အဲချိန်တုန်းက သိပ်မမှတ်မိတော့ပေမယ့် ကျွန်မတော်တော်လေး စိတ်ထိခိုက်သွားခဲ့တယ်....။ ကိုယ်အကြိုက်နှစ်သက်ဆုံး အရုပ်ကလေးကို အဖွားက အဲလိုလုပ်ပစ်လိုက်တာကိုးး...။ အဖွားတို့စိတ်ကတမျိုးပဲ ကွန်မြူနစ်ရဲ့အငွေ့အသက်တွေက လွှမ်းတုန်းကိုးး..။ တစ်ဦးတည်းသော မြေးလေးဆိုပြီးလဲ တယုတယကြင်နာရကောင်းမှန်းမသိဘူး...။ အလိုလိုက်ရကောင်းမှန်းမသိဘူးပေါ့..။ အဖိုးကျတော့ အဖွားလောက်မဆိုးဘူး မုန့်ဖိုးပေးတယ် လိုချင်တာရှိလဲ ပူဆာလို့ရတယ်...။
ကျွန်မတို့အိမ်ရှေ့ဘေးဖက်အဖီလေးမှာ အုပ်ကျင်းရွာက မကွေးသားဦးမင်းကြည်တို့ညီအစ်ကိုတွေ အငှားယူပြီး အပ်ချုပ်ဆိုင်ဖွင့်တယ်...။ ယောက်ျားအဝတ်အစားတွေ အဓိက စစ်တပ်က စစ်ဝတ်စုံတွေကိုချုပ်တာများတယ်...။ နေ့လည်နေ့ခင်းဆို ကျွန်မက အဲဦးလေးတွေဆိုင်နားမှာ ရစ်သီရစ်သီနဲ့ မကွေးထွက်ကပ်ကြေးကြီးတွေနဲ့ သူတို့ပိတ်စညှပ်တာကို ကြည့်တယ်။ အဲက ပိုထွက်လာတဲ့ ပိတ်စအပိုင်းအစတွေကိုယူပြီး အရုပ်လုပ်တယ်...။ ပိတ်ဖြူလေးကိုလိတ် ထက်ပိုင်းခေါက်လိုက်တယ် ပြီးတော့ချိုးထားတဲ့ထက်ပိုင်းအလည်မှာ နောက်ထပ် ပိတ်လိတ်လေး ထပ်ထည့်တော့ အရုပ်က ကိုယ်နဲ့လက်နဲ့ဖြစ်သွားပြီ...။ ဦးမင်းကြည်က ပန်းချီလဲဆွဲတော့ ကျွန်မအရုပ်ကို မျက်လုံးတွေ မျက်တောင်ကော့ကော့လေးတွေ ပါးစပ်တွေဆွဲပေးတယ်..။ အပ်ချည်အနက်နဲ့ ဆံပင်တွေထည့်ပေးတယ်...။ ကျွန်မလေ..အရုပ်ကလေးကို သိပ်သဘောကျတာပဲ...။ ပိတ်အစအရောင်တွေ အပွင့်အကွက်တွေကို ဦးမင်းကြည်တို့ အမိှုက်ထုပ်ထဲသွားမွှေပြီး ရွေးယူ အရုပ်မလေးအတွက် ဂါဝန်တွေ အကျီၤတွေ ထမီတွေလုပ်ပေးတယ်...။ ကပ်ကြေးနဲ့ကွကိုယ် ဂါဝန်ပုံတွေညှပ် လည်ပင်းပေါက်ဖောက်ပြီး ဝတ်ပေးနဲ့ ဟုတ်လို့ပဲ...။ အဲလို ငယ်ကတည်းက ဖက်ရှင်ဝါသနာက မသေးခဲ့ဘူး...။
ကျွန်မတို့မိသားစုနေတဲ့ အိမ်က အဖိုးတို့အုတ်တိုက်(နှစ်ထပ်အိမ်ကြီး)မဆောက်ခင်က ယာယီဆောက်ထားတဲ့ ပျဉ်ချပ်တွေနဲ့သစ်သားအိမ်လေးပါ...။ နေ့လည်ဖက် ကျွန်မက အဲသစ်သားအိမ်အပေါ်ထပ်မှာပဲဆော့လေ့ရှိတယ်...။ ခုနကပြောတဲ့ ပိတ်စအရုပ်ကလေးတွေကို အိမ်ဆောက်ပေးတယ် ဧည့်ခန်းမှာ စားပွဲထိုင်ခုံတွေလုပ်ပေးတယ်...။ မေမေတို့ဈေးရောင်းထဲထဲက မလိုတော့တဲ့ ကပ်ထူစက္ကူဗူးတွေကို အိမ်လုပ် အဲကပ်ထူနဲ့ပဲ လှေကားထစ်တွေချိုး စားပွဲထိုင်ခုံလုပ်တယ် အခန်းတွေကန့်တယ် ကုတင်လေးတွေလုပ်ပေးတယ်...။ ကျွန်မအရုပ်မလေးကလေ ကျွန်မလုပ်ပေးလို့ အိမ်တဆောင်မီးတပြောင်နဲ့ကို တခမ်းတနားနေရတာပါ...။ ဗလာစာအုပ်အဟောင်းတွေထဲက စက္ကူတွေကို အမျှင်လေးတွေညှပ် ပေတံနဲ့လိမ်အောင် ဆွဲဆန့်တယ်.. အဲဒီစက္ကူပန်းစည်းတွေကို အရုပ်မလေးရဲ့ ဧည့်ခန်းမှာ ပန်းအိုးထိုးထားပေးသေးတယ်...။ အရုပ်တွေနဲ့စကားပြောလိုက် ဆော့လိုက်ပါပဲ...။ ကျွန်မဟာ တော်တော်တော့ အဆော့မက်ခဲ့တဲ့ ကလေးမလေးပါ...။ တောမှာ ကလေးဘဝလေးကို ဖြတ်သန်းခဲ့ရလို့လည်း သိပ်ကျေနပ်တာပဲ...။ မြေကြီးတွေ သဲတွေနဲ့ဆော့ရတယ် သစ်ပင်တက်တယ် တောတွေတောင်တွေ လယ်တွေထဲ လျှောက်သွားရတယ် လူကြီးတွေမသိအောင် မြစ်တွေချောင်းတွေထဲ ဆင်းကူးခဲ့လို့လဲ ရေကူးအလိုလို တတ်သွားခဲ့တယ်...။ သဘာဝတောတောင်ရေမြေနဲ့ ထိစပ်ခဲ့ရလို့ ကျေနပ်မိတယ်...။ ဒါနဲ့တင် လူဖြစ်ရကျိုးက တဝက်နပ်သွားပါပြီ...။
အဲအရုပ်ပိစိကွေးလေးဆော့ပြီး တဆင့် ခေါင်းအုံးတွေ ခွအုံးတွေကို အနှီးတွေအဝတ်တွေပတ်ပြီး ကလေးလုပ်ကစားသေးတယ်...။ ကလေးအမေကလဲလုပ်သေးတာ ဗိုက်ထဲ ခေါင်းအုံးလေးထည့် ဗိုက်ကြီးသည်လုပ်... ကလေးမွေး အဲကလေးကို အနှီးလေးပတ်ပေး ကလေးကို ပုခက်ထဲထည့်သိပ်ရနဲ့ပေါ့ အို...စုံနေအောင်ဆော့တာပါပဲ...။ အဲ နောက်ပိုင်း နဲနဲကြီးလာတော့ အရုပ်ထက် အိုးပုပ်တွေဆော့တယ် ဟင်းချက်တယ် တကယ့်မီးနဲ့ချက်တယ် ဖယောင်းတိုင်မီးမွှေးပြီး ဖယောင်းခဲတွေနဲ့ဆီလုပ် သစ်ရွက်စိမ်းလေးတွေကိုကြော်တယ်...။ သစ်ရွက်နုလေးတွေကို ပါးပါးလှီးပြီး ခေါက်ဆွဲလုပ်တယ်...။ ခေါက်ဆွဲရေဖျော်ဖို့ ဇကာစစ်ကို ပုလင်းအဖုံးတခု ကိုအပေါက်လေးတွေဖောက် ဝါးချောင်းသေးသေးကိုထိပ်လေးခွဲပြီး အဲအဖုံးမှာညှပ်လိုက်တယ် ဒါဆိုလက်ကိုင်လေးဖြစ်သွားပြီ ။ မြေနီတွေကိုအရည်ဖျော်ပြီး လက်ဖက်ရည် လုပ်ရောင်းတယ်...။ ခြံနောက်ဖေးက နွေဦးမပေါက်ခင် သရက်ပွင့်လေးတွေမွှေးလာကြပြီဆို သရက်ပွင့်ကြွေလေးတွေဟာလည်း ကျွန်မတို့အိုးပုပ်ကစားစရာအတွက် ဟင်းတစ်မယ်ဖြစ်ခဲ့တယ်..။ ခြံစည်းရိုးနားက ဘောင်ဘောင်သီး (အဲလိုခေါ်တယ်ထင်တာပဲ ဝါးပြောင်းထဲထည့်ပြီး သေနပ်ပစ်သလိုဖေါက်ကြတာလေ) အဲအသီးမှည့်ပြီဆို ခူးပြီး ရည်ထဲထည့်စိမ်ထားရင် ပန်းခရမ်းရင့်ရောင်လေးရတယ် အဲဒါကို ဖျော်ရည်လေးလုပ်တယ်..။ သူ့အရွက်ကိုချေပြီး ရေဖျော်ရင်လဲ ချွဲပစ်ပစ်အစိမ်းရောင်အရည်ရတယ် သူ့ကိုလည်း ဖျော်ရည်လုပ်ပေါ့...။ အဲကတည်းက ဟင်းချက်ဝါသနာဆိုတာလည်း ပါလာခဲ့ပြီလေ...။ ကျွန်မ အိုးပုပ်ကို ဆယ်တန်းအောင်တဲ့အထိ ကစားခဲ့တယ်ဆို ယုံကြမလား...။ ဆယ်တန်းအောင်လို့ အိမ်ကိုခြောက်လပြန်နေတော့ ညီမလေးနဲ့အိမ်မှာဆော့သေးတယ်...။ ကျွန်မနဲ့ ကျွန်မညီမအငယ်ဆုံးက ကိုးနှစ်ကျော်ဆယ်နှစ်ကွာပါတယ်။
လွန်ခဲ့တဲ့ ဆယ်ရှစ်နှစ်ကျာ်လောက်က မေမေ စလုံးမှာ အလုပ်သွားလုပ်တော့ အရုပ်ကြိုက်တဲ့ ကျွန်မကို မေမေက Mc.Donald မှာ မုန့်တွေဝယ်စားပြီး ဘာဘီရုပ်လေးရအောင်ယူခဲ့ပေးတယ်...။ အဲဘာဘီရုပ်လေးကို ကျွန်မခုထိသိမ်းထားတုန်းပဲ...။ ကျွန်မငယ်ငယ်က အဖွားအမှိုက်ပုံးထဲစွန့်ပစ်လိုက်တဲ့ ဘိုမရုပ်ထက်တော့ ပိုလှပိုချောပိုခေတ်မှီပေါ့...။ ကျွန်မဟာ အရုပ်ဆော့ရမယ့်အရွယ်မဟုတ်တော့ပေမယ့် ဘာဘီလေးကိုကြည့်ပြီး ငယ်စဉ်က ကျွန်မရဲ့ ဘိုမလေးကို တော်တော်လေးလွမ်းသွားခဲ့တယ်...။ ဘာပဲဖြစ်ဖြစ် ဘိုမလေးဟာ ပထမဦးဆုံး ကျွန်မကလေးဘဝမှာ ကျွန်မစိတ်ချမ်းသာပျော်ရွှင်ဖို့ ကျွန်မအတွက် ကစားဖော်လေးအဖြင့် အချိန်အတိုင်းတာတစ်ခုထိ ဖြည့်ဆည်းပေးနိုင်ခဲ့လို့လေ...။
မိုးငွေ့

















