ဒီညတိမ်တွေ...ငြိမ်ငြိမ်ကလေးရပ်နေတာရုပ်ဆိုးတယ်........တိမ်တွေဆိုတာ ရွေ့လျားနေမှလှတာ......
တိမ်တွေ ငြိမ်ငြိမ်လေးရပ်နေတာကိုကြည့်ရတာ ခံစားရတယ်......
အဲဒီစကားလေးတွေကို စိတ်ကူးယဉ်ဆန်တဲ့ လူငယ်လေးတစ်ယောက်ဆီကကြားလိုက်ရတာ...... ဟိုးငယ်စဉ်က ပုဇွန်ဆီရောင်တိမ်တွေကိုပြန်ပြီးအမှတ်ရမိတယ်.....။ အဲဒီတုန်းက သံတံတားဘောင်ပေါ်ကနေ ညနေ နေဝင်ချိန် တိမ်တွေ အရောင်ပြောင်းတာကို ထိုင်ကြည့်ရတာ သိပ်လှတာပဲ.....။ နေဝင်ချိန်တိမ်တောက်တဲ့အခါလို့တောင် ဆိုရိုးရှိခဲ့တာလေ......။ အဲဒီတုန်းက မြင်ဖူးတဲ့ တိမ်လောက်လှတာမရှိဘူး...။ ကိုယ်မှတ်မိသလောက် ကိုယ့်အသက်ဆယ့်ခုနှစ်နှစ်တုန်းကပေါ့......။
နောက်ပိုင်းတော့ တိမ်တွေကို သိပ်မကြည့်ဖြစ်တော့တာ နှစ်ပေါင်းတော်တော်ကြာသွားတယ်ထင်တယ်....။ ကြည့်မိတဲ့ တိမ်တွေကလဲ ခဲသားရောင် အရင့်အဖျော့တွေများတယ်........။ တခါတလေမှသာ ဖွေးဖွေးတောက်တောက်တိမ်ဖြူတွေကိုမြင်ရတတ်တာ......။ ငယ်တုန်းကတော့ တိမ်တွေပုံစံအမျိုးမျိုးပြောင်းတာကို ထိုင်ကြည့်ဖို့အချိန်ရခဲ့တာကိုး....။ တကယ့်ဘဝထဲကို ထဲထဲဝင်ဝင်ရောက်သွားပြီးတဲ့နောက်ပိုင်းမှာ ....တိမ်ဆိုတာကို မိုးကောင်းကင်မှာ တစ်နေ့တစ်ခါတောင် မော့မကြည့်ဖြစ်တော့ဘူး.....။
ခရီးသွားတဲ့အခါကားစီးရင်းကားမှန်ပြူတင်းကကြည့်ဖြစ်တယ်.....။ လေယာဉ်စီးဖြစ်ရင်လည်း လေယာဉ်ပြူတင်းကနေ တိမ်မွေ့ယာတွေကိုကြည့်ဖြစ်တယ်.....။ တိမ်တွေပုံစံမျိုးစုံပဲ.... ပန်းပွင့်ပုံအဆုပ်လိုက်ရော...။ ထွန်ယက်ထားတဲ့ လယ်ကွက်လိုပုံမျိုးရော....လေနှင်ရာ တရိပ်ရိပ်ပြေးလွှားရွေ့လျားနေပုံ သိပ်ကိုလှပါတယ်......။ ပြီးတော့ မခဥမရဲ့ ဘလော့မှာ တိမ်ပုံတွေကို ခဏခဏတွေ့ဖြစ်တယ်....။ မကွန်ကတော့ အချိန်ပေးပြီးတော့ကို တိမ်တွေကို နေ့ဘက်ပုံရော ညဘက်ပုံတွေပါ ဓါတ်ပုံမှတ်တမ်းတင်လေ့ရှိတယ်...။ တိမ်တွေကိုချစ်တတ်တဲ့ သူ့စိတ်ကို အဲဒီပုံတွေက ဖော်ပြတာ....။
တခါတလေ စိတ်ကူးလေးနဲ့ ငှက်တစ်ကောင်လို ဟိုးးး အမြင့်ကိုပျံသန်းပြီး တိမ်တွေဆီ ပျံဝဲလိုက်ချင်တယ်.....။ တိမ်စိုင်အိအိထွေးထွေးလေးပေါ်မှာ အိပ်စက်နားယူလိုက်ချင်တယ်.....။ တိမ်တွေပေါ်လမ်းလျှောက်ချင်တယ်.......။ တိမ်တွေကိုခိုစီးရသလိုခံစားမှုမျိုးကိုကြိုက်တယ်.......။ တိမ်တွေအကြောင်းကိုစာရေးမယ်.... ကဗျာတွေစပ်မယ်..။ တိမ်တွေကိုချစ်တဲ့သူက စိတ်ကူးယဉ်ဆန်တဲ့သူဖြစ်တယ်.... မခဥမလိုပေါ့....။ ကိုယ်စိတ်ချမ်းသာရင်ပြီးတာပဲ ဘယ်သူ့မှထိခိုက်တာမဟုတ်တာနော်... စိတ်ကူးယဉ်တယ်ဆိုတာ....။
တခါတုန်းက တက္ကသိုလ်ကျောင်းက သူငယ်ချင်းတစ်စုနဲ့ တန်ခိုးကြီးတောင်ပေါ်ဘုရားတစ်ဆူ သွားဖူးကြရင်း ညဘက်ကြီး တောင်ပေါ်မှာ မိုးတွေရွာ တိမ်ငွေ့တွေ အဆုပ်လိုက် အဆုပ်လိုက်ကိုယ့်နားကနေ ဖြတ်ဖြတ်သွားတာ... အံ့သြထူးဆန်းစွာကြုံခဲ့ဖူးတယ်........။ အေးခနဲ စိမ့်ခနဲခံစားမှုနဲ့ အဲတစ်ညလုံးမအိပ်တော့ဘူး တိမ်တွေကိုပဲထိုင်ကြည့်မိတော့တယ်......။ တော်တော်စိတ်ဝင်စားစရာကောင်းတယ်....။
တိမ်တွေကိုချစ်တတ်တဲ့သူတွေဟာ တိမ်တွေလိုနူးညံ့တတ်သူလား.....???
ဒါမှမဟုတ် ........
တနေရာတည်းမှာရပ်မနေဘဲ တရွေ့ရွေ့ပြေးလွှားနေတတ်သူလား.......??
လူတိုင်း......ဘဝအမောတွေကိုပြေစေဖို့ တိမ်တွေဆီကို တခါတရံသွားမိကြမယ်ထင်ပါတယ်..........။
မိုးငွေ့









