Tuesday, 29 November 2011

တိမ်တွေဆီ.....






ဒီညတိမ်တွေ...ငြိမ်ငြိမ်ကလေးရပ်နေတာရုပ်ဆိုးတယ်........တိမ်တွေဆိုတာ ရွေ့လျားနေမှလှတာ...... 

တိမ်တွေ ငြိမ်ငြိမ်လေးရပ်နေတာကိုကြည့်ရတာ ခံစားရတယ်......

အဲဒီစကားလေးတွေကို စိတ်ကူးယဉ်ဆန်တဲ့ လူငယ်လေးတစ်ယောက်ဆီကကြားလိုက်ရတာ...... ဟိုးငယ်စဉ်က ပုဇွန်ဆီရောင်တိမ်တွေကိုပြန်ပြီးအမှတ်ရမိတယ်.....။ အဲဒီတုန်းက သံတံတားဘောင်ပေါ်ကနေ ညနေ နေဝင်ချိန် တိမ်တွေ အရောင်ပြောင်းတာကို ထိုင်ကြည့်ရတာ သိပ်လှတာပဲ.....။ နေဝင်ချိန်တိမ်တောက်တဲ့အခါလို့တောင် ဆိုရိုးရှိခဲ့တာလေ......။ အဲဒီတုန်းက မြင်ဖူးတဲ့ တိမ်လောက်လှတာမရှိဘူး...။ ကိုယ်မှတ်မိသလောက် ကိုယ့်အသက်ဆယ့်ခုနှစ်နှစ်တုန်းကပေါ့......။

နောက်ပိုင်းတော့ တိမ်တွေကို သိပ်မကြည့်ဖြစ်တော့တာ နှစ်ပေါင်းတော်တော်ကြာသွားတယ်ထင်တယ်....။ ကြည့်မိတဲ့ တိမ်တွေကလဲ ခဲသားရောင် အရင့်အဖျော့တွေများတယ်........။ တခါတလေမှသာ ဖွေးဖွေးတောက်တောက်တိမ်ဖြူတွေကိုမြင်ရတတ်တာ......။ ငယ်တုန်းကတော့ တိမ်တွေပုံစံအမျိုးမျိုးပြောင်းတာကို ထိုင်ကြည့်ဖို့အချိန်ရခဲ့တာကိုး....။ တကယ့်ဘဝထဲကို ထဲထဲဝင်ဝင်ရောက်သွားပြီးတဲ့နောက်ပိုင်းမှာ ....တိမ်ဆိုတာကို မိုးကောင်းကင်မှာ တစ်နေ့တစ်ခါတောင် မော့မကြည့်ဖြစ်တော့ဘူး.....။

ခရီးသွားတဲ့အခါကားစီးရင်းကားမှန်ပြူတင်းကကြည့်ဖြစ်တယ်.....။ လေယာဉ်စီးဖြစ်ရင်လည်း လေယာဉ်ပြူတင်းကနေ တိမ်မွေ့ယာတွေကိုကြည့်ဖြစ်တယ်.....။ တိမ်တွေပုံစံမျိုးစုံပဲ.... ပန်းပွင့်ပုံအဆုပ်လိုက်ရော...။ ထွန်ယက်ထားတဲ့ လယ်ကွက်လိုပုံမျိုးရော....လေနှင်ရာ တရိပ်ရိပ်ပြေးလွှားရွေ့လျားနေပုံ သိပ်ကိုလှပါတယ်......။ ပြီးတော့ မခဥမရဲ့ ဘလော့မှာ တိမ်ပုံတွေကို ခဏခဏတွေ့ဖြစ်တယ်....။ မကွန်ကတော့ အချိန်ပေးပြီးတော့ကို တိမ်တွေကို နေ့ဘက်ပုံရော ညဘက်ပုံတွေပါ ဓါတ်ပုံမှတ်တမ်းတင်လေ့ရှိတယ်...။ တိမ်တွေကိုချစ်တတ်တဲ့ သူ့စိတ်ကို အဲဒီပုံတွေက ဖော်ပြတာ....။

တခါတလေ စိတ်ကူးလေးနဲ့ ငှက်တစ်ကောင်လို ဟိုးးး အမြင့်ကိုပျံသန်းပြီး တိမ်တွေဆီ ပျံဝဲလိုက်ချင်တယ်.....။ တိမ်စိုင်အိအိထွေးထွေးလေးပေါ်မှာ အိပ်စက်နားယူလိုက်ချင်တယ်.....။ တိမ်တွေပေါ်လမ်းလျှောက်ချင်တယ်.......။ တိမ်တွေကိုခိုစီးရသလိုခံစားမှုမျိုးကိုကြိုက်တယ်.......။ တိမ်တွေအကြောင်းကိုစာရေးမယ်.... ကဗျာတွေစပ်မယ်..။ တိမ်တွေကိုချစ်တဲ့သူက စိတ်ကူးယဉ်ဆန်တဲ့သူဖြစ်တယ်.... မခဥမလိုပေါ့....။ ကိုယ်စိတ်ချမ်းသာရင်ပြီးတာပဲ ဘယ်သူ့မှထိခိုက်တာမဟုတ်တာနော်... စိတ်ကူးယဉ်တယ်ဆိုတာ....။

တခါတုန်းက တက္ကသိုလ်ကျောင်းက သူငယ်ချင်းတစ်စုနဲ့ တန်ခိုးကြီးတောင်ပေါ်ဘုရားတစ်ဆူ သွားဖူးကြရင်း ညဘက်ကြီး တောင်ပေါ်မှာ မိုးတွေရွာ တိမ်ငွေ့တွေ အဆုပ်လိုက် အဆုပ်လိုက်ကိုယ့်နားကနေ ဖြတ်ဖြတ်သွားတာ... အံ့သြထူးဆန်းစွာကြုံခဲ့ဖူးတယ်........။ အေးခနဲ စိမ့်ခနဲခံစားမှုနဲ့ အဲတစ်ညလုံးမအိပ်တော့ဘူး တိမ်တွေကိုပဲထိုင်ကြည့်မိတော့တယ်......။ တော်တော်စိတ်ဝင်စားစရာကောင်းတယ်....။

တိမ်တွေကိုချစ်တတ်တဲ့သူတွေဟာ တိမ်တွေလိုနူးညံ့တတ်သူလား.....???
ဒါမှမဟုတ် ........
တနေရာတည်းမှာရပ်မနေဘဲ တရွေ့ရွေ့ပြေးလွှားနေတတ်သူလား.......??

လူတိုင်း......ဘဝအမောတွေကိုပြေစေဖို့ တိမ်တွေဆီကို တခါတရံသွားမိကြမယ်ထင်ပါတယ်..........။


မိုးငွေ့

Sunday, 27 November 2011

ရေတံခွန်နဲ့တူသောသူ........





ဘာလို့လဲ မသိဘူး အဲဒီကောင်လေးကိုစတွေ့ကတည်းက ရေတံခွန်ကစီးကျလာတဲ့ ရေကြည်ရေပေါက်တွေလိုပဲ ခံစားမိတယ်....။ ကြည်ကြည်လင်လင်လေး...။ သန့်သန့်ရှင်းရှင်းလေး...။

သူနဲ့ကိုယ်တို့ရဲ့ ငယ်စဉ်ဘဝလေး နဲနဲခပ်ဆင်ဆင်တူတယ်....။ မောင်နှမလေးယောက်ရှိတာချင်းရော အကြီးဆုံးဖြစ်တာရော... မောင်နှမလေးယောက်မှာ မိန်းကလေးနှစ်ယောက် ယောကျာ်းလေးနှစ်ယောက် ဖြစ်နေတာရော.....။ ရွာမှာနေပြီး ကြီးပြင်းခဲ့တာချင်းရောပေါ့.........။ ဒီလိုပါပဲ လူ့ဘဝဆိုတာ ဘယ်အရွယ်ရောက်ရောက် ရုန်းကန်လှုပ်ရှားရတာချည်းပါပဲ..။ ဘာမှမလုပ်ရမကိုင်ရဘဲ သာသာယာယာနဲ့ ဘဝကြီးကိုဖြတ်သန်းရမယ် ဆိုရင် တော်တော်တော့ ပျင်းစရာကောင်းမယ်.....။

သူကရေတံခွန်နဲ့တူတယ်.....။ အောက်က ရေအိုင်ထဲကိုမရောက်ခင်အထိတော့ ဝုန်းဒိုင်းကျဲပြီး ခုန်ဆင်းကျလာတယ်....။ အောက်လဲရောက်ရော....ရေအိုင်လေးက တည်တည်ငြိမ်ငြိမ်ကလေးဖြစ်သွားတယ်..။ ရေကျတဲ့အရှိန်နဲ့မို့လဲ ရေအိုင်ကနက်နဲစိမ်းမှောင်နေတယ်.....။ အဲလိုပဲ သူ့ရဲ့ နေ့စဉ်အလုပ်တွေကို မနားမနေပြေးလွှားလှုပ်ရှား လုပ်ရတယ်.....။ ပြီးတော့မှသာ ရေအိုင်လို အေးဆေးစွာနဲ့ သူအိပ်စက်အနားယူတယ်..။ တောင်ပေါ်ကကျလာတဲ့အရှိန်ကြောင့် ရေတံခွန်လေးဟာ တခါတလေတော့ ထိခိုက်နာကျင်တာတွေရှိတတ်တာပေါ့.....။ တခါတခါကျတော့လဲ စမ်းရေအိုင်ထဲက ရောင်စုံငါးလေးတွေ လူးလားခေါက်ပြန်ကူးခတ်တော့ ရေတံခွန်လေးအတွက် ပျော်ရွှင်မှုပဲပေါ့....။

ကိုယ်ကသာ အဲဒီကောင်လေးကို ရေတံခွန်နဲ့ခိုင်းနှိုင်းတာ သူကတော့အနားမှာ ရေဗူးထားမသောက်တတ်တဲ့ သူမျိုး....။ ကိုယ်နဲ့စကားပြောရင်တော့ သူကပြောတတ်သေးတယ် ရေများများသောက် အသားရေလှတယ်တဲ့...။ ကိုယ့်အမြင်တော့ အဲလိုရေတံခွန်နဲ့တူတဲ့သူဟာ ဘဝမှာ ဘယ်လောက်ပဲခက်ခဲကြမ်းတမ်းပါစေ အဲဒီအချိန်ကိုရအောင် ဖြတ်ကျော်တယ်....။ ဖြတ်ကျော်နေစဉ်ကာလမှာပဲ လူကအပူမီးတွေတောက်လောင်တာ အားလုံးလဲ ပြီးသွားရော စမ်းရေအိုင်လေးလိုအေးချမ်းသွားလိုက်တာ....။ ဒါကြောင့် သူ့ကိုကြည့်ရင် အမြဲအေးဆေးနေတတ်တယ်.....။ ရေတံခွန်လေးဟာ....ဘဝအခက်အခဲတွေကို အေးအေးချမ်းချမ်းနဲ့ ရင်ဆိုင်ဖြေရှင်းတတ်သူမို့ လူမသိသူမသိဘဝကိုသာသာယာယာ ဖြတ်သန်းနေရသလိုထင်ရတယ်.....။







ရေတံခွန်လေးဟာ သူ့မှာရှိတဲ့စိတ်ကူးယဉ်မှုတွေကို စီးဆင်းစေတဲ့ စမ်းချောင်းလေးတစ်ခု ပိုင်ဆိုင်ထားတယ်...။ သူ့ရဲ့စိတ်ကူးလေးထဲမှာ နှင်းဆီပန်းပွင့်လေးတွေပါမယ်.... ချယ်ရီပန်းပွင့်လေးတွေပါမယ်... ညအလှကိုဖြည့်ဆည်းပေးတဲ့ လင်းလက်တောက်ပတဲ့ ကြယ်ပွင့်ကလေးတွေပါမယ်.... လိပ်ပြာကလေးတွေပါမယ် ငှက်ကလေးတွေပါမယ်.....မြက်ခင်းပြင်စိမ်းစိမ်းတွေပါမယ်....။ ပြီးတော့ ညဝတ်ရုံလွှာနဲ့ သိပ်လှတဲ့ နတ်သမီးတစ်ပါးလည်း ရှိသေးတယ်တဲ့......။

သူ့ဘဝအမောတွေပြေစေဖို့ သူ့ရဲ့ စမ်းချောင်းထဲမှာ သူနေ့စဉ်ကူးခတ်အနားယူရတယ်.......။ ဟုတ်တယ်လေ ရေတံခွန်ဆိုတာ ဟိုးးးအမြင့်ကနေစီးကျလာပြီးရင်.......နောက်ဆုံးတော့ ဒီစမ်းအိုင်ထဲ စီးဆင်းလာသမျှ ခရီးပန်းလာသမျှ အမောဖြေရတာပဲမဟုတ်လား........။



မိုးငွေ့

Thursday, 24 November 2011

ဖျားနေတဲ့မြို့.....





မြို့လေးက မှုန်မှိုင်းပြာဝေနေတဲ့ မြူနှင်းတွေနဲ့ အုပ်ဆိုင်းနေတဲ့ တောင်တန်းပြာတွေပတ်လည်ဝိုင်းထားတော့.... ခုလိုရာသီလေးမှာ အပေါ်ဝတ်အနွေးထည်လေးလွှမ်းခြုံထားပြီး အိန္ဒြေရနေတဲ့ မိန်းမပျိုတစ်ယောက်လိုပါပဲ...။

တောင်ပေါ်ကနေစီးပြီးကြည့်ရင် ညဘက်ဆို သိပ်လှတယ်...။ အိမ်ခြေသိပ်မများတော့ မီးလေးတွေမှိတ်တုတ်မှိတ်တုတ်နဲ့ ကောင်းကင်ကကြယ်ကလေးတွေနဲ့ အပြိုင်ရှိနေကြတယ်....။ ဆောင်းလေအေးက မြူငွေ့တွေ တိမ်ငွေ့တွေကို သယ်သယ်လာတတ်တယ်....။ ဂွမ်းစောင်အပါးလေးကို ကိုယ်မှာခြုံပြီး ညအလှကိုကြည့်ရတာ အရသာရှိလိုက်တာ....။ ကိုယ့်ရှေ့က ထင်းမီးပုံကလဲ တငွေ့ငွေ့တောက်လောင်လို့....။ မီးပုံက မီးရှို့တဲ့ အနံ့ လေထဲကပါလာတဲ့ နှင်းငွေ့ရဲ့ ရနံ့တွေကို ရှုရှိုက်ရတာမှ ဆောင်းရဲ့ အရသာပိုပြီးပီပြင်သွားတယ်.....။

ကိုယ့်နဘေးမှာ စောစောကမှ မင်းဖျော်ပေးထားတဲ့ အငွေ့ထောင်းထောင်းထနေတဲ့ ကော်ဖီတစ်ခွက်....။ မွှေးလိုက်တာကွယ်......။ အဲဒီကော်ဖီနံ့မွှေးမွှေးလေး ကမ္ဘာပေါ်မှာဘယ်မှာမှ ရှာမတွေ့နိုင်တဲ့ မင်းရဲ့လက်ရာ တစ်ယောက်တည်းရှိတယ်......။ မင်းဖျော်တိုက်တဲ့ ကော်ဖီအရသာကို အနံ့ရရုံနဲ့ ကိုယ်အလွတ်ရ နေတတ်ပြီလေ....။ သိပ်လှတဲ့ ညရယ်.... ကောင်းကင်က ကြယ်ကလေးတွေရယ်....ကော်ဖီပူပူတစ်ခွက်ရယ်.... သိပ်ချစ်တဲ့ မင်းရယ် ဘေးနားမှာရှိမှတော့ ဒီထက်ပြီးပြည့်စုံတာ ဘာများရှိဦးမလဲ.......။

ခြုံစောင်လေးနဲ့ တဲကလေးရဲ့ တိုင်မှာ ကွေးကွေးကလေးမှီနေတဲ့ကိုယ့်ကို မင်းက နဖူးအသာလာစမ်းတယ်....။ ကိုယ်မဖျားပါဘူးကွယ်....။ နှင်းရဲ့ အအေးဒဏ်ကို အန်တုဖို့ ခန္ဓာကိုယ်အပူရှိန်ကို နည်းနည်းကလေး မြှင့်ထားတာပါ။ ဆေးလဲ မသောက်ချင်ပါဘူး......။ တခါတလေ အဲဒီပူရှိန်းရှိန်းရှိနေတဲ့ မျက်နှာပေါ်ကို နှင်းငွေ့လေအေးအေးတွေ လာထိတွေ့သွားတာလေးက အရသာ.....။ ခြောက်သွေ့တဲ့ ကိုယ့်နှုတ်ခမ်းကို သပ်ရင်း မင်းဆံပင် ကြမ်းကြမ်းတွေကို လက်နဲ့ခပ်ဖွဖွ ဖွလိုက်တယ်...။ အို...နှင်းတွေနဲ့စိုစွတ်နေပါရောလား.....။ မွှေးပွလက်ကိုင်ပုဝါအဖြူကလေးနဲ့ မင်းဆံပင်တွေကို ကိုယ်သုတ်ပေးလိုက်တယ်....။ ကိုယ့်ကိုပြုံးပြီးကြည့်နေတဲ့ မင်းရဲ့မျက်ဝန်းတစ်စုံက ကြယ်ပွင့်လေးတွေလိုပဲ လင်းလက်လို့....။

သိပ်လှတဲ့ ညကလေးကုန်ဆုံးသွားမှာစိုးလို့ ကိုယ်မအိပ်ချင်သေးဘူး.....။ ကိုယ့်ကို သီချင်းဆိုပြပါလား အိန်ဂျယ်။ ဂီတာတစ်လက်ယူခဲ့တယ်.... ကိုယ်ကဂီတာတီးမယ် မင်းကဆိုပေါ့ ဟုတ်လား......။ ကိုယ်တို့ ဘာသီချင်းဆိုရင်ကောင်းမလဲ... ကြယ်တွေငိုပြီလားဆိုတဲ့ ကိုငှက်ကြီးရဲ့ “ဗင်းဆင့်ဗင်းဂိုးတမ်းချင်း” ကိုဆိုကြမလား....။

ညဉ့်နက်လာလေလေ မြို့ကလေးကလဲ မီးရောင်တွေမှိန်တထက်မှိန်လို့ ငိုက်မျဉ်းစပြုလာပြီ......။ ကြယ်ကလေးတွေကတော့ အမှောင်ကိုဆန့်ကျင်လို့ ပိုပိုလင်းလက်တောက်ပနေကြတယ်....။ အိန်ဂျယ်က မြို့ကလေးကို ငေးမောကြည့်ရင်း ကိုယ့်ကိုပြောတယ်.....။ မြို့ကလေးက ကိုယ်နဲ့တူတယ်တဲ့.....။ နေ့ဘက်ဆို ရောင်စုံအိမ်ကလေးတွေနဲ့ အပင်တွေနဲ့ စိမ်းစိုလှပနေတယ်တဲ့...။ ညဘက်ကျတော့ မီးကလေးမှိတ်တုတ်နဲ့ အေးချမ်းတုန်ခိုက်လို့ ပြာမှိုင်းနေတဲ့တောင်တန်းတွေကို ခြုံစောင်အဖြင့်လွှမ်းခြုံထားတယ်တဲ့.....။ အေးအေးခိုက်ခိုက်မှာ ဖျားနေတဲ့ ကိုယ်နဲ့တူတဲ့ မြို့ကလေး ....ဖျားနေတဲ့မြို့ကလေးတဲ့.....။

တကယ်ပါ....ကိုယ်ရော မြို့ကလေးရော နွေးထွေးတဲ့ အိန်ဂျယ့်ရဲ့ အတောင်အပံအောက်မှာအမြဲရှိနေမယ်ဆို ဘယ်လိုမြူနှင်းငွေ့ကမှ အေးစက်မှုကိုပေးစွမ်းနိုင်မှာမဟုတ်ပါဘူး....။ သေချာပါတယ်....။


မိုးငွေ့


Wednesday, 23 November 2011

မြန်မာပြည်သိန်းတန် နှုတ်ဆက်ပွဲ......

မြန်မာပြည် ဦးသိန်းတန် နှုတ်ဆက်ပွဲလေးကို MRTV4 ကနေ တိုက်ရိုက်လွှင့်တာ ထိုင်ကြည့်ဖြစ်တယ်...။ မနက်တစ်နာရီတောင်ခွဲသွားတယ်...။ ဦးသိန်းတန် ပြန်လာပြီးကတည်းက ဒီပွဲအပါအ၀င်သုံးပွဲလုပ်တယ် သုံးပွဲလုပ်တယ် သုံးပွဲစလုံးအောင်မြင်တယ်။ အားပေးတဲ့ ပရိတ်သတ်တွေရုံအပြည့်ပဲ။ ဦးသိန်းတန်းသီချင်းတွေကို ငယ်တုန်းက နားမထောင်ဖူးပေမယ့် မပိုး(ပိုးဒါလီသိန်းတန်)ပြန်ဆိုတဲ့ အချိန်တုန်းက နားထောင်ဖြစ်တယ်...။ အဲဒါကြောင့် သူ့သီချင်းတော်တော်များများကို သိနေတယ်...။ ကြိုက်လည်းအရမ်းကြိုက်တယ်....။ စတူဒီယိုခေတ်ဦးတုန်းက LPJ တီးဝိုင်းအဖွဲ့ဆိုတာ တီဗီမှာတော့ကြည့်ဖူးတယ် ငယ်တုန်းက....။
ခင်မောင်ထူးနဲ့ ဟေမာနေ၀င်းတို့ စုံတွဲဆိုခဲ့ကြတဲ့ ကမ္ဘာ့အပြင်ဘက်ဆိုတဲ့သီချင်းကို ဦးသိန်းတန်သီချင်းမှန်းလုံးဝမသိဘူး...။ အခုပွဲကျမှ ဦးသိန်းတန်က အန်တီချိုပြုံးနဲ့ အသံသွင်းခဲ့ဖူးပြီး စင်ပေါ်မှာ တစ်ခါမှမဆိုဖူးသေးတဲ့ ဒီသီချင်းကို ခုတစ်ခါ အန်တီချိုပြုံးနဲ့ပဲပြန်ဆိုပါတယ်....။ အဆိုတော်ကြီးတွေက ၀ါရင့်တွေဆိုတော့ အသံကဘာမှပြောစရာမလိုဘူးသီချင်းကလည်းအရမ်းကောင်းတာပဲ....။ ဦးသိန်းတန်သီချင်းတွေဖြစ်တဲ့ စနေတောင့်၊ ရွှေမြိုင်မှာပဲနေတော့မယ်၊ ရွှေရုပ်လေးကောက်ရသူ၊ မန်းမြေမှာ၊ မနောမြေတို့ နောက်ပြီး ကချင်ပြည်နယ်နဲ့ပတ်သက်တဲ့ သီချင်းတွေရော သိပ်ကောင်းတာပဲ....။
သုဝဏ္ဏပွဲမှာတုန်းက အဆိုတော်အငယ်လေးတွေတော်တော်များများခေါ်ထားတယ်....။ ကိုညီထွဋ်တို့ အင်ပါယာဝိုင်းနဲ့ ကိုညီထွဋ်ပဲ ပွဲစီစဉ်ပေးတာ....။ အန်တီချိုပြုံး၊ ထွန်းအိန္ဒြာဗို၊ ဖြိုးကြီး၊ အာဇာနည်၊ အယ်လ်လွန်းဝါ၊ အောင်လ၊ အယ်လ်ဆိုင်းဇီ၊ အိမ့်ချစ် စတဲ့အဆိုတော်တွေပါဝင်အားဖြည့်ထားကြတယ်....။ အိမ့်ချစ်က ဦးသိန်းတန်နဲ့အတူ နှစ်ကိုယ်တူချစ်သမျှ မြန်မာသံသီချင်းကို ဆိုသွားတယ်....။ ဆိုနေကျမဟုတ်တော့ ကလေးမလေး တော်တော်ထိန်းပြီးဆိုသွားတာတွေ့ရတယ်...။ ဒီပွဲမှာ အယ်လ်ဆိုင်းဇီတို့က ဆရာမကြီး အသံကတော့ ရှယ်ကောင်းတာ...။ ရွှေချိုးဖြူသီချင်းကို ဦးသိန်းတန်နဲ့စုံတွဲဆိုတာများ ဘာမှကိုပြောစရာမရှိဘူး..။ သိပ်တော်တယ်....။ နောက်ဆုံး နှုတ်ဆက်ပွဲမှာတော့ ငယ်ငယ်တုန်းက လက်တွဲခဲ့ဖူးတဲ့ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် ဂီတမိတ်ဆွေတွေတော်တော်များများလာဆိုတာတွေ့ရတယ်...။ အယ်ပီဂျေအဖွဲ့သားဟောင်းတွေ အကုန်လာတီးပေးတယ်...။ ဧည့်သည်အဆိုတော် ဦးဘိုဘိုဟန် ဇော်ဝင်းရှိန် ခင်မောင်ထူး ချိုပြုံး နော်လီဇာ မေခလာ ဟေမာနေ၀င်း ထွန်းအိန္ဒြာဗို တို့လာရောက်ဖျော်ဖြေတယ်....။ ဦးဝင်းဦးရဲ့ မောင်တို့ချယ်ရီမြေကို ဦးသိန်းတန်ဆိုတော့ စန္ဒားလက်တံကို ဦးသိန်းတန်တို့ခေတ်က စန္ဒရားဦးမျိုးနိုင်က ပိုင်ပိုင်နိုင်နိုင် အေးဆေးတည်ငြိမ်စွာ တီးခတ်သွားတာကို အံ့အားသင့်စရာတွေ့ရတယ်...။ အံ့အားသင့်တယ်လို့ပြောရတာက လက်သံတော်တော်ကောင်းတာ ပြီးတော့ ဘာနုတ်စ်မှမကြည့်ဘူး အလွတ်တီးတာ....။ အဲမှာ ဥက္ကာဦးသာဆို ဗျာများနေတာ.....။ တကယ်ချီးကျူးဖို့ကောင်းတယ်...။ မောင်တို့ချယ်ရီမြေအပြင် သုံးရာသီဆိုတဲ့သီချင်းလဲဆိုသေးတယ် စုစုပေါင်း သုံးပုဒ်တီးပေးသွားတယ်...။ ဦးသိန်းတန်ကပြောတယ် .... စန္ဒရားကိုမင်းနိုင်ဆိုတာဒါပဲ သူ့လက်သံမျိုးဘယ်မှာမှမရှိဘူးတဲ့....။
မပိုးရဲ့ သီချင်းကို ဟေမာနေ၀င်းပြန်ဆိုနေတာ
နော်လီဇာ ငယ်တုန်းက အရမ်းကြိုက်တာ ဘရိတ်ဆိုတဲ့ သီချင်းကို မှတ်မိကြသေးလား (“ကားလေးတစ်စီးလောက်ဝယ်ရင် ဘရိန်ပါပါစေ”...ဆိုတာလေ)
စန္ဒရားဦးမျိုးနိုင်
မေတ္တာအားဖြင့် မိုးငွေ့

Monday, 21 November 2011

နေပြည်တော်သို့တစ်ခေါက်....

၁၁၅မိုင်က Feel Express စားသောက်ဆိုင်






Feel Express ဆိုင်က မနက်စာ ပဲထမင်းဆီဆမ်းကို ကြက်ဥကြော်မိုးတယ်



 
ဒါက အမဲကြော်ထပ်မှာလိုက်တာ ဂွတ်ပဲ...မီးမီးကြိုက်ကြိုက်








ဒီအပေါ်နဲ့အောက်ပုံက ရှော့ပင်းမောတွေထင်တယ် ကယ်ပီတယ်တို့ အိုးရှင်းတို့ ဂျမ်းရှင်းတို့



ဟိုတယ် ထင်တာပဲ တွေ့တာရိုက်လိုက်တာ


ကြာပွင့်နဲနဲစောင်းသွားတယ် (ကျနော်လဲပြန်မတည့်တတ်တော့ဘူး မနှင်းဆီ) ကိုရဲရဲ့ ကမ်မရွန်းပို့စ်လေးမှာ ရေးတာကို သတိရသွားတယ်...။


ဒါကစပါယ်ပွင့်ထင်တယ်...။ အ၀ိုင်းတွေတိုင်း ပန်းတစ်မျိုးတွေ့ရတယ်...။ စ၀င်ဝင်ချင်းက ကံ့ကော်ပန်း အဲဒါရိုက်ဖို့မမီလိုက်ဘူး...။


လွတ်တော်အဆောက်အအုံကို အပြင်ကနေသွားပတ်ကြည့်တာ






သပြေကုန်းဈေးတဲ့ အဲမှာ နန်းစိန်ကိတ်မုန့်သွားဝယ်ကြတာ


ဆိုင်အတွင်းဘက် ကောင်တာနေရာ စားတော့မယ် အဆင်သင့်ပဲ
ကြက်သားလုံးမြေစာဥဟင်း အရိုးထုတ်ပြီးသားကကတစ်ငါးပေါင်း
ဝက်သားခရမ်းသီးမြေအိုးဟင်း(ဒီဟင်းက ၀ိုင်ကေကေအိုမှာ နာမည်ကြီးဆိုပဲ) အရသာကတော့တော်တော်ကောင်းတယ်
မကျည်းဖျော်ရည်အေးအေးလေး..ပုံကိုကြည့်ပြီး ပြန်တောင်သောက်ချင်လာပြီ.....
နေပြည်တော်ကို ရုံးကအလုပ်ကိစ္စနဲ့သွားရတာ...။ ကိုယ်ကမပါမဖြစ်ဆိုလို့ လိုက်ရတယ်....။ နေ့ချင်းပြန်ပဲသွားတယ်...။ ဟိုမှာ ညအိပ်ရတာ ဟိုတယ်ကြီးတွေကတော့ ဟီးနေတာပဲ....။ ကိုယ်သွားမယ့် ကိစ္စက ခဏကလေးပြီးမယ့်ဟာဆိုတော့ အိပ်မနေတော့ဘူး. ..။ ရုံးက ကိုယ့်ကားနဲ့ကိုယ်ဆိုတော့ မနက်လေးနာရီထသွားလိုက်တယ်...။ ခုနှ စ်နာရီခွဲတော့ ၁၁၅မှာ မနက်စာစားတယ်...။ ကိုးနာရီကျတော့ နေပြည်တော်ရောက်ရော...။ ကိုယ်သွားရမယ့် ရုံးမှာ လူကြီးနဲ့ဝင်တွေ ပြောစရာရှိတာပြောပြီးတော့ ဆယ်နာရီခွဲပဲရှိသေးတယ်...။ မြို့နဲ့ လျှောက်မောင်းကြည့်တယ် လွတ်တော်ကိုအပြင်ဘက်ကသွားကြည့်တယ်...တစ်သက်နဲ့တစ်ကိုယ်မမြင်ဖူးတဲ့ ဆယ့်နှစ်လမ်းသွား လမ်းမကြီးတွေ သွားကြည့်တယ်...။ သပြေကုန်းဈေးမှာ မုန့်တွေဝင်ဝယ်တယ်... အဲဈေးနားမှာရှိတဲ့ ၀ိုင်ကေကေအိုမှာ မန်မန်းဝင်စားကြတယ်....။ သွားကြတာက လေးယောက် ဟင်းပွဲက ကြီးတော့ သုံးမျိုးပဲမှာစားတယ် တော်တော်စားလိုက်ရတယ် ကုန်အောင်ကို လိမ္မော်ရည်နှစ်ခွက် မကျည်းဖျော်ရည်နှစ်ခွက် နဲ့ ဟင်းသုံးပွဲ ထမင်းအပါအ၀င်ကို တစ်သောင်းနဲ့ ခုနှစ်ထောင်ကျော်ကျတယ်...။ ဂျေးဂျီးတယ်တော့......။ မနက်က ဖီးလ်မှာ ထမင်းကြော် ငါးပွဲကြက်ဥနဲ့ ကော်ဖီသုံးခွက် အမဲကြော်တစ်ပွဲကို ခုနှစ်ထောင်အတိကျတယ်....။ ဘာပဲဖြစ်ဖြစ်ကိုယ်မလုပ်နိုင်ရင်တန်တာပဲလို့တွေးလိုက်တယ်....။ နေ့လည်စာစားပြီး အညောင်းပြေအညာပြေ မောတွေမှာ ဈေးဝယ်ထွက်မယ်တဲ့...။ အင်း ရန်ကုန်မှာက သိပ်မထွက်ရရှာဘူးလေ...။ အစကတော့ ရေပူစမ်းသွားမလားလို့ ဝေးတယ်တဲ့ ရှမ်းပြည်ထိရောက်သွားမယ် ပင်လောင်းသွားတဲ့လမ်းဘက်ဆိုတော့ မသွားဖြစ်တော့ဘူး ...။ ရေပန်းဥယျာဉ်ကျတော့လည်း ညအိပ်မှအေးဆေးကြည့်လို့ကောင်းတာဆိုတော့ အဲဒါလည်းလွတ်တယ်....။ နောက်ဆုံးတော့ အိုးရှင်းမှာပဲ ဟိုပတ်ဒီပတ် အဲကွန်းကလဲအေးတော့ မိုက်တယ်.....။ အပြင်မှာသိပ်ပူတယ်....။ ဒီကောင့်ချတဲ့ တီရှပ်ကလေးတွေ ၂၅၅၀ကျပ်တဲ့ တစ်ထည်ကို...။ သုံးထည်ဝယ်လိုက်တယ် ရှော့ပင်တန်နှစ်ထည်ဝယ်တယ်...။ ဟုတ်နေရောနော်....။
ရန်ကုန်ပြန်ထွက်လာတော့ တစ်နာရီကျော်ပြီ....။ ၁၁၅မိုင်ပြန်ရောက်တော့ အိပ်ချင်ပြေ ကော်ကော်ဝင်သောက်တယ်....။ ဖီးလ်မှာပဲ....။ ငါးပိကြော်အစပ်တစ်ထုပ် အချိုတစ်ထုပ်ဝယ်တယ်..။ ငှက်ပျော်ကြော်ဝယ်တယ်....။ ငါးပိကြော်က သူတို့ဆိုင်ကတော်တော်ကောင်းတာ...။ ကွကိုယ်အိမ်မှာကြော်ရင် အဲပုံမထွက်ဘူး....။ ရန်ကုန်မှာတော့ ပြည်ထောင်စုရိပ်သာလမ်းက ဖီးလ်မြန်မာစားသောက်ဆိုင်မှာ အစုံရောင်းတယ်....။ နောက်တစ်ခါစားချင်ရင် အဲမှာ ပြေးဝယ်ရမယ်...။ ရန်ကုန်မြို့ထဲဝင်တော့ ညနေငါးနာရီတိတိ။ အမှတ်သုံးလမ်းမကြီးကနေ၀င်တယ်....။ ကြည့်စမ်း ဘာလမ်းမကြီးလဲ ဘုရားစူးလမ်းမကြီးပါ ကားနှစ်စီးတောင်ဟိုဘက်ဒီဘက်မနည်းရှောင်မောင်းနေရတယ်....။ နေပြည်တော်ကလမ်းတွေမြင်ခဲ့ပြီး ကွကိုယ် မဗျိုင်းဖြစ်နေတာ....။ အဲမှာ ကားတွေတန်းစီနေလို့ အိမ်ကို ညနေခြောက်နာရီကျော်မှရောက်တယ်....။ ဟူးးး မောကျော...။
မိုးငွေ့

Sunday, 20 November 2011

ကိုယ်ငိုနေတာသိလား.....




မနက်ခပ်စောစောဖက်က မြင်လိုက်ရတဲ့ မြူငွေ့တွေလိုပဲ ကိုယ့်မျက်ဝန်းတွေမှာ ငွေ့ရည်ဖွဲ့နေတယ်........။ နောက်ဆုံးတော့ ဟိုးးးး တောင်ထိပ်ဆီက လွမ်းမိုးရိပ်တွေက မိုးတိမ်ညိုညိုဖွဲ့ပြီး မိုးသားအဖြစ်ရွာချလိုက်တော့တယ်......။

တခါတခါကျတော့ ကိုယ့်ခံစားမှုကို လျစ်လျူရှုခံရတယ်လို့ ထင်ပြီး ဝမ်းနည်းမိတာပါ......။

အမှန်တော့ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုအတွက် ကိုယ့်ကိုစိတ်ပျက်သွားစေတော့လို့ တမင်လုပ်တာ... ပြောတာလဲဖြစ်နိုင်တာပဲ...(ကိုယ့်ဘက်ကအတွေးတွေပါ) ။ မဖြစ်နိုင်တဲ့ အရာတစ်ခုကို ဖြစ်အောင်ကိုယ်ကြိုးစားနေတာမှမဟုတ်ဘဲ...။ ကိုယ်နားလည်ပါတယ်.....။

စက်ဝိုင်းသီအိုရီကို ကိုယ်တို့လိုက်နာစရာမလိုပါဘူး....။ မင်းလဲ ဆက်လျှောက် ကိုယ်လဲဆက်လျှောက်မယ်......။ ဆုံဆည်းမှုဆိုတာ လုပ်ယူဖန်တီးလို့ရမယ့်အရာမျိုးမှမဟုတ်ဘဲ.....။ ကံကြမ္မာက မမြင်နိုင်အောင် black spot မိအောင်လုပ်ထားရင် ကိုယ်တို့လဲ ဘာမှမတတ်နိုင်ပါဘူး....။ အဲလိုပဲဖြေသိမ့်တာပေါ့...။

ခံစားမှုတစ်ခုဖြစ်တိုင်းဖြစ်တိုင်း ရင်ထဲကစကားလုံးတွေက ပိတ်ကားပေါ်မှာ စာတန်းထိုးသလို တစ်မျိုးပြီးတစ်မျိုးပြောင်းပြောင်းသွားတယ်........။ ကိုယ့်ရုပ်ရှင်ကို မင်းစိတ်မဝင်စားပါဘူး အိန်ဂျယ်.....။ ဒါပေမယ့် မင်းကြောက်တတ်တဲ့သရဲကားကိုတော့ ကိုယ်ကမမြင်ရဘဲ တစ်ဘက်ကနေကူကြည့်ပေးပါတယ်.......။ မင်းအကြောက်ပြေအောင် စကားပြောပေးမယ်......။

ညဉ့်နက်ပါစေ......ကိုယ်စောင့်နေဦးမယ်.... မင်းရုပ်ရှင်ကြည့်ပြီးတဲ့အချိန်ထိပေါ့....။ မင်းအိပ်ယာမဝင်ခင် အိပ်မက်ထဲမပါသွားအောင် ကိုယ်စကားတွေပြောပေးမယ်.......။ ဘာအိန်ဂျယ်လဲကွယ်....သရဲလဲကြောက်တတ်သတဲ့........။

အိန်ဂျယ်က သရဲကားကြည့်ရင်း ကြောက်စရာအခန်းရောက်ရင်စကားလာလာပြောရင်းနဲ့ပေါ့........။ လိုင်းကလဲကျလိုက်သေး....။ ကိုယ်ခဏကလေးပျောက်သွားတာကို မင်းကသိလိုက်သားပဲ...ကိုယ်မအိပ်သေးပါဘူး လိုင်းကျသွားလို့ပါ...မင်းရုပ်ရှင်ကြည့်ပြီးတဲ့အထိစောင့်ပေးမယ်..။

မင်းဇာတ်ကားကြည့်ပြီးသွားတော့မှ မင်းနဲ့စကားနဲနဲပြောပြီး နှုတ်ဆက် အိပ်ယာဝင်တော့တယ်......။ အိပ်မက်လှလှမက်ပါစေ အိန်ဂျယ်....။


မိုးငွေ့


Saturday, 19 November 2011

White Angel......




နေသာပေမယ့်....ကောင်းကင်မှာတော့ ခဲသားရောင်နဲ့ အပြာနုရောင်စပ်ထားပုံများ ပန်းချီတကားနှယ်.....။ တိမ်စိုင်ထွေးတွေ.... နေခြည်နုနုတွေ ...ရေလှိုင်းဖွေးဖွေးတွေက သူမအလှမှာ ဝတ်ဆင်းခတွားကြတယ်....။ နတ်သမီးအလား ...လို့ခိုင်းနှိုင်းဖို့မလို...သူမသည် အဖြူရောင်နတ်သမီးတစ်ပါးပဲလေ...။

ကိုယ်အနှစ်သက်ဆုံးကတော့ မင်းရဲ့ နက်မှောင်ကျော့ရှင်းတဲ့ ဆံနွယ်ရှည်ရှည်တွေကိုပါပဲ....။ မိန်းမတို့ဘုန်းဆံထုံး ဆိုသလိုပေ့ါ....။ ကောင်းခြင်းအဖြာဖြာထဲက အဲဒီကောင်းခြင်းနဲ့ပြည့်စုံတာဟာ... နတ်သမီးရဲ့ ဘဝအကျိုးပေး ကုသိုလ်ကံကောင်းခဲ့လို့ပဲဖြစ်မှာပါ.......။

ကဗျာဆရာတစ်ယောက်လို ကိုယ်ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောပြတတ်ပါဘူး.....။ စိတ်ကူးယဉ်စာရေးဆရာတွေမှာ လှပတဲ့ စိတ်ကူးတွေရှိသတဲ့.....။ လှတဲ့စိတ်ကူးကတဆင့် စကားလုံးတွေကို ထင်ဟပ်စေမှာပါ....။ ဒါပေမယ့် အဖြူရောင်နတ်သမီးအတွက် တင်စားစရာ စကားလုံးနဲပါးလိမ့်မယ်ထင်တယ်......။

လှလိုက်တာဟယ်.... အိုက်တင်ကလဲကောင်း ပို့စ်ကလဲပေးတတ် မင်းသမီးလုပ်ပါလား....။ မပြောပါနဲ့ တချိန်က သူမအလွန်ရူးသွပ်ခဲ့ဖူးတဲ့ အနုပညာ...။ ဒါပေမယ့်လည်း ပျော်ရာမှာမနေရ တော်ရာမှာနေဆိုသလို ကိုယ်လုပ်ချင် ဖြစ်ချင်တာကတစ်မျိုး လုပ်နေရတာ ဖြစ်နေရတာကတစ်မျိုးလေ....။ ကိုယ်ကိုယ်တိုင်က အဲလိုဖြစ်နေလို့ ခံစားနားလည်ပေးနိုင်တယ်....။

ဘယ်လိုပဲဖြစ်ဖြစ်ကွယ်...လူဆိုတာ ကိုယ်ကျရာနေရာမှာ တာဝန်ကျေ ကိုယ့်လုပ်ရမယ့်အလုပ်မှာကြိုးစားရင် တစ်ချိန်ချိန်မှာတော့ အဲဒီကိုယ်ဝါသနာမပါဘူးဆိုတဲ့အလုပ်က ကိုယ်တကယ်လုပ်ရမယ့်အလုပ်အတွက် အတွေ့အကြုံ အခြေခံအုတ်မြစ်တစ်ခုဖြစ်သွားစမြဲပါ......။ အဲလိုပဲ နတ်သမီးဖြစ်ချင်တာတွေ တစ်နေ့နေ့ကျရင် အကောင်အထည်လိုက်မြင်ရမှာပါ......။ ကိုယ်ဖြစ်ချင်တာတွေဟာ ဖြစ်ချင်စိတ်အားထက်သန်ရင် တိတ်တိတ်ကလေး ဆုတောင်းနေလဲ.... ဖြစ်ကိုဖြစ်လာတတ်တယ်....။ အချိန်ပဲလိုတာပါ အချိန်ကိုစောင့်ဆိုင်းဖို့ပဲလိုတာပါ...။ ကိုယ့်ကိုယ်ကို ယုံကြည်မှုခိုင်မာသရွေ့ ဆုတောင်းတွေက အမြဲပြည့်နေမှာပါ။






နိုဝင်ဘာ ၁၉ မှာကျရောက်မယ့် သူမမွေးနေ့အတွက် ... ကိုယ့်ရဲ့ အက်ဆေးလက်ဆောင်လေးဟာ... ဆောင်းဦးရဲ့ နှင်းမှုန်လွလွလေးတွေလိုပဲ သူမအသည်းကို အေးချမ်းလို့ ဘဝင်ခိုက်စေမှာ ကိုယ်ယုံကြည်ပါတယ် နတ်သမီးရေ။ ဘာလို့လဲဆိုတော့ ကိုယ့်ရင်ထဲက အစစ်အမှန် ဖွင့်အန်ကျလာတဲ့ စကားလုံးတွေနဲ့ ဖွဲ့ထားတဲ့ အက်ဆေးမို့ပါ....။

အဖြူရောင်နတ်သမီးလေး သည်မွေးနေ့မှစပြီး အမြဲလှပ အမြဲပျော်ရွှင် အခက်အခဲအားလုံးကျော်လွှားနိုင်လို့ လိုတိုင်းတ ဆန္ဒတွေပြည့်ဝပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...။

OK.... See U......... နောက်နှစ်ပြန်ဆုံမယ် မင်္ဂလာခမ်းမကြီးတစ်ခုထဲမှာပေါ့......:)


ps : နတ်သမီးရဲ့ ပုံထဲမှာ အဲဒီပုံလေးကိုအကြိုက်ဆုံးပဲ...။

ချစ်တဲ့....
မိုးငွေ့




Thursday, 17 November 2011

ကျွန်မတို့၏အိမ်.....


ကျမတို့ငယ်ငယ်က နေခဲ့တဲ့ အိမ်ကို ခုတော့လည်း မျက်စိထဲက ပြန်မြင်ယောင်ရုံပဲ တတ်နိုင်တော့တယ်....။ ပြီးခဲ့တဲ့ ခြောက်လက ငလျင်ဒဏ်နဲ့ တစ်မြို့လုံးပြိုလဲ ပိပြားသွားကတည်းက အိမ့်အနောက်ခြမ်း အုတ်ချပ်ကြီးတပြင်စာပဲ မားမားမတ်မတ်ကျန်ခဲ့တော့တယ်.....။

အဲဒီအိမ်ဆောက်တုန်းက ကျမတောင်မမွေးသေးပါဘူး.....။ အဖိုးဆောက်ခဲ့တဲ့အိမ်ပါ...။ အဲဒီအချိန်တုန်းက ရွာမှာ(ခုတော့မြို့လေးတစ်မြို့ဖြစ်နေပါပြီ)တိုက်အိမ်ဆိုလို့ ကျမတို့အိမ်တစ်အိမ်ပဲရှိတာ.....။ ရွာလယ်ခေါင် တည့်တည့်က ဗီယက်နမ်ကြီးတို့တိုက်အိမ်ဆို လူတိုင်းသိတယ်.......။ ကျမတို့အိမ်ဝိုင်းက မျက်နှာစာပေသုံးလေးဆယ်လောက်ပဲရှိမယ်....အနောက်ဖက်ကိုတော့ ပေတစ်ရာကျော်မယ်ထင်တယ်....။ အဖိုးက တိုက်အိမ်ကြီးကို မြေကွက်ရဲ့ အရှေ့ပိုင်း သုံးပုံတစ်ပုံစာလောက်ပဲဆောက်ပြီး တိုက်အိမ်နောက်မှာ မီးဖိုချောင်အဖီလေးနဲ့ မြေကွက်လပ်ရှိတယ်...ပြီးတော့မှ နှစ်ထပ်သစ်သားအိမ်လေးတစ်လုံးရှိတယ်...။ အဲဒီသစ်သားအိမ်နောက်ဖက်မှာ စပါးကျီတစ်ခုရှိတယ်.......။ ကျမတို့ငယ်တုန်းက အဲဒီအိမ်အပေါ်ထပ်မှာ အိပ်ကြတယ်...။ သူငယ်ချင်းတွေနဲ့ တူတူပုန်းတန်းကစားကြတယ်...။ စပါးကျီထဲထိပုန်းတာ...။ အဲဒီအိမ်ရဲ့ မျက်နှာကျက်ထဲထိလဲ ပုန်းကြသေး... ကြောင်တွေချေးပါထားတာ နံစော်နေတာတောင် ရအောင်ပုန်းတယ်.....။ 

အဖွားကကြောင်တွေအများကြီးမွေးထားတယ်လေ......။ အိမ်မှာကြောင်ရှိတယ်...။ ဝက်လည်းမွေးတယ်.... ကြက်လဲမွေးတယ်....ဘဲလဲမွေးတယ်....။ အကောင်ပလောင်တွေစုံပေမယ့် ကျမကတော့ အကောင်တွေကို အဲကတည်းက မချစ်တတ်ပါဘူး...။ ညနေညနေဆို အဒေါ်အမွှာနှစ်ယောက်က ကျမကိုစက်ဘီးနဲ့တင်ပြီး ရွာထိပ် မြေနီကုန်းမြင့်မှာရှိတဲ့ အဖိုးရဲ့ ဆန်စက်မှာ ဝက်တွေ ဘဲတွေကြွေးဖို့ ဆန်ကွဲတို့ ဖွဲတို့သွားယူတတ်ကြတယ်....။ ကျမက ငယ်သေးတော့ ဝက်စာကျွေးတာတော့မလုပ်လိုက်ရဘူး....။ နဲနဲကြီးလာတော့ အဖွားတို့က ဝက်မမွေးတော့ဘူး....။ ကြက်ကလေးတွေ တစ်ကောင်စနှစ်ကောင်စပဲရှိတော့တယ်.......။ အဲ...နောက်ဖေးခြံထဲမှာ သရက်ပင်တွေတော့ တော်တော်များများစိုက်ထားတယ် ဘယ်နှစ်ပင်လဲတော့ မရေထားမိဘူး... ခြံမြေကွက်လပ်အပြည့်ပဲ သရက်ပင်တွေပြီးရင် နောက်မှာ အိမ်သာနှစ်လုံးတွဲနဲ့ နောက်ဖေးဆေးရုံဝင်းထဲကို ဖေါက်ထွက်တဲ့ သွပ်တံခါးကြီး(ခြံတံခါး)ပဲရှိတော့တယ်....။ 

ဆရာမခင်ခင်ထူးရဲ့ “နွေသီး”ဝတ္ထုတိုကိုဖတ်ရင်း ဆရာမငယ်ငယ်တုန်းက သူတို့ခြံထဲက မာလကာသီး၄၃ပင်ရှိတဲ့အကြောင်း အပင်ပေါ်တက်ကစားကြ စာကျက်ကြတဲ့အကြောင်းလေးဖတ်မိတော့... ကျမလည်း အဖွားရဲ့သရက်ပင်တွေကို သတိရသွားတယ်...။ အပင်ပေါ်လည်းတက်ဖြစ်ကြတယ်...။ အသီးတွေအလုံးမကြီးခင် အကြွေလေးတွေ လိုက်ကောက် အပင်အောက်မှာဖျာခင်းပြီး စင်းတုံးနဲ့ အသီးကိုခွဲအစေ့ထုတ်ပြီး ဆားရည်အိုးထဲစိမ်တယ်...။ နောက်နေ့ ဗီဒီယိုပြရင်လာကြည့်တဲ့သူတွေ အိပ်ငိုက်ပြေ ဆားငရုတ်သီးမှုန့်နဲ့တို့စားဖို့ရောင်းရတယ်...။ အဲတုန်းက ခူကောင်တွေကို သိပ်သတိမထားမိလို့ နောက်ပိုင်းခူကောင်တွေကိုကြောက်တာနဲ့ အပင်ပေါ်သိပ်မတက် တော့ဘူး...။ အပင်တွေက မချစ်စုပင်တွေများတယ် အသီးတွေတစ်လုံးတစ်လုံးက အယ်စတုန်ကြီးတွေ...။ အသီးတွေကြီးလာပြီး မမှည့်ခင်တောင်းထဲခူးထည့်တယ်...။ တာချီလိတ်သွားတဲ့ကားနဲ့ ဟိုရောက်ရင် ယိုးဒယာတစ်ဘက်ကမ်း မယ်ဆိုင်မှာသွားသွင်းတယ် ...။ ကီလိုနဲ့ချိန်ပြီးဈေးဖြတ်တယ်...။ အလုံးကကြီးတော့ နှစ်လုံးဆိုပဲ တစ်ကီလိုကျော်နေပြီ.....။ 

အရှေ့အိမ်မကြီးရဲ့ အနောက်ဖက်အဖီလေးမှာ (မီးဖိုချောင်ရဲ့နောက်တစ်ဘက်ခြမ်း) အမေတို့ညီအစ်မတွေ သိုးမွှေးထိုးစက်တွေကိုယ်စီနဲ့ တဂျုံးဂျုံးစက်ထိုးကြတယ်....။ အဲဒီချိန်က ရှမ်းပြည်ကခုလိုမှမဟုတ်ဘဲ အအေးဓါတ်ကကဲတော့ ဆောင်းတွင်းအတွက် သိုးမွှေးထည်အော်ဒါတွေက မနည်းဘဲ...။ အိမ်ရှေ့မှာက ကုန်ဆုံဆိုင်ဖွင့်ထားတယ်....။ ဆေးတွေလည်းရောင်းတယ်.... စက်နဲ့မရစ်ရသေးတဲ့ သိုးမွှေးချည်ခင်တွေရောင်စုံ ရောင်းတယ်...။ ချည်ခင်နှစ်ခင်ဆို တစ်ပေါင်ရှိတယ်...။ လာဝယ်သူတွေက သူတို့ထိုးရတာလွယ်အောင် တစ်ခါတည်းအလုံးရစ်ခိုင်းတယ်...။ အဲဒီခါမျိုးဆို ကျမက သိပ်စိတ်ဝင်စားတာ ချည်ရစ်ချင်တယ်...။ ဝယ်သူက ချည်လုံးပေးဆိုတာနဲ့ ချည်ခင်ပတ်မယ့် ရဟတ်လေးကို သစ်သားစားပွဲမှာဆင်လိုက်တယ်...။ နောက်ချည်ရစ်မယ့် စက်ကိုပါတစ်ပါးတည်း ရဟတ်နဲ့သပ်မနီးမဝေးမှာဆင်တယ်....။ ချည်ခင်ကို ရဟတ်မှာပတ်ထည့်ပြီး ချည်စကိုဖြုတ်ယူ ရစ်စက်မှာညှပ်အစကိုလိုက်တယ် ရစ်စက်လေးကို လက်နဲ့လှည့်လိုက်ရင် ချည်ခင်ကချည်တွေက တဖြည်းဖြည်းချည်လုံးအဖြစ်ပြောင်းသွားရော....။ အဲလိုလေး...။ 

အင်္ကျီကြယ်သီး အပ်ချည် အပ် စတာတွေလဲ ရောင်းတယ်...။ အခါ လားဟူလူမျိုးတွေရဲ့ အင်္ကျီမှာတပ်တဲ့ ဘော်ကြယ်လေးတွေ ငွေမောင်းလေးတွေလည်းရောင်းရတယ်...။ နေ့လည်ထမင်းစားပြီးရင် လူကြီးတွေက ကိုယ်ထွက်မလည်ခင် တစ်ခါတည်းပြောထားတာ...။ ပြီးရင် ဆားထုပ်ရမယ်နော် အချိုမှုန့်ထုတ်ရမယ်နော် တဲ့...။ အိမ်ကဆိုင်မှာ ဆားကို တစ်ဆယ်တန် နှစ်ဆယ်တန် စသဖြင့် သူ့ပလတ်စတစ်အရွယ်အစားနဲ့သူ အမေကချိန်ထည့်ပြီးရင် ကိုယ်တွေကအိတ်လေးကို ဖယောင်းတိုင်မီးတို့ပေးရတာကိုး...။ အဲလိုပဲ အချိုမှုန့် သကြား လဖက်ခြောက် အကုန်လုပ်ရတယ်....။ မြေပဲပေါ်ချိန်တို မြေပဲဆံတွေကို အခွံထဲကထုတ်ဖို့ တူလေးနဲ့ထုရတယ်... အဆံတွေကိုတောင်းထဲထည့် ပြီးမှ တစ်ဆယ်သားထုပ် နှစ်ဆယ်သားထုပ် ထုပ်ရောင်းတယ်..။ ပဲဆီဆိုရင် ပုလင်းပြားလေးတွေနဲ့ ဖြည့်ရတယ်...။ အဲတုန်းက ယိုးဒယားကလာတဲ့ ဆီတွေဆိုတာ ဆောင်းဆိုခဲလို့ နေထုတ်ထုတ်လှန်းရတယ်...။ ဆားအုန်းဆီဖြစ်မှန်းခုမှသာတွေးမိတယ်...။ အဲဒီဆီတွေကိုပဲစားနေကြတာလေ...။ 

မနက်ဆို အမေဈေးထဲ ဈေးသွားရောင်းတာလိုက်ရတယ် ...။ မနက်မိုးမလင်းခင် လေးနာရီကတည်းက အိပ်ယာထရတယ် ဆောင်းတွင်းဆို အေးလွန်းလို့မထချင်ဘူး...။ နှင်းတွေဘယ်လောက်ထူပိန်းအောင်ကျသလဲဆို ကိုယ့်ရှေ့ သုံးကိုက်လောက်ဆို ဘာမှမမြင်ရတော့ဘူး...။ ဈေးထဲခင်းဖို့ပစ္စည်းတွေကို သုံးဘီးတပ် လက်တွန်းလှည်းထဲထည့်ရတယ်...။ အဲဒီလှည်းတွန်းပြီး တစ်ဘက်ကမ်းကဈေးမှာ သွားခင်းရောင်းရတာ...။ ဈေးနဲ့ရွာက ချောင်းခြားထားတာကိုး...။ ဈေးဆိုင်လေးက ကွပ်ပျစ်လေးပေါ်မှာ ပစ္စည်းတွေခင်း ဆိုင်ဘေးမြေကွက်လပ်သေးသေးမှာတော့ ကျမကပလပ်စတစ်လေးခင်းပြီး ရန်ကုန်ကအဒေါ်ပို့ပေးတဲ့ ရုပ်ရှင်မင်းသား မင်းသမီးပုံ ပြက္ခဒိန်တွေကို ခင်းရောင်းတယ်...။ ရောင်းကောင်းမှကောင်းပဲ...။ နယ်ကလူတွေက အဲဒါမျိုး သိပ်ကြိုက်တာ...။ တခါတလေ ကလစ်တို့ ဆံညှပ်တို့ ဒုတ်ထိုးချိုချဉ်တို့ကို သိမ်ကြီးဈေးကနေဝယ်ဝယ်ပို့ပေးတယ်...။ ကျောင်းမှာထိ အတန်းထဲကသူငယ်ချင်းတွေကို အဲဒီစားစရာတွေ ယူသွားရောင်းတယ်...။ ဆရာမခင်ခင်ထူးကတော့ ကျောင်းမှာ မာလကာသီးယူသွားရောင်းလို့ ကျောင်းအုပ်ဆရာရုံးခန်းထဲ ခေါ်ဆူတာခံခဲ့ရတယ်တဲ့.......။ ကျမကတော့ ရုံးခန်းမရောက်လိုက်ပါဘူး....။ ဆရာ ဆရာမတွေက ခွင့်လွတ်နားလည်ပေးလို့ထင်ပါတယ်......။ 

အိမ်ကြီးရဲ့ ဘယ်ဘက်ခြမ်းက သွပ်မိုးအဖီထုတ်ပြီး ဗီဒီယိုရုံဖွင့်ထားသေးတယ်...။ အဲဒီခေတ်က အိမ်တိုင်း တီဗီတွေ ဒက်တွေမှမရှိဘဲ....။ စနေ တနင်္ဂနွေနေ့ဆို တောင်ပေါ်သားတွေ အခါ လားဟူတွေက ဘုရားရှိခိုးကျောင်းတက်ပြီး ကျမတို့ရုံမှာ ဗီဒီယိုလာကြည့်ကြတာ....။ မြန်မာကားဆို ရဲကိုကိုနဲ့ လင်းဇာနည်ဇော်ကို သိပ်ကြိုက်ကြတယ်...။ ဒီနေ့ပြမယ့်ကားကို white board မှာ ဦးလေးတစ်ယောက်က ပုံတွေဆွဲ ဘာဇာတ်ကားဆိုပြီးရေးတယ်...။ ရုံအဝင်ဝမှာ ချိုချဉ် ဇီးထုပ် သရက်သီးဆားဆိမ် နေကြာစေ့ ကွာစေ့ စသဖြင့် ဗီဒီယိုလာကြည့်သူတွေကို ရောင်းရတယ်...။ ရုံမှာ ကုလားကား အက်ရှင်ကား သရဲကားအကုန်ပြရတယ်...။ တရုတ်သိုင်းကားဆိုလည်း ကြိုက်ကြတာပဲ...။ ငယ်ကတည်းက ရုပ်ရှင်ဇာတ်ကားတွေနဲ့မစိမ်းသူပေါ့ကွယ်...။ 

အဲတုန်းက နွေးထွေးတဲ့ အိမ်ကြီး မိသားစုအဝိုင်းအဝန်းတွေနဲ့ ပျော်ရွှင်ခဲ့ဖူးတဲ့အိမ်ကြီး.....။ ကျမတို့ မောင်နှမလေးရောက်မျောက်ရှုံးအောင်ဆော့ကစားခဲ့ဖူးတဲ့ နေရာ...။ ကျမရဲ့ ဇာတိချက်မြှုပ်ရာ နေရာ....။ အမေက ကျမကို အဲဒီအိမ်ရဲ့ အောက်ထပ်အခန်းထဲမှာပဲမွေးခဲ့တာ.... ဝမ်းဆွဲဆရာမနဲ့ပေါ့...။ ကျမအသက်ဆယ့်သုံးနှစ်မှာပဲ ဇာတိကိုစွန့်ခွာခဲ့ရတယ်....။ မြို့မှာ ကျောင်းသွားတက်ရမယ်တဲ့...။ ခုနှစ်တန်းကိုတောင်မဖြေဘဲ တစ်နှစ်အောက်ခံပြီး မြို့မှာ ပြန်သွားတက်တယ်.....။ မြို့သွားဖို့ကလည်း လေယာဉ်နဲ့မှရောက်တာကိုး... ကားလမ်းကကြမ်းတယ်... ရန်ကုန်ရောက်ဖို့ဆို နှစ်ပတ်လောက်တောင် ကြာမယ်ထင်တယ်...။ ဒါနဲ့ လေယာဉ်လူကြုံရှိတုန်း အမေက အထည့်လွှတ်လိုက်တယ်...။ မသွားလို့မရဘူးလား အမေလို့ နှုတ်ကဖွင့်ဟမမေးရဲပေမယ့် စိတ်ထဲတော့ ကြိတ်ဝမ်းနည်းနေတာပေါ့......။ အဲကျမှ မနှစ်တုန်းက ငှက်ဖျားရောဂါအပြင်းအထန်ခံစားပြီး ဆုံးပါးသွားခဲ့တဲ့ အဖေကိုသတိရလွမ်းဆွတ်မိတယ်...။ အဖေဆုံးတုန်းက မကျခဲ့ဖူးတဲ့ မျက်ရည်က အဲကျမှကျတော့တယ်.......။ 

ကျမရဲ့ ငယ်ဖော်လို့ပြောလို့ရမယ့် အိမ်ကြီးရယ် ခြံထဲက အပင်တွေရယ်ကိုခွဲခွာပြီး မြို့မှာ ကျမတော်တော်နဲ့နေသားမကျပါဘူး.......။ ဝမ်းနည်းစိတ် အားငယ်စိတ်ကလည်း အစဉ်ကိန်းအောင်းနေတတ်သေးတယ်....။ အဲဒီကစပြီး ကိုယ့်ခံစားမှုတိုင်းကို စာအုပ်ထဲချချရေးတတ်လာတာဟာ... ဒီနေ့ဘလော့ဂါ မိုးငွေ့ဖြစ်လာဖို့ အခြေခံအရင်းမြစ်ထင်ပါရဲ့.....။ စာအုပ်တွေနဲ့ အဖော်လုပ်ရတာ သီချင်းတွေနဲ့အဖော်လုပ်ရတာ တကယ်တော့ လူတွေနဲ့အဖော်လုပ်ရတာထက် စိတ်ချမ်းသာဖို့ကောင်းတယ်........။ ခုတော့လည်း ကျမတို့ရဲ့အိမ်ကြီးက သဘာဝဘေးအန္တရာယ်ရဲ့ သားကောင်ဖြစ်သွားရရှာပြီ......။ ကျမစိတ်ကူးထဲ မျက်စိထဲမှာတော့ ကျမနေခဲ့ဖူးတဲ့ ရွာ နေခဲ့ဖူးတဲ့အိမ်က ဒီတိုင်းပဲ ဘာမှပြောင်းလဲမသွားဘူး.... ။ သူများတွေတိုက်တာပြောင်းဆောက်ပေမယ့် လမ်းတွေ ပလက်ဖောင်းတွေပြင်ပေမယ့် တာလေရွာကနေ တာလေမြို့လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပေမယ့် ကျမတို့ရဲ့အိမ်ကိုတော့ ကျမတို့ငယ်ငယ်ကနေခဲ့ဖူးတဲ့ ပုံစံလေးအတိုင်းကိုပဲ မြင်ယောင်နေတတ်မိတယ်....။ တကယ့်အပြင်မှာ မြေကွက်လပ်လေးပဲ ကျန်ရစ်တော့တဲ့ နေရာလေး....။ အဲဒီနေရာ အဲဒီမြေကြီးပေါ်ကနေ ကျမလောကကြီးထဲကိုစရောက်ခဲ့ရတာပါ.........။



 မိုးငွေ့

Wednesday, 16 November 2011

မနှင်းဆီစုစည်းမှု.....




မနှင်းဆီသို့(၉)


သာယာနာပျော်ဖွယ်ကောင်းတဲ့
စောင်းကြိုးခက်သံတွေနဲ့အတူ
အမှောင်ညကိုခွင်းပြီး
မနှင်းဆီ ရောက်လာခဲ့တယ်။
အဲဒီ အလှပဆုံးအပြုံးနဲ့
အတောက်ပဆုံး မျက်ဝန်းတွေကြောင့်
ပန်းပေါင်းစုံ ဉီးညွှတ်ကြကုန်တယ်
ကျေးငှက်တွေတွန်ကြူး
ဒီနွေဉီးလည်းအေးမြကုန်တယ်။
အရာရာက အိပ်မက်တွေလိုပါပဲ
အမြင်အာရုံတွေက ဝိုးတဝါး
ကိုယ့်ရင်ခုန်သံတွေကိုတော့
ကိုယ်တိုင်ပြန်ကြားနေခဲ့တယ်
မရူးမိုက်ချင်တော့ပါဘူး
မူးမိုက်ခဲ့ပေါင်းလဲများပြီလေ
ရင်ခုန်သံချင်း ချိတ်ဆက်ထားရုံနဲ့တင်
အရာရာကပြီးပြည့်စုံလို့ လှပနေပါပြီ
ကျွန်တော် ပြောစရာလိုသေးလို့လား မနှင်းဆီ
ေ ပြာ စ ရာ လိုေ သး လို့  လား


မနှင်းဆီသို့(၁)
မနှင်းဆီသို့(၂)
မနှင်းဆီသို့(၃)
မနှင်းဆီသို့(၄)
မနှင်းဆီသို့(၅)
မနှင်းဆီသို့(၆)
မနှင်းဆီသို့(၇)
မနှင်းဆီသို့(၈)
မနှင်းဆီသို့(၉)



မိုးငွေ့

Monday, 14 November 2011

သံစဉ်များနဲ့မှောင်မိုက်ည.....




ဟင့်အင်း ကိုယ်မအိပ်ချင်သေးပါဘူး.....။ ခုနေသွားအိပ်လဲ အိပ်ပျော်မှာမှမဟုတ်ဘဲ.....။ မင်းဆိုပြခဲ့ဖူးတဲ့ သီချင်းလေးကို နားကျပ်လေးနဲ့ နားမှာတပ်ပြီး မိုးလင်းပေါက် လည်နေအောင် ကိုယ်နားထောင်ရမလား......။

အနှောက်အယှက်တွေကများလိုက်တာ.......။ စကားလဲ ကောင်းကောင်းမပြောရပါဘူး.....။ မတွေ့တာတော်တော်ကြာတဲ့အထဲမှာ စကားတော်တော်လေးပြောဖြစ်တဲ့ညလေးပါ...။ ထုံးစံအတိုင်းပေါ့ လိုင်းကချာတော့.....။ ခုချိန်ထိ ကိုယ်တို့အေးအေးဆေးဆေး မတွေ့ရသေးဘူးနော်...။ တစ်ခါလောက် သီချင်းအတူသွားနားထောင်ရအောင်လေ....နော် ...အိန်ဂျယ်.... ကိုယ်နဲ့ လိုက်ခဲ့မယ်မဟုတ်လား..။

ကိုယ်က မင်းလိုသီချင်းမဆိုတတ်ပါဘူး...ဒါပေမယ့် သီချင်းတွေကိုချစ်တယ်...မင်းလိုပဲလေ....။ ဂီတရဲ့ ပျံ့လွင့်ဆွဲဆောင်မှုနဲ့အတူ ကိုယ်တို့ချစ်ခြင်းတွေလည်း ပျော်ဝင်နေတာပါ......။ အိန်ဂျယ်နဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ ချစ်ခြင်းတွေကို သံစဉ်တွေကြားထဲမှာ ကိုယ့်ရဲ့ အက်ဆေးလှလှတွေထဲမှာ အဖြူရောင်တိမ်အုပ်တွေထဲမှာ.... လေပြေနုနုမှာ မဆုံးတန်းတွေ့မြင်ကြရမှာပါ........။

လွမ်းတယ် အိန်ဂျယ်......။

မင်းကိုလွမ်းတိုင်း မင်းဆိုပြခဲ့ဖူးတဲ့ သီချင်းကို အထပ်ထပ်နားထောင်တယ်....။ မင်းအမြဲဇာတ်လိုက်နေရာကပါတဲ့ အက်ဆေးတွေကို ပြန်ပြန်ဖတ်တယ်..........။ ကိုယ့်အက်ဆေးထဲမှာ မင်းနေသားကျလောက်ရောပေါ့ နော်......။ အပြင်ဘက်မှာမပြောနဲ့ ကိုယ်တို့မှာ အက်ဆေးထဲမှာတောင် တွေ့ဆုံနိုင်ခွင့်မရှိပါလား.... အလွမ်းတွေချည်းပြည့်ကျပ်သိပ်နေတယ်........။

မင်းကရော...အိန်ဂျယ်... တခါတလေလေးများ ကိုယ့်ကို သတိရလွမ်းဆွတ်တတ်ပါသလား.........။ ကိုယ့်မှာ မင်းအဲလိုလေးခံစားမှုဖြစ်လာစေလောက်တဲ့ စွမ်းအားမရှိလောက်ဘူးလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့နေခဲ့ဖူးတယ် အကြိမ်ကြိမ်ပါပဲ.......။


မိုးငွေ့


Friday, 11 November 2011

ပိတ်ရက်.....

Pizza corner က Hawainn regular


Cheese Garlic Bread အရမ်းကြိုက်တယ်...


တော်ဝင်အောက်ထပ်မှာ အသစ်လာဖွင့်တဲ့ Chocolate City ဆိုင်က ဘမ်လ်ဂျီယမ်ဝေဖါတဲ့ ချောကလက်အနှစ်ဆမ်းထားတာ အရမ်းချိုတယ် မစားဖူးလို့စားကြည့်တာ....


  ငါးပုပ်ခြောက်ထမင်းသုပ်


 
တန်ဆောင်မုန်းလပြည့် ရုံးပိတ်တယ်....။ အိမ်နားက ဘုန်းဘုန်းက သူ့ကျောင်းကထိန်သင်္ကန်းအလှူဖိတ်လို့ အမေရယ် တိုက်ကလူတွေနဲ့သွားကြတယ်....။ ဟိုရောက်တော့ လူတွေများမှများပါပဲ...။ ဘုန်းဘုန်းဆီမှာ သင်္ကန်တစ်စုံ2000တဲ့ မိသားစုငါးယောက်ဆိုတော့ ငါးစုံကပ်လိုက်တယ်....။ အထက(၂)စမ်းချောင်းက ကထိန်အလှူမို့ ထမင်းကျွေးတယ်... အဲမှာဝင်စားတယ်...။ ကြက်သားဟင်း ငါးကြင်းပေါင်း သီးရွက်စုံကြော် အချဉ်ရည်ဟင်း ငါးပိချက်တို့စရာနဲ့ မယ်ဇလီဖူးသုပ်...။ မယ်ဇလီဖူးသုပ်က ဒီလိုရာသီမျိုးမှာပဲစားရတာကိုး...။ ဒါတောင်မှ ဒီလနတ္ခတ်ကြည့်တော့ ဆေးပေါင်းမခလို့ မယ်ဇလီဖူးသုပ်ကို လပြည့်ညမှာမစားရဘူး ဆေးမဖြစ်ဘူးတဲ့ နောက်တစ်လ နတော်လပြည့်ကျမှဆေးပေါင်းခမယ်တဲ့...။ ပုံတွေလား မရိုက်ခဲ့ရပါဘူး ကင်မရာကလဲ ပျက်နေတယ်....။ ဖုန်းက SIM card မရှိလို့ ရိုက်မဘူး...ဒါနဲ့ကဒ်အဟောင်းလေးထည့်ပြီးမှ အပေါ်ကပုံလေးရိုက်လို့ရသွားတာ...။ သုံးသိန်းတန်ထွက်မယ် ဆိုလို့ စောင့်နေတာ..။ အလှူကပြန်ရောက်တော့ ဆယ့်တစ်နာရီပဲရှိသေးတယ်....။ နက်ဖွင့်တယ်... ပို့စ်အသစ်တင်တယ်... သယ်ရင်းတွေနဲ့ ဟိုတော့ ဒီတော့တော့တယ်...။ တစ်နာရီထိုးတော့ ညီမတစ်ယောက်နဲ့ချိန်းထားတယ်...။ ညနေကလဲ သင်တန်းရှိတော့ တစ်ခါတည်းအ၀တ်စားတွေယူသွားလိုက်တယ်...။ တော်ဝင်သွားတယ် မုန့်တွေလျှောက်စားတယ်...။ ဘိုစာတွေစားပြီးတော့ အာပူလျှာပူစပ်စပ်လေးသောက်ချင်လာတာနဲ့ ၁၃လမ်းထိပ်မှာသွားသောက်တယ်...။ ဦးဘဂျမ်းကာတွန်းပြပွဲဝင်ဖတ်တယ်....။ ဓါတ်ပုံမရိုက်ဖြစ်တော့ဘူး လူများတာ့ မတိုးနိုင်ဘူး....မူးတယ်...။ မကွန်လို ပွဲဈေးမတိုးနိုင်သေးတာ ဓါတ်ပုံကိုလက်တုန်တုန်နဲ့ မရိုက်နိုင်သေးတာ ဘလော့ဂါမပီသသေးဘူးလို့ ကိုယ့်ကိုယ်ကိုအပြစ်တင်မိသွားတယ်..။ သင်တန်းတက်ပြီးတော့ အိမ်ပြန်ရောက်တော့ ညကိုးနာရီထိုးခါနီးပြီ...။ အမှန်က ရှစ်နာရီမထိုးခင်ကတည်းက သင်တန်းပြီးတာ လက်ဖက်ရည်ဆိုင်မှာ ညီမနဲ့အလုပ်ကိစ္စတွေ အလ္လာပ သလ္လာပပြောရင်းနောက်ကျသွားတယ်...။ အိမ်ရောက်တော့ ဗိုက်ဗိုက်ကဆာပြီလေ...။ မနက်က မီးခိုးတိတ်ဆိုတော့ညနေ အုပ်ဆောင်းဖွင့်လိုက်တာ ထမင်းပဲတွေ့တယ်...ကြက်သွန်ဖြူဆီချက်တစ်ခွက်တွေ့တယ်...။ ပုလင်းထဲက ဘလချောင်ကြော်နဲ့ ငါးပုပ်ခြောက်ကြော်တွေ့တယ် မြေပဲဆံလှော်တွေ့တယ်...။ အဲဒါနဲ့ ထမင်းသုပ်လုပ်လိုက်တယ်...။ ထမင်းနဲ့ အဲဒီအခြောက်ကြော်တွေအားလုံးကိုရောနယ်လိုက်တယ်...။ ဒီတိုင်းစားရင်ခြောက်ကပ်ကပ်နဲ့မို့ ရေခဲသေတ္တာထဲက သခွားသီးနဲ့ဥနီတွေ့တာနဲ့ခွာပြီးထည့်လိုက်တယ် ငရုတ်သီးလေးကိုက်လိုက်နဲ့ ကောင်းမှကောင်းပဲ...။ ကဲဒါပါပဲ မိုးငွေ့ရဲ့ ပိတ်ရက်တစ်နေ့တာ...။ အော်...စာအုပ်တွေဝယ်လာသေးတယ် နောက်တစ်ပို့စ်ကျမှ ခင်းပြမယ်....အိုခေ...။


မိုးငွေ့


Tuesday, 8 November 2011

သို့.... အိန်ဂျယ်.....





ချစ်သော.....အိန်ဂျယ်

လောကကြီးမှာ လူတွေဟာ ကြောက်စရာကောင်းကောင်းလာကြတယ်နော်.....။ အကြင်နာတရားတွေကင်းမဲ့လာကြတယ်... စာနာမှုတွေမရှိကြတော့ဘူး အိန်ဂျယ်.....။ နှမချင်းစာနာတာတို့ သားသမီးချင်းကိုယ်ချင်းစာတာတို့ဘာတို့လဲ ဝေးပဲ.....။

ကိုယ်ကတော့လေ ဘုရားမှာ အမြဲဆုတောင်းတယ် ကောင်းသော မိတ်ဆွေများနဲ့သာ ဆုံရပါစေလို့လေ...။ ကိုယ်တို့ဘာသာမှာရှိတယ် ကောသလမင်းအိပ်မက် ဆယ့်ခြောက်ခုဆိုတာလေ....မင်းကြားဖူးမှာပါ.....။ ခုဆို အဲဒီအိပ်မက်ထဲကလို အပြင်မှာ တကယ်ဖြစ်လာပြီ တစ်ခုပြီး တစ်ခု..... တစ်ခုပြီး ....တစ်ခုပေါ့။

လူတွေက သိပ်ကြောက်စရာကောင်းတယ်... အိန်ဂျယ်.......။ ကိုယ့်ရဲ့ ရိုးသားမှုကို ခုတုံးလုပ် ယုတ်မာပက်စက်စွာ ရိုးစွပ်ခြင်းကိုခံရတယ်...........။ ပြီးတော့ သူပြောတာမဟုတ်ဘူးလို့ ဗြောင်လိမ်တယ် ဗလောင်းဗလဲကလဲ တတ်နိုင်ပါ့........။ ကိုယ်တော့ ကြားကြားခြင်း တော်တော်လေး အံ့အားသင့်သွားတယ်....။ ဒီလူ ဒီလိုစကားမျိုးကို နဲနဲလေးမှတောင် စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ ဘယ်လိုအတွေးမျိုးနဲ့ ပြောထွက်ပါလိမ့်လို့....။ စကားတစ်ခွန်း အလုပ်တစ်ခုကို ပြောသင့်မပြောသင့် လုပ်သင့်မလုပ်သင့် မစဉ်းစားကြတော့ဘူး လတ်တလောအခြေအနေအရ ပြောချလိုက်တယ်...... ကိုယ့်အပြစ်ကို ဖုံးကွယ်ဖို့ သူများကို အပြစ်ပုံချတယ်..........။

တစ်သက်လုံး လူတွေကို အရိုးခံ အဖြူအတိုင်းပဲ ကြည့်မြင်တတ်တဲ့ ကိုယ်........။ ကိုယ့်စိတ်နဲ့ဆို အဲလို ဘယ်လိုမှပြောထွက်မှာမဟုတ်ဘူး....။ ဒါကြောင့် ကိုယ်အဲဒါကို ကြားကြားခြင်း ဒေါသမဖြစ်ဘဲ ဘယ်လိုစိတ်မျိုးနဲ့ ဒီလိုစကားကိုပြောထွက်သလဲ ဆိုတဲ့ မဆိုင်တဲ့ အဖြေကို ကိုယ့်ဘာသာကိုယ်ခံစားကြည့်ပြီး ထုတ်နေမိတယ်...အိန်ဂျယ်.......။ အမှန်တော့ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်တွေပါ......။ အပြင်လောကမှာ နေရာတိုင်းမှာ ဖြစ်ပျက်နေကျတွေ ကြားဖူးနေကျတွေပါ အိန်ဂျယ်....။ ဒါပေမယ့် ကိုယ့်အသိုင်းအဝိုင်းလောကမှာတော့ ကိုယ်ကိုယ်တိုင်က မေတ္တာနဲ့ပဲလူတိုင်းကိုဆက်ဆံတော့ အမြဲတစေအေးဆေး နေတာလေ....။ ခုလိုကြီး ဝင်နှောက်ခံရတော့ ကိုယ်ခံနိုင်ရည်မဲ့သလိုဖြစ်သွားတယ်....။

နည်းနည်းအသက်ရလာတာလဲပါတယ်.....။ ငယ်တုန်းကများ အဲလိုပြောခံရရင် ဒေါသတွေအချောင်းလိုက်ထွက်ပြီး ဆံပင်တွေတောင်ထောင် ခေါင်းအငွေ့ထွက်သလား အောက်မေ့ရတယ်...။ ခုတော့ အဲလိုမဖြစ်တော့ဘူး ကိုယ့်ကိုယ်ကိုတောင် အံ့သြသွားတယ်....အိန်ဂျယ်ရယ် သိလား...။

ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာပျက်ဖို့နီးလာလေလေ လူတွေက မကောင်းမှုကိုပိုပြီးခုံမင်နှစ်သက်လာလေလေဖြစ်နေကြတယ်...။ ရင်လေးစရာကွယ်.......။

မင်းလဲ သတိထားဦးပေါ့ လူတွေကို... သတိနဲ့ဆက်ဆံ မေတ္တာနဲ့ဆက်ဆံပါ......။

ချစ်တဲ့
အိန်ဂျယ်လီ....