Thursday, 17 November 2011

ကျွန်မတို့၏အိမ်.....


ကျမတို့ငယ်ငယ်က နေခဲ့တဲ့ အိမ်ကို ခုတော့လည်း မျက်စိထဲက ပြန်မြင်ယောင်ရုံပဲ တတ်နိုင်တော့တယ်....။ ပြီးခဲ့တဲ့ ခြောက်လက ငလျင်ဒဏ်နဲ့ တစ်မြို့လုံးပြိုလဲ ပိပြားသွားကတည်းက အိမ့်အနောက်ခြမ်း အုတ်ချပ်ကြီးတပြင်စာပဲ မားမားမတ်မတ်ကျန်ခဲ့တော့တယ်.....။

အဲဒီအိမ်ဆောက်တုန်းက ကျမတောင်မမွေးသေးပါဘူး.....။ အဖိုးဆောက်ခဲ့တဲ့အိမ်ပါ...။ အဲဒီအချိန်တုန်းက ရွာမှာ(ခုတော့မြို့လေးတစ်မြို့ဖြစ်နေပါပြီ)တိုက်အိမ်ဆိုလို့ ကျမတို့အိမ်တစ်အိမ်ပဲရှိတာ.....။ ရွာလယ်ခေါင် တည့်တည့်က ဗီယက်နမ်ကြီးတို့တိုက်အိမ်ဆို လူတိုင်းသိတယ်.......။ ကျမတို့အိမ်ဝိုင်းက မျက်နှာစာပေသုံးလေးဆယ်လောက်ပဲရှိမယ်....အနောက်ဖက်ကိုတော့ ပေတစ်ရာကျော်မယ်ထင်တယ်....။ အဖိုးက တိုက်အိမ်ကြီးကို မြေကွက်ရဲ့ အရှေ့ပိုင်း သုံးပုံတစ်ပုံစာလောက်ပဲဆောက်ပြီး တိုက်အိမ်နောက်မှာ မီးဖိုချောင်အဖီလေးနဲ့ မြေကွက်လပ်ရှိတယ်...ပြီးတော့မှ နှစ်ထပ်သစ်သားအိမ်လေးတစ်လုံးရှိတယ်...။ အဲဒီသစ်သားအိမ်နောက်ဖက်မှာ စပါးကျီတစ်ခုရှိတယ်.......။ ကျမတို့ငယ်တုန်းက အဲဒီအိမ်အပေါ်ထပ်မှာ အိပ်ကြတယ်...။ သူငယ်ချင်းတွေနဲ့ တူတူပုန်းတန်းကစားကြတယ်...။ စပါးကျီထဲထိပုန်းတာ...။ အဲဒီအိမ်ရဲ့ မျက်နှာကျက်ထဲထိလဲ ပုန်းကြသေး... ကြောင်တွေချေးပါထားတာ နံစော်နေတာတောင် ရအောင်ပုန်းတယ်.....။ 

အဖွားကကြောင်တွေအများကြီးမွေးထားတယ်လေ......။ အိမ်မှာကြောင်ရှိတယ်...။ ဝက်လည်းမွေးတယ်.... ကြက်လဲမွေးတယ်....ဘဲလဲမွေးတယ်....။ အကောင်ပလောင်တွေစုံပေမယ့် ကျမကတော့ အကောင်တွေကို အဲကတည်းက မချစ်တတ်ပါဘူး...။ ညနေညနေဆို အဒေါ်အမွှာနှစ်ယောက်က ကျမကိုစက်ဘီးနဲ့တင်ပြီး ရွာထိပ် မြေနီကုန်းမြင့်မှာရှိတဲ့ အဖိုးရဲ့ ဆန်စက်မှာ ဝက်တွေ ဘဲတွေကြွေးဖို့ ဆန်ကွဲတို့ ဖွဲတို့သွားယူတတ်ကြတယ်....။ ကျမက ငယ်သေးတော့ ဝက်စာကျွေးတာတော့မလုပ်လိုက်ရဘူး....။ နဲနဲကြီးလာတော့ အဖွားတို့က ဝက်မမွေးတော့ဘူး....။ ကြက်ကလေးတွေ တစ်ကောင်စနှစ်ကောင်စပဲရှိတော့တယ်.......။ အဲ...နောက်ဖေးခြံထဲမှာ သရက်ပင်တွေတော့ တော်တော်များများစိုက်ထားတယ် ဘယ်နှစ်ပင်လဲတော့ မရေထားမိဘူး... ခြံမြေကွက်လပ်အပြည့်ပဲ သရက်ပင်တွေပြီးရင် နောက်မှာ အိမ်သာနှစ်လုံးတွဲနဲ့ နောက်ဖေးဆေးရုံဝင်းထဲကို ဖေါက်ထွက်တဲ့ သွပ်တံခါးကြီး(ခြံတံခါး)ပဲရှိတော့တယ်....။ 

ဆရာမခင်ခင်ထူးရဲ့ “နွေသီး”ဝတ္ထုတိုကိုဖတ်ရင်း ဆရာမငယ်ငယ်တုန်းက သူတို့ခြံထဲက မာလကာသီး၄၃ပင်ရှိတဲ့အကြောင်း အပင်ပေါ်တက်ကစားကြ စာကျက်ကြတဲ့အကြောင်းလေးဖတ်မိတော့... ကျမလည်း အဖွားရဲ့သရက်ပင်တွေကို သတိရသွားတယ်...။ အပင်ပေါ်လည်းတက်ဖြစ်ကြတယ်...။ အသီးတွေအလုံးမကြီးခင် အကြွေလေးတွေ လိုက်ကောက် အပင်အောက်မှာဖျာခင်းပြီး စင်းတုံးနဲ့ အသီးကိုခွဲအစေ့ထုတ်ပြီး ဆားရည်အိုးထဲစိမ်တယ်...။ နောက်နေ့ ဗီဒီယိုပြရင်လာကြည့်တဲ့သူတွေ အိပ်ငိုက်ပြေ ဆားငရုတ်သီးမှုန့်နဲ့တို့စားဖို့ရောင်းရတယ်...။ အဲတုန်းက ခူကောင်တွေကို သိပ်သတိမထားမိလို့ နောက်ပိုင်းခူကောင်တွေကိုကြောက်တာနဲ့ အပင်ပေါ်သိပ်မတက် တော့ဘူး...။ အပင်တွေက မချစ်စုပင်တွေများတယ် အသီးတွေတစ်လုံးတစ်လုံးက အယ်စတုန်ကြီးတွေ...။ အသီးတွေကြီးလာပြီး မမှည့်ခင်တောင်းထဲခူးထည့်တယ်...။ တာချီလိတ်သွားတဲ့ကားနဲ့ ဟိုရောက်ရင် ယိုးဒယာတစ်ဘက်ကမ်း မယ်ဆိုင်မှာသွားသွင်းတယ် ...။ ကီလိုနဲ့ချိန်ပြီးဈေးဖြတ်တယ်...။ အလုံးကကြီးတော့ နှစ်လုံးဆိုပဲ တစ်ကီလိုကျော်နေပြီ.....။ 

အရှေ့အိမ်မကြီးရဲ့ အနောက်ဖက်အဖီလေးမှာ (မီးဖိုချောင်ရဲ့နောက်တစ်ဘက်ခြမ်း) အမေတို့ညီအစ်မတွေ သိုးမွှေးထိုးစက်တွေကိုယ်စီနဲ့ တဂျုံးဂျုံးစက်ထိုးကြတယ်....။ အဲဒီချိန်က ရှမ်းပြည်ကခုလိုမှမဟုတ်ဘဲ အအေးဓါတ်ကကဲတော့ ဆောင်းတွင်းအတွက် သိုးမွှေးထည်အော်ဒါတွေက မနည်းဘဲ...။ အိမ်ရှေ့မှာက ကုန်ဆုံဆိုင်ဖွင့်ထားတယ်....။ ဆေးတွေလည်းရောင်းတယ်.... စက်နဲ့မရစ်ရသေးတဲ့ သိုးမွှေးချည်ခင်တွေရောင်စုံ ရောင်းတယ်...။ ချည်ခင်နှစ်ခင်ဆို တစ်ပေါင်ရှိတယ်...။ လာဝယ်သူတွေက သူတို့ထိုးရတာလွယ်အောင် တစ်ခါတည်းအလုံးရစ်ခိုင်းတယ်...။ အဲဒီခါမျိုးဆို ကျမက သိပ်စိတ်ဝင်စားတာ ချည်ရစ်ချင်တယ်...။ ဝယ်သူက ချည်လုံးပေးဆိုတာနဲ့ ချည်ခင်ပတ်မယ့် ရဟတ်လေးကို သစ်သားစားပွဲမှာဆင်လိုက်တယ်...။ နောက်ချည်ရစ်မယ့် စက်ကိုပါတစ်ပါးတည်း ရဟတ်နဲ့သပ်မနီးမဝေးမှာဆင်တယ်....။ ချည်ခင်ကို ရဟတ်မှာပတ်ထည့်ပြီး ချည်စကိုဖြုတ်ယူ ရစ်စက်မှာညှပ်အစကိုလိုက်တယ် ရစ်စက်လေးကို လက်နဲ့လှည့်လိုက်ရင် ချည်ခင်ကချည်တွေက တဖြည်းဖြည်းချည်လုံးအဖြစ်ပြောင်းသွားရော....။ အဲလိုလေး...။ 

အင်္ကျီကြယ်သီး အပ်ချည် အပ် စတာတွေလဲ ရောင်းတယ်...။ အခါ လားဟူလူမျိုးတွေရဲ့ အင်္ကျီမှာတပ်တဲ့ ဘော်ကြယ်လေးတွေ ငွေမောင်းလေးတွေလည်းရောင်းရတယ်...။ နေ့လည်ထမင်းစားပြီးရင် လူကြီးတွေက ကိုယ်ထွက်မလည်ခင် တစ်ခါတည်းပြောထားတာ...။ ပြီးရင် ဆားထုပ်ရမယ်နော် အချိုမှုန့်ထုတ်ရမယ်နော် တဲ့...။ အိမ်ကဆိုင်မှာ ဆားကို တစ်ဆယ်တန် နှစ်ဆယ်တန် စသဖြင့် သူ့ပလတ်စတစ်အရွယ်အစားနဲ့သူ အမေကချိန်ထည့်ပြီးရင် ကိုယ်တွေကအိတ်လေးကို ဖယောင်းတိုင်မီးတို့ပေးရတာကိုး...။ အဲလိုပဲ အချိုမှုန့် သကြား လဖက်ခြောက် အကုန်လုပ်ရတယ်....။ မြေပဲပေါ်ချိန်တို မြေပဲဆံတွေကို အခွံထဲကထုတ်ဖို့ တူလေးနဲ့ထုရတယ်... အဆံတွေကိုတောင်းထဲထည့် ပြီးမှ တစ်ဆယ်သားထုပ် နှစ်ဆယ်သားထုပ် ထုပ်ရောင်းတယ်..။ ပဲဆီဆိုရင် ပုလင်းပြားလေးတွေနဲ့ ဖြည့်ရတယ်...။ အဲတုန်းက ယိုးဒယားကလာတဲ့ ဆီတွေဆိုတာ ဆောင်းဆိုခဲလို့ နေထုတ်ထုတ်လှန်းရတယ်...။ ဆားအုန်းဆီဖြစ်မှန်းခုမှသာတွေးမိတယ်...။ အဲဒီဆီတွေကိုပဲစားနေကြတာလေ...။ 

မနက်ဆို အမေဈေးထဲ ဈေးသွားရောင်းတာလိုက်ရတယ် ...။ မနက်မိုးမလင်းခင် လေးနာရီကတည်းက အိပ်ယာထရတယ် ဆောင်းတွင်းဆို အေးလွန်းလို့မထချင်ဘူး...။ နှင်းတွေဘယ်လောက်ထူပိန်းအောင်ကျသလဲဆို ကိုယ့်ရှေ့ သုံးကိုက်လောက်ဆို ဘာမှမမြင်ရတော့ဘူး...။ ဈေးထဲခင်းဖို့ပစ္စည်းတွေကို သုံးဘီးတပ် လက်တွန်းလှည်းထဲထည့်ရတယ်...။ အဲဒီလှည်းတွန်းပြီး တစ်ဘက်ကမ်းကဈေးမှာ သွားခင်းရောင်းရတာ...။ ဈေးနဲ့ရွာက ချောင်းခြားထားတာကိုး...။ ဈေးဆိုင်လေးက ကွပ်ပျစ်လေးပေါ်မှာ ပစ္စည်းတွေခင်း ဆိုင်ဘေးမြေကွက်လပ်သေးသေးမှာတော့ ကျမကပလပ်စတစ်လေးခင်းပြီး ရန်ကုန်ကအဒေါ်ပို့ပေးတဲ့ ရုပ်ရှင်မင်းသား မင်းသမီးပုံ ပြက္ခဒိန်တွေကို ခင်းရောင်းတယ်...။ ရောင်းကောင်းမှကောင်းပဲ...။ နယ်ကလူတွေက အဲဒါမျိုး သိပ်ကြိုက်တာ...။ တခါတလေ ကလစ်တို့ ဆံညှပ်တို့ ဒုတ်ထိုးချိုချဉ်တို့ကို သိမ်ကြီးဈေးကနေဝယ်ဝယ်ပို့ပေးတယ်...။ ကျောင်းမှာထိ အတန်းထဲကသူငယ်ချင်းတွေကို အဲဒီစားစရာတွေ ယူသွားရောင်းတယ်...။ ဆရာမခင်ခင်ထူးကတော့ ကျောင်းမှာ မာလကာသီးယူသွားရောင်းလို့ ကျောင်းအုပ်ဆရာရုံးခန်းထဲ ခေါ်ဆူတာခံခဲ့ရတယ်တဲ့.......။ ကျမကတော့ ရုံးခန်းမရောက်လိုက်ပါဘူး....။ ဆရာ ဆရာမတွေက ခွင့်လွတ်နားလည်ပေးလို့ထင်ပါတယ်......။ 

အိမ်ကြီးရဲ့ ဘယ်ဘက်ခြမ်းက သွပ်မိုးအဖီထုတ်ပြီး ဗီဒီယိုရုံဖွင့်ထားသေးတယ်...။ အဲဒီခေတ်က အိမ်တိုင်း တီဗီတွေ ဒက်တွေမှမရှိဘဲ....။ စနေ တနင်္ဂနွေနေ့ဆို တောင်ပေါ်သားတွေ အခါ လားဟူတွေက ဘုရားရှိခိုးကျောင်းတက်ပြီး ကျမတို့ရုံမှာ ဗီဒီယိုလာကြည့်ကြတာ....။ မြန်မာကားဆို ရဲကိုကိုနဲ့ လင်းဇာနည်ဇော်ကို သိပ်ကြိုက်ကြတယ်...။ ဒီနေ့ပြမယ့်ကားကို white board မှာ ဦးလေးတစ်ယောက်က ပုံတွေဆွဲ ဘာဇာတ်ကားဆိုပြီးရေးတယ်...။ ရုံအဝင်ဝမှာ ချိုချဉ် ဇီးထုပ် သရက်သီးဆားဆိမ် နေကြာစေ့ ကွာစေ့ စသဖြင့် ဗီဒီယိုလာကြည့်သူတွေကို ရောင်းရတယ်...။ ရုံမှာ ကုလားကား အက်ရှင်ကား သရဲကားအကုန်ပြရတယ်...။ တရုတ်သိုင်းကားဆိုလည်း ကြိုက်ကြတာပဲ...။ ငယ်ကတည်းက ရုပ်ရှင်ဇာတ်ကားတွေနဲ့မစိမ်းသူပေါ့ကွယ်...။ 

အဲတုန်းက နွေးထွေးတဲ့ အိမ်ကြီး မိသားစုအဝိုင်းအဝန်းတွေနဲ့ ပျော်ရွှင်ခဲ့ဖူးတဲ့အိမ်ကြီး.....။ ကျမတို့ မောင်နှမလေးရောက်မျောက်ရှုံးအောင်ဆော့ကစားခဲ့ဖူးတဲ့ နေရာ...။ ကျမရဲ့ ဇာတိချက်မြှုပ်ရာ နေရာ....။ အမေက ကျမကို အဲဒီအိမ်ရဲ့ အောက်ထပ်အခန်းထဲမှာပဲမွေးခဲ့တာ.... ဝမ်းဆွဲဆရာမနဲ့ပေါ့...။ ကျမအသက်ဆယ့်သုံးနှစ်မှာပဲ ဇာတိကိုစွန့်ခွာခဲ့ရတယ်....။ မြို့မှာ ကျောင်းသွားတက်ရမယ်တဲ့...။ ခုနှစ်တန်းကိုတောင်မဖြေဘဲ တစ်နှစ်အောက်ခံပြီး မြို့မှာ ပြန်သွားတက်တယ်.....။ မြို့သွားဖို့ကလည်း လေယာဉ်နဲ့မှရောက်တာကိုး... ကားလမ်းကကြမ်းတယ်... ရန်ကုန်ရောက်ဖို့ဆို နှစ်ပတ်လောက်တောင် ကြာမယ်ထင်တယ်...။ ဒါနဲ့ လေယာဉ်လူကြုံရှိတုန်း အမေက အထည့်လွှတ်လိုက်တယ်...။ မသွားလို့မရဘူးလား အမေလို့ နှုတ်ကဖွင့်ဟမမေးရဲပေမယ့် စိတ်ထဲတော့ ကြိတ်ဝမ်းနည်းနေတာပေါ့......။ အဲကျမှ မနှစ်တုန်းက ငှက်ဖျားရောဂါအပြင်းအထန်ခံစားပြီး ဆုံးပါးသွားခဲ့တဲ့ အဖေကိုသတိရလွမ်းဆွတ်မိတယ်...။ အဖေဆုံးတုန်းက မကျခဲ့ဖူးတဲ့ မျက်ရည်က အဲကျမှကျတော့တယ်.......။ 

ကျမရဲ့ ငယ်ဖော်လို့ပြောလို့ရမယ့် အိမ်ကြီးရယ် ခြံထဲက အပင်တွေရယ်ကိုခွဲခွာပြီး မြို့မှာ ကျမတော်တော်နဲ့နေသားမကျပါဘူး.......။ ဝမ်းနည်းစိတ် အားငယ်စိတ်ကလည်း အစဉ်ကိန်းအောင်းနေတတ်သေးတယ်....။ အဲဒီကစပြီး ကိုယ့်ခံစားမှုတိုင်းကို စာအုပ်ထဲချချရေးတတ်လာတာဟာ... ဒီနေ့ဘလော့ဂါ မိုးငွေ့ဖြစ်လာဖို့ အခြေခံအရင်းမြစ်ထင်ပါရဲ့.....။ စာအုပ်တွေနဲ့ အဖော်လုပ်ရတာ သီချင်းတွေနဲ့အဖော်လုပ်ရတာ တကယ်တော့ လူတွေနဲ့အဖော်လုပ်ရတာထက် စိတ်ချမ်းသာဖို့ကောင်းတယ်........။ ခုတော့လည်း ကျမတို့ရဲ့အိမ်ကြီးက သဘာဝဘေးအန္တရာယ်ရဲ့ သားကောင်ဖြစ်သွားရရှာပြီ......။ ကျမစိတ်ကူးထဲ မျက်စိထဲမှာတော့ ကျမနေခဲ့ဖူးတဲ့ ရွာ နေခဲ့ဖူးတဲ့အိမ်က ဒီတိုင်းပဲ ဘာမှပြောင်းလဲမသွားဘူး.... ။ သူများတွေတိုက်တာပြောင်းဆောက်ပေမယ့် လမ်းတွေ ပလက်ဖောင်းတွေပြင်ပေမယ့် တာလေရွာကနေ တာလေမြို့လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပေမယ့် ကျမတို့ရဲ့အိမ်ကိုတော့ ကျမတို့ငယ်ငယ်ကနေခဲ့ဖူးတဲ့ ပုံစံလေးအတိုင်းကိုပဲ မြင်ယောင်နေတတ်မိတယ်....။ တကယ့်အပြင်မှာ မြေကွက်လပ်လေးပဲ ကျန်ရစ်တော့တဲ့ နေရာလေး....။ အဲဒီနေရာ အဲဒီမြေကြီးပေါ်ကနေ ကျမလောကကြီးထဲကိုစရောက်ခဲ့ရတာပါ.........။



 မိုးငွေ့

14 comments:

ညီလင်းသစ် said...

မမိုးငွေ့က သရုပ်ဖော်ကောင်းလို့ အိမ်ကြီးကို မျက်စိထဲ မြင်လာမိတယ်၊ ကလေးတစ်ယောက်အတွက် ဘယ်လောက် အပူအပင်ကင်းကင်းနဲ့ ပြေးလွှားဆော့ကစားဖို့ ကောင်းလိုက်တဲ့ နေရာလဲ၊ သရက်သီးတွေကိုလည်း အဝစားခဲ့ရမှာပဲ၊ ငယ်ငယ်ကတည်းက ဈေးကွက်၊ ရောင်းလိုအား၊ ဝယ်လိုအား စတာတွေနဲ့ မစိမ်းခဲ့တာကိုလည်း တအံ့တသြ ဖတ်ရတယ်၊ မိုင်းပေါင်းထောင်ချီ ဝေးပေမယ့် မမိုးငွေ့ရဲ့ ငယ်ဘဝတွေ စီးဆင်းခဲ့ဖူးရာ ခြံကြီးဆီကို အလည်ခေါ်သွားလို့ ကျေးဇူး တင်ပါတယ်ဗျာ..။

TZH1985 said...

ငယ်ငယ်က ရွာမှာ အဲလိုနေခဲ့တာ အပျော်ဆုံးပဲ။ ဈေရောင်းတာကတော့ ကျွန်တော်တို့ အိမ်နဲ့ တော်တော်တူလို့ အံ့သြရတယ်။ ဆီထုတ်လှမ်းရတာက အစဗျာ..

မမိုးငွေ့ပိုစ့်လေး ဖတ်ရတာ အင်မတန်ကြည်နူးရတယ်။

စံပယ်ချို said...

အိမ်နဲ့ကုန်စုံဆိုင်လေးကို မျက်စိထဲမြင်နေရပါတယ်
မိုးတွေရွာတဲ့အခါဆိုသရက်သီးတွေကြွေတဲ့
အင်းလေးက အဖွားအိမ်ကိုတောင်သတိရမိတယ်
ငယ်ဘ၀တွေကိုပြန်သတိရအောင်လုပ်ပေးလို့
မိုးငွေ့ကိုချစ်တာ
jasmine

SHWE ZIN U said...

မျက်စိ ထဲ မြင်လာသလို လွမ်းစရာတွေ အဖြစ် ခံစားရတယ်
ပျော်ရွှင်ပါစေ ညီမ ရေ

ချစ်တဲ့
ရွှေစင်ဦး

ညီရဲသစ် said...

အစ်မတို့ အိမ်ကြီးက ဖတ်ကြည့်ရုံနဲ့ တင် တော်တော်လေး ပျော်ဖို့ ကောင်းမယ်ဆိုတာ သိသာတယ်... ကျွန်တော်လဲ ဘယ်နေရာ ရောက်ရောက် အိမ်ကို သတိရတယ်။ မိုးတွေ သဲသဲမည်းမည်းရွာတဲ့ နေ့ တွေဆိုရင် ဝတ္ထုတွေ အများကြီး ငှားပြီး စာဖတ်ရင်း ညိမ့်နေတတ်တာလေး တွေကိုပါ သတိရသွားပြီ....

blackroze said...

အမရေ
တခါမှမရောက်ဖူးတဲ့ဒေသက
အမတို့ရဲ့အိမ်ကြီးကိုမျက်စိထဲမြင်ယောင်ပြီး
အမရဲ့ငယ်ဘဝလေးတွေကိုပါ
ပုံဖေါ်ကြည့်သွားတယ်နော်..

rose said...

အို... အိမ်ကြီး ပြိုတာ အုတ်ပဲ ကျန်ခဲ့တယ်။ စိတ်မကောင်းစရာ။ သရက်သီးတွေ တက်ခူးနေတဲ့ မမိုးငွေ့ပုံကို မှန်းကြည့်နေမိတယ်။ အပင်မြင့်ပေါ် တက်ရတာ မကြောက်ဘူးလားဟင်။ ကုန်စုံဆိုင် ဖွင့်ထားတာ ပျော်စရာကောင်းမှာပဲနော်။ ရို့စ်လည်း ဆိုင်ထိုင် ရောင်းချင်တယ်း)ဗီဒီယိုရုံလည်း ရှိတယ်။ မိုက်တယ်။ အမေကို ခွဲခွာပြီး တစ်ယောက်တည်း သွားရတော့ မမိုးငွေ့ အားငယ်ခဲ့မှာပဲနော်။ အဲဒီနေရာ "အဲဒီမြေကြီးပေါ်မှာ ကျမလောကကြီးထဲကိုစရောက်ခဲ့ရတာပါ.........။"

မီးမီးငယျ said...

မီးမီးမိုးငွေ့ လေးရေ..
အဖေက မနှစ်ကဆုံးတာလား၊
စိတ်မကောင်းပါဘူး။
ကျမ သိုးမွှေးထိုးသင်ရသေးတယ်။
အမေအတင်းသင်ခိုင်းလို့ ပါ။
ဆရာမက ဗီယက်နမ်လေ။
ကျိုင်းတုံမှာသူနာမည်ကြီးတယ်။
နန်းကောင်းခမ်း..တဲ့။
အိမ်ကြီးကိုမြင်ယောင်မိတယ်။
တော်တော်ပျော်စရာကောင်းမှာဘဲနော်။
ကျမယောင်းမက(၂၀မ်းကွဲအကိုရဲ့ မိန်းမလေ)၊ တာလေတံတားထိပ်ဖက်မှာနေတာ၊
ဆိုင်ကယ်ပြင်ဆိုင်ရှိတယ်လို့ ပြောတယ်။
ဖြတ်သွားဖြတ်လာနဲ့ တော့ရောက်ဖူးတယ်။
ငယ်ငယ်တုံးကတော့၊
အဲဒီနေရာကစပြီး ထိုင်းဘတ်ငွေသုံးလို့ ရတာလေ။
ခုတော့ ကျိုင်းတုံမှာ လည်းသုံးလို့ ရတယ်။
ခုတာလေမှာ အိမ်တွေပြန်ဆောက်နေကြပြီးရောပေါ့။
မိုးငွေ့ ကို ကိုယ်ချင်းစာတယ်၊
ကျမလည်းငယ်ဘ၀ကိုခဏခဏ
သတိရမိနေတတ်တယ်။

အမ်တီအန် said...

နှစ်သက်စရာပို့စ်လေးပါ မိုးငွေ့ရေ... ။ မျက်လုံးထဲမှာ ဈေးရောင်းနေတဲ့ အဒေါ်ကြီး မိုးငွေ့ကို မြင်လိုက်မိတယ်...။ ဒီပို့စ်လေးက မြသွေးနီကို ဟိုး.... ငယ်ဘ၀ကို ပြန်ရောက်အောင် ဆွဲခေါ်သွားတယ်။ မြသွေးနီလည်း ရန်ကုန်သူပေမယ့် ဈေးရောင်းခဲ့ဘူးတယ်...။ ဘာတွေ ရောင်းခဲ့တယ်ဆိုတာကို တစ်နေ့မှ စာရေးတင်ဦးမယ်...။

ညိမ်းနိုင် said...

ဟင်...ဒါဖြင့် မမိုးအဖိုးက ဗီယက်နမ်ကြီးလားဗျ...။
အင်း.....အိမ်အကြီးကြီးမှာ မောင်နှမတွေအားကြီးနဲ့ပျော်
စရာကြီးနော်....။ကြည့်စမ်း....မမိုးတို့က ခုမှစီးပွားရေး
သောင်းကျန်းတာမဟုတ် ငယ်ကတည်းကကိုး....:P

ချော(အစိမ်းရောင်လွင်ပြင်) said...

မမိုးအိမ်အကြောင်းဖတ်ရင်း
ငယ်တုန်းက နေခဲ့တဲ့ အဖွားရဲ့ အိမ်ကလေးကို သတိရသွားတယ်
အဖွားအိမ်က အုတ်တံတိုင်းပတ်ပတ်လည်မှာ သရက်ပင်တွေချည်းဘဲ။ ဆားငပိထုတ်ပြီး
အုတ်တံတိုင်းကနေတဆင့် သရက်ပင်ပေါ်တက်ပြီး သရက်သီးခူး၊ အပင်ပေါ်မှာတင် ထိုင်စားပြီးမှ အပင်အောက်ဆင်းလာတာ မှတ်မိနေတယ်.. သရက်ပွင့်ချိန်ဆို မွှေးနေတာဘဲ.. ငယ်တုန်းက နေခဲ့တဲ့ အိမ်တွေက အမှတ်ရစရာတွေဘဲနော်

Anonymous said...

မိုးငွေရေ သင်္ခါရတရားတွေနဲ့တည်ဆောက်ထားတဲ့ လောကကြီးရဲ့အောက်မှာ နေနေကြရတာဆိုတော့လဲ သင်္ခါရရဲ့သဘောတရားကို ဘယ်လွန်ဆန်နိုင်မှာလဲလေ။ ဖြစ်ပြီးရင် ပျက်တတ်တဲ့သဘောပေါ့။ ဒါပေမယ့် မပျက်ပဲရင်ထဲမှာကျန်နေတာကတော့ ငယ်ငယ်တုန်းက အပျော်ဆုံးအချိန် အမှတ်တရလေးတွေပဲပေါ့..

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

Maung Myo said...

မမြဲခြင်းတရားတွေပေါ့ အစ်မရယ်
ကျနော်လည်း ကျနော့်ရွာဟောင်းလေးကိုဆို အမြဲ သတိရနေတတ်တာ အမှတ်တရတွေက အများကြီးမှတ်လား ကံကိုပဲ ရိုးမယ်ဖွဲ့ရတော့မှာပေါ့ဗျာာ။

နွေတေးရှင် (မင်းဧရာ) said...

အဲဒီအိမ်ကြီးကို ရောက်သွားတော့
စာရေးဆရာမ လောင်းလေးကို တွေ့ခဲ့တယ်

ပျော်ရွှင်ခြင်းတွေကို ဖမ်းဆုပ် ခဲ့တယ်
ကြေကွဲ တသ ခြင်းကိုလည်း ခံစားခဲ့တယ် ။