ထုံးစံအတိုင်း မန်းဒေးရုံးပြန်ဖွင့်ရင် ကွန်စဖွင့်တာနဲ့ ဘယ်သူတွေပို့စ်အသစ်တင်သလဲ ဖဘမှာ ဘာတွေဖြစ်နေကြသလဲနဲ့ စပ်စုရတာလေ..။ ဒီနေ့တော့ ဖဘမှာ မသက်ဝေရဲ့ စတေးတပ်စ်က ကိုကြီးကျောက် R.I.P တဲ့...။ ကျမ အဲဒီစကားလုံးကို မယုံနိုင်လို့ ကော်မန့်တွေကို ဖတ်ကြည့်တယ်...။ အမချစ်ကြည်အေးဘလော့ မကြီးရွှေစင်ဘလော့နဲ့ မသက်ဝေဘလော့မှာလဲ အားလုံးတင်ထားကြတယ် ...။ ဒါဆို ကိုကြီးကျောက်ရဲ့ ပျော်ရွှင်ဖွယ်ပို့စ်အသစ်တွေကို ကျမတို့ ဘယ်တော့မှ ထပ်ပြီးမဖတ်နိုင်တော့ဘူးပေါ့နော်....။ တကယ်စိတ်မကောင်းဖြစ်မိပါတယ်...။ ကင်ဆာမဟုတ်ဘူး ပြန်နေကောင်းသွားပြီလို့သိရကတည်းက ဝမ်းသာနေမိတာ....။ ကိုကြီးကျောက်ကို ကျမစသိတော့ အမချစ်ဘလော့မှာ “ကိုကြီးကျောက်အတွက် ဆုတောင်းပေးကြရအောင်”ဆိုတဲ့ နိုးဆော်စာလေးကြောင့် ကိုကြီးကျောက်ရဲ့ ရွှေရတုမှတ်တမ်းဘလော့ကို ရောက်သွားခဲ့ပါတယ်...“ယမမင်းသို့ ခြေလှမ်း ၁၈၀”ဆိုတဲ့ ပို့စ်ကိုစဖတ်ရတာပါပဲ..။ ခုတော့ ကိုကြီးကျောက် လူလောက ကနေရော ကျမတို့ ဘလော့လောက...ကနေပါ အပြီးပိုင်ထွက်သွားခဲ့ပြီတဲ့..။ မယုံနိုင်စရာပါပဲ....။ ဘာပဲဖြစ်ဖြစ် လူတိုင်း ဒီလမ်းကို တစ်နေ့ မလွဲမသွေသွားကြရမှာပဲလေ....။ ကိုယ်ထွက်မသွားခင်... အားလုံးအပေါ်ကောင်းကျိုးပေးခဲ့ ကုသိုလ်လုပ်ခဲ့ဖို့ပဲလိုပါတယ်...။ ကိုကြီးကျောက်ဟာ ထွက်မသွားခင်... သူ့ပို့စ်ကိုလာလည်တဲ့သူအားလုံးကို တာဝန်ကျေသွားခဲ့ပါတယ်...။ သူ့စာလာဖတ်သူအားလုံးကို တစ်နည်းမဟုတ်တစ်နည်းတော့ ပျောရွှင်ပြုံးရယ်စေခဲ့တာချည်းပဲ....။ ကျမတို့ သူ့ပို့စ်ကို သူ့အရေးအသားကို သူ့ရဲ့ ဟာသယဉာဉ်တွေကို အမြဲလွမ်းဆွတ်နေရတော့မှာပါ...။ ပြီးတော့ ငါ့တူမကြီး မိုးငွေ့လို့ ခေါ်တတ်တဲ့ ကိုကြီးကျောက်ကို အမြဲသတိတရရှိနေတော့မှာ...။ တကယ်တော့ ဒီနေ့ပို့စ်အသစ်တစ်ခုတင်မလို့ပဲ...ခုလိုသတင်းကြားရတော့ တော်တော်စိတ်မကောင်း ဖြစ်မိတယ်..။ ဒီနေ့တော့..... ကိုကြီးကျောက်အတွက် ဝမ်းနည်းလွန်းလို့ ဒီပို့စ်တင်ပါတယ်...။ ကျမတို့ အားလုံးဆုတောင်ပေး ကြရအောင်....ကိုကြီးကျောက်တစ်ယောက် ကောင်းမွန်ရာဘုံဘဝကို ရောက်ရှိပါစေ....။
မိုးငွေ့
