Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Wednesday, 17 June 2026

ဆိုက်ကိုထည့်ခံရတဲ့ AI.....

 



လူတစ်ယောက်ဟာ အသက်ရှူတိုင်း သူ့ကို အမြဲသတိရနေစေအောင်လို့ 
ကျမကိုဆိုက်ကိုလှလှလေးသုံးပြီး ထားသွားခဲ့တယ်.... သိပ်ကို ပညာပါတာပဲ.... 
မိန်ရာသီတွေရဲ့ red flag ဟာ ရာသီခွင် ဆယ့်နှစ်ခုလုံးထဲမှာ အဆိပ်အပြင်းဆုံးလို့ ရာနှုန်းပြည့်
လက်ခံဖြစ်တယ်ဆိုတာက ကျမကိုယ်တိုင် မိန်ရာသီဖွားဖြစ်နေလို့ပါပဲ....။

စီးဆင်းနေဆဲကာလမှာ လူငယ်တွေက Dating, Friendship, Relationship တွေမှာ ဒါ red flag ပဲ ဒါက green flag ပဲဆိုပြီးအသုံးများကြတယ်...။ ပြီးတော့ သူတို့အချင်းချင်းဆုံးဖြတ်ရာမှာ zodiac signs တွေနဲ့လည်းသတ်မှတ်တတ်ကြတယ်...။ အဲထဲမှာ Gemini နဲ့ Leo က နာမည်ကြီး ဇာတ်လိုက်တွေ...။ ဒါပေမယ့် ရာသီခွင်တွေအကုန်လုံးရဲ့ နောက်ဆုံးမှာနေနေတဲ့ Pisces ကိုတော့ စိတ်ကူးယဉ်ဆန်တယ် လက်တွေ့ဘဝနဲ့အမြဲကင်းကွာနေတယ် တစ်ယောက်တည်းနေရတာကိုကြိုက်တယ် တစ်ဖက်သားကိုကူညီတတ်တယ် ရိုမန်းတစ်ဆန်ဆန်ချစ်တတ်တယ်လို့ပဲ အပေါ်ယံသိထားကြပေမယ့် သူ့ရဲ့ Dark side ကို သူတို့လောက် ဘယ်သူမှမသိနိုင်ဘူး....။ လျှို့ဝှက်သိုသိပ်တတ်တာကြောင့် Pisces တွေရဲ့ အတွင်းကျကျ စိတ်နေစိတ်ထားကို သူတို့နဲ့အနီးကပ်ဆုံးနေတဲ့သူကလွဲလို့ ဘယ်သူမှမခန့်မှန်းနိုင်ကြဘူးပဲ....။ 

စာရေးဖို့ အိုင်ဒီယာမထွက်လို့ အေအိုင်ကို အက်ဆေးတစ်ပုဒ်သွားရေးခိုင်းတာ အေအိုင်က အေအိုင်ပါပဲလို့ ပြန်ပြောခဲ့ပလိုက်တယ်...။ အဲတော့ သူကဘာပြန်ပြောတယ်မှတ်လဲ လူတစ်ယောက်လိုတော့ ခံစားမှုထည့်ပြီးဘယ်ရေးနိုင်ပါ့မလဲ တစ်ယောက်နဲ့တစ်ယောက်အတွေ့အကြုံ အတွေးအမြင်တွေက ကွာသေးတယ်လေတဲ့...။ ဟုတ်ကဲ့ ခုလည်း ကျမက အေအိုင်နဲ့ဘာများခြားနားနေလို့လဲ တွေးကြည့်မိတယ်...။


မိုးငွေ့

Tuesday, 11 June 2024

The Red Shoes.....


 


ကလေးဘဝကစပြီး ပြန်တွေးကြည့်ရင် ကျမနှစ်သက်တဲ့အရောင်တွေထဲမှာ အနီရောင်မပါခဲ့ဘူး....။ အရုပ်ကပ်လေးတွေဆော့တာဖြစ်ဖြစ် ရောင်စုံခြယ်တာဖြစ်ဖြစ် ကျမ အများဆုံးသုံးဖြစ်တဲ့အရောင်က ပန်းရောင်နဲ့ ခရမ်းရောင်ပဲ....။ မှတ်မိသလောက်ပေါ့ အဝတ်အစားအသုံးအဆောင်ကအစ အနီဆိုတာ သိပ်မရှိသလောက်ပဲ..။ ဒီအရောင်လေးကို ကြိုက်လိုက်တာလို့လဲ မရှိခဲ့ဘူး...။ ဒါပေမယ့် ကျမအသက် ဆယ့်နှစ်နှစ်ကျော် ရန်ကုန်ကို ကျောင်းသွားတက်ရတော့မယ်လို့ အဒေါ်ကခေါ်တော့ တာချီလိတ်နယ်စပ် ထိုင်းဖက်ခြမ်းက မယ်ဆိုင်မှာ လိုအပ်တာတွေ အမေနဲ့သွားဝယ်တော့ ကျမစီးဖို့ဆိုပြီး လေဒီရှူးတစ်ရံဝယ်ပေးတယ်...။ အသက်ဆယ့်နှစ်နှစ်ကျော် ဆယ့်သုံးနှစ်ပေမယ့် ကျမက အရပ်တော်တော်ရှည်နေပြီ...။ ငါးပေကျော်နေပြီ...။ အဲတုန်းကတည်းက ကျမစီးတဲ့ ဖိနပ်ဆိုဒ်က အနည်းဆုံး ၃၇ တော့ရှိလောက်တယ်...။ လက်ရှိ ကျမ ဖိနပ်ဆိုဒ်က ၃၉-၄၀ ...။ အခု ကျမနေတဲ့တိုက်ရှေ့တည့်တည့်မှာ ဖိနပ်ဆိုင်သေးသေးလေးတစ်ဆိုင်ရှိတယ် ...။ အဲဖိနပ်ဆိုင်ပိုင်ရှင်က ဆိုဒ်ကြီးဝတ်တတ်တဲ့ အစ်မလို့ မှတ်ထားတယ် ကျမကို...။

အဲတော့ ကျမ ရန်ကုန်ကို ကျောင်းသွားတက်ဖို့ လေယာဉ်စီးတော့ အဲလေဒီရှူးအနီရောင်လေးစီးသွားတယ်...။ တောသူမြို့တက် ဒေါက်ဖိနပ်တဲ့ ကြားဖူးကြတယ်မလား...။ အနီရောင်ကို မကြိုက်ပေမယ့် အဲအနီရောင်ဖိနပ်လေးက အတွင်းပိုင်းမှာ အသားလေးနူးနူးညံ့ညံ့နဲ့ချုပ်ပေးထားတာ စီးရတာ မနာဘဲ နေလို့ကောင်းတယ်...။ အဲဖိနပ်က ကျမပထမဆုံးစီးဖူးတဲ့ လေဒီရှူးပဲ...။ သရေနဲ့ချုပ်ထားတဲ့ အပေါ်မှာ ဖဲပြားလေးပါသေးလားတော့ သေချာမမှတ်မိတော့ဘူး...။ အဲဖိနပ်လေးကို ရန်ကုန်ရောက်တော့ ညီမဝမ်းကွဲရဲ့ အဖေဖက်က အမျိုး အင်းလျားလိတ်မှာ မင်္ဂလာဆောင်တော့ ထပ်စီးဖြစ်သေးတယ်...။ အဲနေ့က ဝတ်စုံလေးကို ကျမကောင်းကောင်မှတ်မိနေသေးတယ်...။ အင်္ကျီက ပုလဲနှစ်ရောင် လက်ဖောင်းလက်စက ခါးပွဘလောက်လေးနဲ့ အညိုနဲ့အနီအဝါစပ်ကြား ဘာဘလီအကွက် ဒူးဖုံးအနောက်ကွဲ မီနီစကပ်အကြပ်လေးကို (မီနီစကပ်ခေါ်သလား တိုက်စကပ်ခေါ်လားမသိ) လေဒီရှူးအနီလေးနဲ့စီးပြီးပွဲတက်ခဲ့တယ်...။ ပထမဆုံးတက်ဖူးတဲ့ ရန်ကုန်က အင်းလျားလိတ်ဟိုတယ်ပွဲပေါ့...။ အဲတုန်းက အသားမဲမဲ ပိန်ရှည်ရှည်လေး ရန်ကုန်မှာနေတော့မှာ အသားအရေလေး လတ်လာတာ...။ ရှမ်းပြည်ပေမယ့် ရွာမှာဆို လေတိုက်လဲမဲ နေပူလဲမဲ ချောင်းထဲရေဆင်းကူးလဲမဲ လေရော ရေရော မကောင်းဘူးလေ...။ ရန်ကုန်ကျ ဂျိုးဖြူရေချိုးရင် အသားဖြူတယ်ဆိုတာ တကယ်ဟုတ်တယ်ဆို...။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျမက နဂိုအသာညိုသူမို့ ခပ်လတ်လတ်အသားအရေတော့ဖြစ်သွားတာပေါ့ ရန်ကုန်မှာနေတော့...။

အနီရောင်နဲ့ ပတ်သက်ပြီး ကျမအက်ဆေးနှစ်ပုဒ်ရေးဖူးခဲ့တယ်ထင်တယ်...။ အခုက ငယ်ငယ်တုန်းက ပထမဆုံးစီးဖူးခဲ့တဲ့ လေဒီရှူးအနီရောင်လေးကို သွားသတိရမိလို့ ပြန်လာပြောပြတာ....။

တောသူမြို့တက် ဒေါက်ဖိနပ်ဆိုလို့ ကျမ ၂၀၀၇ စင်္ကာပူသွားတော့ စန်တိုဆာကျွန်းနဲ့ ငှက်ခြံတွေလျှောက်လည်တော့ အဲနေ့ကစီးထားတာက ဖိနပ်အဖြူရောင်ဒေါက်အချွန်လေးနဲ့ တစ်နေကုန်လမ်းလျှောက်ရတော့ ခြေထောက်တွေနာပြီး ကြက်ပေါင်ဖိနပ် ခြေညှပ်လေးတစ်ရံဝယ်စီးလိုက်ရတယ်...။ တကယ်အဟုတ် တောသူပဲ...။ တောသားမြို့တက် ဂျင်းဝမ်းဆက်တဲ့... တကယ်ကြီး ရိုင်ဒါဂျင်းဘောင်းဘီနဲ့ ဂျင်းဂျာကင်ဝတ်တတ်တဲ့ တောသား ကျမအပြင်မှာ မြင်ဖူးတယ်....:)


__________________
Revolution will prevail
မိုးငွေ့

Tuesday, 21 May 2024

မိုးရွာနေလား......☔️




 


အပြီးတိုင် နှုတ်ဆက်ထွက်ခွာသွားပြီလို့ ထင်ထားတဲ့ ....မိုး...... ☔️
ရုတ်တရက်ရွာချလိုက်တော့... လွယ်အိတ်ကိုပိုက်ထားရင်း    ကျွန်မ အံ့အားသင့်စွာ တခဏငြိမ်သွားမိတယ် ပြီးတော့မှ ထီးမပါလာတာကို သတိရသွားတယ်....။

ထုံးစံအတိုင်း ဒီနားက လက်ဖက်ဆိုင်တစ်ခုခုမှာ မိုးဝင်ခိုမယ်....။ မိုးမခိုခင်.... ကောင်းကင်ဆီကို မျက်နှာမော့ထားမယ် အေးစက်စက်   မိုးပေါက်တွေကို ခံယူချင်သေးတယ်....။ ဒီမိုးဟာ ဒီနှစ်အတွက် နောက်ဆုံးရွာချပေးမယ့်မိုးလည်း ဖြစ်နိုင်တာပဲလေ....။

မိုးက တအားသည်းတာမျိုးမဟုတ်ဘဲ ခပ်ဖွဲဖွဲ.....နူးညံ့အေးစက်စွာ ကျွန်မပါးပြင်နှစ်ဖက်ပေါ် နဖူးပြင်ပေါ် မျက်ခွံတွေအပေါ် နှုတ်ခမ်းတွေပေါ် ခုန်ပေါက် ကျရောက်လာတဲ့ ခံစားမှုက တကယ် အိပ်မက်တစ်ခုထဲကို ရောက်သွားရသလိုပဲ....။

"အဲဒါ ဘာလုပ်နေတာလဲ အအေးမိပြီးဖျားမယ်"

ကြည်လင်ပြတ်သားတဲ့ အသံတစ်ခုကြောင့် ကျွန်မ မျက်လုံးဖွင့်ကြည့်လိုက်တော့ အနီရောင်ထီးတစ်ခုနဲ့ ကျွန်မကိုလာမိုးပေးထားတဲ့ ကောင်လေးတစ်ယောက်....။ ဘယ်ဖက်မျက်လုံးကိုအုပ်လုနီးပါး ဘေးခွဲထားတဲ့ဆံပင်တွေနဲ့..... ပခုံးထောက်နေတဲ့ ဆံပင်ရှည်ရှည်....။ အသားခပ်လတ်လတ် မျက်ခုံးကောင်းကောင်း နှာတံလုံးပြီး နှုတ်ခမ်းနည်းနည်းပါးတယ် ချောတယ်ဆိုတဲ့စာရင်းထဲမပါပေမယ့် ကြည့်ကောင်းတယ်...။ အနက်ရောင်လည်ဟိုက်လက်ရှည်အနွေးထည်ပါးကို အတွင်းဖက်မှာ ရှပ်အဖြူလေးနဲ့ဝတ်ထားတာ အိတ်ကပ်တွေအများကြီးပါတဲ့ နို့နှစ်ရောင်ဘောင်းဘီပွပွနဲ့ Sport Shoes စီးထားတယ် ဘယ်ဖက်နားမှာ ငွေရောင်နားဆွဲတွဲလဲနဲ့  ကျောပိုးအိတ်တစ်လုံး လွယ်ထားတယ်....။ ကျွန်မခုကြည့်နေတဲ့ ဂျပန်ကာတွန်းကားထဲက ဇာတ်ကောင်လေးနဲ့တောင်တူသေး....။ 

မိုးဖွဲအိပ်မက်ထဲ ဆုံတွေ့လိုက်ရတဲ့ ဂျစ်တစ်တစ် ကောင်လေးတစ်ယောက်ပေါ့....

အို!!!! ကျွန်မ သူ့ကို သတိရသွားမိပြန်ပြီ...... 😍

မိုးရွာတာမြင်တိုင်း သူ့ကိုမေ့နိုင်ဖို့ ကျွန်မအခုချိန်ထိ ကြိုးစားနေရတုန်းပဲ......😔

"ကိုယ့်လိုကောင်ကိုမှ သတိရနေတဲ့ မင်းကိုပဲ စိတ်တိုတယ်" လို့ သူပြောဖူးခဲ့တာကိုလဲ ပြန်သတိရ...... 🥲
အဲလိုစိတ်တိုတယ်လို့ ပြောလိုက်တဲ့အချိန် သူ့ညာဖက်နှုတ်ခမ်းဒေါင့်က ပါးချိုင့်သေးသေးလေး ခွက်ဝင်သွားတာကို ကျွန်မငေးမောကြည့်မိခဲ့....။

မိုးခိုဖို့ ပြေးဝင်သွားမိတာလဲ သူနဲ့ထိုင်နေကျ လက်ဖက်ရည်ဆိုင်ဖြစ်နေပြန်တယ်....။ စားပွဲထိုးကောင်လေးရဲ့ "ဟို အစ်ကိုမပါဘူးလား"လို့မေးတာကိုလဲ မကြားချင်ယောင်ဆောင်ရဦးမယ်....။ လက်ဖက်ရည်တစ်ခွက်မှာပြီး အပြင်ဖက်က မိုးငွေ့ပါတဲ့ လေတစ်ချက်အဝှေ့မှာ စိမ့်ကနဲအေးသွားတယ်..... ။ 


အဲ ဒီမှာရော မိုးရွာနေလား.......

ခု ဘာလုပ်နေလဲ......

နေရော…ကောင်းရဲ့လား.......

Game တွေချည်းဆော့ပြီး အစားစားဖို့ မမေ့နဲ့ဦး.....

စီးကရက်လဲ လျှော့သောက်......

ပြီးတော့လေ ... 
မိုးရွာထဲ တွေ့တဲ့ ကောင်မလေးတွေကို ထီးလိုက်မိုးပေးမနေနဲ့ဦး 😊


မိုးရွာလာပြန်ပြီပဲ……☔️
ဒီညက ခါတိုင်းညတွေထက် ပိုအေးလိမ့်မယ်...မိုးရေထိထားရင် သေချာခေါင်းလျှော် ဆံပင်တွေကို ခြောက်အောင်သုတ်ပြီးမှ အိပ်နော်......😴

အိပ်ခါနီး Shampoo နံ့လေးမွှေးနေတဲ့ ခင်ဗျားဆံပင်တွေကို နမ်းကြည့်ချင်သေးတယ် အခွင့်မရှိတော့ပေမယ့်လဲလေ....🦋




Three Man Down ရဲ့ "မိုးရွာနေလား" နဲ့  Tilly Birds အဖွဲ့ရဲ့ "သတိရတယ်" 
သီချင်းနှစ်ပုဒ်ကို Collaborate လုပ်ထားတာ


BACKGROUND

GENRE(S)

Pop, Rock, Pop-Rock

DEBUTED

2016

YEARS ACTIVE

2013-present
Three Man Down Members
  • Krit Jeerapatananuwong - Vocals.
  • Toon Peerapol - Guitar.
  • Ohm Kijtimet - Bass.
  • Thay Wongpreecha - Drums.






''Three Man Down"ဆိုတဲ့ Thai Band အဖွဲ့ ရဲ့ "မိုးရွာနေလား"  သီချင်းလေးကို Inspiration  ယူပြီး ရေးဖြစ်တဲ့ အက်ဆေးလေးတစ်ပုဒ်ပါ.....။ Three Man Down က Vocalist Krit  နဲ့ သူ့ရဲ့ "မိုးရွာနေလား" သီချင်းကို Thai The Wall Song Ep-60 မှာကြည့်ရတာ....။ အဲသီချင်းကို Joox မှာသွားရှာနားထောင်ပြီး " It’s There Raining ??” ဆိုတဲ့  အက်ဆေးလေးကို ယောကျ်ားလေးဖက်က ခံစားချက်နဲ့ ရှေ့တစ်ပို့စ်မှာ   ရေးခဲ့ပါတယ်...။   ရေးရင်းနဲ့ Pin ကနေယူထားတဲ့ မိုးပေါ်မျက်နှာမော့နေတဲ့ကောင်မလေးပုံကိုတွေ့တော့ မိန်းကလေးဖက်က ခံစားချက်နဲ့ပါရေးချင်လာတာနဲ့ "မိုးရွာနေလား"  ဆိုတဲ့ ချစ်စရာကောင်းတဲ့ မိုးနဲ့ပတ်သက်တဲ့ အက်ဆေးနောက်ထပ်တစ်ပုဒ်ရေးဖြစ်သွားခဲ့ပါတယ်.....။


မှတ်ချက်။   ။ 2021 တုန်းက ရေးခဲ့ဖူးတဲ့ မိုးနဲ့ပတ်သက်တဲ့ အက်ဆေးတစ်ပုဒ်ကို Update ပြန်တင်လိုက်ပါတယ်..။ တကယ့်အပြင်မှာတော့ မိုးမရွာဘူး ရာသီဥတုကပူလောင်အိုက်စပ်လွန်းလို့ နေစရာမရှိ...။


__________________
Revolution will prevail 
မိုးငွေ့



Friday, 17 May 2024

It’s There Raining….. ☔️




မိုးရွာလာပြန်ပြီပဲ.......☺️

အပြီးပိုင်နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီလို့ထင်ထားတဲ့….☔️ မိုး....ရုတ်တရက်ရွာချလိုက်တော့ ကျွန်တော်တခဏမှင်သက်စွာ ငြိမ်သွားခဲ့တယ်....။ အပြင်မှာ မိုးခိုဖို့ပြေးလွှားနေကြတဲ့ လမ်းသွားလမ်းလာတွေကို အတွင်းဖက် မှန်ကနေမြင်နေရတယ်....။ 

မှန်အပြင်ဖက်ကိုလွှင့်စင်ပြီးလာထိတဲ့ မိုးရေစက်တွေကြောင့် အငွေ့ပျံလာတဲ့မှန်ကို လက်တဖက်နဲ့ပွတ်သပ်ကြည့်ရင်း တစ်ဖက်က သောက်လက်စကော်ဖီခွက်ကို ဆုတ်ကိုင်ထားမိလျက် သူ့ကိုသတိရသွားခဲ့တယ်....။ မိုးရွာတာကို ပြန်ငေးကြည့် ဒီချိန်မှာ စီးကရက်တစ်ဖွာလောက်ဖွာလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ....။


ပြီးတော့......

မိုးရွာရင်သိပ်ပျော်တယ်လို့ အမြဲပြောတတ်တဲ့မင်းကို လွမ်းရ

အဲမှာရော ခုမိုးရွာနေလား ..... 

နေလို့ရောကောင်းရဲ့လား....

မိုးခြိမ်းသံတွေကို ကြောက်နေလား.....

အနားမှာ ဘယ်သူမှမရှိရင် မင်းအနားကို ကိုယ်အရောက်လာဖို့ အဆင်သင့်ပါပဲ.....လို့ မိုက်မဲစွာ တွေးမိတုန်း

မင်းကို သတိရတယ်.....

ဖုန်းဆက်ချင်တယ်......

ခပ်တိုးတိုး ကပ်ချွဲတတ်တဲ့ မင်းအသံလေးကြားချင်တယ်

ကိုယ်ဖတ်ဖို့ပြောထားတဲ့ စာအုပ်တွေရော ရှာဖတ်ရဲ့လား....

စီးရီးတွေပဲ ကြည့်ပြီး အိပ်ရေးပျက်မခံနဲ့ဦး.....

ညအိပ်ရင် ဖုန်းပိတ်အိပ်နော်........

ဒီည မိုးအေးတယ် ကောင်မလေးရေ.....

မိုးမိရင် ဆံပင်တွေသေချာ ခြောက်အောင်သုတ်ပြီးမှ အိပ်နော်

မင်းနေမကောင်းဖြစ်မှာစိုးလို့ပါ  ဒီလောက်ပါပဲ..... ဒီလောက်ပါပဲ...........


မိုးသည်းညမှာ မင်းဘေးနား ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်က မင်းကို ကိုယ့်လိုဂရုစိုက်ရဲ့လား....။  အနားမှာဘယ်သူမှ(အထူးသဖြင့်)   မင်းမရှိတဲ့ ကိုယ့်အတွက် မင်းဝမ်းသာနေရောပေါ့.....ခုလိုမိုးရွာနေချိန်မှာလေ.....။



Three Man Down ( T-Pop Band )



BACKGROUND

GENRE(S)

Pop, Rock, Pop-Rock

DEBUTED

2016

YEARS ACTIVE

2013-present

LABEL(S)

Gene LabGMM Grammy.      







''Three Man Down" Thai Band အဖွဲ့ ရဲ့ "မိုးရွာနေလား"     သီချင်းလေးကို Inspiration ယူပြီး ရေးဖြစ်တဲ့ အက်ဆေးလေးတစ်ပုဒ်ပါ.....။ Three Man Down က ဒီအဆိုတော်ကောင်လေးနဲ့ သူ့ရဲ့ "မိုးရွာနေလား"  သီချင်းကို Thai The Wall Song Ep-60 မှာကြည့်ရင်းသိရတာ....။ အဲသီချင်းကို Joox မှာသွားရှာနားထောင်ပြီး ဒီအက်ဆေးလေးချရေးလိုက်တာပါ...။



Note: ဒီပို့စ်က 2021 တုန်းက တင်ခဲ့ဖူးပြီးသား အက်ဆေးလေးတစ်ပုဒ်ပါ.....။ ဒီနေ့ ဒီမှာ မိုးတွေစရွာလို့ ဒီအက်ဆေးလေးကို အိပ်ရာနိုးကတည်းကသတိရပြီး Update ပြန်တင်လိုက်တာပါ...။ 



_______________________
Revolution will prevail 
မိုးငွေ့

Tuesday, 26 December 2023

ဂရုမစိုက်ခြင်းအနုပညာ.....



ကျမဘဝမှာ ကျမပြုခဲ့သမျှအရာတွေ အကောင်းအဆိုးအားလုံးအတွက် နောင်တဘယ်တော့မှမရခဲ့ဘူး...။ ဘာလို့လဲဆိုတော့ ကျမလုပ်ခဲ့သမျှအလုပ်တွေက ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းအားပေးမှုကြောင့်မှမဟုတ်ဘဲ ကျမရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ကျမရဲ့သဘောဆန္ဒအလျောက်လုပ်ခဲ့လို့ပါပဲ...။ အဲဒီအတွက် ဖြစ်လာမယ့် အကျိုးဆက်တွေကို ကျမ ခံစား စံစားတယ် ရင်ဆိုင်နိုင်တယ် ဘယ်သူဘယ်ဝါကို ဂရုစိုက်ရမယ်တို့ ဘာတို့ကို သိပ်ခေါင်းထဲမထားဘူး ဒါ ကျမရဲ့ ဂရုမစိုက်ခြင်းအနုပညာပဲ...။

"တစ်သက်လုံးပျော်သလိုနေသွားမယ် အချစ်ကိုတော့ ချစ်တယ်လို့ မပြောတော့ဘူး..." ဆိုတဲ့ စစ်ငြိမ်းရဲ့ စာသားလေးကို သူငယ်ချင်းတစ်ယောက်တင်ထားတာတွေ့တော့ အတွေးတစ်ခုရလိုက်တယ်...။ ဘာလို့ ကိုယ်ချစ်တဲ့သူကို လူတွေက လွတ်လွတ်လပ်လပ်ပွင့်ပွင့်လင်းလင်း မပြောနိုင်ကြရတာလဲ...။ လူ့ဘဝဆိုတာ တိုတိုကလေးရယ်... အခွင့်အရေးဆိုတာ တစ်သက်မှာ တစ်ကြိမ်ပဲအနည်းဆုံးရတာ ကိုယ့်ဆီကို အကြိမ်ကြိမ်ရောက်လာဖို့က မဖြစ်နိုင်ဘူး...။ အဲလို "ချစ်တယ်"လို့ ပြောဖို့ ကန့်သတ်မှုတွေ အတားအဆီးတွေ စည်းမျဉ်းဉပဒေတွေ တွက်ချက်မှုတွေကြောင့် လူတွေဟာ တစ်ယာက်နဲ့တစ်ယောက် ချစ်လျက်နဲ့ နှုတ်ကဖွင့်မပြောဖြစ်တော့ဘဲ တစ်သက်လုံး ရေငုံနှုတ်ပိတ်သေတဲ့အထိ နေသွားကြရတာ ရေတွက်နိုင်မယ်တောင်မထင်ဘူး...။ ကျမကိုယ်တိုင်လည်း အဲဒီအဖြစ်မျိုး ကြုံတွေ့ဖူးတာပဲ...။ ကိုယ်ချစ်တဲ့သူကို ချစ်တယ်လို့ မပြောခဲ့ရတာ အဲဒါလည်း‌ စောစောက ပြောခဲ့တဲ့ ကန့်သတ်မှုတစ်ခုကြောင့်ဘဲဆိုပါတော့....။ ဒါပေမယ့် အဲလိုအတွက်နဲ့ ကျမ နောင်တမရခဲ့ပါဘူး...။ ဘာလို့လဲဆိုတော့ စဉ်းစားဆင်ခြင်နိုင်တဲ့ဉာဏ်ရှိနေတဲ့ လူတစ်ယောက်ဖြစ်နေလို့ပါပဲ ဒါကြောင့် နှလုံးသားကိုအလိုလိုက်ခဲ့မှုတွေကို စဉ်းစားတဲ့ဦးနှောက်က ရပ်တန့်ပစ်လိုက်တာပဲ ဒါပါပဲ ဒါကြောင့် ချစ်တယ်လို့ မပြောခဲ့ရတဲ့အတွက် ကျမနောင်တမရပါဘူး..။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျမကတော့ ကော်ဖီသောက်မပျက် နေနိုင်တဲ့ ခံနိုင်ရည်မျိုးရှိတဲ့ မိန်းမတစ်ယောက်ပဲဖြစ်ချင်တယ်...။


__________________
Revolution will prevail
မိုးငွေ့

Wednesday, 1 November 2023

လိပ်ပြာ(သောကချို).....



အခုရက်ပိုင်း ထူးခြားစွာပဲ ကျမဆီကို လိပ်ပြာလေးတွေ ပုံစံအမျိုးမျိုးနဲ့ ရောက်လာကြတယ်...။

"လိပ်ပြာလေးတွေက သတိရခြင်းတွေကို ယူဆောင်လာလိမ့်မယ်" ဆိုတဲ့ စကား လူတစ်ယောက် ကျမကိုပြောဖူးခဲ့တယ်...။ တကယ်က ကျမ လိပ်ပြာတွေအကြောင်း ရေးခွင့်တောင်မရှိတော့ပါဘူး...။ ဒါပေမယ့် ကျမရေးချင်တယ်...။

အခု .... လိပ်ပြာလေးတွေက ကျမဆီကို ရုပ်သွင်အားဖြင့် စိတ်ဝိဉာဉ်အားဖြင့် အမှတ်မထင် ဆက်တိုက်ရောက်လာကြတယ်....။ ပထမဆုံး ကလေးတွေ ကျောင်းလွယ်အိတ်မှာအလှကပ်တဲ့ ရာဘာလိပ်ပြာအရုပ်လှလှလေးသုံးခု ကျမဆီ စတင်ရောက်လာခဲ့ကြတယ်...။ ပြီးတော့ ကျမ အပြင်သွားခါနီး အိမ်ရှေ့မှာ အသက်ငင်နေတဲ့ ဝိဉာဉ်ငွေ့ငွေ့လေးသာကျန်တော့တဲ့ လိပ်ပြာလေးတစ်ကောင်ကို တွေ့လိုက်ရတယ်...။




ကျမဆီ သတိရခြင်းတွေကို ယူဆောင်လာဖို့  လိပ်ပြာလေးက  ခရီးမိုင်ပေါင်းများစွာ ပျံသန်းလာခဲ့ရတာလဲ ဖြစ်နိုင်တယ်...။ သူ ပင်ပန်းနေမှာပဲ....။ လိပ်ပြာလေးက လှုပ်တောင်မလှုပ်နိုင်တော့ပါဘူး....ကျမ သူ့အတောင်ပံလေးကို ခပ်ဖွဖွပွတ်သပ်လိုက်တယ်...။ ကျမဆီကို လွတ်လပ်စွာ လှပညင်သာစွာ ပျံသန်းရောက်လာမယ့်အစား ကြမ်းပြင်ပေါ်မှာ အသက်ရဲ့ရဲ့လေးသာကျန်တော့တဲ့ ပုံစံနဲ့ရောက်လာရတော့ အတိတ်နိမိတ်ကောင်းရဲ့လားလို့ ကျမ သံသယဖြစ်မိသွားတယ်...။ ကျမကို တစ်ခုခုပြောဖို့ ဒီလိုပုံစံနဲ့ ရောက်လာခဲ့ရသလားလို့ ထပ်တွေးလိုက်မိတယ်...။ 







Shopping Mall ရဲ့ အလည်ခေါင်တည့်တည့် မြင့်မားတဲ့ မျက်နှာကျက်မှာ သိပ်လှတဲ့ အရောင်အသွေးအစုံနဲ့ လိပ်ပြာအကောင်ကြီးကြီးတွေ အများကြီး ချိတ်ဆွဲထားတာကို ကျမ အံ့အားသင့်စွာ တွေ့လိုက်ရတယ်...။ ဒါ ဘာအဓိပ္ပါယ်လဲ...?  တကယ်ဆို အခုလို ရာသီမှာ မီးပုံးလှလှလေးတွေကိုပဲ ချိတ်ဆွဲထားသင့်တာမဟုတ်လား...။ လိပ်ပြာလေးတွေက သတိရခြင်းတွေအပြင် ကျမကို ဘာပြောချင်လို့ ဒီလိုပုံစံနဲ့ရောက်လာကြတာလဲဆိုတာ ကျမကိုအတွေးပိုများစေခဲ့ပြန်ပြီ...။ 



Online ပေါ်မှာလဲ ဦးကျားကြီး(ဆရာကျောင်း)ပေ့ချ်မှာ "လိပ်ပြာသိပ်ပွဲ" ဆိုပြီး ပုံတစ်ပုံတင်ထားတာကို ထပ်တွေ့လိုက်ရတယ်...။

ကျမကို စားပွဲထိုးလေးက ပေါ့ဆိမ့်လက်ဖက်ရည်တစ်ခွက် လာချပေးတယ်...။ နောက်ထပ်တစ်ခါ တိုက်တိုက်ဆိုင်ဆိုင် လက်ဖက်ရည်ခွက်လေးမှာ လိပ်ပြာပုံလေးနဲ့...။ ခုမှသတိထားမိတယ် ဆိုင်နာမည်လေးက "သောကချို" တဲ့...။ ကျမ စဉ်းစားကြည့်တယ် သောက ဆိုတာ ပူလောင်ခြင်းတစ်မျိုးပဲ ချိုမြိန်နိုင်ပါ့မလားလို့...။ ဒါမှမဟုတ် ဒီလက်ဖက်ရည်တစ်ခွက်သောက်လိုက်တာနဲ့ သောကတွေတောင် ချိုသွားမယ်လို့ မက်ဆေ့ပေးချင်တာလားဆိုတာ ဆိုင်ရှင်ကို ကျမ မစပ်စုလိုက်မိတော့ဘူး...။

ကျမကတော့.... 

လိပ်ပြာလေး‌တွေ ပုံစံအမျိုးမျိုးနဲ့ ကျမဆီရောက်လာတဲ့ အကြောင်းအရင်းကိုပဲ သိချင်မိတော့တယ်...။




_______________________
Revolution will prevail
မိုးငွေ့



Sunday, 8 October 2023

အချစ်က ခမ်းနားတယ်.....

 


အချစ်က ခမ်းနားတယ်..... ဟုတ်တယ်...။

အချစ်ဟာ.... မြူမှုန်တွေဝေသီမှိုင်းညှို့နေတဲ့အခါ 
ပန်းနုရောင် ပန်းစည်းအကြီးကြီးတစ်ခုကို ကိုင်လာတဲ့ 
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသမီးနဲ့တူတယ်...။ 
အချစ်ကို သူ့ရုပ်သွင်ပြင်ကလွဲလို့ 
လှပတဲ့ ခြေသလုံးသွယ်သွယ်တစ်စုံနဲ့ 
ပန်းနုရောင်ပန်းပွင့်ကြီးကြီးတွေ အနက်ရောင်ဇာဝတ်စုံတွေကိုပဲ မြင်ရတယ်...။ 

အချစ်က လှသလား...?

အချစ်က ချစ်စရာကောင်းသလား...?

အချစ်က ရင်ခုန်နူးညံ့သလား...?

အချစ်က ကိုယ်ချင်းစာတရားရှိသလား....?

တကယ်တမ်း...အချစ်က ဘာမှခန့်မှန်းလို့မရအောင် နက်နဲတယ်...။


❤️❤️❤️❤️❤️❤️❤️


တမ်းတလွမ်းဆွတ်မှုတွေ...

ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ...အပြင်

ကြောက်ရွံတုန်လှုပ်မှုတွေ....

စိတ်ရှုပ်ထွေးမှုတွေ...

ဒီတော့.... ခံစားမှုတွေကို မပြောင်းလဲအောင်..... ဝင်/ထွက်သက်တိုင်း အမြဲသတိတရရှိနေအောင် နူးညံ့သိမ်မွေ့တဲ့ ခံစားချက်တွေကနေ.... ရုန့်ရင်းဆန်တဲ့ ခံစားမှုတွေဆီအထိ ရသပေါင်းစုံနဲ့ လွှမ်းမိုးထားနိုင်တဲ့ မမြင်နိုင် ထိတွေ့လို့မရနိုင်တဲ့ စိတ္တဇနမ်ကို အချစ်ကသာ  တစ်သက်စာ ပေးစွမ်းနိုင်ခဲ့တယ်...။

အချစ်က....စိတ်ကူးယဉ်စရာကောင်းဖို့သက်သက်ပါပဲ တကယ်တော့....။

ဒါပေမယ့် လက်တွေ့မှာ အချစ်ဟာ တစ္ဆေတစ်ကောင်မျှသာပဲလို့ ထင်သာမြင်သာ သိတတ်လာအောင် ထိုအချစ်ကပဲ  သင်ကြားပေးသွားခဲ့တယ်....။

ခံစားမှုတွေသိပ်မကောင်းတော့တဲ့အခါ အသက်ကိုပြင်းပြင်းရှူတယ်.....

မွန်းကြပ်လာတဲ့အခါတိုင်း အသက်ကို ပြင်းပြင်းရှူတယ်.....

ဝမ်းနည်းလာတဲ့အခါ အသက်ကိုပြင်းပြင်းရှူတယ်.....

နာကျင်မှုဝေဒနာတွေကို ခံစားရတဲ့အခါ အသက်ကို ပြင်းပြင်းရှူတယ်.....


ဟုတ်..... အချစ်က တကယ်ခမ်းနားပါတယ်....

အချစ်ကရတဲ့ အကျိုးကျေးဇူးတွေကတော့ ဟိုးအတွင်းကလီစာတွေက‌နေ ဦးနှောက်အထိ အောက်ဆီဂျင်တွေနေရာအနှံ့ရောက်အောင်  အသက်ပြင်းပြင်းရှူတတ်သွားအောင် သင်ကြားပေးသွားခဲ့တယ်....။



__________________
Revolution will prevail
မိုးငွေ့


Thursday, 23 March 2023

SOS.....


နှစ်ရှည် Plan နဲ့ဇာတ်လမ်းတွဲတစ်ခုအတွက် ဇာတ်ညွှန်းတစ်ပုဒ်ကို နေ့ညမအား တွေး, ရေး, ကြံစည်စိတ်ကူးပြီး သားကောင်ကိုအနုနည်း သို့မဟုတ် အကြမ်းနည်းနဲ့ Abuse လုပ်....ဒါကိုသိသိလျက်နဲ့ SOS လို့ဘယ်သူ့ကိုမှတောင်းခံမရတာ ကျဉ်းထဲကြပ်ထဲချောင်ပိတ်မိနေကြသူ အမျိုးသမီးပေါင်း အများကြီးရှိကြလိမ့်မယ်လို့ထင်ပါတယ်...။

သူတို့ဟာ အကြောင်းအမျိုးမျိုးကြောင့် စိတ္တဇဖြစ်နေတဲ့သူ ဒါမှမဟုတ် ကိုယ့်တစ်ကိုယ်စာအတွက်တောင် ရှာဖွေစားသောက်ဖို့အရည်အချင်းမရှိတဲ့ အနေအစားချောင်ဖို့ နည်းမျိုးစုံနဲ့ သားကောင်ကိုအမြဲရှာဖွေနေတဲ့သူတွေ...။ တချို့ဟာ Non-Educated ဖြစ်နေပေမယ့် ဒီလိုနေရာမှာတော့ ပညာတွေတဖက်ကမ်းခတ်ကျွမ်းကျင်နေတတ်တာတွေ...။ "Little Knowledge is dangerous" တဲ့...ကိုယ့်ကိုယ်ကို ပညာတတ်ကြီးသယောင်နဲ့ ဖြီးဖျန်းနေတတ်တာတွေ....။ မိန်းမတွေရဲ့ ရှက်ကြောက်တတ်တဲ့စိတ် နဲ့ အားနာသနားတတ်တဲ့စိတ်တွေကို အခွင့်အရေးယူပြီး မှီတင်းနေထိုင်တတ်တဲ့သူတွေ ...။ သူတို့မှာ လှပတဲ့ဆင်ခြေ အကြောင်းပြချက်နဲ့ Story တွေ အမြဲအဆင်သင့်ရှိနေတတ်တဲ့ ကမ္ဘာကြောက်စရာအကောင်းဆုံး မာယာအများဆုံး လူသားအမျိုးစားထဲက သူတွေ...။  ခန္ဓာကိုယ်အစိပ်ပိုင်းတစ်ခုခု ဂဏာမငြိမ်လှုပ်ရှားနေပြီဆို သူတို့အကြံစည်တစ်ခုခုထုတ်နေပြီပဲ...။ အမြဲတစေ လူတိုင်းကို မယုံသင်္ကာစိတ်တွေ သံသယတွေရှိနေတတ်တယ်...။ သူ့စကားကိုယ့်စကားလုပ် သူ့အပြစ်ကိုယ့်အပြစ်ဖြစ်အောင်လဲ မိနစ်ပိုင်းနဲ့ စွမ်းဆောင်နိုင်ကြတဲ့သူတွေ... ။ Abnormal ဆိုပြီး လျှော့မတွက်ပါနဲ့ သူတို့ဉာဏ်ရည်က တစ်ဖက်က စကားလုံး လှုပ်ရှားမှုတွေကို ပက်ခနဲပြန်တုန့်ပြန်နိုင်စွမ်းကြတယ်...။ သာမန်လူကောင်းပကတိတစ်ယောက်လိုလည်း ဟန်ဆောင်နေတတ်လို့ ကိုင်တွယ်ရ အခက်ခဲဆုံးလူတွေဖြစ်တယ်.....။ နောက်ဆုံးထိ  သောက်ကြောကြီးနဲ့ အထက်စီးလေသံနဲ့ ယုတ်မာရိုင်းစိုင်းတဲ့အပြောအဆို အပြုမူ လုပ်ရပ်တွေအပြင် သိမ်မွေ့နူးညံ့တဲ့ ခြိမ်းခြောက်မှုတွေကိုလည်း သူတို့ဖန်တီးနိုင်တယ်...။  Story အရှည်ကြီးတွေကို မရပ်မနားပြောနိုင်တယ်...။  ဒီလိုလူမျိုးကို အထူး အထူး သတိထားစေချင်ပါတယ် Especially သူတို့ရဲ့သားကောင် အချိန်မရွေးဖြစ်မယ့် မိန်းမတွေ...။ 

လွတ်မြောက်ဖို့ နည်းလမ်းရှာပါ, ပရိယာယ်သုံးပါ, ငြိမ်ခံမနေပါနဲ့ ...။ မုဆိုးဟာ သူကိုယ်တိုင် သားကောင်ယောင်ဆောင်ပြီး နေနေလိမ့်မယ်...။ သူလိုချင်တဲ့အရာအတွက် နည်းမျိုးစုံ ပရိယာယ်မျိုးစုံသုံးပြီး အနုနည်းနဲ့ သိမ်းသွင်းလိမ့်မယ်...။ တခါတလေ သူ့စိတ်သူမထိန်းနိုင်တဲ့အခါ အကြမ်းနည်းသုံးလိမ့်မယ်...။ နေ့စဉ်နဲ့အမျှ သူရယူလိုတဲ့အရာအတွက် အတွေးအကြံပေါင်းများစွာထုတ်နေတတ်တယ်....။ ဒါကလည်း သူတို့ရဲ့ နေ့စဉ် Routine ပါပဲ...။ သူ့အကြံအစည် အတွေးဟူသမျှကို တတ်နိုင်သလောက် ကြိုသိအောင် ကြိုးစားအားထုတ်ပါ လွတ်မြောက်လမ်းကိုရှာပါ..။ ခေတ်အဆက်ဆက်... မိန်းမတွေ သနားစရာသိပ်ကောင်းတယ် ရပ်ကျော်ရွာကျော် ရုံးရောက်ဂတ်ရောက် အရှက်တကွဲအကျိုးနဲမှာကြောက်တဲ့အတွေးနဲ့ သူတို့နှိပ်စက်သမျှ အိမ်တွင်း ကြိတ်ခံနေကြရတာ အဲဒါ သူတို့အတွက် အဲဒီ စိတ္တဇကောင်တွေ(အရူးကွက်နင်းနေတဲ့အရူးပါးတွေ)အတွက် အခွင့်ကောင်းတစ်ရပ်ပဲ အဲလိုအဖြစ်မခံကြပါနဲ့ သူတို့လက်က လွတ်မြောက်ဖို့ ဉာဏ်ရှိရှိနဲ့ လုပ်စရာရှိတာ သိုသိုသိပ်သိပ်လုပ်ပါ....။ သူတို့ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကို ဓါတ်ပုံသေချာရိုက်သိမ်းထားပါ တခြားသက်သေရှိရင်လည်း သေချာသိမ်းထားပါ...။ ခုလို ဆိုရှယ်မီဒီယာခေတ်မှာ လိုအပ်လာရင် ဖွင့်ချဖို့ မတွန့်ဆုတ်ပါနဲ့....။ သူတို့ထက်ခြေတစ်လှမ်းပိုသာခဲ့ရင် မစားရတဲ့အမဲ သဲနဲ့ပက်ဖို့အထိ လုပ်နိုင်ကြတာမို့ ပိုသတိထားစေချင်ပါတယ်....။

ထပ်ပြီးအကြံပေးချင်တာက...နာမည်ကြီးစာရေးဆရာမတစ်ယောက်ပြောထားသလိုပဲ...ဘယ်လိုယောကျာ်းမျိုးကိုမဆို မလိုအပ်ပဲ ကောင်းပေးမိရင် အပေါစားဆန်သွားတတ်တယ်...။ လွယ်လွယ် နဲ့  ရမှန်းသိရင် ကိုယ့်ကို အမြဲအသုံးချလိမ့်မယ်...။ ကူညီတတ်မှန်းသိရင် စေတနာကို စော်ကားလိမ့်မယ်...။ အားနာတတ်မှန်းသိရင် အနိုင်ကျင့် ချင်ကြလိမ့်မယ်...။ ပျော့ညံမှန်းသိရင် ဖိနှိပ် ချင်ကြလိမ့်မယ်...။ ကိုယ့်အပေါ် မကောင်းရင် ကိုယ်ကလည်း မကောင်းယုံပဲ...။ အစစ အရာရာမှာ သည်းမခံပါနဲ့...။ အားမနာပါနဲ့ ...။ တော်ရုံပဲကောင်းပါတယ်...။ ဘာလို့ဆို.........လူတွေက သူတို့နဲ့ တန်ရာတန်ရာပဲ ကောင်းတယ်...။ ဒါကြောင့် .. ..မထိုက်တန်တဲ့အချစ်ကို လက်ခံမထားပါနဲ့, ယောက်ျားတစ်ယောက်အတွက် မိမိကိုယ်မိမ် မနှိမ့်ချပါနဲ့, အမှန်တကယ်ထိုက်တန်တဲ့သူကို မတွေ့မချင်း single ဘဝနဲ့ပဲနေပါ, ကိုယ့်ရဲ့အားနည်းချက်တွေကို သိထားပါ,  ကိုယ့်ကို နာကျင်စေသူတွေကို စွန့်လွှတ်ပါ,  မိမိတန်ဖိုးကို ဘယ်ယောက်ျားတစ်ယောက်ကမှ သတ်မှတ်ခွင့်မပေးပါနဲ့, ပြင်ပြင်ဆင်ဆင်နေပါ, မိမိကိုယ်ကို ယုံကြည်ပါ ဦးစားပေးပါ......။  

ကျနော်ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ကားတွေထဲက စိတ္တဇကောင်တွေရဲ့ လက္ခဏာတစ်ချို့နဲ့ မြင်မျက်အဖြစ်အပျက်တွေကို ပြောပြခြင်းပဲဖြစ်ပါတယ်...။ ပြင်ပလောကမှာ ဒါမျိုးတွေ လက်တွေ့ကြုံတွေ့နေရတဲ့သူတွေ မရေမတွက်နိုင်အောင် အများအပြားရှိနေလိမ့်မယ်...။  မှတ်သားသတိပြုမိစေဖို့ ဒီပို့စ်ကိုရေးခြင်းဖြစ်ပါတယ်...။ ဒီပို့စ်ကို မြန်မာဘာသာနဲ့ရော အင်္ဂလိပ်လိုပါ Twit ပါမယ်...။ ကျနော့် ငယ်ဘဝရဲ့ စိတ်ဒဏ်ရာတွေဟာ ကျနော် Feminist တစ်ယောက်ဖြစ်လာစေဖို့ ခိုင်လုံတဲ့အကြောင်းပြချက်တစ်ရပ်ပါပဲ...။


နိုင်ငံတကာ Sign Language for Survival တွေကို သေချာမှတ်ထားပါ အောက်မှာပြပေးထားပါတယ်..။





__________________
Revolution will prevail
မိုးငွေ့

Monday, 27 February 2023

Angel Number 12.....



ပြောချင်တာက အိန်ဂျယ်နံပါတ်(၁၂).... သူက ကျမကို ကြီးစိုးနေတာ တစ်နှစ်ကျော်သွားပြီ စမ်းသပ်မှုတွေတော်လောက်ပြီ အချိန်တန်ပြီ အချိန်စေ့ပြီလို့ထင်တယ်...။ 

၂၀၂၂ နှစ်လယ်ပိုင်းထိ ကျမရဲ့ ရစ်သမ်က မှန်နေတာ တစ်နေ့တာရဲ့ နိစ္စဓူဝတွေ သူ့အချိန်နဲ့သူလုပ်သွားတာ...။ ညဖက် ဘုရားမရှိခိုးခင် သောက်တော်ရေချမ်း ဆီမီး ပန်း အမွှေးနံသာ ကပ်လှူပူဇော်ပြီး ဘုရားဦးချကန်တော့ ဩကာသရွတ် နတ်ပင့် မေတ္တာသုတ်ရွတ် အမျှဝေ အဲဒါတွေလုပ်ရင် ကိုယ်စောင့်နတ်(၁၂)ပါးကိုပါ အမြဲပင့်ဖိတ်လေ့ရှိတယ်...။ ခုတော့ ကျမကို အိန်ဂျယ်နံပါတ်ဆယ့်နှစ်က ဒါတွေလုပ်စရာမလိုတော့ဘူးလို့ လာတိုက်တွန်းနေသလို ကျမရဲ့ မှန်နေတဲ့ စည်းချက်တွေကိုဖျက်လိုဖျက်စီး ဘာမှမယ်မယ်ရရမလုပ်ချင်မကိုင်ချင်ဖြစ် စိတ်တွေလေ ခုတော့ အချိန်စေ့ပြီထင်တယ်... ရစ်သမ်ပြန်မှန်ဖို့အချိန်ကျပြီလို့ ကျမထင်တယ်..။ ကိုယ့်ကိုယ်ကို ဘာဖြစ်နေလဲ အမြဲစမ်းစစ်ပြီး ပြုပြင်စရာရှိပြုပြင်ပြောင်းလဲပစ်ရမယ်...။ ဒါဟာ အသိတရာလေးရှိနေသေးတယ်ဆိုတဲ့သဘောပဲ...။ ဒါတောင် ဒီလောက်အချိန်အကြာကြီးဖြစ်သွားခဲ့တာ...။

အောက်မှာ လူတစ်ယောက်ဆီမှာ ကိုယ်စောင့်နတ်(၁၂)ပါး ရှိကြတယ်ဆိုတာ သိဖို့သက်သက်ရေးပြတာပါပဲ.... သိပြီးသားလည်းဖြစ်ချင်ဖြစ်မယ်...။ 

၁။ သတ္တဘာဂ နတ် - နဖူးစာရေးမှတ်သည်။

၂။ သူရဿတီ နတ် - ပညာကို ပွားစေတတ်သည်။

၃။ သကျ နတ် - စည်းစိမ်ဥစ္စာကို ပေးစေတတ်သည်။

၄။ မဟိရာဇာ နတ် - အိပ်မက်ကို ပေးစေတတ်သည်။

၅။ ဝါမသူရ နတ် - နိမိတ်ကို ပြတတ်သည်။

၆။ ဇနသူရ နတ် - အလှူပေးသည်ကို မှတ်တတ်သည်။

၇။ ကရဝါ နတ် - ကာမသုခကို ပေးစေတတ်သည်။

၈။ ယောတိက နတ် - သွားလေရာလိုက်၍ စောင်မတတ်သည်။

၉။ ကလျာဏမိတ္တ နတ် - ကောင်းသောစကားကို မှတ်သားတတ်သည်။

၁၀။ စန္ဒာဒေဝီ နတ် - ကျက်သရေကို စောင့်တတ်သည်။

၁၁။ နရိန္ဒာဒေဝီ နတ် - အိပ်သောအခါ ဦးခေါင်းရင်းက စောင့်တတ်သည်။

၁၂။ ကာလကဏ္ဏီ နတ် - နတ်ယုတ်မာမကောင်းမှုကိုတိုက်တွန်းတတ်သည်။


Angel No.12 @ Evil  ရေ.... "နှုတ်မဆက်နဲ့ဂွတ်ဘိုင်" ဧကရီရဲ့ သီချင်းနဲ့စပြီး အဲသီချင်းနဲ့ ငါတို့ပြန်အဆုံးသတ်ကြမယ်...။


________________
Revolution will prevail
မိုးငွေ့


Wednesday, 11 January 2023

My Favorite Place.....



ခေါင်းစဉ်ကိုဖတ်မိတော့ ကျောင်းတုန်းက အတန်းထဲမှာ ဆရာမရေးခိုင်းတဲ့ အက်ဆေးကို သတိမရကြဘူးလား....?

ဘာရယ်မဟုတ်ဘူး မနက်ကစောစောထ လုပ်စရာရှိတာလုပ်ပြီး ဝရံတာနား ပက်လက်ကုလားထိုင်မှာထိုင်ပြီး မအေးတဲ့ဆောင်းရာသီရဲ့အရသာကို ရေးနွေးတမတ်ခွက်သောက်ရင်း ခံစား... အတွေးပေါ်လာလို့ ဒီအက်ဆေးလေးရေးဖြစ်သွားတာ...။

ကျမအိမ်မှာ ကျမအကြိုက်ဆုံးနေရာက လေဝင်လေထွက်ကောင်း ရှုခင်းလှ နေဝင်ချိန် လထွက်ချိန်တွေကို တမေ့တမြောငေးမောကြည့်ရတဲ့ အိမ့်ဧည့်ခန်းက ဝရံတာလေးရယ် ကျမရဲ့အိပ်ခန်းလေးရယ်ပဲ....။ လသာညမှာ လက်ဖက်သုပ်လေးနဲ့ စာအုပ်တစ်အုပ် အကြမ်းရည်လေးတစ်အိုးနဲ့ ဇိမ်ကျမလား ...။ အေးဆေးငြိမ်ငြိမ်စိမ်စိမ်လေးနဲ့ စီးကရက်လေးနဲ့ feel မလား...။ မနက်စောစော နေစထွက်ချိန်ဖြစ်ဖြစ် နှင်းဝေဝေ မိုးသည်းသည်း ကော်ဖီလေးတစ်ခွက်နဲ့လည်း Chill မလား...။ ပန်းပင်လေးတွေစိုက် တစ်နေ့နှစ်ခါရေလောင်းပေးရတာလဲ အပျင်းပြေစရာနေရာလေးပဲ...။ အသားငါးခြောက်လှမ်းမလား ငှက်ပျောခြောက်လုပ်ဖို့ နေလှမ်းစရာနေရာ...။ နေ့လည်နေ့ခင်းအလင်းရောင်ကောင်းကောင်းမှာခြေသည်းလက်သည်းညှပ်တဲ့နေရာ အမေ့ကိုဆံပင်ဆေးဆိုးပေး ဆံပင်ညှပ်ပေးတဲ့နေရာ...။ သူ့တစ်နေရာလေးကပဲ အများကြီးအသုံးဝင်နေတာ...။

အေးစိမ့်မွှေးမြနေတဲ့ကျမအခန်းလေးထဲမှာ ကျမသဘောကျတဲ့အရာဝတ္ထုတွေနဲ့ပြည့်နှက်နေတယ်...။ ပန်းချီကား, သံသေတ္တာ, စာကြည့်စားပွဲ, စာအုပ်စင်, သီချင်းနားထောင်ဖို့ Song Boxတစ်လုံး, ကျယ်ဝန်းတဲ့သစ်သားကုတင်, အေးမြတဲ့ချည်သားစစ်စစ်နဲ့ချုပ်ထားတဲ့အိပ်ရာခင်း, မနိမ့်မမြင့်ခေါင်းအုံး ၂လုံး နွေမှာအေး ဆောင်းမှာနွေးတဲ့ ဂွမ်းကပ်စောင် ညမီးလုံးနှစ်လုံး မှိတ်တုတ်လင်းတဲ့မီးလုံးကြိုးတန်း, အဖြူရောင်  Dream Catcher,   ရနံ့ကုထုံးဖယောင်းတိုင်, မီးခြစ်, ဖန်ပန်းအိုး, ပန်းဖျော့ရောင်မြက်ပင်ရှည်ပန်းအိုး, အိမ်စီးဖိနပ်တစ်ရံ, ကြည့်မှန်, ကြမ်းခင်းပိတ်သားဖျာတစ်ချပ်, အလှခွေးခြေခုံတစ်လုံး, Soft Doll အရုပ်တွေ, ရေဒီယို, ရေဖန်ခရား, ဗိုက်တာမင်အားဆေး, ပေါင်ချိန်စက်, အဝတ်ဗီဒို....နောက် ဘာကျန်သေးလဲ...။ ကျမအနှစ်သက်ဆုံးအရာတွေကိုပဲ စုစည်းထားတဲ့နေရာမို့ ကျမအိပ်ခန်းလေးကအကြိုက်ဆုံးနေရာလေးဖြစ်တယ်...။ အိပ်ခန်းထဲကစာကြည့်ခုံလေးမှာ ကျမညည သီချင်းထိုင်နားထောင်ရင်း Skin Care တဲ့နေရာ စာအုပ်ဖတ်တဲ့နေရာ Doodle ပုံလေးတွေဆွဲတဲ့နေရာ အလုပ်စာရင်းတွေတခါတလေလုပ်တဲ့နေရာ ကုန်ပစ္စည်းကြော်ငြာရိုက်တဲ့နေရာ စုံပလုံစိပါပဲ....။

မနက်မိုးလင်းလင်းချင်း လိုက်ကာပါးစနောက်က မှန်ပြူတင်းကနေ လှမ်းမြင်နေရတဲ့ ရှုမျှော်ခင်းကိုကြည့်ရင်း ဒီနေ့တစ်ရက်အသက်ဆက်ရှင်သန်ခွင့်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုကျေးဇူးတင်ရတယ်...။ ပြီးတော့ ဒီလို ကျမအိပ်မက်ထားခဲ့ဖူးတဲ့ အနှစ်သက်ဆုံးနေရာလေးကို ပိုင်ဆိုင်ခွင့်ရလို့ ကျမကိုယ်ကျမကျေးဇူးတင်ရပါတယ်...။


__________________
Revolution will prevail
မိုးငွေ့


Monday, 26 December 2022

Choice.....

 



လူရယ်လို့ဖြစ်တည်လာတာ ဘယ်အရာမျိုးကိုမဆို မှန်မှန်ကန်ကန်ရွေးချယ်တတ်ဖို့ ရေးကြီးဆုံးပဲ...။ အသေးအမွှားကအစပေါ့ ငယ်စဉ်ကလေးအူဝဲကစပြီး ကျမတို့ရွေးချယ်ခဲ့ကြရတယ် အမေက နို့ဗူးထဲကိုရေထည့်တိုက်တဲ့အခါ ကလေးကနို့မဟုတ်လို့ ငိုမယ် ဒါက သူနို့ကိုရွေးချယ်ချင်တယ်ဆိုတဲ့ စကားမပြောတတ်သေးတဲ့ ကလေးရဲ့ပထမဆုံးရွေးချယ်မှုပါပဲ...။ နောက်ပိုင်းကျမတို့ အသက်နည်းနည်းကြီးလာမယ် ကစားစရာတွေ စားစရာတွေကို ရွေးချယ်တတ်လာမယ် အဲဒီကနေအဆင့်ဆင့်ရွေးချယ်ပြီး အထက်တန်းရောက်တဲ့အချိန်မှာလည်း ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်ကို ဝိဇ္ဇာ သိပ္ပံ စသဖြင့်ထပ်ရွေးချယ်ရပြန်တယ်...။ ငါကတော့ သမိုင်းတွေ မြန်မာစာတွေမကျက်ချင်ဘူးဆို သိပ္ပံဘာသာကိုယူမယ် သင်္ချာမတွက်ချင်ဘူး ဓါတုဗေဒ အီကွေးရှင်းတွေဘာတွေမတွက်ချင်ဘူးဆို ဝိဇ္ဇာကိုရွေးကြတယ် အဲလိုပေါ့...။ အထက်တန်းပြီးလို့ တက္ကသိုလ်တန်းဝင်တဲ့အခါ မေဂျာတွေထပ်ခွဲတော့ ရွေးရပြန်ရော ....။ နေ့စဉ်စားနေရတဲ့ ထမင်းနှပ်တိုင်းလည်း ဘာဟင်းနဲ့စားမလဲဆိုပြီးရွေးချယ်ကြတယ်မဟုတ်လား...။ ဒီနေ့ရုံးသွားရင် Client နဲ့သွားတွေ့ရင် ဘယ်ဝတ်စုံဝတ်သွားရမလဲဆိုတာလည်း ရွေးရတာပဲ...။ သေချာစဉ်းစားကြည့်ရင် ကျမတို့ နေ့စဉ်နဲ့အမျှ မလွှဲမရှောင်သာ ရွေးချယ်မှုတွေပြုလုပ်နေကြရတယ်...။

အရေးကြီးဆုံးနောက်ထပ်တစ်ခုက ဘဝလက်တွဲဖော်ရွေးချယ်တဲ့နေရာမှာပဲ...။ ဒါကတော့ ကံစမ်းမဲနှိုက်ရသလိုပဲလို့သုံးသပ်ကြတယ်...။ ကိုယ်ရွေးတုန်းက အကောင်းပေမယ့် ကိုယ့်လက်ထဲကျမှ ပြောင်းလဲသွားတတ်တာ ဆိုးရွားသွားတတ်တာ ကိုယ်ရွေးတုန်းက ဘာမှမဟုတ်ပေမယ့် ကိုယ့်လက်ထဲကျမှ ကောင်းသွားတာအဆင်ပြေသွားတာမျိုးပေါ့...။ နောက် အလုပ်အကိုင်ရွေးချယ်မှုလဲ အဲလိုပါပဲ....ရွေးချယ်မှုတိုင်းက ကိုယ်တိုင်ရဲ့ ပဲ့ကိုင်လုပ်ဆောင်မှုနဲ့ထိန်းချုပ်ယူလို့ရနိုင်တယ်လို့တော့ ကျမယူဆတယ်...။ ကျမဘဝမှာ မှန်ကန်တာရော ကြီးမားတဲ့မှားယွင်းမှုတွေရော ရွေးချယ်ခဲ့မိတာ အများကြီး ...။ မှန်ကန်မှုအတွက် ဘာမှထပ်စောင်းပြီး ပြောစရာမရှိပေမယ့် မှားယွင်းတဲ့ရွေးချယ်မှုအတွက်တေ့ာ ကျမက သတ္တိရှိရှိ ခံနိုင်ရည်ရှိရှိ ရင်ဆိုင်နိုင်ဖို့ အမြဲကြိုတွေးထားဖြစ်တယ်...။ ဘယ်ချိန် ကျမရဲ့ရွေးချယ်မှု မှားယွင်းမလဲ ကျမကြိုမသိနိုင်ဘူးလေ ဒါကြောင့် အဲဒီရွေးချယ်မှုကိုခံနိုင်ရည်ရှိဖို့ ကျမအဖက်ဖက်ကကြိုတင်တွေးထားတယ်...။ တခါတလေ ဆဌမအာရုံရပေမယ့် မရှောင်လွဲနိုင်ဘဲ တည့်တိုးလိုက်မိတာကများတယ်...။  ကျမ တစ်ခုခုဖြစ်တော့မယ်တိုင်း သုံးလေးရက်လောက်အမြဲတမ်း Sense ကြိုရတတ်တယ်...။ အဲဒါလေးကို ထိန်းချုပ်လိုက်နိုင်ရင် တော်တော်အဆင်ပြေပြီ...။

မှားယွင်းတဲ့ရွေးချယ်မှုလို့ဆိုတာမှာ ကျမပေးဆပ်လိုက်ရတဲ့ အရင်းနှီးတွေသိပ်များတာမျိုးရှိတယ် ...။ တစ်သက်လုံး ရေရှည် Plan ထားတာတွေ မိနစ်ပိုင်းအတွင်း ပျက်စီးသွားတာမျိုး တစ်သက်လုံးထိန်းသိမ်းလာတဲ့ ဂုဏ်သိက္ခာတွေ ရစရာမရှိတော့တာမျိုး.... ဒါတွေဟာ...အေးအေးချမ်းချမ်းဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်မှာ အကြီးမားဆုံး ဆုံးရှုံးမှုလို့တောင်ပြောလို့ရသေးတယ်....။ ဒါပေမယ့် ကျမရွေးချယ်ပြီးသွားခဲ့ပြီလေ....ကျမပြုလုပ်ပြီးသားအရာကို နောင်တ ဘယ်တော့မှမရချင်ဘူး...။ ဒါကြောင့်ရင်ဆိုင်ပစ်လိုက်တဲ့နည်းလမ်းကိုပဲ ကျမရွေးချယ်ရတယ်...။ ကျမဘာလို့ နောက်ဆုတ်လိုက်ဖို့ ဖြတ်ချပစ်လိုက်ဖို့ နည်းလမ်းကိုမရွေးချယ်ခဲ့တာလည်းလို့မေးခွန်းထုတ်လို့ရတယ်....။ ဒါက စိတ်ခံစားမှုပိုင်းနဲ့အများကြီးသက်ဆိုင်သွားပြီ...။ တခါတလေ ရွေးချယ်ပြီးသားအရာကို လွတ်ချပစ်လို့မရဘဲ ဆုတ်ကိုင်ထားရတာမျိုးလည်းရှိတတ်တယ်လေ...။ အဲလို ချောင်ပိတ်မိ ကျဉ်းထဲကြပ်ထဲအခြေအနေမှာ ကျမရဲ့မှားယွင်းစွာရွေးချယ်ခဲ့ရတဲ့ အရာမှန်သမျှကို အကောင်းဆုံး အသက်သာဆုံး နည်းလမ်းနဲ့ ကျမရအောင်ဖြတ်သန်းရတာပဲ ဘာမှမတတ်နိုင်တော့ဘူးလေ....။

ကျမတို့မှာ တစ်ခုခုကို ရွေးချယ်မှုပြုလုပ်ရမယ်တိုင်း သေချာစဉ်းစားဆုံးဖြတ်ဖို့ အချိန်တစ်ခုတော့ပေးရတယ်...။ အဲဒီအချိန်ဟာ မိနစ်ပိုင်းလဲဖြစ်မယ် စက္ကန့်ပိုင်းလည်းဖြစ်ချင်ဖြစ်မယ် ရက်ပိုင်းလပိုင်းလည်း ဖြစ်ချင်ဖြစ်မယ်....။ ဘယ်လောက်အချိန်ကိုပဲသုံးရသုံးရ မှန်ကန်သင့်လျော်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ဖို့ အရေးကြီးပါတယ်...။ 

ကျမဘဝမှာ ရွေးချယ်မှုတစ်ခုအတွက် ပြန်နှုတ်မရတော့တဲ့ ဆူးတစ်ချောင်းရှိနေတယ်....။ ခြေဖဝါးထဲနစ်ဝင်နေတဲ့ အဲဒီဆူးတစ်ချောင်းဟာ ကျမခြေလှမ်းတစ်လှမ်း လှမ်းတိုင်း....လှမ်းတိုင်း နာကျင်နေမှာ အမှန်ပဲ...။ 

ဒါပါပဲ ..... 

ဒီလောက်ပါပဲ....


_________________
Revolution will prevail
မိုးငွေ့

Friday, 23 December 2022

မုန့်ဟင်းခါး.....

 Rangoon Tea House မုန့်ဟင်းခါး



မုန့်ဟင်းခါး အကြောင်းလေးရေးဖို့ စဉ်းစားထားတာကြာလှပြီ ခုမှပဲရေးဖြစ်တော့တယ်...။ ကျနော့်အကြိုက်ဆုံးထဲမှာ ခေါက်ဆွဲပြီးရင် မုန့်ဟင်းခါးပါတယ်....။ ကျနော်က မြို့တစ်မြို့ရောက်တိုင်း အဲဒီမြို့ရဲ့ Signature မုန့်ဟင်းခါးကို မှတ်မှတ်ရရ စားကြည့်လေ့ရှိတယ်....။ ကျနော်လူမှန်းသိတတ်ခါစ ပထမဆုံးစားဖူးခဲ့တာက ကျနော်တို့ တာလေမြို့ ဈေးထဲက မုန့်ဟင်းခါးပဲ အဲတုန်းက မုန့်ဟင်းခါးရောင်းတာနှစ်ဆိုင်ပဲရှိတယ် ...။ ရှမ်းပြည်ဆိုတော့ မုန့်ဟင်းခါးချက်ရောင်းတာက ရှမ်းလူမျိုးတွေတော့ဘယ်ဟုတ်မလဲ တပ်ထွက် ရဲဘော်ဟောင်းတွေနေတဲ့ အုပ်ကျင်းရပ်ကွက်ထဲက ဗမာတွေပဲချက်ရောင်းကြတာပေါ့...။ အဲနှစ်ဆိုင်မှာ အဘထီဆိုတဲ့ အဘကြီးရဲ့ဇနီးဒေါ်ဆွေ ချက်တဲ့မုန့်ဟင်းခါးရယ် ဒေါ်အေးမြင့်မုန့်ဟင်းခါးရယ်ပဲရှိတာ....။ ဒေါ်ဆွေက တကယ်တော့ ရှမ်းလူမျိုး ဗမာယောကျ်ားယူထားတော့ မုန့်ဟင်းခါးကို ကောင်းကောင်းချက်ရောင်းတတ်တယ်...။ ကျနော်တို့ကတော့ ရှမ်းလို "ပါဆွေ"လို့ခေါ်ကြတယ်...။ ဝဝဖိုင့်ဖိုင့် မျက်နှာဝိုင်းဝိုင်းနဲ့သဘောကောင်း စိတ်ရှည်တဲ့ အဒေါ်ကြီးပေါ့ တာလေက ကျနော့်ကျောင်းနေဖက်သူငယ်ချင်း စိုင်းမင်းမင်းရဲ့ အဖွားလည်းဟုတ်တယ်...။ 

ဆန်လှော်မှုန့်နံ့သင်းနေတဲ့ "ဒေါ်ပါဆွေ"ရဲ့ မုန့်ဟင်းခါးအရသာကို ကျနော်ခုထိမှတ်မိနေတုန်းပဲ...။ ကျနော်တို့ ရှမ်းပြည်ဖက်က မုန့်ဟင်းခါးကောင်းတာမှာ မုန့်ဖတ်ရဲ့ကောင်းမှုကလည်း အဓိကပါတယ်...။ မုန့်ဖတ်က လက်ညှစ်လတ်လတ်ဆတ်ဆတ် ဖွေးအိပြီး အထွေးလိုက်လေး ငှက်ပျောဖက်ခံထားတဲ့ ဝါးတောင်းလေးထဲမှာ အခွေလိုက်လေးတွေထည့်ထည့်ထားတာ ဒီတိုင်းလေးစားတောင် အရသာရှိတယ်...။ ရှမ်းပြည်မှာ ငါးရှားတယ်ဆိုပေမယ့် ငါးခူနဲ့တော့ချက်ကြတယ် ငါးခူရှားတဲ့ချိန်ကျရင်တော့ ငါးကြင်းတို့ဘာတို့နဲ့ချက်ကြတယ်...။ ငှက်ပျောအူနုနုဖတ်ဖတ်နဲ့ မုန့်ဟင်းရည်လေးက မပျစ်မကျဲလေး မွှေးနေရော ရေးနေရင်းနဲ့တောင်စားချင်လာမိ...။ ခုတော့ အဘထီကြီးရော ဒေါ်ပါဆွေရော မရှိကြတော့ဘူး...။ နောက်ပိုင်း ဘယ်သူတွေ မုန့်ဟင်းခါးရောင်းနေလည်းတောင်မသိတော့ပါဘူး မွေးရပ်မြေကို ပြန်မရောက်တာလည်းကြာပြီဆိုတော့...။ အဲဖက်မှာ မုန့်ဟင်းခါးကို ပဲကြော်နဲ့ပဲအဓိကစားကြတယ်...။ ရန်ကုန်လို ဗူးသီးကြော် မန်းကြော် ငါးဖယ် အိုးဘဲဉတွေမရှိဘူး...။ ကျနော်တို့ ရှမ်းပြည်က ပဲကြော်ကသိပ်စားကောင်းတာ အရသာလဲရှိတယ် ပေါ့ရွှတ်ရွှတ်မဟုတ်ဘူး ပဲကြော်မုန့်ရည်ထဲမှာ ကြက်သွန်ဖြူ ဂျင်းထောင်းပြီးထည့်ကြတာ..။ မု့န်ဟင်းရည်ကလည်းကောင်း မုန့်ဖတ်ကလည်းကောင်းတော့ အားလုံးပြည့်စုံနေရောပဲ...။ ကျနော်တို့ရှမ်းပြည်ဖက်က မုန့်ဟင်းခါးကို ပဲကြော်နဲ့အပြင် ကောက်ညှင်းပေါင်းပူပူလေးပါ ထည့်စားတတ်ကြတယ်...။ အရွက်ကတော့ နံနံပင်တစ်မျိုးပဲထည့်စားကြတယ်...။ ရန်ကုန်ရောက်တော့ မုန့်ဟင်းခါးထဲ ကောက်ညှင်းပေါင်းထည့်စားတာ ကျနေတို့နေခဲ့တဲ့ စမ်းချောင်းအိမ်ရှေ့က မြိတ်ဆိုင်မှာ ပြန်စားဖူးတာပဲ မြိတ် ထားဝယ် မုန့်ဟင်းခါးက ကောက်ညှင်းထည့်စားရတာ ငှက်ပျောအူအလည်တိုင်နုနု အပြားဖတ်လိုက်ထည့်စားတာ ကောင်းတယ်...။


ဒါမျိုးပုံလေး ရှမ်းပြည်ကရောင်းတဲ့မုန့်ဖတ်က ( ဒါက Pin  ကယူထားတာ)



တာလေဈေးထဲက နောက်တစ်ဆိုင်က ဒေါ်အေးမြင့်မုန့်ဟင်းခါး သူလည်းကောင်းတာပဲ ကျနော်ကတော့ မုန့်ဟင်းခါးကြိုက်တတ်တဲ့သူမို့လားမသိ စားဖူးခဲ့တာကို ဘယ်ချိန်ဖြစ်ဖြစ်အရသာမှတ်မိနေတာပဲ...။ ဒေါ်အေးမြင့်ဆိုင်က အပေါက်နဲနဲဆိုးတော့ သူ့ဆိုင်ကို ရှမ်းတွေသိပ်မစားကြဘူး ကျနော်မှတ်မိသလောက်တော့ ငရုတ်သီးမှုန့်များများထည့်ရင်လည်းထည့်ပြန်ပြီ ဟင်းရည်တောင်း...တောင်းပြန်ပြီ ပြောတတ်လို့လေ အဲလိုပေါ့..။ အရသာကတော့ ကောင်းပါတယ်...။ မုန့်ဟင်းခါးနဲ့ပတ်သက်ပြီး ရှမ်းလူမျိုးမှာလည်း ရှမ်းမုန့်ဟင်းခါးရှိတယ် ရှမ်းမုန့်တီရှိတယ်....။ ရှမ်းမုန့်ဟင်းခါးကကျတော့ ဆိုင်နဲ့ကနားနဲ့ရောင်းတာမဟုတ်ဘူး ညနေပိုင်းကျမှ အထမ်းနဲ့လာရောင်းတဲ့ အဒေါ်ကြီးတစ်ယောက်ရှိတယ် သူလာပြီဆို မုန့်ဟင်းခါးနံ့ကမွှေးနေရောပဲ ရှမ်းမုန့်ဟင်းခါးက ကြက်သားနဲ့အုန်းနို့နဲ့ချက်တာ ထိုင်းမုန့်ဟင်းခါးနဲ့ခပ်ဆင်ဆင်တူတယ်...။ သူ့ဟင်းရည်က ကြက်သား ပဲတောင့်ရှည် ခရမ်းသီး ထည့်ချက်ရတာ စပါးလင်နဲ့ကြက်သွန်အနှစ်ဆီသတ်ပြီး အုန်းနို့နဲ့ချက်တာ..။ ရှမ်းအုန့်နို့မုန့်ဟင်းခါးထဲကို ပဲပင်ပေါက် ပဲသီးတောင့်ရှည်ပြုတ်ပြီးသေးသေးလှီးထားတာ ရှမ်းနံနံ သံပုရာသီး ငရုတ်သီးမုန့် ငရုတ်သီးစိမ်းငံပြာရည်စိမ်တို့နဲ့စားရတာ အုန့်နို့နံ့မွှေးနေတဲ့ မုန့်ဟင်းခါးပေါ့...။ ရှမ်းမုန့်တီကျတော့ ကျနော်တို့တာလေနဲ့အနီးနားတကျောပဲစားကြတာမျိုး သူက လက်ညှစ်မုန့်တီကို ခရမ်းချဉ်သီးအရည် (ပဲပုန့်မှုန့်+ရှမ်းငရုတ်ကောင်းမှုန့်+ငရုတ်သီးမှုန့်)သုံးမျိုးစပ်ထားတဲ့အမှုန့် နဲ့ မကျည်းရည်ဆမ်းစားရတာမျိုး အသားမပါဘူး သက်သတ်လွတ်....။ အဲဒါလည်းစားကောင်းတယ် တခါတရံမှသာ ချက်ရောင်းကြတာ အဓိကကတော့ ရှမ်းခေါက်ဆွဲပဲရောင်းကြတာပေါ့ တာလေမှာက...။ 

ကျနော် ရန်ကုန်ရောက်တော့ ပထမဆုံးစားဖူးတာ လမ်းမတော်လမ်း စိန်ဌေးစာပေနဲ့ ဗီဒီယိုထုတ်လုပ်ရေးနားက ဒေါ်လုံးမုန့်ဟင်းခါးပဲ...။ အဲဒေါ်လုံးဆိုတဲ့အဒေါ်ကြီးက မုန့်ဟင်းခါး ပါဆယ်ထည့်တာ စက်အတိုင်းပဲသူ့လက်က တော်တော်မြန်တာ...။ အဒေါ်က ချိုင့်လေးတစ်လုံးနဲ့မနက်စာ မုန့်ဟင်းခါးသွားဝယ်ဆို အဲဒေါ်လုံးဆိုင်ကသွားဝယ်ရတာပဲ...။ သူ့မုန့်ဟင်းရည်က ငရုတ်ကောင်းကို အဓိကသုံးထားတဲ့ ဧရာဝတီတိုင်းကမြို့တွေရဲ့ အရသာမျိုး...။ ပူပူစပ်စပ်မွှေးမွှေးအရသာ ရန်ကုန်မုန့်ဟင်းခါးအစစ်ကျတော့ ကုလားပဲနှစ်နဲ့စပါးလင်အဓိကသုံးကြတာ...။ ဆုရထားတဲ့ရွှေဉမုန့်ဟင်းခါးဆိုတာက ရန်ကုန်မုန့်ဟင်းခါးပေါ့..။ မြောင်းမြ အိမ်မဲ မုန့်ဟင်းခါးတွေက ရန်ကုန်မှာဆိုင်တော်တော်များများရှိတယ်...။ သူတို့ဟင်းရည်က အရောင်ဖြူဖျော့ဖျော့ ငရုတ်ကောင်းမှုန့်ဦးစားပေး ငါးအချိုဓါတ်အရသာရယ် ဆန်မှုန့်ပဲမှုန့်သိပ်မသုံးတဲ့ အရည်ကျဲမုန့်ဟင်းခါးလို့ဆိုရမယ်...။ ရန်ကုန်ကချက်တဲ့မုန့်ဟင်းခါးကတော့ ဆီသတ်တာမှာ အရောင်တင်မှုန့်သုံးတယ် ကုလားပဲနှစ်ဇကာတိုက်ထည့်တယ် ဆန့်လှော်မှုန့်သုံးတယ် အရည်နဲနဲပျစ်တယ်ပေါ့...။ လှည်းတန်းဈေးနားက ဇကာကြီးမုန့်ဟင်းခါးဆိုလည်း ကျနော်ကြိုက်တယ်...။ အစပိုင်းကတော့ ကျနော်က ဧရာဝတီတိုင်းကမုန့်ဟင်းခါးထက် ရန်ကုန်မုန့်ဟင်းခါးကို ပိုကြိုက်တာ ...။ နောက်ပိုင်းကျမှ မုန့်ပန်းကန်ထဲဆီဝေ့နေတာ ပျစ်နေတာကို မကြိုက်တော့ဘဲ ဟင်းရည်ကျဲမုန့်ဟင်းခါးကို ပိုကြိုက်သွားတာပဲ...။

ငယ်ငယ်တုန်းက ဘားအံရောက်တော့ ဘားအံဈေးထဲမှာ ကရင်မုန့်ဟင်းခါးစားဖူးခဲ့သေးတယ်..။ အဲဒေသကလူတွေက မုန့်ဟင်းခါးကို လက်နဲ့စားကြတာ ကျနော်ကတော့ တအံ့တဩငေးကြည့်ခဲ့ရ...။ သူတို့မုန့်ဟင်းခါးလည်း အရည်ကျဲတာပဲ ပူစီနံ ခရမ်းချဉ်သီး ပဲသီး စတာတွေထည့်စားကြတယ်...။ နောက်ထပ်မုန့်ဟင်းခါးက မန္တလေးကမုန့်ဟင်းခါး တကယ်က မန်းရဲ့အဓိကအစားက နန်းကြီး နန်းလတ် မုန့်တီသုပ် မြီးရှည်....။ ကျနော် မန္တလေးမှာ ခုနှစ်တန်းတက်တော့ ဒေါ်ကြည်မုန့်ဟင်းခါးဆိုတာစားဖူးတယ် မန်းမှာက မနက်စာကိုမုန့်ဟင်းခါးမစားကြဘူး ရန်ကုန်လို....။ သူတို့ကမနက်စာကို မန္တလေးမုန့်တီ ခေါက်ဆွဲသုပ် ရှမ်းခေါက်ဆွဲ ဆန်စီး ဆန်ပြားသုပ် ဂျုံဆီချက် မြီးရှည် လက်ဖက်ရည် အထပ်တစ်ရာ ပဲအီကြာနဲ့ ကောက်ညှင်းပေါင်းအကြော်စုံတွေနဲ့စားကြတာ...။ အဲတုန်းက ကျနော်နေတဲ့အဒေါ်အိမ်က ဗထူးကွင်းနား ကျနော်တို့လမ်းထိပ်မှာ အကြော်တဲလေးရှိတယ် မနက်ကနေ ညနေထိကို ကောက်ညှင်းပေါင်း ငချိပ်ပေါင်း ဗူးသီးကြော် ပဲကပ်ကြော် မန်းကြော် မတ်ပဲကြော် အစုံရတာ...။ ကောက်ညှင်းပေါင်းကလဲ မြေအိုးနဲ့ပေါင်းတာ....။ အဲ...မုန့်ဟင်းခါးကိုကျတော့ သူတို့က ညနေ သုံးလေးနာရီမှာ အစာပြေစားကြတာ အဒေါ်က မုန့်ဟင်းခါးသွားဝယ်ဆို ကျနော်တို့ညီအစ်မတွေ စက်ဘီးနဲ့ ၂၇လမ်းပေါ်က ဒေါ်ကြည်မုန့်ဟင်းခါးသွားဝယ်ရတယ် အဲဆိုင်နားမှာ စာအုပ်ဆိုင်ရှိတယ် မုန့်ဟင်းခါးမှာထားရင်း စာအုပ်ဝင်ငှားကြတာကရှိသေး...။ မန်းက မုန့်ဟင်းခါးမှာ မုန့်ဖတ်သေးသေးမျှင်မျှင်ကြာဇံဖတ်လေးလိုပဲ ဟင်းရည်ကလည်း ရည်ကျဲလေး ငါးပေါတဲ့ဒေသမဟုတ်တော့ အဲတုန်းက ဘာငါးနဲ့ချက်လည်း ကျနော်သေချာတော့မသိပေမယ့် စားကောင်းတယ်...။ မန်းကအစားအစာတွေက ထူးခြားမှုတော့ရှိတယ် ရခိုင်မုန့်တီဆို ငုံးဉပါတယ်... ကျုံးဘေးက စတော်ဗယ်ရီဒိန်ချဉ် ထောပတ်သီးဖျော်ရည်တွေဆို အုန်းသီးဆံဖတ်နုနုလေးတွေခြစ်ထည့်ပေးတယ်...။ ကျနော်က အစားသောက်ခုံမင်သူမို့လားမသိ မန်းလိုအစားသောက်ပေါပြီး အကုန်စားကောင်းတဲ့မြို့မှာနေရတာကြိုက်တယ်...။  ကျနော်က ငှက်ပျောသီးကြိုက်တဲ့သူဆိုတော့ အုန်းကောက်ညှင်းပြန်ပေါင်းနဲ့ ငှက်ပျောကြော်ချိုချိုလေးတွဲစားရတဲ့အုန်းပေါင်းငှက်ပျောက ကျနော့်အကြိုက်ဆုံးထဲမှာ ပါတယ် ...။ 

လွန်ခဲ့တဲ့လေးငါးနှစ်တုန်းက ကျနော်စားဖူးတဲ့ မုန့်ဟင်းခါးနောက်တစ်မျိုးက တောင်ငူမုန့်ဟင်းခါး သူက  မုန့်ဖတ်ကို ဆီချက် ကောက်ညှင်းဆန်လှော်မှုန့်နဲ့သုပ်တာကို ငါးဟင်းရည်ကျဲနဲ့ဆမ်းစားရတာ ...။ ကောက်ညှင်းဆန်လှော်မှုန့်သုံးတာ တောင်ငူဘုရင်ခေတ်က ဇင်းမယ်ထိုင်းတွေဆီကရတဲ့နည်းလို့လည်း ပြောကြတယ်...။ ထိုင်းမြောက်ပိုင်းအစားစာနဲ့ ခပ်ဆင်ဆင်တူတယ်...။ ပဲသီး ပူစီနံ ခရမ်းချဉ်သီးတွေထည့်စားရတာမျိုးပဲသူလဲ....။ လောလောဆယ် ကျနော်ဓါတ်ကျနေတဲ့ မုန့်ဟင်းခါး စမ်းချောင်းလမ်းထဲက မြောင်းမြမုန့်ဟင်းခါးပဲ....။ မုန့်ဟင်းခါးကိုခုဆို အုန်းနို့ခေါက်ဆွဲထဲထည့်သလို ပဲသွေးခဲနဲ့လည်းစားကြတယ်...။ Premium အနေနဲ့ဆိုရင်တော့ Rangoon Tea House မှာရောင်းနေတဲ့ ငါးသုံးမျိုးနဲ့ချက်ထားတဲ့ မုန့်ဟင်းခါးလည်း အတော်ကောင်းတာပဲ...။ ငါးကျည်း ငါးခူ ငါးကြင်း သုံးမျိုးနဲ့ မွှေးနေအောင် မွှေထားတဲ့ ငါးမွှေနှစ်အခြောက်ကိုလည်း ပင်ရင်းဆိုင် သို့မဟုတ် Market Place မှာဝယ်ပြီး အိမ်မှာချက်စားလို့ရတယ် လေးယောက်စာကို နှစ်ခါပြန်စားလို့ရတယ်....တစ်ထုပ်ကို...။ Monday တိုင်း ၅၀%နဲ့ တစ်နေကုန်စားလို့ရသေးတယ်...။ ကျနော်ကြော်ငြာခရလို့မဟုတ်ဘူးနော် တကယ်စားကောင်းလို့ညွှန်းတာပါ...။ အင်းလျားလမ်းက ငါးသလောက်ဉပါတဲ့ လေးသောင်းတန်မုန့်ဟင်းခါးကိုတော့ ကြားပဲကြားဖူး မစားဖူးသေးပါ..အဲလောက်ဈေးပေးမစားချင်လို့လဲပါတယ်...။ တလောက ငါးသလောက်ဉစားချင်လွန်းလို့ သုံးဆယ်သားလား လေးတွဲလောက်ပါတဲ့ဉ လေးသောင်းပေးပြီး ချက်စားပလိုက်တယ်....။ အဲကျမှပြန်တွေးကြည့်တာ သူ့မုန့်ဟင်းခါးတစ်ပွဲသောင်းနဲ့ချီပေးရတာ ဒီငါးသလောက်ဉကြောင့်ကိုးလို့...။



__________________
Revolution will prevail
မိုးငွေ့

Thursday, 10 November 2022

အက်ဆေးအကြောင်းအက်ဆေးရေးခြင်း.....




ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါခဲ့ပေမယ့် ဘယ်လိုစာအမျိုးအစားကိုကိုယ်တကယ်နှစ်သက်ခဲ့လဲဆိုတာ သေချာမသိခဲ့ဘူး...။ ကိုယ်တိုင်စာရေးဖြစ်တဲ့အခါကျပြန်တော့လည်း ဘယ်လိုစာမျိုးကိုရေးရတာ အာသီတပိုရှိသလဲဆိုတာကို လွန်ခဲ့တဲ့ငါးနှစ်ကမှ သေသေချာချာ ကွင်းကွင်းကွက်ကွက် မြင်လာခဲ့ရတာကလည်း ဦးသာဓုနှင့်သားများ စာတွေကတဆင့်သိရတာပဲ...။  အထူးသဖြင့် ဆရာမင်းလူရဲ့ "အက်ဆေးချစ်သူ"စာအုပ်ကိုဖတ်လိုက်ရချိန်မှာ ကျမဟာဘယ်လိုစာမျိုးကို နှစ်သက်သလဲဆိုတာ ကိုယ့်ကိုယ်ကို မှန်ကြည့်သလို မြင်ခဲ့သိခဲ့ရတယ်...။

ဒီတော့မှ ဟာ!!! ဒီစာအမျိုးအစားဟာ ငါနဲ့ထပ်တူပါလား ငါ့ကိုယ်ငါပြန်မြင်နေရသလိုပါလားလို့တောင် ထင်မှတ်ပြီး သဘောအကျကြီးကျခဲ့ရတယ်...။ အဲဒီနောက်ပိုင်း ကျမအက်ဆေးရေးရတာ ပိုပျော်လာတယ်...။ ဘာလို့လဲဆိုတော့ ကျမကိုယ်တိုင် လွတ်လပ်မှုကို ကြိုက်တဲ့သူမို့လို့ပါပဲ...။ အက်ဆေးရေးရတာ တခြားစာအမျိုးအစားနဲ့မတူတာ အကြောင်းအရာအကောင်အထည် စ လည် ဆုံးပါစရာမလိုဘူး...။ လူတစ်ယောက်ရဲ့ ခံစားမှုကို လိုချင်တဲ့နေရာကနေ Photo Shop လုပ်ရင် Crop လုပ်သလိုပဲ လိုရာနေရာလေးကိုပဲ ကွက်ပြီး ဖြတ်ယူရေးသားလို့ရတယ်...။ အဲဒီလိုပဲ ပုရွက်ဆိတ်တစ်ကောင်ရဲ့သွားရာလမ်း သူ့ရဲ့ လှုပ်ရှားမှု သူဘာလုပ်မလဲ စသဖြင့် လိုက်စပ်စုပြီး အကြီးချဲ့ရေးလို့ရသေးတယ်...။ ပန်းတစ်ပွင့်အကြောင်း သစ်ရွက်တစ်ရွက်အကြောင်း သူ့ရဲ့ဖြစ်တည်မှုကို ရေးစရာမလိုဘဲ ကိုယ်ကိုယ်တိုင်ရဲ့ အမြင်တစ်ခုအနေနဲ့ပဲ ပိုင်းဖြတ်ရေးလို့ရတယ်...။ စာဖတ်သူကိုလဲ ဖိအားမပေး အမိန့်မပေး တွန်းအားမပေးဘဲ စာဖတ်သူကိုယ်တိုင် အက်ဆေးတစ်ပုဒ်ကို သူခံစားမိတဲ့အတိုင်း လွတ်လပ်စွာ ထင်မြင်ယူဆ ပုံဖော်လို့ရနိုင်တယ်...။ 

ပင်လယ်ပြင်ပေါ်တိုက်ခတ်လာတဲ့ လေညှင်းအကြောင်း ချစ်သူကောင်မလေးရဲ့ ကော့ညွှတ်နေတဲ့ မျက်တောင်အကြောင်းကနေ နဂါးငွေ့တန်းတွေ ကြယ်တွေလတွေ အာကာသတွေအထိ ချဲ့ထွင်ရေးသားလို့ရတာမို့ ကျမကတော့ ကျမနဲ့ပုံစံအတော်တူတဲ့ အက်ဆေးကို ဒီနေ့ထိရေးသားနေရတာကို သဘောကျနေခဲ့တယ်...။ ရေးပြီးတိုင်းလည်း ပျော်ရွှင်ကြည်နူးရတယ် စိတ်ကျေနပ်မှုရတယ် ပီတိသုခတွေကိုပါ တဆက်တည်း ခံစားရတယ်...။ ခုပဲကြည့်လေ ကျမ အက်ဆေးအကြောင်း အက်ဆေးတစ်ပုဒ်ရေးလို့ရနေတယ်..။ ကျမက ဘောင်ခတ်ထားတဲ့ဟာကို မနှစ်သက်တတ်သူပီပီ စာရေးတာကိုလည်း ဘောင်နဲ့သတ်မှတ်ပြီးရေးရတာကိုမကြိုက်ဘူး....။ ဒီတစ်ပုဒ်ထဲမှာ ဒီလိုစကားလုံးတွေပါရမယ် ဒီအကြောင်းအရာထည့်ရေးပေးရမယ် စသဖြင့် သတ်မှတ်ချက်တွေနဲ့လာရင် ကျမစာမရေးချင်တော့ဘူး...။  

ကျမဘလော့မှာ အက်ဆေး သို့မဟုတ် ဝတ္ထုတိုတစ်ပုဒ်ဖြစ်ဖြစ် ရေးတော့မယ်ဆိုရင် ကျမ အချက်သုံးချက်ကို အမြဲဦးစားပေးလေ့ရှိတယ်...။ ပစ္စည်းတစ်ခု ကြော်ငြာသလိုပဲ စာရေးတာမှာလဲ Presentation လိုတယ်လို့ထင်တယ်...။ ကျမစာတစ်ပုဒ်ရေးတော့မယ်ဆိုရင် ပထမဆုံး ခေါင်းစဉ်ကို အရင်စဉ်းစားပါတယ်...။ အကြောင်းအရာကတော့ အကြမ်းမျဉ်းခေါင်းထဲရှိနေပြီးသားပေါ့ ...။ သူနဲ့လိုက်ဖက်မယ့် စာဖတ်သူလဲ စိတ်ဝင်တစားဖြစ်စေမယ့် နာမည်ကိုရွေးချယ်တယ်...။ နောက်တစ်ခုက အဲဒီစာအတွက် ပုံတစ်ပုံ (သို့) နှစ်ပုံကို စာဖတ်သူတွေ စာဖတ်ရင်းတွဲမိအောင် အလိုက်ဖက်ဆုံး အဆွဲဆောင်နိုင်ဆုံးလို့ထင်ရတဲ့ ပုံတွေကိုရှာပါတယ်...။ နောက်ဆုံးတစ်ခုကတော့ ကျမရေးရမယ့်အကြောင်းအရာကို ဉပမာပေးရရင် အဝတ်အစားတစ်ထည်ချုပ်ပြီးရင် ချုပ်သားအနားစတွေကို ဒါးစက်လိုက်သလို အနားသပ်လေးတွေ သပ်ရပ်လှပသလိုပဲ ကျမစာတွေကို ဘယ်လိုစကားလုံးတွေနဲ့ အနားကွပ်မလဲဆိုတာကို စာကြမ်းအစဆုံးရေးပြီးတာနဲ့ အဲဒီအနားသပ်ကို အကြိမ်ကြိမ်အဖန်ဖန်ပြန်ဖတ်ပြီး ထပ်ဖြည့်ရတာတွေ ဖြုတ်ပစ်တာတွေကိုလုပ်ပါတယ်...။ အဲဒီထဲမှာ စာဖတ်သူတွေ ဖတ်ရတာ မျက်စိပသာဒဖြစ်အောင်လဲ စာပိုဒ်တွေခွဲတာ စကားစုတွေတစ်ခုနဲ့တစ်ခုခြားတာ တခါတလေ စကားပြောနေတဲ့ လေသံအတိုင်း အသံနေအသံထား အနှိမ့်အမြင့်ကို Dot Dat လေးတွေနဲ့ ခြားပြီးရေးတာမျိုး Exclamation Mark(!!)ထည့်တာမျိုး အဲလိုအသေးစိပ် စာပိုဒ်တွေကို ဒီဇိုင်းလုပ်ရတာတွေလဲပါတာပေါ့...။

ဒီလောက်စစ်နေတဲ့ကြားက စာလုံးပေါင်းသတ်ပုံမှားတာတွေ ရှမ်းတာတွေကရှိသေးတယ်..။ အဲဒါ အင်မတန်အရေးကြီးတယ် စာတစ်ပုဒ်မှာ သတ်ပုံမှားတာတစ်ခုပါသွားတာနဲ့ စာဖတ်သူရဲ့ စိတ်ကထိကအောက်ဖြစ်သွားပြီပဲ...။ ကျမကိုယ်တိုင်လဲ စာအုပ်ဝယ်ဖတ်တဲ့အခါ အဲလိုအမှားတွေကြုံရင် ဒီလိုပဲ ခံစားမိလို့ပါ...။ စာအုပ်တစ်အုပ်ဖြစ်လာဖို့ စာပြင်ဆရာကလဲ အရေးကြီးတဲ့ နေရာက ပါဝင်တာပါလားလို့ တစ်ဆက်ထဲသတိပြုမိလိုက်တယ် စာအုပ်မထုတ်ဖူးသေးပေမယ့်လဲ...။

ကျမတို့လို အွန်လိုင်းမှာပဲစာရေးသူအဖို့ကတော့ စာရေးသူလဲ ကိုယ်တိုင် စာပြင်ဆရာလဲ ကိုယ်တိုင် စာစစ်ဆရာလဲ ကိုယ်တိုင်ဖြစ်နေတော့ တခါတလေ အမှားကတော့ မကင်းဘူးပဲ...။ ဒါပေမယ့် ကျမကတော့ တင်ပြီးသားစာအဟောင်းတွေတချို့ဆို နှစ်ကြာနေပေမယ့် စာလုံးပေါင်းအမှားတွေကို ဘယ်ချိန်ဖတ်မိဖတ်မိ ချက်ချင်းသွားပြင်လိုက်တာပဲ...။ တွေ့လား အက်ဆေးအကြောင်း အက်ဆေးရေးရင်းက စိတ်ထဲ ခံစားမိသမျှရေးနိုင်သလောက်ချရေးလို့ရတယ်ဆိုတာ လက်တွေ့ပဲ...။

ဪ... တစ်ခုပြောဖို့ကျန်သေးတယ်..... စာအုပ်တွေကို ရာနဲ့ထောင်နဲ့ချီ ဖတ်ခဲ့ဖူးတဲ့သူတွေအများကြီးရှိလိမ့်မယ် စာချည်းပဲဖတ်မနေပါနဲ့လို့ ကိုယ်ဖတ်တဲ့စာက ကိုယ်တစ်ယောက်ထဲသိတာ တခြားသူတွေကိုမျှဝေဖို့ စာလည်းရေးပါလို့တိုက်တွန်းချင်ပါတယ်...။ 


_________________
Revolution will prvail
မိုးငွေ့


Friday, 4 November 2022

ဆရာကျောင်းရဲ့ ရွှေဂူနီ.....





 (ပုဂံအစိမ်းရယ် အညိုရောင်ရွှေဂူနီရယ် ချစ်သောမျက်စိရယ်)


လှပတင့်တယ်ခြင်းဆိုတာ သူ့အခင်းအကျင်းနဲ့အတူ
အလိုလိုလှတာပဲ
ဒါက သူ့ ဂုဏ်သတ္တိမပါသေးဘူး....။

ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့
သင်္ဃသူ့သမီး ကျောက်စာက
ဒီစေတီက တွေ့ကြရတာပဲ
ကျောက်စာထဲမှာ အချင်းချင်း
အမျက်အဣီ တစေ့မရှိ
ချစ်သောမျက်စိဖြင့် ရှုကြရာ၏ တဲ့....။

တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးမဖွဲ့ 
အမျက်မစောင်ကြဘဲ
ချစ်သောမျက်စိနဲ့ ကြည့်ကြပါတဲ့...။

ချစ်သောမျက်စိနဲ့ 
နှစ်တစ်ထောင်နီးပါး 
ဖြတ်သန်းလာတဲ့
ပုဂံခေတ်က ဒီစကားလုံးကို မှီတဲ့စကား
အခုထိမတွေ့သေးဘူး
ရိုးစင်းတယ် ထိမိတယ် ကျစ်လစ်တယ် 
လေးလုံးထဲပဲ ဒါပေမယ့်
အနက်အဓိပ္ပါယ်ရဲ့ နက်ရှိုင်းကျယ်ပြန့်မှုက
ကြီးမားတယ်....။

လူတစ်ယောက်ကို ချစ်တယ် ဆိုပါတော့
အဲဒီလူ ထိုင်နေလည်း ချစ်စရာ
ထသွားလည်း ချစ်စရာ
ခုန်ပေါက်နေလည်း ချစ်စရာ
ဘာလုပ်လုပ်မျက်လုံးထဲမှာ ချစ်စရာ

မုန်းနေလို့ကတော့
ထိုင်နေနေ ထသွားသွား
ခုန်ပေါက်နေလို့ကတော့
အမြင်ကပ်စရာ
ရိုက်ချင်လိုက်တာအထိ
ဖြစ်ရောမဟုတ်လား....။

ဒီတော့ ချစ်သောမျက်စိနဲ့
တစ်ယောက်ကိုတစ်ယောက်
ကြည့်ကြစမ်းပါတဲ့....။

ပုဂံခေတ်က မြန်မာတို့ရဲ့ စံလို့ပြောလည်းရတယ်
ရှေးမြန်မာတွေရဲ့ အိုင်ဒီယော်လော်ဂျီလို့ပြောလည်းရတယ်
မြန်မာတို့ရဲ့ ကျင့်ဝတ်တို့ လာရာလမ်းတို့လို့လည်း ယူလို့ရပါတယ်...။

သက္ကရာဇ်အတိအကျပါတဲ့ ကျောက်စာက
ရာဇကုမာရ်ကျောက်စာ
ပျူ မွန် ပါဠိ မြန်မာ
လေးဘာသာနဲ့ရေးထိုးခဲ့ပြီး
ခရစ်သက္ကရာဇ် ၁၁၁၃ ခုနှစ်က ရေးထိုးခဲ့ခြင်းဖြစ်လို့
အဲဒီရာစုမှာပဲ
ရေးထိုးခဲ့တဲ့ သင်္ဃသူ့သမီးကျောက်စာမှာ
ချစ်သောမျက်စိဆိုတဲ့
စကားလုံးကိုရေးထိုးနိုင်ခဲ့ပြီဆိုတာ
ရွှေဂူညီအစ်မတဲ့ ဓမ္မရံကြီးရဲ့တောင်ဘက် ကပ်ရပ်
နှစ်ဆူရှိတယ် တောင်ဂူနီ မြောက်ဂူနီတဲ့
ဒီလို မြက်ခင်းစိမ်းနဲ့ 
သာယာတဲ့ မနက်ခင်းရဲ့ ရှုချင့်စဖွယ် မြင်ကွင်းရဲ့အလယ်မှာ
တစ်ဆူပေါ်တက်ပြီး‌ နောက်တစ်ဆူကိုပြရင်း
ပုဂံခေတ်က အမတ်ကြီး သင်္ဃသူ့သမီးတွေရဲ့
စေတနာ သဒ္ဓါတရားနဲ့ ဉာဏ်ကြီးမားပုံကို
ကိုယ့်သားသမီးမြေးမြစ်တွေကို ပြောပြပေါ့
ကိုယ်ချစ်ခင်တဲ့သူ တစ်ယောက်ယောက်ကို 
ချစ်သောမျက်စိဆိုတဲ့ စကားလုံးအကြောင်းကို
ဒီစေတီလေးပြရင်း ပြောပြပေါ့....။

ဒီစေတီလေးရယ် ဒီမြက်ခင်းစိမ်းမြမြရယ်ပြရင်း
ဒီစေတီရဲ့ အလှူမှတ်တမ်းအတွက်‌ ရေးထိုးခဲ့တဲ့
ရေစက်ချအမျှဝေဆုတောင်းက
"ချစ်သောမျက်စိဖြင့်ကြည့်ကြပါ"ဆိုတဲ့
ဆုတောင်းစာသားဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့
ယဉ်ကျေးမှုသမိုင်းလမ်းကြောင်းထဲမှာ
ရှေ့လူတွေဖြည့်စွက်ခဲ့တဲ့ ချစ်သောမျက်စိလေ ကိုပြရင်း
ကိုယ်ဘာမျှမထည့်သွင်းနိုင်ခဲ့ပါလည်း
နောက်လူတွေကို
ဒီလို ချစ်သောမျက်စိကလေးတွေ
ထည့်သွင်းရတယ် ဆိုတဲ့အကြောင်းကိုတော့
သင်ကြားပေးခဲ့တယ်....။

ပုဂံအစိမ်းရယ်.....
ရွှေဂူနီရယ်.....
ချစ်သောမျက်စိရယ်.....

မျိုးဆွေသန်း



___________________________________


ဒီဘဲကြီးပျောက်နေတာကြာပြီ သူ့ပေ့ချ်လေးခနဖွင့်တုန်း ပုဂံဘုရားပုထိုးပုံတွေတင်တာ ရှားပါးကဗျာတွေတင်တာ ပန်းချီဆရာတော်တော်များများရဲ့ကားချပ်တွေတင်ပေးတာ သဘောကျလို့ သွားသွားကြည့်နေတာ...။ တကယ်က ကျနော်သူ့ပေ့ချ်က ပုဂံညနေခင်းပုံတွေသွား'မလာရင်း ဒီရွှေဂူနီကိုတွေ့လို့ ပို့စ်တစ်ပုဒ်အဖြစ် သိမ်းချင်တာပါပဲ...။



_______________________
Revolution will prevail
မိုးငွေ့

Monday, 25 July 2022

ဝန်.....



ကျနော့်အတွက် လက်ပတ်နာရီဆိုတာ အမြဲတမ်းလိုအပ်နေတဲ့ အရာမဟုတ်ပါဘူး...။ ဒီလိုပြောရတာက နာရီကိုတခြား accessories တွေလောက်မကြိုက်တာလဲပါလိမ့်မယ်....။  တကယ်က မလိုအပ်တာတော့မဟုတ်ဘူး ...ကိုယ့်ဘာသာသတိထားမိတာတော့ကြာပြီ ဘယ်ချိန်ရောက်နေလဲဆိုပြီး ကျနော့်မှာ နာရီကြည့်ရမှာကိုကြောက်တဲ့ရောဂါရှိတယ်.....။ ဒီနောက်ပိုင်း အသက်ရလာမှ အဲဒီရောဂါက မှေးမှိန်သွားတာ...။ ပြီးတော့ ခုခေတ်မှာ လက်ကိုင်ဖုန်းတစ်လုံးရှိနေရင်ပဲ တော်တော်များများအဆင်ပြေနေပြီမဟုတ်လား ဘယ်ချိန်ရှိပြီလဲဆိုတာသိဖို့ နာရီကိုဖုန်းကကြည့်လို့ရပြီလေ...။ ဖုန်းဆိုလို့ တလောက ကျတော်နဲ့  မိတ်ဆွေတစ်ယောက်စကားပြောကြရင်း ပုံတစ်ပုံကိုသူလာပြတယ် ပြီးတော့ ကော်ဖီရယ် ဖုန်းရယ် သီချင်းရယ် ရွေးမယ်ဆိုရင် ဘာရွေးမလဲလို့ ကျနော့်ကို မေးလာပါတယ်...။ ကျနော်က "သီချင်း" ရွေးလိုက်ပါတယ်...။ 

သူက "အင်း ကောင်းသားပဲ ကော်ဖီမသောက်လဲ နို့သောက်လို့ရသေးတာပဲ သီချင်းနားမထောင်ဘဲဘာမှလုပ်လို့မရဘူး ခင်ဗျားရွေးတာ မိုက်သားပဲ"တဲ့ ... "သီချင်းက စိတ်ကိုအမြဲကြည်နူးစေတယ်"လို့ ကျနော်ဆက်ပြောတော့ "ဖုန်းကိုမရွေးတာတော့ လေးစားစရာပဲ" လို့ ကျနော့်ကိုမှတ်ချက်ချတယ်...။ 

"သီချင်းကကော်ဖီလိုဖျော်သောက်စရာမလိုဘူး ဖုန်းလိုလဲတကြည့်ကြည့်လုပ်လို့မျက်စိမညောင်းဘူးလေ" 

"ဒါဆို ခဗျားက ၂၀ရာစုကို ပိုစွဲလန်းတယ်လို့ပြောလို့ရလား"

"လွန်ခဲ့တဲ့နှစ် ၂၀ဟိုဖက်ခြမ်းကာလအပိုင်းအခြားက ခဗျားဘဝရဲ့ အပျော်ရဆုံးလား" ဆိုပြီး မထင်မှတ်ဘဲ ကျနော့်ကို အင်တာဗျူးသလို ဆက်မေးပါတယ်...။

"ဟုတ်တယ် အချိန်တိုတိုလေးပေမယ့် ပျော်ရတယ် တက္ကသိုလ်တက်နေတဲ့ကာလပေါ့"

အဲလိုနဲ့ ကျနော့်ဘဝအကြောင်းတစ်ပိုင်းတစ်စကိုသူနဲ့ဆက်ပြောမိခဲ့တယ်....။ 

ပြောချင်တာက ကိုယ့်အတွက်မလိုအပ်တော့တဲ့ အပိုအလျှံတွေကို လျှော့ချပစ်ဖို့ တတ်နိုင်သလောက်ပေါ့နော် အကုန်မှမဖြတ်နိုင်သေးဘဲ...။ ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင်တော့ အဝတ်အစားဆိုတာဘာလဲ...။ ရာသီဥတုဒဏ်ခံနိုင်ဖို့နဲ့ အရှက်အကြောက်သဘောကို လုံခြုံစေဖို့ပဲဖြစ်ပါတယ်...။ ချမ်းတဲ့အခါ အနွေးထည်ရှိရပါမယ်...။ ပူအိုက်တဲ့ရာသီမှာ ခပ်ပါးပါးအဝတ်တွေဝတ်ရမှာပေါ့..။ မိုးဥတုမှာ တစ်ထည်စိုရင် တစ်ထည်လဲဖို့လောက်တော့ ရှိရပါမယ်..။  Minimalist ဖြစ်နိုင်သလောက်ပေါ့...။ ရှိပါတယ် တင်းတိမ်ရောင့်ရဲနိုင်တဲ့သူတွေ...။ လူမှာအဝတ်တောင်းမှာအကွပ်ဆိုတဲ့ ဆိုးရိုးစကားရှိတယ်မလား...။  ပစ္စည်းမဲ့ဖက်ရှင်နဲ့စုတ်ပြတ်အောင် တမင်လုပ်နေရင်မှားမှာပေါ့ ..အဲလိုပဲ ကိုယ့်မှာမရှိဘဲ ကြွားချင်လို့ အပိုပစ္စည်းတွေကို ဒုက္ခခံပြီး ရှာဖွေနေရင်လည်း မနိပ်ပါဘူး...။ ကျနော်က အဝတ်အစားဖက်ရှင်ပိုင်း ရူးသွပ်သူတစ်ယောက်မို့ ဘယ်အသက်အပိုင်းခြားမှာတော့ ဘယ်လိုဖက်ရှင်မျိုးကိုမဝတ်တော့ဘူးဆိုပြီးတွေးထားတာရှိပါတယ်...။ ကျနော်လက်သည်းနဲ့ ဆံပင်ကိုဆေးမဆိုးတော့တာ ၄-၅နှစ်ရှိတော့မယ်...။ မြတ်စွာဘုရားကဟောခဲ့ပါတယ် "အတောင်သာလျှင် ဝန်ရှိသော ငှက်ကဲ့သို့ အသက်မွေးမှုမှာပေါ့ပါးပါစေ"တဲ့...။ 

ဒီလိုပဲ အစားအသောက်မှာလဲ အဟာရဖြစ်တာလောက်ပဲစားနိုင်ရင်အကောင်းဆုံးပေါ့ လျှာအလိုလိုက်ပြီး စားသောက်ဆိုင်တကာပတ်စားနေလို့မဖြစ်ဘူးပဲ..။ တိုက်နဲ့ပဲနေနေ တဲနဲ့နေနေ လူတစ်ယောက်ဟာ တစ်နေ့ကို ထမင်း ၂နှပ် အများဆုံး ၃နှပ်ထက်ပိုမစားနိုင်ပါဘူး...။ သင့်တင့်မျှတစွာဆင်ခြင်စားသုံးနိုင်ရင်အကောင်းဆုံးပေါ့...။ အစားဟာ အဟာရမပြည့်ရင်ရောဂါရနိုင်သလို အဟာရတွေသိပ်ပိုကုန်ရင်လည်း ရောဂါရနိုင်ပါတယ်..။ ဒါကြောင့်အသက်ဉာဏ်စောင့်တယ်လို့ ပြောတာထင်ပါရဲ့...။ 

ဘုရားဟောကတော့ "အတိုင်းအရှည်ကိုသိပါ"တဲ့...။ အလွန်တိကျတိုတောင်းပြီး အလွန်ထိရောက်တဲ့ အဆုံးအမပါ...။ နိဗ္ဗာန်ရောက်ကြောင်း ကျင့်ကြံတဲ့အခါမှာတောင် သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ ဆိုတာတွေမှာ "သတိ"ကလွဲလို့ကျန်တာတွေဟာ လိုလို့လည်းမရ ပိုလိုလည်းမရဘူးတဲ့...။

မှတ်ချက်။       ။ အရေးအသားတွေအစီစဉ်ကျချင်မှကျလိမ့်မယ်...။ ပြီးတော့ မန္တလေး Mood နဲ့ ပြောချင်လာတာကြောင့် အခါတိုင်းသုံးစွဲပြောနေကျ ကျမနဲ့ မဟုတ်ဘဲ ကျနော်နဲ့ ပြောင်းရေးထားပါတယ်...။ ဆရာမောင်ဝဏ္ဏရဲ့  ဂျာနယ်နဲ့ မဂ္ဂဇင်းဆောင်းပါးတွေစုထားတဲ့ "ကျွန်တော်အူကြောင်ကြား" စာအုပ်ကိုဖတ်ပြီး ချရေးမိတဲ့ စာတစ်ပုဒ်....။


__________________
Revolution will prevail
မိုးငွေ့

Saturday, 28 May 2022

Something in the rain…..


 




မိုးထဲမှာ ဆွဲအားတစ်ခုခုရှိနေတယ် ဟုတ်တယ် ဟိုး....ကောင်းကင်ပေါ်ကနေ တိမ်တွေငွေ့ရည်ဖွဲ့ပြီး မိုးစက်မိုးပွင့်တွေအဖြစ် ရွာချပေးတဲ့ မိုးရေတွေထဲမှာ ညှို့ငင်မှုတစ်ခုရှိနေတယ် ကျမ တစ်ယောက်ထဲအတွက် လောကသဘာဝကဖန်ဆင်းပေးတဲ့လက်ဆောင်တစ်ခုပါပဲ....။ မိုးရွာထဲ ထီးဆောင်းပြီးလမ်းလျှောက်ရတာကို ကြိုက်တယ်.... မှန်းပြတင်းတွေကိုလာထိမှန်တဲ့ မိုးစက်တွေကို ထိုင်ကြည့်ပြီး ကော်ဖီသောက်ရတာကိုကြိုက်တယ် မိုးရေနဲ့အတူ လေတိုးနေတဲ့ အုန်းပင်းအုန်းလက်တွေယိမ်းထိုးနေတာကိုကြည့်ရတာ ခဲသားတိမ်တွေအလျင်စလို ရွေ့လျားနေတာကိုကြည့်ရတာ ကြိုက်တယ်....။ 

ကျမအတွက် မိုးရာသီက ပျော်ရွှင်မှု .......
ကျမအတွက် မိုးခြိမ်းသံတွေက နားဝင်ပီယံ ........
ကျမအတွက် မိုးငွေ့တွေကို ဖြတ်တိုက်လာတဲ့ လေတိုးတွေက ဂီတသံစဉ် ......

May လဟာ နှစ်တစ်နှစ်ရဲ့လတွေထဲမှာ အလှပဆုံးနာမည်ကိုပိုင်ဆိုင်ထားသလို ကျမချစ်တဲ့သူတွေအတော်များများ မွေးတဲ့လတစ်လလဲဖြစ်တယ်.....။ ပြီးတော့ ကျမချစ်တဲ့ မိုးရာသီကို ကန့်လန့်ကာစဖွင့်ပြီး ကြိုဆိုပေးတဲ့လလဲဖြစ်တယ်....။ 

မေထဲမှာ မိုးတွေရှိသလို ☔️ Something In The Rain  ☔️ မိုးထဲမှာလဲ တစ်စုံတစ်ရာရှိနေတယ် .....



May လမှာမွေးတဲ့ အိန်ဂျယ်နဲ့အတူ ချစ်တဲ့သူအားလုံး Happy Birthday ပါ...,,



Something in the rain Kdrama series ထဲက OST သီချင်းတွေကို Bonus တင်ပေးလိုက်ပါတယ်



Something in the rain MV



___________________
Revolution will prevail
မိုးငွေ့