လူရယ်လို့ဖြစ်တည်လာတာ ဘယ်အရာမျိုးကိုမဆို မှန်မှန်ကန်ကန်ရွေးချယ်တတ်ဖို့ ရေးကြီးဆုံးပဲ...။ အသေးအမွှားကအစပေါ့ ငယ်စဉ်ကလေးအူဝဲကစပြီး ကျမတို့ရွေးချယ်ခဲ့ကြရတယ် အမေက နို့ဗူးထဲကိုရေထည့်တိုက်တဲ့အခါ ကလေးကနို့မဟုတ်လို့ ငိုမယ် ဒါက သူနို့ကိုရွေးချယ်ချင်တယ်ဆိုတဲ့ စကားမပြောတတ်သေးတဲ့ ကလေးရဲ့ပထမဆုံးရွေးချယ်မှုပါပဲ...။ နောက်ပိုင်းကျမတို့ အသက်နည်းနည်းကြီးလာမယ် ကစားစရာတွေ စားစရာတွေကို ရွေးချယ်တတ်လာမယ် အဲဒီကနေအဆင့်ဆင့်ရွေးချယ်ပြီး အထက်တန်းရောက်တဲ့အချိန်မှာလည်း ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်ကို ဝိဇ္ဇာ သိပ္ပံ စသဖြင့်ထပ်ရွေးချယ်ရပြန်တယ်...။ ငါကတော့ သမိုင်းတွေ မြန်မာစာတွေမကျက်ချင်ဘူးဆို သိပ္ပံဘာသာကိုယူမယ် သင်္ချာမတွက်ချင်ဘူး ဓါတုဗေဒ အီကွေးရှင်းတွေဘာတွေမတွက်ချင်ဘူးဆို ဝိဇ္ဇာကိုရွေးကြတယ် အဲလိုပေါ့...။ အထက်တန်းပြီးလို့ တက္ကသိုလ်တန်းဝင်တဲ့အခါ မေဂျာတွေထပ်ခွဲတော့ ရွေးရပြန်ရော ....။ နေ့စဉ်စားနေရတဲ့ ထမင်းနှပ်တိုင်းလည်း ဘာဟင်းနဲ့စားမလဲဆိုပြီးရွေးချယ်ကြတယ်မဟုတ်လား...။ ဒီနေ့ရုံးသွားရင် Client နဲ့သွားတွေ့ရင် ဘယ်ဝတ်စုံဝတ်သွားရမလဲဆိုတာလည်း ရွေးရတာပဲ...။ သေချာစဉ်းစားကြည့်ရင် ကျမတို့ နေ့စဉ်နဲ့အမျှ မလွှဲမရှောင်သာ ရွေးချယ်မှုတွေပြုလုပ်နေကြရတယ်...။
အရေးကြီးဆုံးနောက်ထပ်တစ်ခုက ဘဝလက်တွဲဖော်ရွေးချယ်တဲ့နေရာမှာပဲ...။ ဒါကတော့ ကံစမ်းမဲနှိုက်ရသလိုပဲလို့သုံးသပ်ကြတယ်...။ ကိုယ်ရွေးတုန်းက အကောင်းပေမယ့် ကိုယ့်လက်ထဲကျမှ ပြောင်းလဲသွားတတ်တာ ဆိုးရွားသွားတတ်တာ ကိုယ်ရွေးတုန်းက ဘာမှမဟုတ်ပေမယ့် ကိုယ့်လက်ထဲကျမှ ကောင်းသွားတာအဆင်ပြေသွားတာမျိုးပေါ့...။ နောက် အလုပ်အကိုင်ရွေးချယ်မှုလဲ အဲလိုပါပဲ....ရွေးချယ်မှုတိုင်းက ကိုယ်တိုင်ရဲ့ ပဲ့ကိုင်လုပ်ဆောင်မှုနဲ့ထိန်းချုပ်ယူလို့ရနိုင်တယ်လို့တော့ ကျမယူဆတယ်...။ ကျမဘဝမှာ မှန်ကန်တာရော ကြီးမားတဲ့မှားယွင်းမှုတွေရော ရွေးချယ်ခဲ့မိတာ အများကြီး ...။ မှန်ကန်မှုအတွက် ဘာမှထပ်စောင်းပြီး ပြောစရာမရှိပေမယ့် မှားယွင်းတဲ့ရွေးချယ်မှုအတွက်တေ့ာ ကျမက သတ္တိရှိရှိ ခံနိုင်ရည်ရှိရှိ ရင်ဆိုင်နိုင်ဖို့ အမြဲကြိုတွေးထားဖြစ်တယ်...။ ဘယ်ချိန် ကျမရဲ့ရွေးချယ်မှု မှားယွင်းမလဲ ကျမကြိုမသိနိုင်ဘူးလေ ဒါကြောင့် အဲဒီရွေးချယ်မှုကိုခံနိုင်ရည်ရှိဖို့ ကျမအဖက်ဖက်ကကြိုတင်တွေးထားတယ်...။ တခါတလေ ဆဌမအာရုံရပေမယ့် မရှောင်လွဲနိုင်ဘဲ တည့်တိုးလိုက်မိတာကများတယ်...။ ကျမ တစ်ခုခုဖြစ်တော့မယ်တိုင်း သုံးလေးရက်လောက်အမြဲတမ်း Sense ကြိုရတတ်တယ်...။ အဲဒါလေးကို ထိန်းချုပ်လိုက်နိုင်ရင် တော်တော်အဆင်ပြေပြီ...။
မှားယွင်းတဲ့ရွေးချယ်မှုလို့ဆိုတာမှာ ကျမပေးဆပ်လိုက်ရတဲ့ အရင်းနှီးတွေသိပ်များတာမျိုးရှိတယ် ...။ တစ်သက်လုံး ရေရှည် Plan ထားတာတွေ မိနစ်ပိုင်းအတွင်း ပျက်စီးသွားတာမျိုး တစ်သက်လုံးထိန်းသိမ်းလာတဲ့ ဂုဏ်သိက္ခာတွေ ရစရာမရှိတော့တာမျိုး.... ဒါတွေဟာ...အေးအေးချမ်းချမ်းဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်မှာ အကြီးမားဆုံး ဆုံးရှုံးမှုလို့တောင်ပြောလို့ရသေးတယ်....။ ဒါပေမယ့် ကျမရွေးချယ်ပြီးသွားခဲ့ပြီလေ....ကျမပြုလုပ်ပြီးသားအရာကို နောင်တ ဘယ်တော့မှမရချင်ဘူး...။ ဒါကြောင့်ရင်ဆိုင်ပစ်လိုက်တဲ့နည်းလမ်းကိုပဲ ကျမရွေးချယ်ရတယ်...။ ကျမဘာလို့ နောက်ဆုတ်လိုက်ဖို့ ဖြတ်ချပစ်လိုက်ဖို့ နည်းလမ်းကိုမရွေးချယ်ခဲ့တာလည်းလို့မေးခွန်းထုတ်လို့ရတယ်....။ ဒါက စိတ်ခံစားမှုပိုင်းနဲ့အများကြီးသက်ဆိုင်သွားပြီ...။ တခါတလေ ရွေးချယ်ပြီးသားအရာကို လွတ်ချပစ်လို့မရဘဲ ဆုတ်ကိုင်ထားရတာမျိုးလည်းရှိတတ်တယ်လေ...။ အဲလို ချောင်ပိတ်မိ ကျဉ်းထဲကြပ်ထဲအခြေအနေမှာ ကျမရဲ့မှားယွင်းစွာရွေးချယ်ခဲ့ရတဲ့ အရာမှန်သမျှကို အကောင်းဆုံး အသက်သာဆုံး နည်းလမ်းနဲ့ ကျမရအောင်ဖြတ်သန်းရတာပဲ ဘာမှမတတ်နိုင်တော့ဘူးလေ....။
ကျမတို့မှာ တစ်ခုခုကို ရွေးချယ်မှုပြုလုပ်ရမယ်တိုင်း သေချာစဉ်းစားဆုံးဖြတ်ဖို့ အချိန်တစ်ခုတော့ပေးရတယ်...။ အဲဒီအချိန်ဟာ မိနစ်ပိုင်းလဲဖြစ်မယ် စက္ကန့်ပိုင်းလည်းဖြစ်ချင်ဖြစ်မယ် ရက်ပိုင်းလပိုင်းလည်း ဖြစ်ချင်ဖြစ်မယ်....။ ဘယ်လောက်အချိန်ကိုပဲသုံးရသုံးရ မှန်ကန်သင့်လျော်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ဖို့ အရေးကြီးပါတယ်...။
ကျမဘဝမှာ ရွေးချယ်မှုတစ်ခုအတွက် ပြန်နှုတ်မရတော့တဲ့ ဆူးတစ်ချောင်းရှိနေတယ်....။ ခြေဖဝါးထဲနစ်ဝင်နေတဲ့ အဲဒီဆူးတစ်ချောင်းဟာ ကျမခြေလှမ်းတစ်လှမ်း လှမ်းတိုင်း....လှမ်းတိုင်း နာကျင်နေမှာ အမှန်ပဲ...။
ဒါပါပဲ .....
ဒီလောက်ပါပဲ....
Revolution will prevail
မိုးငွေ့
No comments:
Post a Comment