Tuesday, 19 June 2018

“မိုး” ဆယ့်နှစ်ရာသီအချစ်




ဒီ “မိုး”ဆိုတဲ့ သီချင်းက “ဆယ့်နှစ်ရာသီအချစ်” စီးရီးထဲက ကျော်သူစိုးနဲ့ အာဇာနည်တို့ ပြန်ဆိုထားတဲ့ သီချင်းလေးပါ..။ ကျွန်မနေ့စဉ် နားထောင်နေကျ I tune ထဲမှာ မိုးသီချင်းတော်တော်များများရှိတယ်...။ “မိုး” ကို ပြန်ဆိုသီချင်းမှန်းသိပေမယ့် နားထောင်ဖူးနေပေမယ့် မူရင်းအဆိုတော်ဘယ်သူလည်းလို့ မမှတ်မိဘူး..။ နောက်တော့ သေချာပြန်စဉ်းစားကြည့်တော့မှ ကျွန်မ ကိုးတန်း ဆယ်တန်း လောက်တုန်းက နားထောင်ခဲ့ဖူးတဲ့ ကိုအောင်ရင်ရဲ့ “မိုး”ဖြစ်နေတယ်...။ တေးရေးက ကိုငှက်ဖြစ်မယ်ထင်တယ်..။ အဲဒီတုန်းက ကိုအောင်ရင်သီချင်းတွေ တစ်ခွေလုံးနီးပါး ကိုငှက်ရေးတယ်...။ သူ့တိပ်ခွေခေါင်းစည်းတောင်မေ့နေပြီ...။ ကိုအောင်ရင်ပထမဦးဆုံး ထွက်တဲ့စီးရီးပဲ...။ အဲခေတ်က တခါမှမမြင်ဖူးမကြားဖူးသေးတဲ့ အဆိုတော်အသစ်ရဲ့ စီးရီးသစ်ကို ဝယ်ပြီးအားပေးရတာ..ခုခေတ်လို အယ်လ်ဘမ်မထွက်ခင် အွန်လိုင်းကနေ ကြိုပြီးနားထောင်ရတာလည်းမဟုတ်ဘူး...။ အစိမ်းသက်သက် သီချင်းကောင်းမကောင်းက ဝယ်ပြီးနားထောင်ပြီးမှသိရတာမျိုးလေ..။

မိုးရာသီရောက်ပြီဆိုတော့ မိုးအေးအေးမှာ ကာဖီလေး လက်ဖက်ရည်လေးသောက်ရင်း မိုးသီချင်းလေးတွေ နားထောင်ရတာ ဇိမ်ပဲမဟုတ်လား...။ ကျွန်မဆီမှာ မိုးနဲ့သက်ဆိုင်တဲ့ သီချင်းတွေတော်တော်များမာျးရှိတယ် နောက်ထပ်လာတင်ပေးပါဦးမယ်...။

မိုးငွေ့

Friday, 8 June 2018

My Instagram Photos.....

 အနံ့နဲ့အရသာအာရုံပျက်နေလို့ အိမ်တွင်းဆေးနည်းတစ်မျိုးဖြစ်တဲ့ ဂျင်းလက်ဖက်ရည်ကို စသောက်နေပါပြီး)


အလုပ်ကအပြန်အိမ်ရောက်လို့ ရေမိုးချိုးထမင်းစားပြီး ကျွန်မအတွက် အနားယူချိန်ကလေးတစ်ခု ညနေခင်းနေ၀င်ချိန်ကိုရှုစားပြီး လက်ရည်ကြမ်းလေး စာအုပ်လေးနဲ့မြည်းဖို့အကောင်းဆုံးအချိန် အကောင်းဆုံးနေရာ ကျွန်မရဲ့ နိဗ္ဗာန်ဘုံဝရံတာ



All I need is COffee & Mascara


 
 My Beauty Blenders


 ခုနောက်ပိုင်း ကော်ဖီဆိုင်ထိုင်ဖြစ်ရင် Americano ကိုဓါတ်ကျနေတယ်...
 နို့မပါ ကာဖီချည်းသပ်သပ် သောက်ရတာကိုကြိုက်တယ် 
( Espresso single 30ml + Hot water 250ml) 
ကာဖီက 30 ml ထဲပါတာကို ခါးလို့မသောက်နိုင်ဘူးဆို လူမိုက်ပဲ
 

ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက် အစ်ကိုတစ်ယောက် Dubai ခရီးအပြန်လက်ဆောင်



 ကျွန်မ၏ ကာဖီခွက်လေးများပေါ့



တခါတလေ ညနေစာကို အဲလို ငရုတ်ကောင်းများတဲ့ ဇကာကြီးမုန့်ဟင်းခါးထဲကို 
ထမင်းလေးထည့်စားရတာ နတ်သုဒ္ဒါနဲ့မလဲနိုင်

 

 ဟင်းချက်ပျင်းသောညနေစာဆိုပါတော့


 TGIF


မိုးငွေ့


Monday, 4 June 2018

ဂန္ဓာရုံနဲ့ရသာရုံ ပျောက်ဆုံးခြင်း.....





လွန်ခဲ့တဲ့ ဆောင်းတွင်းကာလလောက်က ကျွန်မ အအေးမိနှာစေးပြီး နှာညှစ်ထုတ်တာ များများလုပ်မိခဲ့တယ်...။ အဲကတည်းက ကျွန်မရဲ့ အနံ့ခံအာရုံတွေ တဖြေးဖြေးပျောက်ဆုံးလာတာကို  ပြီးခဲ့တဲ့ နှစ်လလောက်က စသတိထားမိလာတယ်...။ အရင်ဆို ကျွန်မက တခုခုဆို အရင်ဆုံးအနံ့ရတတ်တဲ့သူ...။ အနံ့တစ်ခုကိုတောင် အသေးစိပ်ပြောနိုင်တဲ့သူ...။ ခုဆို ဟင်းချက်ဆီသတ်လည်း အညှော်နံ့မရတော့ဘူး..။ အပြင်ကပြန်ရောက်လာရင် အိမ်ထဲ အခန်းထဲဝင်တာနဲ့ အနံ့ရစမြဲ ခုတော့ ဘာအနံ့မှကိုမရတော့တာ...။ အနံ့နဲ့အရသာက ဆက်စပ်နေတော့ နောက်ပိုင်း တစ်ခုခုစားရင်လည်း အရသာအပေ့ါအငံတောင် သိပ်မသိတော့ဘူး...။ ခပ်ပြင်းပြင်းအရသာ စပ်တဲ့အရသာလောက်ပဲ သိတော့တယ်...။ တခုခုမြည်းရင်လည်း ပေါ့တယ်ပဲမှတ်နေတယ်...။ နှာခေါင်းက ရေမွှေးဆွတ်ရင် ဘယ်လောက်ပဲမွှေးမွှေး ဂက်စ်နံ့လိုမျိုးပဲရတော့တယ်.....။ အိမ်မှာထမင်းစားတော့လည်း အရသာက ပလပ်စတစ်အရသာလိုလိုအမြဲရတယ်..။ ကိုယ့်ကိုယ်ကိုတောင် ငါဝယ်စားတဲ့ဆန်က ပလပ်စတစ်ဆန်အတုများလားလို့ သံသယဝင်လာတယ်...။ ဒါနဲ့ သူများအိမ်မှာ ထမင်းသွားစားလည်း ဒီအရသာပဲ အဲဒီတော့မှ ကျွန်မရဲ့ ဂန္ဓာရုံပျောက်ဆုံးမှုနဲ့ဆက်စပ်ပြီး လျှာအရသာပါပျက်လာပြီဆိုတာ သတိထားမိလာခဲ့တယ်...။ သူငယ်ချင်းတွေကတော့ ဆရာဝန်ပြဖို့အကြံပေးတယ်...။ ဆေးခန်းတော့မပြချင်ပါဘူး ဒါဟာ ကြီးကြီးမားမားရောဂါတစ်ခု မဟုတ်ဘူးလို့ပြောနိုင်ပေမယ့်... အချိန်ကြာလာရင် စိတ်ကျရောဂါတွေဝင်လာနိုင်တယ်ဆိုတာ ကျွန်မ ဒီမနက် စာဖတ်ကြည့်တော့မှ သိရတယ်..။ Google မှာ How to get back loss of taste and smell လို့ရိုက်ထည့်ပြီး စာဖတ်ကြည့်တာ..။ အိမ်မှာ ကိုယ့်ဘာသာကိုယ် အိမ်တွင်းသက်သာပျောက်ကင်းစေတဲ့ ကုသနည်းကို သွားတွေ့တယ်...။ Top 10 home remendies  ဆိုတဲ့ စာမျက်နှာမှာ ဆေးနည်း ခြောက်မျိုးရေးပြထားတယ်..။

အနံ့နဲ့အရသာတို့ရဲ့ လုပ်ဆောင်မှုဟာ စည်းဝါးကိုက်ညီနေကြတယ်...။ အနံ့ခံမကောင်းတော့ရင် စားသမျှ အစားအစာတွေဟာလည်း အရသာမရှိတော့ဘူး..။ အရသာတစ်ခုရဲ့ စွမ်းဆောင်ရည်ဟာ အနံ့ခံခြင်းရဲ့ စွမ်းဆောင်မှုနဲ့ ဆက်စပ်နေကြတယ်...။ အနံ့ခံစွမ်းရည်ဟာ  ပတ်ဝန်းကျင် မီးဘေးဒုက္ခရောက်စေတဲ့ ဟင်းအိုးတူးခြင်း ဓါတုအဆိပ်နံ့  ဓါတ်ငွေ့စတဲ့ အန္တရယ်ကနေ ရှောင်ရှားနိုင်ဖို့ စွမ်းဆောင်ပေးပါတယ်..။ အနံ့နဲ့အရသာပျောက်ဆုံးမှုရဲ့ နောက်ကွယ်မှာ အကြောင်းအရာတွေ အများအပြားရှိကြတယ်...။ အဓိကအကြောင်းအရာတစ်ခုကတော့ အနံ့နဲ့အရသာဖုတို့ကို ယိုယွင်းလာစေတာ အသက်အရွယ်ကြီးရင့်ခြင်းပါပဲ...။ အခြားအကြောင်းအရာတွေကတော့ ဆေးလိပ်အလွန်အကျွန်သောက်ခြင်း၊ အဟာရချို့တဲ့ခြင်း၊ အာရုံကြောပျက်စီးခြင်း၊ ဓါတ်ရောင်ခြည်ဖြင့် ကုသမှုခံယူဖူးခြင်း၊ ဖျားနာခြင်း၊ နှာပိတ်နှာစေးခြင်း၊ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းနဲ့ ခံတွင်းရောဂါတို့ပဲဖြစ်တယ်...။

အနံ့နဲ့အရသာပျောက်ဆုံးခြင်းကြောင့် အစားအသောက်ပျက်လာမယ် စိတ်ကျရောဂါနဲ့ တခြားကျန်းမာရေးအတွက် ထိခိုက်မှုတွေဖြစ်လာမယ်..။


1. Castor Oil

Castor Oil ကို မိုင်ခရိုဝေ့ဖ်မှာ အပူနည်းနည်းပေးပြီး ခပ်နွေးနွေးရှိတဲ့အခါ နှာခေါင်းထဲကို တစ်စက်ဆီထည့်ပေးပါ...။ တစ်နေ့ကို မနက်တစ်ကြိမ်နဲ့ ညအိပ်ယာမဝင်ခင် တစ်ကြိမ်လုပ်ပေးပါတဲ့...။ အနံ့နဲ့အရသာ ပြန်ရတဲ့အထိ နေ့စဉ်မှန်မှန်လုပ်ပေးရပါမယ်...။

2. Garlic 

ကြက်သွန်ဖြူသုံးမွှာကို နုတ်နုတ်စင်းပြီး ရေတစ်ခွက်နဲ့ ငါးမိနစ်ကနေ ဆယ်မိနစ်ထိ မီးခပ်ဖြေးဖြေးလေးနဲ့ ဆူအောင်တည်ပေးပါ...။ ကြက်သွန်ဖြူဖတ်တွေကို စစ်ထုတ်ပြီး ခပ်နွေးနွေးအချိန်မှာသောက်ပေးပါ..။ တစ်ရက်ကို နှစ်ကြိမ်ကနေ သုံးကြိမ်ထိသောက်ပေးပါတဲ့..။

3. Ginger

အားလပ်ချိန်တိုင်း ဂျင်းတက်လက်တစ်ဆစ်လောက်ကို ဝါးစားပေးပါ...။ Rock Salt နဲ့ နုတ်နုတ်စင်းထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ကိုရောနှောပြီး ထမင်းမစားခင် မိနစ်သုံးဆယ်အလိုမှာ စားပေးပါ...။ နှစ်ပတ်လောက် ဆက်တိုက်လုပ်ပေးပါ...။ ဒါမှမဟုတ်လည်း ဂျင်းလက်ဖက်ရည်ကို တစ်နေ့ နှစ်ခွက်ကနေ သုံးခွက်ထိသောက်ပေးပါ..။

4. Steam Inhalation 

အိုးတစ်ခုမှာ ရေထည့်တည်ပြီး ပရုတ်ဆီအရည် အစက်အနည်းငယ်ထည့်ပြီး ဆူအောင်တည်ပါ...။ ရေပွတ်ပွတ်ဆူ အငွေ့တထောင်းထောင်းထပြီးဆို မီးပိတ်ပြီး အဲဒီရေနွေးငွေ့အိုးပေါ် တဘက်ခေါင်းမြီးခြုံပြီး အငွေ့ကို ရှူသွင်းလိုက်ပါ...။

5. Cayenne Pepper

ဟင်းချက်တဲ့အထဲ ငရုတ်သီးမှုန့်တွေထည့်သုံးပေးပါတဲ့..။ ငရုတ်သီးတွေဟာ ရသာခံဖုလေးတွေကို ပြန်လည်နိုးကြားစေတဲ့ သတ္တိရှိလို့ပါ...။

6. Lemon

သံပယိုသီးရဲ့ အနံ့နဲ့အရသာဟာလည်း အနံ့အရသာပျောက်ဆုံးခြင်းကို ကူညီပေးနိုင်ပါတယ်...။ ဗီတာမင်စီ ကြွယ်ဝမှုနဲ့ ဓါတ်တိုးဆန့်ကျင်စွမ်းအားကြောင့် အခြားအပြင်ပက ကူးစက်ရောဂါတွေ မပျံ့နှံ့င်နိုင်အောင် တားဆီးပေးနိုင်ပါတဲ့ သဘာဝစွမ်းအားပါ...။ ရေနွေးနွေးတစ်ခွက်ထဲကို သံပယိုသီးတစ်လုံးညှစ်ထည့်ပြီး ပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ ဖျော်သောက်ပေးပါ..။ တစ်နေ့ နှစ်ကြိမ်သောက်သုံးပါ...။ ဒါမှမဟုတ် အရသာခံဖုလှုပ်ဆော်ပေးနိုင်တဲ့ သံပယိုစိပ်သေးသေးတစ်ခု မဟုတ်ရင် ပျားရည်နဲ့ သံပယိုပေါင်း လုပ်ထားတာကို ထမင်းစားပြီးတိုင်း စားပေးပါ..။  lemon essential oil အနည်းငယ်ကို လက်ကိုင်ပုဝါမှဆွတ်ပြီး မနက်တစ်ကြိမ် ညတစ်ကြိမ် ရှူပေးပါ...။ နေ့စဉ်စားသုံးတဲ့ အစားစာထဲမှာလည်း lemon အရည်ကိုထည့်သုံးပေးပါတဲ့...။

ဒီနည်းခြောက်ခုထဲက နံပါတ်သုံးနည်းက ကျွန်မအတွက် အဆင်အပြေဆုံးဖြစ်လိမ့်မယ်...။ ကျွန်မက ဂျင်းကြိုက်တယ်လေ...။ ဂျင်းကိုဆားနဲ့ရောပြီး ဝါးစားလည်းရတယ်...။ ဂျင်းလက်ဖက်ရည် တစ်နေ့ကိုသုံးခွက်သောက်တဲ့နည်းလည်းမဆိုးဘူးပဲ...။ ကရိကထလည်းမများဘူး ..။ အဲဒီနည်းလေးကို အရင်စမ်းလုပ်ကြည့်မယ်...။ ကျွန်မလိုပဲ အနံ့အရသာပျောက်သူများရှိရင် စမ်းသပ်ကြည့်လို့ရအောင် လွယ်ကူမြန်ဆန်တဲ့နည်းတွေကို ရှာဖွေရေးသားပေးလိုက်ပါတယ်...။ ထူးခြားရင်လာပြောပြပါဦးမယ်...။ 


မိုးငွေ့