မနေ့က ညနေ ကော်ဖီသောက်နေတုန်း သူ့ဆီက ဖုန်းဝင်လာခဲ့တယ်....
အဲချိန်က စပြီး ကျမ အလုပ်တွေရှုပ်သွားခဲ့တယ်......။
မနက်စောစော (၆)နာရီအရောက်လာခဲ့မယ်လို့ သူပြောထားတဲ့အတိုင်း ကျမ ငါးမိနစ်လောက် ကြိုရောက်ပြီး စောင့်နေလိုက်တယ်...။ သူမနက်စာစားဖို့ ပဲပြုတ်ထမင်းကြော်နဲ့ ငရုတ်သီးဆားထောင်းလေးပါယူခဲ့တယ်...။ တအောင့်နေတော့ သူ့ဖုန်းဝင်လာတယ် "ကိုယ်ရောက်တော့မယ်နော်..." တဲ့...။ နှစ်မိနစ်လောက်နေတော့ ကျမစောင့်နေတဲ့ ပလက်ဖောင်းဘေးကို အငှားကားတစ်စီးရပ်လိုက်တယ်...။ အနောက်တံခါးဖွင့်ပြီး သူဆင်းလာခဲ့တယ်..။ ကြည့်စမ်း သူ ပိန်သွားသလိုပဲ...။ သူနေမှကောင်းရဲ့လား ကားနောက်ခန်းမှာ သူ့ခရီးဆောင်အိတ်ကို ဟဘက်တံခါးနားထိတွန်းထည့်လိုက်ပြီး ကျမလက်ထဲက အိတ်တွေကို သူယူလိုက်တယ်...။ ပြီးတော့ သူအရင်ဝင်ထိုင်ပြီး ကျမကို သူ့ဘေးနား ပြူတင်းပေါက်နားထိုင်စေခဲ့တယ်...။ ကျမလက်ထဲက ထမင်းကြော်အထုပ်ကိုယူပြီး သူ ခရီးဆောင်အိတ်ပေါ်တင်ပေးတော့မှ သူ့အတွက် ဖျော်ပေးထားတဲ့ ကော်ဖီခွက် မေ့ကျန်ခဲ့မှန်းသတိရတယ်...။ ကျမလောပြီး ကော်ဖီခွက်ပြန်ယူဖို့ ကားပေါ်ကနေအဆင်း ပလက်ဖေါင်းအတက်မှာ ခလုတ်တိုက်လဲကျပြီး ဘယ်ဖက်တထောင်ဆစ်ပွန်းသွားခဲ့တယ် ...။ သူစိတ်ပူပြီး ချက်ချင်း ကားပေါ်ကဝုန်းခနဲဆင်းချပြီး ကျမနားရောက်လာခဲ့တယ်...။
"အရမ်းနာသွားလား အသဲလေး ကော်ဖီခွက်သွားမယူပါနဲ့တော့ကွာ ကိုယ်မသောက်တော့ဘူး မှန်းစမ်း တတောင်ဆစ်မှာအသားနဲနဲပွန်းပြီး သွေးတွေစို့နေပြီ ကိုယ်တို့အိမ်နားက စတိုးဆိုင်တစ်ခုမှာ ဆေးပလာစတာဝယ်ပြီးကပ်လိုက်မယ် ဟုတ်ပြီလား" ဆိုပြီး ကျမကို ကလေးတစ်ယောက်လို ဂရုတစိုက်တွဲထူလိုက်တယ်...။
ကျမက ကြာကြာမှတစ်ခါတွေ့ရတဲ့ သူ့ကို ကျမလက်ရာကော်ဖီလေးတိုက်ချင်လို့ အစောကြီးထ သေချာနှပ်ပြီး ဖျော်ထားပေးခဲ့တာပါ...။ ဂျပန်စတိုးကဝယ်ထားတဲ့ ဆိုင်မှာ take away ဝယ်သောက်ရင်ပေးတဲ့ခွက်ပုံစံမျိုး နက်ပြာရောင်ကော်ဖီခွက်လေးနဲ့ အဖုံးလေးနဲ့ ကျကျနနလေး လုပ်ပေးထားခဲ့တာ သူအောက်မှာရောက်နေပြီ ဖုန်းဆက်တော့ လောပြီး ဆင်းလာလိုက်တာ ကော်ဖီခွက်လေးကျန်ခဲ့တယ်...။ ကော်ဖီခွက်လေးမယူဖြစ်တော့ဘဲ ကျမတို့ သူလာရင်နေဖို့ ငှားထားတဲ့ အိမ်လေးဆီကိုသွားလိုက်တော့တယ်...။ ကားပေါ်မှာ ကျမလက်ကို ခပ်ဖွဖွဆုတ်ကိုင်ပြီး ကျမမျက်နှာကို သေသေချာချာပြုံးပြီးကြည့်တော့တယ်...။
"မမနေကောင်းတယ် မဟုတ်လား..." မမဆိုတာ သူစိတ်လိုမှ ရှားရှားပါးပါး ခေါ်တတ်တဲ့ နာမ်စားတစ်ခု....။ ကျမသူ့ကို ခေါင်းငြိမ့်ပြလိုက်တယ်...။ သူ့ဆံပင် အုံထူထူကို ကျမဖဝါးနဲ့အုပ်ကိုင်ပြီး " မောင် ပိန်သွားလိုက်တာရော အစားတွေ အချိန်မှန်မစားလို့မဟုတ်လား " ဆိုတော့ သူကိုင်ထားတဲ့ ကျမလက်ကို လွတ်ပြီး ကျမပါးကို ရွှတ်ခနဲ နမ်းလိုက်တယ်...။ ကျမသူ့ကို ခပ်တင်းတင်းပြန်ပွေ့ဖက်မိတယ်...။ သူ့ဆီက ခွန်အားတွေ မရတာ ရက်ပေါင်း ဘယ်လောက်ကြာနေပြီလဲ...။
"ကိုယ့်ကို ဒီအတိုင်းဖက်ထားတော့မှာလား ကိုယ်အသက်ရှူကြပ်လာပြီ..."
ကျမတို့နေတဲ့ အိမ်ကလေးဆီကိုရောက်တော့ သူ့အထုပ်အပိုးတွေရော ကျမ အထုပ်တွေရော ကျမကို အသယ်မခံဘဲ သူ့ဟာသူ အကုန်ဆွဲလာတယ်...။ သူ့လက်နှစ်ဖက်လုံးမအားအလပ်တဲ့ကြားထဲကနေ ခရီးအဝေးကပြန်လာနေကျထုံးစံအချိန်တွေအတိုင်း ကျမပခုံးကို ခပ်ဖွဖွ ဖက်ချင်နေသေးတဲ့ နွေးထွေးကြည်နူးမှုကို သူ့မျက်လုံးမှာမြင်နေရတယ်...။ အိမ်ထဲကို သော့ဖွင့်ပြီး ခြေလှမ်းလိုက်တော့ ....
" ဟာ မှောင်နေတာပဲ မီးမလာဘူးလား"
"မိန်းတင်ရမယ်လေ မောင်ရဲ့..." လို့ ကျမပြောပြီး မီးဖွင့်ဖို့ သူက အထုပ်တွေချပြီး မိန်းသွားတင်လိုက်တယ်...။ သူအမှောင်ကြောက်တဲ့ ရောဂါရှိတယ်ဆိုတာ ကျမမေ့သွားတယ်....။
အဝေးမှာနေတုန်းက ကျမနဲ့သူ VC ပြောရင် မီးမဖွင့်ဘဲ ကျမအမှောင်ထဲမှာ နေနေတဲ့အခါ ..."အမှောင်ထဲမှာ ဘယ်လိုနေနေလဲ.." ဆိုပြီး စိတ်ပူသလို သူရေရွတ်တတ်မြဲ...။ ကျမ မီးခလုတ်ကိုဖွင့်လိုက်တော့ လင်းထိန်သွားတဲ့ မီးရောင်အောက်မှာ ကြည်လင်လန်းဆန်းတဲ့ သူ့အပြုံးကို မြင်လိုက်ရတော့ ရင်ထဲမှာ နွေးထွေးလှုပ်ခတ်သွားရတယ်...။
"သဲလေး.... လွမ်းလိုက်တာကွာ..." ကျမသူ့ကို ပြုံးပြီးကြည့်နေတယ်...။ သဲလေးဆိုတာကတော့ ကျမကို ချစ်ခင်မြတ်နိုးစိတ်တွေ ယိုဖိတ်တဲ့အခါ သူအဲလိုခေါ်တတ်တယ်....။ "ကိုယ်ကတော့ မင်းကို ကိုယ်နဲ့ ရွယ်တူ ကောင်မလေးတစ်ယောက်လို့ပဲ လက်ခံထားတယ်" သူ့ထက် အသက်ကြီးတဲ့ ကျမကို "မမ"လို့ခေါ်ရမှာ အိုးတိုးအမ်းတန်းနဲ့တဲ့ သူပြောဖူးတယ်...။
သူ့လက်ဖဝါးနှစ်ဖက် ကျမပခုံးဆီကို ဆုပ်ကိုင်လာတယ်...။ နူးညံ့နွေးထွေးတဲ့ထိတွေ့မှု လှပ်ခနဲခုန်သွားတဲ့ နှလုံးသားလှုပ်ရှားမှုကို တပြိုင်နက်ထဲသတိထားမိသွားတယ်...။ သူနဲ့ဘယ်နှစ်ကြိမ်တွေ့ဆုံရ ဆုံရ ကျမရဲ့ ရင်ခုန်သံတွေက အမြဲတမ်းအသစ်အသစ်တွေ....။ ပြောနေကျအတိုင်း အမြဲတမ်း ရိုလာခိုစတာ စီးနေရတဲ့ ခံစားမှုမျိုး...။ သစ်ရွက်လှုပ်တာကိုမြင်ပြီး ရင်ခုန်တတ်ဆဲ မြီးကောင်ပေါက်အရွယ် ကောင်မလေးမျိုး...။
"ထိုင်ရအောင်နော် လာ...." ကုလားထိုင်ပေါ်ကို ကျမသွဲ့ပြောင်းမှီနွဲ့စွာထိုင်ချလိုက်မိတယ်...။ သူကြည်နူးစေဖို့ ကျမ ကြိုးစားယူစရာမလိုဘဲ နှစ်သိမ့်ကျေနပ်မှုအပြည့်နဲ့ သူ့အလိုအလျောက်ပြုံးလိုက်တယ်...။ နှစ်ပေါင်း ရှစ်နှစ်တောင် စွဲခဲ့တဲ့ တွယ်ညှိခဲ့တဲ့ နှောင်ကြိုးတွေ...။ အဲဒီအစွဲကနေ ကျမ ဘယ်လို ရုန်းထွက်ဖို့ အားထုတ်နိုင်မှာလဲ..။ ဟင်!!! နေစမ်းပါဦး သူ့ ခြေဖမိုးမှာ ခြစ်ရာဒဏ်ရာတစ်ခု....။
"မောင် အဲဒါ ဘာဖြစ်တာလဲ..."
"ဟာ.... ပျောက်သွားပါပြီ..."
"ဘာဖြစ်တာလဲ...လို့"
"အိမ်က ကိုယ်မွေးထားတဲ့ ခွေးပေါက်စလေးလေ အသဲယားပြီး သွားနဲ့ကိုက်ခြစ်လိုက်တာ..."
ကျမ ခန္ဓာတစ်နေရာမှာ ပူလောင်ကျွမ်းသွားသလို ခံစားလိုက်ရတယ်...။
"အနာရွတ်တောင်ဖြစ်နေပါပြီ..."
ဒါပေမယ့် ပလက်ဖောင်းမှာချော်လဲကျတုန်းက တတောင်ပွန်းသွားတဲ့ အနာကိုတောင်မေ့လျော့ပြီး သူ့အတွက် ကျမတကယ်နာကျင်သွားတယ်.....။
"ဟိုက မကိုက်ကိုက်အောင် သွားသွားစတာမဟုတ်လား ကိုယ့်အတွက် မပူတတ်ဘူး မတွက်ဆတတ်ဘူး ဒီတိုင်းဆို..." ကျမစကားမဆုံးမီ သူ့လက်ဖဝါးက ကျမနှုတ်ခမ်းကို အသာထိကပ်ပိတ်လိုက်တယ်...။
"ရှူးတိုးတိုး.... တော်ပြီ သဲလေး ဘာမှမပြောနဲ့တော့နော် ဒီတိုင်းငြိမ်ငြိမ်လေးနေရအောင် ခဏလေး ခဏ...လေးပဲ..."
ကျမ ပင့်သက်ရှိုုက်လိုက်မိတယ်...။ တွယ်ငြိမှုဝေဒနာတွေ...ကျမကို စိုးမိုးထားတဲ့ နှစ်သိမ့်မိန်းမောမှုဝေဒနာတွေက ကျမအတွက် ချိန်မြိန်နေတယ်...။ ကဲ...ဒီသမုဒယကနေ လွတ်အောင်ရုန်းဖို့ ဘယ်နှယ့်လုပ်ရပါ့မလဲ...။
နောက်တော့.... ကော်ဖီခွက်လေးကို ပြန်သွားယူလိုဇောနဲ့ ချော်လဲခဲ့တဲ့ တစ်လက်မလောက်ရှိတဲ့ဒဏ်ရာလေးက အမာရွတ်ညိုညိုလေးတစ်ခုအဖြစ် ထင်ကျန်ခဲ့တယ်...။ အဲဒီအမာရွတ်လေးကိုဖုံးဖို့ သူ့ကိုယ်စား သူအမြဲပြောပြခဲ့ဖူးတဲ့ သူ့ရဲ့လိပ်ပြာဒိုင်ယာရီထဲက "အချစ်အတွက် အမြဲပျံသန်းနေတဲ့ လိပ်ပြာတစ်ကောင်" ပုံလေး တက်တူးရေးဖြစ်သွားခဲ့တယ်...။ အဲဒါနဲ့ပတ်သက်ပြီး "သေရင်ပါသွားမယ့် သူနဲ့ပတ်သက်တဲ့ အမှတ်တရတစ်ခု.....(သူစိုက်မယ့်အပင်အတွက်မြေဩဇာဖြစ်ဖို့) သူကိုးကွယ်တဲ့ ကျွန်မရဲ့ခန္ဓာကိုယ်တစ်ခြမ်းမှာ သိမ်းထားချင်တယ်" ဆိုပြီး ကျမ စာထဲထည့်ရေးဖူးခဲ့တယ်.....။ ရည်ညွှန်းပို့စ် # လိပ်ပြာဒိုင်ယာရီ.....(ခန္ဓာကိုယ်တစ်ခြမ်း)
မိုးငွေ့


No comments:
Post a Comment