Friday, 28 February 2020

ခင်ဗျားကို ကျွန်တော်ချစ်တယ်.........




အင်း၀မှာ ကြုံရင်ကြုံသလို စာအုပ်တွေသွားသွားမွှေနေကျ တစ်လကို တစ်အုပ်တော့အနည်းဆုံးဝယ်ဖြစ်တယ်...။ ဒီတစ်ခေါက် စာအုပ်အသစ်တန်းမှာ ဒီစာအုပ်လေးကိုတွေ့တော့ ကျွန်မအထင် ဗယ်လင်တိုင်းမတိုင်ခင်ထွက်တဲ့စာအုပ်လေးပါပဲ...။ ဟုတ်ပါတယ် စာအုပ်အသစ်ဝယ်တိုင်း နေ့စွဲနဲ့ လက်မှတ်ထိုးထားနေကျဆိုတော့ ကျွန်မဝယ်ဖတ်တဲ့ နေ့စွဲက (၆.၂.၂၀၂၀)...။ အဲတုန်းက စာအုပ်ခေါင်းစီးလေးကို စိတ်ဝင်စားတာနဲ့ ကောက်ဖတ်ကြည့်တော့ ပထမဆုံးအမှာစာကို ကဗျာဆရာစစ်ငြိမ်းရေးထားတာလေး သဘောကျသွားတယ်.....။ နောက်ထပ် ခေါင်းစဉ်ခွဲလေးတွေကလည်း စိတ်ဝင်စားစရာမို့ အကြမ်းဖတ်ကြည့်ပြီး ဝယ်လိုက်တယ်...။ 


@@@@@@@@@@@@@


အမှတ်တရစကား(သို့)အမှာစာ.....စစ်ငြိမ်း

ခင်ဗျားကို ကျွန်တော်ချစ်တယ် 
ခင်ဗျားကို ကျွန်တော်ချစ်တယ်တဲ့။ ကျွန်တော်တို့ ဒီစကားကို ဒီထက်ရှင်းအောင် ပြောလို့မရတော့ဘူးလို့ထင်တာပဲ...။  ကျွန်တော်တို့ဘ၀မှာ အကြိမ်ကြိမ်လည်း ပြောဖူးကြပါလိမ့်မယ်။ ပြောခွင့်မရှိတော့တာမျိုးလည်း အကြိမ်ကြိမ် ရှိခဲ့ကြမယ်။

ကျွန်တော်တို့ အရက်တွေသောက်ကြတဲ့အခါ ပြောလေ့ရှိတဲ့ စကားလို For the ladies we loved, For the ladies we lost ပေါ့ဗျာ။  ကျွန်တော်တို့ဘဝမှာ ချစ်ခဲ့ဖူးပြီး ဘယ်တော့မှ ပြန်မတွေ့တော့ကြေး ဆုံးရှုံးသွားခဲ့ရတဲ့ အမျိုးသမီးတွေရှိတယ်လေ...။ ကျွန်တော်တို့က ယောကျာ်းတွေဆိုတော့ တချို့စကားတွေကို နှုတ်ကနေ ပြောလို့ မထွက်ကြဘူး...။ ဒါကြောင့်ပဲ ကဗျာတွေ စာတွေ ရေးပြီး အသည်းတွေကွဲရပါတယ်...။

ညီလေး စပ်ခွန်ဇက သူ့စာတွေကို ကဗျာတွေ အက်ဆေးတွေရယ်လို့ခေါင်းစဉ်မတပ်ပါဘူး။ ကျွန်တော်လည်း မင်းရေးတာတွေကို ငါဝေဖန်မှာ မဟုတ်ဘူးနော်...။ အချစ်အကြောင်းတော့ နည်းနည်းပြောကြည့်မယ်လို့ မျက်နှာချင်းဆိုင် ပြောခဲ့ပါတယ်...။

သူရေးထားတာတွေက ပေါ့ပါးလွတ်လပ်ပြီး ချစ်ဖို့ကောင်းပါတယ်...။ မိုးတွေရွာနေတဲ့အချိန် ကော်ဖီတစ်ခွက်လို၊ ဆောင်းညထဲက ဝီစကီတစ်ခွက်လို ကျွန်တော်တော့ ရိုးဖြောင့်တဲ့ မေတ္တာစာလွှာတချို့ကို ဖတ်ခဲ့ရတာပဲ။ သူ့အတွက်တော့ ငိုချင်စရာလည်း ဖြစ်ကောင်းဖြစ်နေနိုင်တာပေါ့။ 

ခင်ဗျားကို ကျွန်တော်ချစ်တယ်....တဲ့။ 
သူ့မှာ စာတွေအရှည်ကြီးရေးပြီး အသည်းကွဲရတယ်ထင်ပါတယ်...။

ခင်မင်စွာဖြင့်
စစ်ငြိမ်း


@@@@@@@@@@@@@


စပ်ခွန်ဇ အသည်းကွဲပြထားတဲ့ စကားလုံးတွေက သိပ်လှတာပဲရော.....။ ကျွန်မတစ်အုပ်လုံးဖတ်ပြီး ကြိုက်တဲ့စာသားတွေကို မှင်နီတားထားဖြစ်ခဲ့တယ်....။ ဒီစာအုပ်မှာ ခေါင်းစဉ်ခွဲ (၅)ခုပါတယ်.....။ ၁။ ခင်ဗျားကို ကျွန်တော်ချစ်တယ် ၂။ အဝါရောင်နွေအဟောင်းများသို့ ၃။ မပျော်ရွှင်ခြင်းမိုးရေးစက်များ ၄။ မြူနှင်းများဆီရေးတဲ့စာ ၅။ Unknown Call....။ မှင်နီတားထားတဲ့ ကျွန်မကြိုက်တဲ့စာပိုဒ်တွေကိုပဲ ခေါင်းစဉ်နဲ့အတူ တစ်ခုချင်းဆီခွဲပြီးတင်ပေးမှာပါ....။ အမြည်းပေးတဲ့ သဘောပါ  စပ်ခွန်ဇကို အားပေးရအောင်လို့လေ...။ ကျွန်မ ပထမဆုံး သူစိမ်းစာရေးဆရာစာအုပ်ကိုဝယ်ဖတ်ခြင်းပါ....။ သူစိမ်းလို့ပြောရခြင်းက ကျွန်မ ဖတ်နေကျ စာရေးဆရာမဟုတ်လို့ပါ...။ ရှင်းရှင်းပြောရရင် ဒီဖက်ခေတ် စာရေးဆရာ ကဗျာဆရာတွေရဲ့စာအုပ်ပေါ့...။ ပြီးတော့ ဒီစာအုပ်လေးကို ချစ်သူများနေ့လက်ဆောင်အဖြစ်ပေးလို့ကောင်းမယ့် စာအုပ်လေးလို့လည်းမြင်ပါတယ်...။ လူငယ်ကြိုက်ပေါ့... ကိုယ်လည်း ဖတ်ပြီး လူငယ်ပြန်ဖြစ်ပေါ့...:)

2019 Aug မှာကတည်းက စထွက်တာ ခု 2020 Feb မှာ န၀မကြိမ်မြှောက်ရိုက်နှိပ်ထုတ်ဝေဖြန့်ချီလိုက်တဲ့ ရောင်းအားကောင်းစာရင်းဝင် စာအုပ်လေးတစ်အုပ်ပါလို့ အမှာပါးလိုက်ပါရစေ....။ ကျွန်မ စပ်ခွန်ဇကို မသိပါဘူး တွေ့လဲမတွေ့ဖူးပါဘူး...။ ဒီလိုပဲ စာပေချစ်တဲ့သူအချင်းချင်းမို့ မုဒိတာလေးပွားရုံသက်သက်ပါ....။


မိုးငွေ့

Wednesday, 19 February 2020

သတိရတယ်.....




ကျွန်မတို့က မိုးနဲ့ဆောင်းရာသီနှစ်ခုမှာသာ ဆုံဆည်းခွင့်ရခဲ့လို့ နွေပျောက်ခဲ့တဲ့ သူတွေပေါ့....။

ကျွန်မတို့ မဆုံခဲ့ဖူးတဲ့ နွေဟာ အဝါရောင်ဆို ကျွန်မတို့အမှတ်တရများစွာနဲ့ ဆုံဆည်းခဲ့ဖူးတဲ့ မိုးရာသီက ခဲသားဖျော့ရောင် ဆောင်ရာသီကတော့ ငွေမှင်ရောင်ပေါ့နော်.....

မိုးရွာရင် သတိရတယ်....

မြူတွေဝေရင်လည်း သတိရတယ်...

မိုးရေထဲ သဲကြိုးပျက်သွားခဲ့တဲ့ အနီရောင်သိုင်းကြိုးဖိနပ်လေးကို သတိရတယ်....

ကျွန်မကို အိမ်ပြန်ပို့ခဲ့တဲ့ မြူတွေဆိုင်းနေတဲ့ ဆောင်းမနက်ခင်းလေးကို သတိရတယ်....

ကြယ်တွေမစုံတဲ့ ဆောင်းညတစ်ခုမှာ ချိန်းတွေ့တုန်းက ခြင်ပြေးတဲ့ APP လေးကို ဖုန်းထဲကနေ အသည်းသန်ရှာခဲ့တဲ့ ညကို သတိရတယ်....

စာအုပ်ဆိုင်မှာ မဂ္ဂဇင်းသွားငှားပြီး သူစားနေကျ လမ်းထိပ်က ထမင်းကြော်ဆိုင်မှာ အတူစားခဲ့ကြတာကို သတိရတယ်....

စပ်ခွန်ဇ ကတော့ "နွေဟာရူးပစ်ချင်စရာပဲ" တဲ့..... ကျွန်မတို့မှာ နွေမရှိခဲ့ဘူး....  ဒါပေမယ့် ကျွန်မက ရူးနေတုန်းပဲ..... "အရူး"လို့ စိတ်လိုလက်ရ ကျွန်မကို စိတ်တိုတဲ့အခါတိုင်း ပြောတတ်တဲ့သူ့ကို သတိရတယ်....

စွန့်စွန့်စားစား လုပ်ရတာကို ကြိုက်လို့ ကျွန်မသူ့ကိုတွဲခဲ့တယ်...... တစ်နေ့တစ်မျိုး မရိုးအီနိုင်သော ခံစားမှုများ အတွေ့အကြုံများနဲ့ ဒီနေ့ထိ ကျွန်မသူ့ကို သတိရတယ်.....

ကျွန်မတို့ဟာ တစ်ယောက်ကိုတစ်ယောက်သတိရရုံပဲ တတ်နိုင်တော့တာလား.... နှစ်ရှည်လများ သူစိမ်းတွေတကယ်ဖြစ်သွားကြပြီလား... ဟင့်အင်း တစ်ယောက်ကိုတစ်ယောက်မဟုတ်ပါဘူး... ကျွန်မတစ်ယောက်ထဲကသာ သတိရတော့တာပါ... သူကတော့ အချစ်သစ်မှာ ပျော်ပိုက်.......

ခုတော့လည်း သူ့သူငယ်ချင်းရေးတဲ့ ကဗျာစာအုပ်နဲ့....
သူ့ကိုလွမ်းဆွတ်ရ တမ်းတရ မျက်ရည်ကျရ........
တိုက်ဆိုင်တဲ့စကားလုံးတွေကလည်း အများသားကိုး....။

ကဗျာဆရာရဲ့ အသဲကွဲသံစဉ်တွေကို နားထောင်ပြီး ....ငို
ကဗျာဆရာက......ငို
ကျွန်မကလည်း ......ငို
ကျွန်မနဲ့ ကဗျာဆရာတို့ဟာ အသည်းကွဲဖက်တွေလားလို့ အပြင်မှာတွေ့ရင် မေးကြည့်ချင်စမ်းရဲ့....။


မိုးငွေ့

Friday, 14 February 2020

ချစ်သူများအတွက်လက်ဆောင်.....



တစ်ချိန်က ချစ်သူများနေ့နီးရင်  Valentine အမှတ်တရပို့စ်လေးရေးပါဉီးလို့ ထာ၀ရပရိတ်သတ်လေးက တောင်းဆိုနေကျ... မနှစ်ကစပြီး တစ်ပုဒ်ရေးဖြစ်သေးတယ်...။  အဲဒီရှေ့ပိုင်းနှစ်တွေတော်တော်ကြာမရေးဖြစ်ခဲ့ဘူး....။ ခုချိန်မှာ အချစ်ကို ကောင်းကောင်းခံစားပြီးရေးနိုင်ပါ့မလားလို့ စိတ်ပူတယ်...။ ခံစားမိသလောက် အပိုင်းအစလေးတွေကို ချရေးကြည့်မယ်....။ နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်....။ ကြမ်းပြင်ပေါ်ပြန့်ကျဲကျသွားတဲ့ ပုလဲလုံးလေးတွေကို ဟိုတစ်လုံး ဒီတစ်လုံး လိုက်ကောက်ပြီး ဖတ်ရမယ့် အပိုင်းအစလေးတွေကို ခံစားကြည့်စေချင်ပါတယ်....။

အချစ်သီချင်းတွေက ကျွန်မကို အိပ်စက်နားခွင့်မပြုဘူး အထူးသဖြင့် အိပ်ယာဘေးနားက အချစ်အကြောင်း ........။ မဟုတ်ဘူး အသဲကွဲပြထားတဲ့ စာရေးဆရာတစ်ယောက်ရဲ့ စာအုပ်က ကျွန်မကို အိပ်စက်ခွင့်မပေးတာ...ဒါဖြင့်လဲ ကျွန်မ အိပ်မရမယ့်အတူတူတော့ အချစ်အကြောင်းတွေရေးမယ် အသဲကွဲမယ် ဟုတ်ပြီလား...


" နှင်းဆီပန်းတွေမပါဘူး...
  ပန်းနုရောင်ပို့စ်စကဒ်တွေမပါဘူး....
  အနီရောင်အသဲနှလုံးကိုကိုင်ထားတဲ့ မွှေးပွ ဝက်ဝံရုပ်လေးမပါဘူး....
  ဖန်ပုလင်းလေးတစ်ခုထဲမှာရှိတဲ့ ယောကျာ်းဝတ်အတွင်းခံဘောင်းဘီတစ်ထည်......
  နှိုးစက်နာရီလေးတစ်လုံး.....
  စီးကရက်တစ်ဗူး.....
  မီးခြစ်တစ်ခု......
  ခြေအိတ်တစ်စုံနဲ့......
  Sport Shoes တစ်ရံထည့်ထားတဲ့ အနီရောင် လေးဒေါင့် စက္ကူဗူးလေး
  ဒါ သူ့အတွက် ကျွန်မရဲ့ Valentine လက်ဆောင်"

"ကျွန်မတို့အတွက် Valentine ဟာ ချောကလက်တွေမလိုပါဘူး..
 နှင်းဆီပန်းစည်းတွေမလိုဘူး....
 ချစ်စရာ အရုပ်လှလှလေးတွေမလိုဘူး....
 ဝိုင်ပုလင်းတွေမလိုဘူး....
 ပြီးတော့....တည်းခိုစရာ ဟိုတယ်ခန်းကောင်းကောင်းမလိုဘူး
 တစ်ယောက်ကို တစ်ယောက် သတိရနေဖို့ပဲလိုပါတယ်.....
 တစ်ယောက်ကို တစ်ယောက် သတိရနေတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်မသိဘဲနဲ့လေ...
 တခါတလေ အနီးဆုံးက အဝေးဆုံးနေရာမှာ......."

" ကောင်းကင်တွေ ကြည်လင်နေတဲ့ နေ့မှာ တီရှပ်လေးတွေ ဆင်တူဝတ်ထားတဲ့ စုံတွဲ ကောင်လေးနဲ့     ကောင်မလေးတွေ လမ်းပေါ်မှာ မကြာမကြာတွေ့တွေ့နေရတယ်....။ မနာလိုစိတ်လို့ ပြောရမလား "ရူးလိုက် ကြတာ"လို့ စိတ်ထဲ ဝေဖန်မိတယ်... တစ်ချိန်က ကိုယ်တိုင် ဒီလိုဆင်တူတီရှပ်ဝတ်ဖို့ စိတ်ကူးခဲ့ဖူးတယ်... ဒါပေမယ့် ကျွန်မတို့ရဲ့ သက်တမ်းဟာ Valentine မရောက်ခဲ့ရ...."

" ခင်ဗျားကို ကျွန်တော်ချစ်တယ်လို့ 'စပ်ခွန်ဇ' ပြောသလို သူ့ကိုယ်သူ ကျွန်တော်လို့ သုံးတတ်တဲ့ ကောင်မလေးတစ်ယောက် ကျွန်တော့်ကို ပြောရင် သိပ်ကောင်းမှာပဲ (ကျွန်တော့်ရဲ့မီ...) "

" Nobody ပန်းနုရောင်တီရှပ်နဲ့ ဂျင်းစကပ်အတိုလေးဝတ်ထားတဲ့ အဲဒီညနေက ကျွန်မတို့ Valentine ညနေစာအတူတူစားခဲ့ကြတယ်... Candle Light dinner လေးပေါ့... ခုခေတ်စကားနဲ့ပြောရရင် ဘယ်လောက် Ro လိုက်သလဲ.... ခုတော့ လွန်လေပြီးသော ၁၅နှစ်ကလို့ ပြောလို့ရနေပြီ... အတိတ်ဟာ ဟိုး...အဝေးကြီးမှာ အရောင်မှိန် ခြောက်ကပ်ကျန်ခဲ့.."

" ညကိုဝါးမြိုရင်း အချစ်အကြောင်းချရေးမိတယ် မှောင်မိုက်ကြေကွဲ......"

Valentine မှာ အချစ်အကြောင်းပဲရေးမယ်ဆိုပြီး အသဲတွေကွဲပြတာနဲနဲပါသွားလို့ အားနာပါတယ်...
ဒါပေမယ့် အလွမ်းတွေက လှတယ်မဟုတ်လား.........


မိုးငွေ့


Tuesday, 11 February 2020

နွေဦး.....(၁၀)




ဟိုး...မှာတွေ့လား အိန်ဂျယ်.... နွေဦးကိုကြိုဆိုမယ့် ရောင်ခြည်တွေသန်းလာနေပြီ....

ဆယ်ခုမြှောက်နွေဦးဆိုပေမယ့် ကိုယ့်အတွက်တော့ အမြဲတမ်း လန်းဆန်းလတ်ဆတ်နေဆဲ
ခံစားမှုအသစ်တစ်ခု.....။

နွေဦးရဲ့ နွေးထွေးတဲ့ နေခြည်နဲ့ လေပြေနုတို့က မပြောင်းမလဲ ရှိနေဆဲပဲလေ....

အိန်ဂျယ်သာ ကိုယ့်အပေါ်ခံစားမှုတွေ ပြောင်းလဲချင်ပြောင်းလဲသွားမယ် ကိုယ့်ရဲ့နွေဦးအပေါ်ထားတဲ့ သစ္စာနဲ့ သံယောဇဉ် အိန်ဂျယ့်အပေါ်ထားတဲ့ ချစ်ခြင်းတွေဟာ ကျောက်စိုင်တွေလိုပဲ ခိုင်မာမြဲမြံကြတယ်...။

လူတစ်ယောက်ရဲ့ မှုန်မွှားတဲ့ ခံစားမှု တစ်ခုသက်သက်ကို ကမ္ဘာတည်သရွေ့လို့ ကြီးကျယ် ခမ်းနားစွာ ကိုယ်မဖွင့်ဆိုချင်ပါဘူး....။

ဒါပေမယ့် ရှိနေတယ် .... အိန်ဂျယ်ဆိုတာ ရှိနေတယ်... ခံစားမှုသေးသေးတစ်ခု ရှိနေသေးတယ်ဆိုတာ နွေဦးက နှစ်စဉ်သက်သေပြနေတာပါ....။

နွေဦး(၁)
နွေဦး(၂)
နွေဦး(၃)
နွေဦး(၄)
နွေဦး(၅)
နွေဦး(၆)
နွေဦး(၇)
နွေဦး(၈)
နွေဦး(၉)

မိုးငွေ့

Monday, 3 February 2020

My Favorite Photos....(2)


 
အိန်ဂျယ်ပို့စ်တွေ လက်သွက်သွက်နဲ့ရေးနေခဲ့တုန်းကပုံတွေပေါ့ (၂၀၁၁)



ဆံပင်ရှည်ပုံတွေပြန်ကြည့်တော့ အရှည်ပြန်ထားချင်လာတယ်(တဏှာတွေမပြတ်နိုင်သေးတာ) 



 ချစ်စရာလေးလေနော် ကြည့်ပါလား အသက်၃၆နှစ်တုန်းကပုံလေး 
ခုတော့လဲ ကိုယ့်ရုပ်ကိုစိတ်ကုန်လို့ ဓါတ်ပုံတောင်မရိုက်ချင်တော့ဘူး








အဲနေ့က အအေးလှိုင်းဖြတ်လို့ သိုးမွှေးအထည်နဲ့ ရုံးတက်တဲ့နေ့လေး ၂၀၁၂ လောက်က



 ၂၀၁၃ ဖလန်းဖလန်းတုန်းက :))



 ကလေးချစ်တတ်တော့ ရောက်လေရာ ကလေးတွေနဲ့ဓါတ်ပုံရိုက်ရတာအမော
(မင်္ဂလာဆောင်တစ်ခုမှ)



အောက်ကဆံပင်ပုံတွေမပြောင်းခင် ၂၀၁၆ လောက်က
(When I was 41 OMG!!!)



snap shot နဲ့ရိုက်တဲ့ ပုံလေးတွေထဲမှာ ဒီပုံလေးတွေကိုကြိုက်တယ် ၂၀၁၇/၁၈ ကပုံတွေ


မိုးငွေ့