Friday, 14 February 2020

ချစ်သူများအတွက်လက်ဆောင်.....



တစ်ချိန်က ချစ်သူများနေ့နီးရင်  Valentine အမှတ်တရပို့စ်လေးရေးပါဉီးလို့ ထာ၀ရပရိတ်သတ်လေးက တောင်းဆိုနေကျ... မနှစ်ကစပြီး တစ်ပုဒ်ရေးဖြစ်သေးတယ်...။  အဲဒီရှေ့ပိုင်းနှစ်တွေတော်တော်ကြာမရေးဖြစ်ခဲ့ဘူး....။ ခုချိန်မှာ အချစ်ကို ကောင်းကောင်းခံစားပြီးရေးနိုင်ပါ့မလားလို့ စိတ်ပူတယ်...။ ခံစားမိသလောက် အပိုင်းအစလေးတွေကို ချရေးကြည့်မယ်....။ နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်....။ ကြမ်းပြင်ပေါ်ပြန့်ကျဲကျသွားတဲ့ ပုလဲလုံးလေးတွေကို ဟိုတစ်လုံး ဒီတစ်လုံး လိုက်ကောက်ပြီး ဖတ်ရမယ့် အပိုင်းအစလေးတွေကို ခံစားကြည့်စေချင်ပါတယ်....။

အချစ်သီချင်းတွေက ကျွန်မကို အိပ်စက်နားခွင့်မပြုဘူး အထူးသဖြင့် အိပ်ယာဘေးနားက အချစ်အကြောင်း ........။ မဟုတ်ဘူး အသဲကွဲပြထားတဲ့ စာရေးဆရာတစ်ယောက်ရဲ့ စာအုပ်က ကျွန်မကို အိပ်စက်ခွင့်မပေးတာ...ဒါဖြင့်လဲ ကျွန်မ အိပ်မရမယ့်အတူတူတော့ အချစ်အကြောင်းတွေရေးမယ် အသဲကွဲမယ် ဟုတ်ပြီလား...


" နှင်းဆီပန်းတွေမပါဘူး...
  ပန်းနုရောင်ပို့စ်စကဒ်တွေမပါဘူး....
  အနီရောင်အသဲနှလုံးကိုကိုင်ထားတဲ့ မွှေးပွ ဝက်ဝံရုပ်လေးမပါဘူး....
  ဖန်ပုလင်းလေးတစ်ခုထဲမှာရှိတဲ့ ယောကျာ်းဝတ်အတွင်းခံဘောင်းဘီတစ်ထည်......
  နှိုးစက်နာရီလေးတစ်လုံး.....
  စီးကရက်တစ်ဗူး.....
  မီးခြစ်တစ်ခု......
  ခြေအိတ်တစ်စုံနဲ့......
  Sport Shoes တစ်ရံထည့်ထားတဲ့ အနီရောင် လေးဒေါင့် စက္ကူဗူးလေး
  ဒါ သူ့အတွက် ကျွန်မရဲ့ Valentine လက်ဆောင်"

"ကျွန်မတို့အတွက် Valentine ဟာ ချောကလက်တွေမလိုပါဘူး..
 နှင်းဆီပန်းစည်းတွေမလိုဘူး....
 ချစ်စရာ အရုပ်လှလှလေးတွေမလိုဘူး....
 ဝိုင်ပုလင်းတွေမလိုဘူး....
 ပြီးတော့....တည်းခိုစရာ ဟိုတယ်ခန်းကောင်းကောင်းမလိုဘူး
 တစ်ယောက်ကို တစ်ယောက် သတိရနေဖို့ပဲလိုပါတယ်.....
 တစ်ယောက်ကို တစ်ယောက် သတိရနေတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်မသိဘဲနဲ့လေ...
 တခါတလေ အနီးဆုံးက အဝေးဆုံးနေရာမှာ......."

" ကောင်းကင်တွေ ကြည်လင်နေတဲ့ နေ့မှာ တီရှပ်လေးတွေ ဆင်တူဝတ်ထားတဲ့ စုံတွဲ ကောင်လေးနဲ့     ကောင်မလေးတွေ လမ်းပေါ်မှာ မကြာမကြာတွေ့တွေ့နေရတယ်....။ မနာလိုစိတ်လို့ ပြောရမလား "ရူးလိုက် ကြတာ"လို့ စိတ်ထဲ ဝေဖန်မိတယ်... တစ်ချိန်က ကိုယ်တိုင် ဒီလိုဆင်တူတီရှပ်ဝတ်ဖို့ စိတ်ကူးခဲ့ဖူးတယ်... ဒါပေမယ့် ကျွန်မတို့ရဲ့ သက်တမ်းဟာ Valentine မရောက်ခဲ့ရ...."

" ခင်ဗျားကို ကျွန်တော်ချစ်တယ်လို့ 'စပ်ခွန်ဇ' ပြောသလို သူ့ကိုယ်သူ ကျွန်တော်လို့ သုံးတတ်တဲ့ ကောင်မလေးတစ်ယောက် ကျွန်တော့်ကို ပြောရင် သိပ်ကောင်းမှာပဲ (ကျွန်တော့်ရဲ့မီ...) "

" Nobody ပန်းနုရောင်တီရှပ်နဲ့ ဂျင်းစကပ်အတိုလေးဝတ်ထားတဲ့ အဲဒီညနေက ကျွန်မတို့ Valentine ညနေစာအတူတူစားခဲ့ကြတယ်... Candle Light dinner လေးပေါ့... ခုခေတ်စကားနဲ့ပြောရရင် ဘယ်လောက် Ro လိုက်သလဲ.... ခုတော့ လွန်လေပြီးသော ၁၅နှစ်ကလို့ ပြောလို့ရနေပြီ... အတိတ်ဟာ ဟိုး...အဝေးကြီးမှာ အရောင်မှိန် ခြောက်ကပ်ကျန်ခဲ့.."

" ညကိုဝါးမြိုရင်း အချစ်အကြောင်းချရေးမိတယ် မှောင်မိုက်ကြေကွဲ......"

Valentine မှာ အချစ်အကြောင်းပဲရေးမယ်ဆိုပြီး အသဲတွေကွဲပြတာနဲနဲပါသွားလို့ အားနာပါတယ်...
ဒါပေမယ့် အလွမ်းတွေက လှတယ်မဟုတ်လား.........


မိုးငွေ့


No comments: