အခုရက်ပိုင်း ထူးခြားစွာပဲ ကျမဆီကို လိပ်ပြာလေးတွေ ပုံစံအမျိုးမျိုးနဲ့ ရောက်လာကြတယ်...။
"လိပ်ပြာလေးတွေက သတိရခြင်းတွေကို ယူဆောင်လာလိမ့်မယ်" ဆိုတဲ့ စကား လူတစ်ယောက် ကျမကိုပြောဖူးခဲ့တယ်...။ တကယ်က ကျမ လိပ်ပြာတွေအကြောင်း ရေးခွင့်တောင်မရှိတော့ပါဘူး...။ ဒါပေမယ့် ကျမရေးချင်တယ်...။
အခု .... လိပ်ပြာလေးတွေက ကျမဆီကို ရုပ်သွင်အားဖြင့် စိတ်ဝိဉာဉ်အားဖြင့် အမှတ်မထင် ဆက်တိုက်ရောက်လာကြတယ်....။ ပထမဆုံး ကလေးတွေ ကျောင်းလွယ်အိတ်မှာအလှကပ်တဲ့ ရာဘာလိပ်ပြာအရုပ်လှလှလေးသုံးခု ကျမဆီ စတင်ရောက်လာခဲ့ကြတယ်...။ ပြီးတော့ ကျမ အပြင်သွားခါနီး အိမ်ရှေ့မှာ အသက်ငင်နေတဲ့ ဝိဉာဉ်ငွေ့ငွေ့လေးသာကျန်တော့တဲ့ လိပ်ပြာလေးတစ်ကောင်ကို တွေ့လိုက်ရတယ်...။
ကျမဆီ သတိရခြင်းတွေကို ယူဆောင်လာဖို့ လိပ်ပြာလေးက ခရီးမိုင်ပေါင်းများစွာ ပျံသန်းလာခဲ့ရတာလဲ ဖြစ်နိုင်တယ်...။ သူ ပင်ပန်းနေမှာပဲ....။ လိပ်ပြာလေးက လှုပ်တောင်မလှုပ်နိုင်တော့ပါဘူး....ကျမ သူ့အတောင်ပံလေးကို ခပ်ဖွဖွပွတ်သပ်လိုက်တယ်...။ ကျမဆီကို လွတ်လပ်စွာ လှပညင်သာစွာ ပျံသန်းရောက်လာမယ့်အစား ကြမ်းပြင်ပေါ်မှာ အသက်ရဲ့ရဲ့လေးသာကျန်တော့တဲ့ ပုံစံနဲ့ရောက်လာရတော့ အတိတ်နိမိတ်ကောင်းရဲ့လားလို့ ကျမ သံသယဖြစ်မိသွားတယ်...။ ကျမကို တစ်ခုခုပြောဖို့ ဒီလိုပုံစံနဲ့ ရောက်လာခဲ့ရသလားလို့ ထပ်တွေးလိုက်မိတယ်...။
Shopping Mall ရဲ့ အလည်ခေါင်တည့်တည့် မြင့်မားတဲ့ မျက်နှာကျက်မှာ သိပ်လှတဲ့ အရောင်အသွေးအစုံနဲ့ လိပ်ပြာအကောင်ကြီးကြီးတွေ အများကြီး ချိတ်ဆွဲထားတာကို ကျမ အံ့အားသင့်စွာ တွေ့လိုက်ရတယ်...။ ဒါ ဘာအဓိပ္ပါယ်လဲ...? တကယ်ဆို အခုလို ရာသီမှာ မီးပုံးလှလှလေးတွေကိုပဲ ချိတ်ဆွဲထားသင့်တာမဟုတ်လား...။ လိပ်ပြာလေးတွေက သတိရခြင်းတွေအပြင် ကျမကို ဘာပြောချင်လို့ ဒီလိုပုံစံနဲ့ရောက်လာကြတာလဲဆိုတာ ကျမကိုအတွေးပိုများစေခဲ့ပြန်ပြီ...။
Online ပေါ်မှာလဲ ဦးကျားကြီး(ဆရာကျောင်း)ပေ့ချ်မှာ "လိပ်ပြာသိပ်ပွဲ" ဆိုပြီး ပုံတစ်ပုံတင်ထားတာကို ထပ်တွေ့လိုက်ရတယ်...။
ကျမကို စားပွဲထိုးလေးက ပေါ့ဆိမ့်လက်ဖက်ရည်တစ်ခွက် လာချပေးတယ်...။ နောက်ထပ်တစ်ခါ တိုက်တိုက်ဆိုင်ဆိုင် လက်ဖက်ရည်ခွက်လေးမှာ လိပ်ပြာပုံလေးနဲ့...။ ခုမှသတိထားမိတယ် ဆိုင်နာမည်လေးက "သောကချို" တဲ့...။ ကျမ စဉ်းစားကြည့်တယ် သောက ဆိုတာ ပူလောင်ခြင်းတစ်မျိုးပဲ ချိုမြိန်နိုင်ပါ့မလားလို့...။ ဒါမှမဟုတ် ဒီလက်ဖက်ရည်တစ်ခွက်သောက်လိုက်တာနဲ့ သောကတွေတောင် ချိုသွားမယ်လို့ မက်ဆေ့ပေးချင်တာလားဆိုတာ ဆိုင်ရှင်ကို ကျမ မစပ်စုလိုက်မိတော့ဘူး...။
ကျမကတော့....
လိပ်ပြာလေးတွေ ပုံစံအမျိုးမျိုးနဲ့ ကျမဆီရောက်လာတဲ့ အကြောင်းအရင်းကိုပဲ သိချင်မိတော့တယ်...။
No comments:
Post a Comment