ခံစားမှု ဉပဒေသ(၂)
ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ ပမာဏဟာ ဘဝတစ်လျှောက်တွေ့ကြုံခဲ့တဲ့ ခံစားချက်တွေရဲ့ ပေါင်းလဒ်နဲ့ ညီမျှတယ်...။
ကျနော် ခင်ဗျားမျက်နှာကို လက်သီးနဲ့ထိုးတဲ့ ဇာတ်လမ်းကနေပဲ ပြန်စရအောင်...။ ဒီတစ်ခါတော့ ခင်ဗျား ကျနော့်ကို ပြန်ထိုးလို့မရတော့ဘူး..။ ပြန်အော်လို့လည်း မရဘူး...။ ဘာမှကိုလုပ်လို့ မရဘူး...။ ကျနော်က စူပါဗီလိန်ကြီးဆိုပါတော့...။ ဖြစ်လာမယ့် အကျိုးဆက်တွေအားလုံးကနေ ကျနော့်ကို ကာကွယ်ပေးမယ့် မမြင်ရတဲ့ ဖန်ပေါင်းချောင်ကြီးရှိနေတယ် ဆိုပါစို့..။ အထိုးခံရတဲ့ အကြောင်းကို ခင်ဗျား တခြားသူတွေကို ပြန်ပြောလို့တောင်မရဘူး...။ ပြောလည်း ဘာမှမထူးဘူး...။
ဉပဒေသ(၁)က ဆိုထားတယ်မဟုတ်လား...။ တစ်ယောက်ယောက် တစ်စုံတစ်ရာက ခင်ဗျားကို နာကျင်အောင်လုပ်လာတဲ့အခါ ခံယူချက်တန်ဖိုး ကွာဟမှုတွေဖြစ်လာတယ်...။ အမှန်/အမှားကို မျှတအောင် လုပ်ချင်လာတယ်...။ ခံစားတဲ့ဦးနှောက်က တရားမျှတမှုကို တောင့်တတယ် ...။ ချိန်ခွင်ညှိချင်တယ်...။
ဒါပေမယ့် ဘယ်တော့မှ ပြန်ညှိလို့မရတော့ရင် ဘယ်လိုလုပ်မလဲ...။ တစ်ယောက်ယောက် တစ်စုံတစ်ခုက ခင်ဗျားကို နာကျင်မှုတွေ ပုံပေးသွားတယ်...။ ခင်ဗျား ဘာမှပြန်လုပ်လို့မရဘူး ဆိုရင်ရော.... ဖြစ်သင့်တဲ့အတိုင်း ပြန်ဖြစ်မလာတော့ရင် ဘာဆက်လုပ်ကြမလဲ...။
ဒီလို ပြန်ညှိလို့ မရတာတွေ အချိန်ကြာလာတဲ့အခါ အဲဒီကွာဟမှုတွေဟာ အသားသေလာတယ်...။ ကျနော်တို့ရဲ့ တန်ဖိုးအနိမ့်/အမြင့်အစဉ်ထဲကိုပါ အဲဒီကွာဟမှုက တိုးဝင်လာတယ်...။ တစ်ယောက်ယောက်က ကိုယ့်ကို နာကျင်အောင် လုပ်သွားတယ်..။ သူ့ကို တစ်ခုခုပြန်မလုပ်လိုက်ရတဲ့အခါ...။ တရားမျှတမှုကို ဘယ်တော့မှ ပြန်မရတော့တဲ့အခါ ကျနော်တို့ရဲ့ ခံစားတဲ့ ဉီးနှောက်က အင်မတန် အံ့ဩဖို့ကောင်းတဲ့ အဖြေတစ်ခုကို ထုတ်ပေးလိုက်တယ်...။
"ခံသင့်တာ ခံရတာ" ဆိုတဲ့ အဖြေ...။
နာသင့်လို့နာရတာ ခံသင့်လို့ ခံရတာ ဘယ်တော့မှ တရားမျှတအောင်လုပ်လို့မရတော့ဘူးဆိုရင် ကိုယ်ကိုယ်တိုင်ကိုက အရမ်းညံ့ဖျင်းနေလို့ ဝဋ်ပါလာလို့...။ ဒါမှမဟုတ်ဘူးဆိုရင် ကိုယ့်ကို နာအောင် လုပ်သွားတဲ့သူကို ကိုယ်ထက် အဆပေါင်းများစွာ လိုက်မမီအောင် သာနေလို့ ဆိုပြီး ခံစားတဲ့ ဦးနှောက်က ဆုံးဖြတ်လိုက်တော့တာပဲ...။
ဒါကလည်း မျှော်လင့်ချက်ကြောင့် ဖြစ်လာတဲ့ တုံ့ပြန်မှုပဲ..။ ညီတူအောင်ပြန်ညှိလို့ မရေတော့ဘူးဆိုရင် အရှုံးပေးလိုက်တော့ ဆိုပြီး ခံစားတဲ့ ဦးနှောက်က အတင်းတိုက်တွန်းတယ်...။ အညံ့ခံလိုက်တော့ ကိုယ် "အ"လို့ကိုယ်ညံ့လို့ ခံရတာပဲ လို့သတ်မှတ်လိုက်တော့...။ တစ်ယောက်ယောက်က ကိုယ့်ကို နာကျင်အောင် လုပ်တဲ့အခါ ပထမဆုံးတုံ့ပြန်ချက်က "ဒီကောင်မှားတယ် ငါမှန်တယ်.."...။ ဒါပေမယ် သူမှားတယ် ကိုယ်မှန်တယ်ဆိုတာကို သက်သေမပြနိုင်ရင် တရားမျှတအောင် ပြန်မလုပ်နိုင်တော့ရင် နောက်ထပ်အဖြေပဲရှိတော့တာမဟုတ်လား...။
ကွာဟမှုတွေ အသားသေလာရင် အရှုံးပေးလိုက်ခြင်းဟာ ခံစားတဲ့ ဦးနှောက်ရဲ့ အကျင့်ပဲ...။ ဒါဟာ ခံစားမှုဉပဒေသ အမှတ်(၂)ပဲ...။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု အတိုင်းအတာဟာ ခံစားခဲ့ရသမျှတွေကို ပေါင်းလိုက်ရင် ရလာတဲ့ ရလာဒ်ပဲ...။
ကိုယ်ဟာ သူများလောက် သူများလောက်မကောင်းဘူးဆိုပြီး အရှုံးပေးလက်ခံတာကို မိမိကိုယ်ကို တန်ဖိုးချခြင်း လို့ခေါ်ကြတယ်...။ သိက္ခာပျောက်ဆုံးခြင်းလို့လည်း ခေါ်လို့ရသေးတယ်...။ နာမည်တပ်တာကတော့ တပ်ချင်သလိုတပ်လို့ရပါတယ်...။ ရလာဒ်ကတူတူပဲ...။ ဘဝမှာ အဆိုးတွေ နည်းနည်းပါးပါး ကြုံရတယ် ဘာမှပြန်လုပ်လို့မရဘူး အဲဒီမှာ ခံစားတဲ့ ဦးနှောက်က "ငါနဲ့ထုက်လို့ဖြစ်ရတာ"ဆိုပြီး ဆုံးဖြတ်တယ်...။ ဒါပါပဲ..။
အဆိုးတက်မကပါဘူး အကောင်းဘက်က ကွာဟမှုလည်း အတူတူပဲ...။ ကြာလာရင် အသားသေသွားတာပဲ...။ ကိုယ်က ဘာမှ မည်မည်ရရ မလုပ်လိုက်ရဘဲ ကောင်းတာတွေချည်း ဖြစ်လာတဲ့အခါ (နှစ်သိမ့်ဆုတွေ အများကြီး ရထားတာ အမှတ်ပေးစနစ်ပြောင်းသွားလို့မကြိုးစာရဘဲစာမေးပွဲအမှတ်တွေ ကောင်းလာတာ နံပါတ်ကိုးနေရာက ပန်းဝင်တာကို မေမေက ရွှေတံဆိပ်ကြီး သက်သက်ဆုချတာ စသဖြင့်..) ငါသည် ပုံမှန်ထက် ပိုတော်ပိုကောင်းသော သူဖြစ်သည်ဆိုပြီး မြင်လာတယ်..။ တစ်နည်းပြောရရင် ချေးထုပ်ကြီးတွေ ဖြစ်လာကြတယ်ဆိုပါတော့...။
ခံယူချက် တန်ဖိုးဆိုတဲ့ အရာတွေဟာ အခြေအနေ အတွေးအခေါ် ဒါတွေနဲ့ အများကြီးသက်ဆိုင်တယ်...။ ခင်ဗျားဟာ ငယ်ငယ်က အနိုင်ကျင့်ခံရတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တယ်ဆိုပါစို့ ဒါဆိုရင် ခင်ဗျားရဲ့ ခံစားတဲ့ ဦးနောက်က "ငါဟာ လူတောမတိုးတဲ့သူပါလား" ဆိုပြီး ဆုံးဖြတ်ပစ်လိုက်နိုင်တယ်...။ ခင်ဗျားဘာသာ ခင်ဗျား အသက်ကြီးလာမှ ရုပ်တွေ အရမ်းချော လူကြားသူကြားထင်ပေါ်လာရင်လည်း အဲဒီစိတ်အခံက ပျောက်ဖို့မလွယ်ဘူး ဒီလိုပဲ တင်းကျပ်တဲ့ မိဘတွေရဲ့လက်အောက်မှာ ကြီးလာကြတဲ့ သားသမီးတွေဆိုရင်လည်း လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် သူတို့ရဲ့ ခံစားတဲ့ ဦးနှောက်က ဒီကိစ္စတွေဟာ မကောင်းဘူး မလုပ်အပ်ဘူးလို့ပဲ သတ်မှတ်ကြမှာပဲ စဉ်းစားနဲ့ ဦးနှောက်က ဘာပဲပြောနေနေ နားမဝင်ဘူး...။
မိမိကိုယ်ကို တန်ဖိုးထားမှု နိမ့်ခြင်း/မြင့်ခြင်းဆိုတာ ဒင်္ဂါးပြားတစ်ဖက်စီမှာ ရှိနေတဲ့ မျက်နှာပြင်နှစ်ခုပဲ...။ ရုတ်တရက် ကြည့်လိုက်ရင် မတူဘူးလို့ ထင်ရပေမယ့် အတွင်းစိတ်က ခပ်ဆင်ဆင်ရယ်...။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားစိတ်ထဲမှာ ငါဟာ တခြားသူတွေထက် ပိုဆိုးတယ်...။ ပိုကောင်းတယ်လို့ တွေးနေကတည်းကိုက ခင်ဗျားကိုယ်ခင်ဗျား သူမတူတဲ့သူ သူများထက်ထူးတဲ့သူလို့ ခံယူထားလို့ပဲ မဟုတ်လား...။
ငါအရမ်းတော်လို့ ငါ့ကို ပိုပြီးဂရုစိုက်ဆက်ဆံပေးကြပါလို့ အောင်နေတဲ့ သူတွေနဲ့ ငါအရမ်းညံ့လို့ ငါ့ကို ပိုပြီး ဂရုစိုက်ဆက်ဆံပေးကြပါလို့ အော်နေတဲ့သူ တကယ်တမ်းက သိပ်မကွာဘူး...။ နှစ်ယောက်စလုံး ငါစွဲများနေတယ်...။ သူများထက်ထူးတယ်ဆိုတဲ့ ခံယူချက်ချင်းလည်း တူညီနေတယ်...။ လောကကြီးက ငါတို့အလိုကိုဖြည့်ပေးသင့်တယ်...။ သူများ ခံစားချက်တွေထက် ငါ့ခံစားချက်တွေက ပိုအရေးကြီးတယ်လို့ ထင်နေကြတာ..
ကိုယ့်ရဲ့ အရည်အချင်းတွေ ရည်ရွယ်ချက်တွေဟာ သူများထက် သာတယ်လို့ ထင်တတ်တာလဲ လူ့သဘာဝပဲ..။ လူတော်တော်များများက သူတို့ကိုယ်သူတို့ သာမန်ထက်ပိုပြီး ဉာဏ်ကောင်းတယ် ပိုတော်တယ်လို့ ထင်တတ်ကြတယ်...။ ဉာဏ်နည်းတဲ့သူ ဘာမှမတတ်တဲ့သူတွေဆိုရင် ပိုပြီးတော့တောင် မာန်တက်ဦးမယ်...။ ကိုယ့်ကိုယ်ကို တကယ့်လက်ရှိထက်ပိုပြီး ရိုးသားတယ်လို့လည်း ထင်တတ်ကြတယ်...။ ပိုပြီး ကျင့်ဝတ်ကောင်းတဲ့အရာမှန်သမျှဟာ သူများအတွက်လည်း ကောင်းမှာပဲလို့ ယုံမိကြတယ်...။ ကိုယ်က အမှားလုပ်မိပြီဆိုရင် ဪ ဒါကတော့ မတော်တဆပါလို့ ဖြေသိမ့်ချင်ကြတယ်...။ သူတစ်ပါး အမှားလုပ်ရင်တော့ ချက်ချင်း ခုံရုံးတင် စီရင်ချက်ချဖို့ စိုင်းပြင်းနေကြတယ်...။
ဒါဟာ ကျနော်တို့ ကြုံတွေ့နေရတဲ့ လူမှုရေး နိုင်ငံရေ ပြဿနာအများစုရဲ့ ဇာစ်မြစ်ဖြစ်နေတယ်...။ လက်ဝဲ/လက်ယာ ပြဿနာလည်း မဟုတ်ဘူး ...။ လူကြီး/လူငယ် ပြဿနာလည်း မဟုတ်ဘူး...။ လူဖြစ်ရခြင်းရဲ့ ပြဿနာသာဖြစ်တယ်...။ လူ့ဖွဲ့အစည်းမှန်သမျှဟာ အချိန်တန်ရင် ခြစားပြိုလဲသွားမှာပဲ...။ လူတစ်ယောက်ကို အာဏာတွေ ပုံပေးလိုက်ရင် လုပ်ချင်သလို လုပ်ခွင့်ပေးလိုက်ရင် သူ့သဘောကျဖြစ်အောင် လောကကြီးကို ပြောင်းပစ်မှာပဲ...။ ကိုယ့်အပြစ်တွေကို ကျောခိုင်း သူတစ်ပါးအပြစ်ကို မှန်ဘီလူးနဲ့လိုက်ရှာတဲ့အကျင့်ဟာ ကျနော်တို့ သွေးထဲမှာ ပါလာတာ...။
ဒီကမ္ဘာမှာ နေသရွေ့တော့ ဒါကိုရှောင်မရဘူး...။ ကျနော်တို့ဦးနှောက်ဟာ မရှိတာကို အရှိလုပ်တဲ့နေရာမှ သိပ်တော်တယ်...။ တကယ့်အမှန်တရားကို ပုံပြောင်းပစ်ပြီး ငါဟာ သူမတူတဲ့ လူသားဖြစ်တယ်..။ ငါ့ပြဿနာတွေ နာကျင့်မှုတွေဟာလည်း ငါ့တစ်ယောက်တည်းကိုပဲ ရွေးပြီးဖြစ်နေတယ်လို့ ယုံကြည်လာစေတယ်...။ မှားပါတယ်ဆိုတဲ့ သက်သေတွေ ဘယ်လောက်ရှိပါစေ ဂရုမစိုက်ဘူး...။ ကိုယ့်ကိုယ်ကို ချစ်ခင်သာယာခြင်းဆိုတာ ကျနော်တို့အတွက် အနည်းငယ်တော့ လိုအပ်နေသေးတဲ့ ပဋိဇီဝတစ်ခု...။ ဒါမှ မရှိရင် ဖြစ်တည်ခြင်းပြဿနာ (လူဖြစ်ရခြင်ရဲ့ အဓိပ္ပါယ်မဲ့သောဒုက္ခ)ကို ကျနော်တို့ ဘယ်လို ရင်ဆိုင်ကြမလဲ...။ အမှန်အတိုင်းပြောရရင် လူဖြစ်ရတာ အင်မတန်ပင်ပန်းတယ်...။ ဘဝဆိုတာ အခက်အခဲတွေပြည့်နေတဲ့ ခန့်မှန်းမရတဲ့ လမ်းကြမ်းကြီး...။ အားလုံး ဒီလိုပဲ ရမ်းသန်း လျှောက်လှမ်းနေရတာပဲ...။ လုံးဝ လမ်းပျောက်နေတဲ့ သူတွေလည်း တစ်ပုံကြီး...။ ဒီတော့ ဒီလမ်းကို လျှောက်တဲ့အခါ ကိုယ့်ကိုယ်ကို သာယာချစ်ခင်တဲ့ စိတ်ကလေး အနည်းငယ်တော့ လိုတယ်...။ သူများထက် ပိုကောင်းတယ်/ပိုဆိုးတယ် ဆိုတဲ့ အခွင့်ထူးခံစိတ် တစ်ပိုင်းတစ်စတော့ လိုအပ်နေသေးတယ်...။ မဟုတ်ရင် အနီးဆုံး တံတားပေါ်တက်ပြီး ခုန်ချလိုက်ဖို့ပဲ ရှိတော့တယ်....။ ငါဟာ သူများထက် နည်းနည်းတော့ ထူးခြားတယ်ဆိုတဲ့ ခံယူချက်တံလျှပ်တွေ မရှိတော့ရင် မျှော်လင့်ချက်ဆိုတာကိုလည်း လက်လွှတ်လိုက်ရတော့မယ်...။
ဒါပေမယ့် ဒီခံယူချက်နဲ့ နောက်မှာ ပြန်ပေးရမယ့် ဆုံးရှုံးမှုတွေ တွဲပါလာတယ်...။ ငါဟာ သူများနဲ့ မတူတဲ့သူ...။ ငါဟာ လောကမှာ အကောင်းဆုံး လူသား/ အဆိုးဆုံးလူသား လို့ ယုံကြည်လာတာနဲ့ ခင်ဗျားနဲ့ လောကကြီး အဆက်ပြတ်သွားပြီ...။ ဒီလို အဆက်ပြတ်သွားတော့ နောက်ဆုံးမှာ မလိုအပ်တဲ့ သောကတွေ ထပ်ရောက်လာတော့တာပဲ....။
__________________
မိုးငွေ့
No comments:
Post a Comment