ကျနော့်အတွက် လက်ပတ်နာရီဆိုတာ အမြဲတမ်းလိုအပ်နေတဲ့ အရာမဟုတ်ပါဘူး...။ ဒီလိုပြောရတာက နာရီကိုတခြား accessories တွေလောက်မကြိုက်တာလဲပါလိမ့်မယ်....။ တကယ်က မလိုအပ်တာတော့မဟုတ်ဘူး ...ကိုယ့်ဘာသာသတိထားမိတာတော့ကြာပြီ ဘယ်ချိန်ရောက်နေလဲဆိုပြီး ကျနော့်မှာ နာရီကြည့်ရမှာကိုကြောက်တဲ့ရောဂါရှိတယ်.....။ ဒီနောက်ပိုင်း အသက်ရလာမှ အဲဒီရောဂါက မှေးမှိန်သွားတာ...။ ပြီးတော့ ခုခေတ်မှာ လက်ကိုင်ဖုန်းတစ်လုံးရှိနေရင်ပဲ တော်တော်များများအဆင်ပြေနေပြီမဟုတ်လား ဘယ်ချိန်ရှိပြီလဲဆိုတာသိဖို့ နာရီကိုဖုန်းကကြည့်လို့ရပြီလေ...။ ဖုန်းဆိုလို့ တလောက ကျတော်နဲ့ မိတ်ဆွေတစ်ယောက်စကားပြောကြရင်း ပုံတစ်ပုံကိုသူလာပြတယ် ပြီးတော့ ကော်ဖီရယ် ဖုန်းရယ် သီချင်းရယ် ရွေးမယ်ဆိုရင် ဘာရွေးမလဲလို့ ကျနော့်ကို မေးလာပါတယ်...။ ကျနော်က "သီချင်း" ရွေးလိုက်ပါတယ်...။
သူက "အင်း ကောင်းသားပဲ ကော်ဖီမသောက်လဲ နို့သောက်လို့ရသေးတာပဲ သီချင်းနားမထောင်ဘဲဘာမှလုပ်လို့မရဘူး ခင်ဗျားရွေးတာ မိုက်သားပဲ"တဲ့ ... "သီချင်းက စိတ်ကိုအမြဲကြည်နူးစေတယ်"လို့ ကျနော်ဆက်ပြောတော့ "ဖုန်းကိုမရွေးတာတော့ လေးစားစရာပဲ" လို့ ကျနော့်ကိုမှတ်ချက်ချတယ်...။
"သီချင်းကကော်ဖီလိုဖျော်သောက်စရာမလိုဘူး ဖုန်းလိုလဲတကြည့်ကြည့်လုပ်လို့မျက်စိမညောင်းဘူးလေ"
"ဒါဆို ခဗျားက ၂၀ရာစုကို ပိုစွဲလန်းတယ်လို့ပြောလို့ရလား"
"လွန်ခဲ့တဲ့နှစ် ၂၀ဟိုဖက်ခြမ်းကာလအပိုင်းအခြားက ခဗျားဘဝရဲ့ အပျော်ရဆုံးလား" ဆိုပြီး မထင်မှတ်ဘဲ ကျနော့်ကို အင်တာဗျူးသလို ဆက်မေးပါတယ်...။
"ဟုတ်တယ် အချိန်တိုတိုလေးပေမယ့် ပျော်ရတယ် တက္ကသိုလ်တက်နေတဲ့ကာလပေါ့"
အဲလိုနဲ့ ကျနော့်ဘဝအကြောင်းတစ်ပိုင်းတစ်စကိုသူနဲ့ဆက်ပြောမိခဲ့တယ်....။
ပြောချင်တာက ကိုယ့်အတွက်မလိုအပ်တော့တဲ့ အပိုအလျှံတွေကို လျှော့ချပစ်ဖို့ တတ်နိုင်သလောက်ပေါ့နော် အကုန်မှမဖြတ်နိုင်သေးဘဲ...။ ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင်တော့ အဝတ်အစားဆိုတာဘာလဲ...။ ရာသီဥတုဒဏ်ခံနိုင်ဖို့နဲ့ အရှက်အကြောက်သဘောကို လုံခြုံစေဖို့ပဲဖြစ်ပါတယ်...။ ချမ်းတဲ့အခါ အနွေးထည်ရှိရပါမယ်...။ ပူအိုက်တဲ့ရာသီမှာ ခပ်ပါးပါးအဝတ်တွေဝတ်ရမှာပေါ့..။ မိုးဥတုမှာ တစ်ထည်စိုရင် တစ်ထည်လဲဖို့လောက်တော့ ရှိရပါမယ်..။ Minimalist ဖြစ်နိုင်သလောက်ပေါ့...။ ရှိပါတယ် တင်းတိမ်ရောင့်ရဲနိုင်တဲ့သူတွေ...။ လူမှာအဝတ်တောင်းမှာအကွပ်ဆိုတဲ့ ဆိုးရိုးစကားရှိတယ်မလား...။ ပစ္စည်းမဲ့ဖက်ရှင်နဲ့စုတ်ပြတ်အောင် တမင်လုပ်နေရင်မှားမှာပေါ့ ..အဲလိုပဲ ကိုယ့်မှာမရှိဘဲ ကြွားချင်လို့ အပိုပစ္စည်းတွေကို ဒုက္ခခံပြီး ရှာဖွေနေရင်လည်း မနိပ်ပါဘူး...။ ကျနော်က အဝတ်အစားဖက်ရှင်ပိုင်း ရူးသွပ်သူတစ်ယောက်မို့ ဘယ်အသက်အပိုင်းခြားမှာတော့ ဘယ်လိုဖက်ရှင်မျိုးကိုမဝတ်တော့ဘူးဆိုပြီးတွေးထားတာရှိပါတယ်...။ ကျနော်လက်သည်းနဲ့ ဆံပင်ကိုဆေးမဆိုးတော့တာ ၄-၅နှစ်ရှိတော့မယ်...။ မြတ်စွာဘုရားကဟောခဲ့ပါတယ် "အတောင်သာလျှင် ဝန်ရှိသော ငှက်ကဲ့သို့ အသက်မွေးမှုမှာပေါ့ပါးပါစေ"တဲ့...။
ဒီလိုပဲ အစားအသောက်မှာလဲ အဟာရဖြစ်တာလောက်ပဲစားနိုင်ရင်အကောင်းဆုံးပေါ့ လျှာအလိုလိုက်ပြီး စားသောက်ဆိုင်တကာပတ်စားနေလို့မဖြစ်ဘူးပဲ..။ တိုက်နဲ့ပဲနေနေ တဲနဲ့နေနေ လူတစ်ယောက်ဟာ တစ်နေ့ကို ထမင်း ၂နှပ် အများဆုံး ၃နှပ်ထက်ပိုမစားနိုင်ပါဘူး...။ သင့်တင့်မျှတစွာဆင်ခြင်စားသုံးနိုင်ရင်အကောင်းဆုံးပေါ့...။ အစားဟာ အဟာရမပြည့်ရင်ရောဂါရနိုင်သလို အဟာရတွေသိပ်ပိုကုန်ရင်လည်း ရောဂါရနိုင်ပါတယ်..။ ဒါကြောင့်အသက်ဉာဏ်စောင့်တယ်လို့ ပြောတာထင်ပါရဲ့...။
ဘုရားဟောကတော့ "အတိုင်းအရှည်ကိုသိပါ"တဲ့...။ အလွန်တိကျတိုတောင်းပြီး အလွန်ထိရောက်တဲ့ အဆုံးအမပါ...။ နိဗ္ဗာန်ရောက်ကြောင်း ကျင့်ကြံတဲ့အခါမှာတောင် သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ ဆိုတာတွေမှာ "သတိ"ကလွဲလို့ကျန်တာတွေဟာ လိုလို့လည်းမရ ပိုလိုလည်းမရဘူးတဲ့...။
မှတ်ချက်။ ။ အရေးအသားတွေအစီစဉ်ကျချင်မှကျလိမ့်မယ်...။ ပြီးတော့ မန္တလေး Mood နဲ့ ပြောချင်လာတာကြောင့် အခါတိုင်းသုံးစွဲပြောနေကျ ကျမနဲ့ မဟုတ်ဘဲ ကျနော်နဲ့ ပြောင်းရေးထားပါတယ်...။ ဆရာမောင်ဝဏ္ဏရဲ့ ဂျာနယ်နဲ့ မဂ္ဂဇင်းဆောင်းပါးတွေစုထားတဲ့ "ကျွန်တော်အူကြောင်ကြား" စာအုပ်ကိုဖတ်ပြီး ချရေးမိတဲ့ စာတစ်ပုဒ်....။
Revolution will prevail
မိုးငွေ့
No comments:
Post a Comment