ချစ်သော... အိန်ဂျယ်.,,,
အရှေ့ပို့စ်မှာတုန်းက ကိုယ်ပျော်ပါတယ်လို့ပြောတာ တကယ်မဟုတ်ဘူး ကိုယ်ညာတာ....။
ခုရက်ပိုင်း မနက်လင်းလို့ နိုးလာတာနဲ့ စိတ်ထဲမပျော်ဘူး....။ လူကြီးတွေမကြာခဏပြောသလို ရင်ထဲမကောင်းဘူး နေလို့မပျော်ဘူးဆိုတဲ့ ခံစားမှုမျိုးကို ကိုယ်နားလည်လာသလိုပဲ....။ အိပ်ရာနိုးနိုးချင်း ကိုယ့်ကိုယ်ကို အသက်ရှင်သန်ခွင့်တစ်ရက်ထပ်ရလို့ ကျေးဇူးတင်ဖို့မမေ့အောင်နေတယ်....။ အသက်ကြီးလာရင် အချိန်ပိုတွေအတွက် ဘာလုပ်မယ်ညာလုပ်မယ်လို့ စဉ်းစားထား ဟစ်ကြွေးထားပေမယ့် ခုကတည်းက ဘာမှလုပ်စရာမရှိရင်စာဖတ်မယ်ဆိုတဲ့ ပထမဆုံးတေးထားတာလေးကိုတောင် ဖြစ်အောင်မလုပ်နိုင်ဘူး စာအုပ်ကောက်ကိုင်လိုက် ဖတ်မယ်ဆို ဖတ်ချင်စိတ်ကမရှိဘူးဖြစ်နေတယ်....။ စိတ်ဝင်စားစရာ ကိုယ့်အတွက် ထွေထွေထူးထူးမရှိဘူးဖြစ်နေတယ်...။ ညနေအလုပ်ဆင်းရင် ဟိုဆိုင်သွားထိုင်မယ် ဒီဆိုင်သွားစားမယ်ဆိုတာတွေကလည်း စိတ်ကူးပဲရှိတယ် တကယ့်လက်တွေ့ကျ သွားရမှာ တစ်ယောက်ထဲဖြစ်နေလို့ ဝေးလို့ ကားကြပ်လို့ စတဲ့အကြောင်းပြချက်တွေ တစ်သီကြီးနဲ့ အိမ်ထဲကအိမ်ပြင်မထွက်ဖြစ်ပြန်ဘူး....။ နီးနီးနားနား ရုံးဆင်းပြီးရင် ရေကူးမယ်ဆိုတာတောင် သုံးလလောက်ရှိပြီ ခုထိ မကူးဖြစ်သေးဘူး....။ ကိုယ်လက်လှုပ်ရှားမှုအတွက် အိမ်ရှေ့ ကော်ရစ်ဒါလေးမှာပဲ သီချင်းလေးနားထောင်ပြီး ခေါက်တုန့်ခေါက်ပြန် နာရီဝက် တစ်နာရီလောက်လျှောက်ဖြစ်တယ်ဆိုတော့ မဆိုးပါဘူး ဒါလေးတစ်ခုကိုတော့ ကိုယ်လုပ်ဖြစ်နေတယ်....။
ခန္ဓာကိုယ်အတွက် ပျော်ရွှင်စေမယ့်ဓါတ်တစ်ခုခုလိုနေတယ်လို့ ကိုယ်ထင်တယ် ...ချောကလက်လိုမျိုး အချိုဓါတ်တစ်ခုခုချို့တဲ့နေသလားပဲ...။ ခက်တာက ကိုယ်က ချောကလက်မကြိုက်တဲ့သူ အဲ ဒါပေမယ့် M&M လိုရောင်စုံချောကလက်တော့ ကိုယ်ကြိုက်တယ်...။ ပြီးတော့ ချောကလက်ဆော့စ်ပါတဲ့ မိုခါးကော်ဖီသောက်တယ်...။ ကော်ဖီဆိုင်လေးဘာလေးသွားထိုင်ဦးမယ်...။ နောက်ပိုင်း တစ်လတစ်ခါပဲ သူငယ်ချင်းတွေနဲ့ချိန်းပြီး ကော်ဖီဆိုင်ထိုင်ဖြစ်တာ ကိုယ့်ဟာနဲ့ကိုယ်ကျတော့ မထိုင်ဖြစ်တော့ဘူး....။ Loneliness ဖြစ်ခြင်းရဲ့ ဝေဒနာက မသေးဘူးပဲ...။ အသက်ရလာတာနဲ့အမျှ နေတတ်ဖို့ တော်တော်အရေးကြီးတယ်ဆိုတာတွေ့လာရတယ်...။ လောကမှာ မနေတတ်ရင် တစ်နေ့တစ်ခြား ပျော်စရာတွေက ကင်းမဲ့လာတယ်...။ ဘယ်လိုအရာမျိုးဖြစ်ဖြစ် ကိုယ့်စိတ်ကို ပျော်အောင်လုပ်လို့ရတာ အကုန်လုပ်ချင်တယ် ခုချိန်မှာ....။ လူတစ်ယောက်အတွက် ပျော်ရွှင်မှုက အဓိကလိုအပ်ချက်ပဲ မပျော်တော့ဘူးဆိုရင် နေရတာ ဘာအဓိပ္ပါယ်မှမရှိတော့ဘူးပဲ...။ အရင်ကဆို အစားကောင်းစားရရင်ပျော်တယ်....။ အချိုတွေစားရရင်ပျော်တယ်....။ အချိုကလည်း လိုတာထက်ပိုစားလို့မဖြစ်ဘူးမဟုတ်လား သူက အိုမင်းရင့်ရော်မှုကို အားပေးသလို ကင်ဆာဆဲလ်တွေကိုလည်း အားပေးတယ်လေ...။ ဘာပဲဖြစ်ဖြစ် အချိုလေးစားရရင်တော့ ကိုယ်ပျော်မယ်ထင်တယ်....။ ဒီရက်ပိုင်း ကိုယ့်ကို အုန်းကပ်စေးနှဲလာကျွေးမယ့်သူရှိတယ် ...။ ကိုယ့်မျှော်လင့်ချက်ကို ပုံပြင်တစ်ပုဒ်လုပ်မသွားလောက်ဘူး ထင်တာပဲ...။
ကိုယ့်အတွက် အက်ဆေးတစ်ပုဒ်ရေးရတာ ကော်ဖီတစ်ခွက်ထိုင်သောက်ပြီး သီချင်းနားထောင်နေရတဲ့အချိန်ဟာ အပျော်ရွှင်ဆုံးအချိန်လို့တောင်ပြောလို့ရနေပြီ....။ နယ်မှာနေတုန်းက ကလေးဘဝ အပူအပင်မရှိစဉ်ကတော့ ဘယ်ချိန်မဆို ပျော်ရတယ်လို့ထင်ခဲ့တယ်....။ ဘာမှလည်း သိပ်မတွေးတတ်သေးတဲ့အချိန်ကိုး...။ အိမ်နဲ့ဝေး အဖေအမေနဲ့ဝေး မိသားစုမောင်နှမနဲ့ဝေးတဲ့အချိန်ကစပြီး... အရာရာကိုအကြောက်လွန်တဲ့ Panic အမြဲရှိနေခဲ့တယ်...။ လူတွေနဲ့စကားပြောရမှာကြောက် တွေ့ရမှာလည်းကြောက် ဖုန်းပြောရမှာလည်းကြောက် နေရာတကာကြောက်နေတော့တာပဲ....။ ကိုယ်မှတ်မိသလောက် ကိုယ့်မှာ ငယ်စဉ်ကတည်းက Social Phobia လိုမျိုးရှိတယ်...။ ဟိုးအတွင်းပိုင်းမှာ ပုန်းအောင်းနေတဲ့ စိတ်ဒဏ်ရာတစ်ချို့ရှိတယ်...။
ခုကိုယ်ခံစားနေရတာ စိတ်ကျရောဂါ အမျိုးမျိုးတွေထဲက တစ်မျိုးပါဝင်နေပြီလား...။ ခပ်ပါးပါးလေးစတင်နေပြီလား....။ ဒီပုံစံနဲ့ရှေ့ဆက်ရင် ကိုယ့်စိတ်အခြေအနေကို စာနဲနဲတော့ဖတ်ကြည့်ရတော့မယ်ထင်တယ်...။ လောလောဆယ်တော့ စိတ်တည်ငြိမ်အောင်စုစည်းဖို့ Meditation လုပ်ရင်း ကိုယ့်စိတ်ကိုယ်ကုစားလို့ရသေးမယ်ထင်တယ်....။ ညအိပ်မပျော်တာမျိုးမဖြစ်လို့ တော်ပါသေးရဲ့.....။
ခုချိန်မှာ Hot lemon tea နွေးနွေးလေးတစ်ခွက်နဲ့ Bite size မုန့်လေးစားလိုက်ရရင်လည်း နေလို့ကောင်းသွားမှာထင်တယ်...ခဏပေါ့....။ တောင်းပန်ပါတယ် အိန်ဂျယ် ...မင်းကို ကိုယ် အမြဲတမ်း မပျော်ရွှင်ခြင်းတွေကိုပဲ သယ်ဆောင်လာပေးမိ.....။
Still flying.....
Still loving.....
Revolution will prevail
မိုးငွေ့
No comments:
Post a Comment