Friday, 2 September 2022

ဗုဒ္ဓနှင့်ကော်ဖီသောက်ခြင်း.....

 



နောက်ပိုင်း ကျမ ဘာသာပြန်စာအုပ်တွေဝယ်ဖတ်ဖြစ်နေတာ့ မင်းသန့်ဟန်ရဲ့ ဗုဒ္ဓနဲ့ကော်ဖီသောက်ခြင်း စာအုပ်ကို ခေါင်းစဉ်မြင်ပြီးကတည်းက စိတ်ဝင်စားလို့ဝယ်လိုက်တာ...။ JOAN DUCAN OLIVER ရဲ့ COFFEE WITH THE BUDDHA ကို ဘာသာပြန်ထားတာ...။ ကျမ ဒီစာအုပ်ကိုဖတ်လို့မပြီးသေးပါဘူး ဒီစာအုပ်အကြောင်းအရာတွေက ဗုဒ္ဓနဲ့ကိုယ်ရေးရာဇဝင်ဇာတ်ကြောင်းနဲ့ ဗုဒ္ဓကိုယ်တော်တိုင်ရှာဖွေတွေ့ရှိခဲ့တဲ့ နည်းလမ်းတွေရဲ့ အဓိကအချက်လက်တွေကို ကောက်နုတ်ပြီး စာရေးသူက သူဖတ်မှတ်လေ့လာထားတာတွေ ပြန်လည်ရေးသားဖော်ပြထားတာပါ...။ ဒီကော်ဖီက သုံးခွက်မြှောက်ကော်ဖီလို့ပြောတယ် အရှေ့က ကော်ဖီနှစ်ခွက်ကိုတော့ ပြန်ရှာဖတ်ရမယ်ထင်တယ်...။


ဘာသာပြန်သူအမှာ

Facebook ပေါ်မှာ အရေးကိစ္စတွေ အများကြီးထဲက နည်းနည်းပိုတွေ့မိလာတာက ဗုဒ္ဓဘာသာနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ပြဿနာတွေပါပဲ...။

ဗုဒ္ဓဘာသာလို့ အလွယ်သုံးလိုက်ပေမယ့် တကယ်တော့ ဗုဒ္ဓဘာသာဟာ ဘာသာတရားတစ်ခု မဟုတ်သလို အယူဝါဒတစ်ခုလည်း မဟုတ်ပါဘူး...။ ဘယ်အချိန်ကစပြီး ဗုဒ္ဓဘာသာရယ်လို့ သုံးခဲ့သလဲဆိုတာ မသိပေမယ့် ဘာသာတရား (Religion) တော့မဟုတ်ခဲ့ပါဘူး....။

တကယ်တော့ ဗုဒ္ဓရဲ့ သွန်သင်ချက်အားလုံးဟာ ဘဝအတွက် လမ်း (The Way Of Life) တစ်ခုပါပဲ....။ ဗုဒ္ဓဟာ ကိုးကွယ်ရာဘာသာအဖြစ် တည်ဆောက်ခဲ့တာမဟုတ်ဘဲ ကျင့်ကြံလိုက်နာဖို့အတွက် နည်းလမ်းတွေနဲ့ တည်ဆောက်ထားခဲ့တာပါ...။

ဒါပေမယ့် သွန်သင်ချက်တွေကို သိနားလည်ထားတဲ့ ရဟန်းတွေက ပြန်လည်ပို့ချတဲ့အခါမှာ ပြဿနာနည်းနည်းရှိလာပါတယ်...။ များသောအားဖြင့် ရဟန်းတွေဟာ ဗုဒ္ဓရဲ့ သွန်သင်ချက်တွေကို ဘာသာရေးဆန်ဆန် ပို့ချတတ်ကြပါတယ်..။ ဒါဟာ သင်ကြားရေးနည်းစနစ်ပိုင်းမှ ပြဿနာရှိနေတာ ဖြစ်နိုင်သလို သင်ကြားခံသူတွေရဲ့ အချိန်အခက်အခဲကြောင့်လည်း ဖြစ်နိုင်ပါတယ်...။

နောက်တစ်ခုက မြန်မာတွေရဲ့ ငယ်စဉ်ကလေးဘဝ ဖြတ်သန်းမှုကို ကြည့်ရင် မိဘတွေ ဒါမှမဟုတ် အဘိုးအဘွားတွေက သူတို့မလုပ်စေချင်တဲ့အရာတွေနဲ့ ကြုံလာပြီဆို "အဲဒါ ငရဲကြီးမယ်" ဆိုပြီး တတွင်တွင်ပြော့လေ့ရှိကြတယ်...။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဗုဒ္ဓရဲ့ အငွေ့အသက်တွေ လွှမ်းမိုးထားတာကို တွေ့နိုင်ပါတယ်..။  လူနေမှုဘဝ ယဉ်ကျေးမှု အနုပညာ နိုင်ငံရေး စတဲ့အရာအားလုံးပါပဲ...။ အဲဒီလို အခြေအနေမှာ အဓိကအားဖြင့် မိဘက သားသမီးကို ကိုင်တွယ်တဲ့အခါ ပြောမရတဲ့အဆုံး နောက်ဆုံးထုတ်သုံးလာတဲ့ လက်နက်က ဘာသာရေးဆန်တဲ့ စကားတွေနဲ့ ခြိမ်းခြောက်မှုတွေပါပဲ...။

နောက်တစ်ချက်က ဗုဒ္ဓရဲ့ သွန်သင်ချက်တွေကို ရေးထားတဲ့စာတွေကို ဖတ်ရှုဖို့ ဘာသာစကားအတော်လေး အကန့်အသတ်ရှိခဲ့တယ်... အခက်အခဲရှိခဲ့တယ်....။ အခုနောက်ပိုင်းမှသာ မြန်မာဘာသာစကားနဲ့ ဖတ်လို့ရလာတာပါ...။ ဖတ်လို့ရဘာတော့လည်း စာအုပ်အရေအတွက်က အများကြီးဘယ်ကနေ စဖတ်ရမလဲ...။

တစ်နည်းအားဖြင့် ဒါတွေဟာ The Way Of Life ကနေ Religion အဖြစ်နားလည်ပြီး နတ်ဘုံတွေ ငရဲဘုံတွေ စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့မှာ ဘာမှ အသုံးမဝင်တဲ့ဘာသာ စသဖြင့် ဗုဒ္ဓရဲ့သွန်သင်ချက်တွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ပြဿနာတွေ  ဖြစ်လာရပါတော့တယ်...။

ဘာသာရေးဆိုတဲ့ ဝေါဟာရက အနှစ်သာရအားဖြင့် ပြန်လည်ပေါင်းစည်းခြင်းကို ဆိုလိုပါတယ်..။ Religion ဟာ လက်တင်ဝေါဟာရ Religio ကနေဆင်းသက်လာတာပါ...။ Religio ဟာ Re နဲ့ ligare တို့ကနေ ဆင်းသက်လာပြီး Re ဆိုတာ ပြန်လည် ဒါမှမဟုတ် တစ်ဖန်လို့အဓိပ္ပါယ်ရပါတယ်...။ Ligare ကတော့ စုစည်းခြင်း ပေါင်းစည်းခြင်းကို ဆိုလိုပါတယ်....။

အဲဒါကြောင့် Religion ဟာ လူသားနဲ့ ဘုရားတို့ရဲ့ ပေါင်းစည်းမှုကို ရည်းညွှန်းတာပါ...။ ဒီနေရာမှာ ဘုရားလို့ သုံးနှုန်းခြင်းဟာ ဖန်ဆင်းရှင်ထာဝရဘုရားလို့ ဆိုလိုပါတယ်...။ ဒီတော့ Religion ရဲ့ အနှစ်သာရမှာ လူသားနဲ့နတ်ဘုရား ဒါမှမဟုတ် ဘုရားရဲ့ အဆုံးအမတွေနဲ့ ပေါင်းစည်းဖို့ တစ်သားတည်းဖြစ်ခြင်းကို ဆိုလိုပါတယ်...။ ဒါဟာ လူသားတွေအနေနဲ့ ဘုရားရဲ့ အဆုံးအမကို တိတိကျကျ လိုက်နာခြင်းသဘော ဖြစ်ပါတယ်...။

ဘာသာရေးကို‌လေ့လာချဉ်းကပ်ရာမှာ အထင်ရှားဆုံး သီအိုရီ သုံးခုရှိပါတယ်...။

၁။ အသိဉာဏ်အားဖြင့် ချဉ်းကပ်မှု (Intellectualist Approach)

၂။ သင်္ကေတအားဖြင့် ချဉ်းကပ်မှု(Symbolist Approach)

၃။ ပုံစံအားဖြင့် ချဉ်းကပ်မှု(Structuralist Approach)


ဗုဒ္ဓပြောခဲ့တာကို ခြုံကြည့်ရင် အကျိုးအကြောင်း နိယာမ (Law Of Kamma) အသေးစိတ်လွန်းတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွေ လူ တိရစ္ဆာန် အပင် စတဲ့ သက်ရှိအားလုံး ဟန်ချက်ညီမျှစွာ ရှင်သန်နိုင်ဖို့ နည်းလမ်းတွေ လူသားအားလုံးဘဝမှာ ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်ဖို့နည်းလမ်းတွေ စသဖြင့် တွေ့နိုင်ပါတယ်...။ ဒါတွေအားလုံးဟာ ဘယ်သူ့အတွက်ပဲဆိုပြီး အကန့်အသတ် မလုပ်ထားပါဘူး..။ သဘောက ဝိတ်ကျပြီး ကျန်းမာစေမယ့်နည်းလမ်းက ဒါပဲဆိုပြီး လမ်းညွှန်ထားတယ်...။  အဲဒါနည်းလမ်းကို ဘယ်သူမဆို လုပ်လို့ရတယ်ဆိုတဲ့ သဘောပါပဲ...။

သမနန္တရပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော စသဖြင့် ရွတ်ဆိုကြတာကို ကြားဖူးမယ် ထင်ပါတယ်...(ဘုရားစာတွေပေါ့ ဒါတွေကိုရွတ်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်ပေါ့လေ) လက်တွေ့ဘဝမှာတော့ ကျနော်တို့တွေဟာ ကိုယ်နဲ့ ရင်းနှီးတဲ့ သူတွေလောက်ပဲ ဂရုစိုက်ကြပါတယ်...။ ကျန်တဲ့သူတွေအပေါ် ဘာဖြစ်ဖြစ် ဂရုမစိုက်မိတတ်ကြပါဘူး...။ 

ဒါ့အပြင် ပိုက်ဆံရှိသူတွေဟာ ပိုက်ဆံက သူ့ရဲ့အားသာချက်မို့ ရသမျှ သူ့အတွက် အသာစီးရအောင်ယူတယ်...။ ပိုက်ဆံမရှိတဲ့သူတွေကတော့ ရုန်းကန်ရင်းပေါ့...။ ပြီးတော့ သူ့အိမ်လုံခြုံမှုအတွက် ခြံစည်းရိုးခတ်မယ်...။ ဖြစ်ချင်တော့ အပင်ကြီးတစ်ပင်နဲ့ မလွတ်ဘူး...။ ဒါပေမယ့် သူ့စိတ်ထဲမှာ အပင်မရှိလည်း ဘာမှမဖြစ်ဘူးဆိုပြီး အပင်ကို ခုတ်လှဲပစ်တယ်...။ အရာရာဟာ တစ်စစနဲ့ တရားမျှတမှု မရှိဖြစ်လာတယ်...။ ဆိုလိုတာက သူတို့မပါဘဲ ငါနေနိုင်တယ် ဆိုတဲ့ အတွေးတွေ မိလာတယ်...။ ဒီသဘောကို တစ်ဖက်က အလိုမတူတဲ့အခါ ဒါမှမဟုတ် မခံနိုင်တဲ့အခါ ပဋိပက္ခ စဖြစ်လာတယ်....။  တစ်ဖက်က ငါနေနိုင်တယ် ဆိုတဲ့သူက သူ့ရဲ့ မတရားတဲ့ ဆန္ဒကို ဆန့်ကျင်တဲ့ သူတွေကို ဖယ်ရှာချင်လာတယ်...။

ဒီလိုနဲ့ လူ တိရစ္ဆာန် အပင်တွေ အချင်းချင်း အပြန်အလှန်မှီခိုရင်း ညီမျှစွာလည်ပတ်နေတဲ့ ဝင်ရိုးဟာ ကျိုးပြီးဖောက်ပြန်မှုတွေ ဖြစ်လာရတယ်...။ လူသားအချင်းချင်းမှာလည်း စစ်ပွဲတွေ အဓိကရုဏ်းတွေ ဖြစ်လာရတယ်...။

ဒီတော့ ဗုဒ္ဓရဲ့ သွန်သင်ချက်တွေဖြစ်တဲ့ အညမညပစ္စယော သဟဇာတပစ္စယော ဆိုတာကို ဆိုရုံနဲ့ မပြီးဘူး...။ ထိုင်ဆိုနေရုံမျှ ဘာသာတရားမဟုတ်ဘူး...။ ဒီလိုပါပဲ ငါးပါးသီလဆိုတာကလည်း လူသားအချင်းချင်း လေးစားမှုနဲ့ အပြန်အလှန် Social Contract ထားကြတဲ့ အရာတစ်ခုပါပဲ...။ ပါဏာတိပါတဆိုရင် လူသားအချင်းချင်းအပြင် အပင်နဲ့တိရစ္ဆာန်တွေ အပေါ်ကို လေးစားမှုနဲ့ ကတိထားမှုပါ...။ အဲဒီဂတိသာ တည်မယ်ဆို ဂေဟစနစ်လည်း ပိုကောင်းလာမှာပဲ...။

မဂ္ဂင်ရှစ်ပါးဆိုလည်း လူတွေရဲ့နေ့စဉ်ဘဝတွေကို ကောင်းကောင်းမွန်မွန်တည်ဆောက်နိုင်ဖို့ လမ်းတစ်ခုပါပဲ...။ ဘာသာရေးမျက်မှန်နဲ့ တပ်ကြည့်ရင်တော့ သမ္မာသင်္ကပ သမ္မာဒိဌိ သမ္မာအာဇီဝ ဒီလောက်ပဲပေါ့....။ 

အခု ကော်ဖီစီးရီးရဲ့ နောက်ဆုံးကော်ဖီခွက်ဟာ မိတ်ဆွေရဲ့ရှေ့ကိုရောက်လာပါပြီ...။ ဗုဒ္ဓရဲ့ သွန်သင်ချက်တွေနဲ့ ပတ်သက်ပြီး ဗုဒ္ဓနဲ့အပြန်အလှန်ဘာ‌တွေ ဆွေးနွေးကြမလဲ...။

ဒီစာအုပ်ကိုဖတ်ပြီးတဲ့အခါ ကျနော်ရှေ့က ပြောခဲ့သလိုပဲ ဗုဒ္ဓရဲ့ သွန်သင်ချက်တွေဟာ ဘာသာတရား မဟုတ်ဘူး...။ ဘဝအတွက်လမ်း (The Way of Life) ဒီထက်ပိုပြောရရင် အဖန်တလဲလဲ ကြုံဆုံရမယ့်ဒုက္ခကို ရိုက်ချိုးနိုင်တဲ့လမ်းဆိုတာ သိလာပါလိမ့်မယ်...။

ဒါပေမယ့် ဗုဒ္ဓကိုနားလည်ဖို့ ဗုဒ္ဓရဲ့ သွန်သင်ချက်တွေကိုသိဖို့ဆိုရင်တော့ အခု ကော်ဖီတစ်ခွက်ဟာ ချည်လုံးထဲက ချည်တွေကို အစလေးထုတ်ပေးထားရုံပဲ ရှိတာပါ...။

အိန္ဒိယမှာ ရှေးဗေဒကျမ်းတွေကိုလက်ခံတဲ့ဂိုဏ်း (Orthodox)နဲ့ ရှေးဗေဒကျမ်းတွေကို လက်မခံတဲ့ဂိုဏ်း(Non Orthodox)ဆိုပြီး အဓိက ဂိုဏ်းနှစ်ဂိုဏ်း ကွဲပြားနေခဲ့ပါတယ်...။ Non Orthodox မှာ ဗုဒ္ဓနဲ့အတူ ချာဗကဂိုဏ်း (The Chavaka School) ဂျိန်းဂိုဏ်း (The Jaina School)တွေ ပါဝင်ပါတယ်..။ ဆိုလိုတာက ဗုဒ္ဓကို ပိုနားလည်ဖို့ ဗုဒ္ဓရဲ့ သွန်သင်ချက်တွေကို ပိုနားလည်ဖို့ ဆိုရင် ဒါတွေကလည်း လေ့လာသင့်တဲ့ အကြောင်းအရာတွေဖြစ်ပါတယ်...။

နောက်ဆုံးပြောချင်တာက ဒီကော်ဖီဟာ ရှေ့က ကော်ဖီနှစ်ခွက်လို ဘယ်သူမဆို သောက်လို့ရတဲ့ ကော်ဖီတစ်ခွက်ပါ...။ ဘယ့်သူအတွက်ပဲဆိုပြီး ကန့်သတ်ထားတာမရှိပါဘူး..။ ပြီးတော့ ကော်ဖီစီးရီးရဲ့ ကော်ဖီသုံးခွက်လုံးကို မြင်ကွင်းကျယ်ကျယ်ရှင်ရှင်လို ဆက်စပ်ကြည့်စေချင်ပါတယ်...။ အကြောင်းကတော့ မြင်ကွင်းအသစ်တစ်ခုကို မြင်စေချင်လို့ပါ...။

မင်းသန့်ဟန်


@@@@@@@


ကျမကတော့ အရှေ့က ကော်ဖီနှစ်ခွက်ဟာ ဘာကော်ဖီတွေလည်းဆိုတာ မသောက်လိုက်ရတဲ့အတွက် အရသာကိုမသိပါဘူး...။ ကြုံဆုံရင် သွားမြည်းစမ်းကြည့်ပါဦးမယ်လို့...။


__________________
Revolution will prevail
မိုးငွေ့


No comments: