Tuesday, 4 August 2020

ဓမ္မအထွေထွေ မှတ်စုများ(၂)


နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ



ကျွန်မတို့တွေ နေ့စဉ်ဘုရားရှိခိုးရင် ဩကာသ စရွတ်ကြတဲ့အခါ နောက်ဆုံး ဆုတောင်းပိုင်းကျတော့ ကန်တော့ရသောအကျိုးအားကြောင့် အပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါး ရန်သူမျိုးငါးပါး ဝိပတ္တိတရားလေးပါး ဗျဿနတရားငါးပါးတို့မှ အခါခပ်သိမ်းကင်းလွှတ်ငြိမ်းသည်ဖြစ်၍ လို့ဆိုကြတာမဟုတ်လား အဲဒီဆုတောင်းတဲ့ အပါးတွေရဲ့(ရန်သူမျိုးငါးပါးကလွဲပြီး) အနက်အဓိပ္ပါယ်အကုန်လုံးကို ကျွန်မအပါအဝင် မသိကြတဲ့သူတွေရှိကြပါလိမ့်မယ် ....။ အဲဒါကြောင့်အနက်လေးတွေကို ကျွန်မဆီစာလာဖတ်တဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် ပြန်ရေးပြချင်ပါတယ်....။ ငယ်စဉ်ကတည်းက ဘုရားရှိခိုးခဲ့တာ အလွတ်ကျက်ထားတဲ့အတိုင်း ပါးစပ်က ရွတ်နေတာတွေဟာ ဒီတိုင်းရွတ်နေတာထက်စာရင် အနက်အဓိပ္ပါယ်လေးပါသိပြီး လေးလေးနက်နက်ယုံကြည်ပြီး ရွတ်ဆိုတော့ ပိုထိရောက် ပိုပြီးကုသိုလ်ရပါတယ်...။ စိတ်ကအရမ်းအရေးကြီးတာနော်....ဘာပဲလုပ်လုပ် ဘာပဲပါးစပ်ကရွတ်ရွတ် စိတ်ထဲက လေးလေးနက်နက်မပါဘဲလုပ်ရင် အလကားပဲ.....။ ကုသိုလ်ရဖို့တကယ်ဆို ငွေကုန်ကြေးကျခံမှရတာမဟုတ်ပါဘူး စိတ်လေးထားတတ်ရင်ပဲ ကုသိုလ်ကအလိုလိုရတာပါ...။ မနာလိုဝန်တိုစိတ်ကင်းပြီး မုဒိတာတရားများများပွားနိုင်လေ ကုသိုလ်ကရနေတာ ခုခေတ်လို အရာတိုင်း ရလွတ်တတ်လွယ်နေတဲ့အချိန်မှာ အကုသိုလ်ကို ပိုက်ဆံပေးဝယ်သူတွေပိုများများလာတယ်....။ အဲဒါလေးကို ကိုယ်က သတိလေးထားပြီး ဆင်ခြင်နိုင်ရင် ကုသိုလ်ဖြစ်သွားတာပဲ ကုသိုလ်အကြောင်းတွေကို မနှစ်က ဒီပို့စ်မှာရေးဖူးခဲ့ပါတယ်...။


အပါယ်(၄)ပါး

၁။ ငရဲ

၂။ တိရစာ္ဆန်

၃။ ပြိတ္တာ

၄။ အသူရကာယ်


ကပ်(၃)ပါး

(၁) သတ္တန္တရကပ် = လက်နက်ကြောင့် သေကြေပျက်စီးရခြင်း

(၂) ရောဂန္တရကပ် = အနာရောဂါကြောင့် သေကြေပျက်စီးရခြင်း

(၃) ဒုဗ္ဘိက္ခန္တရကပ် = အစာရေစာပြတ်လပ်မှုကြောင့် သေကြေပျက်စီးရခြင်း 



ရပ်ပြစ်(၈)ပါး

(၁၊၂၊၃) ဘုရားပွင့်နေဆဲအခါ ငရဲ ၊ တိရစ္ဆာန် ၊ပြိတ္တာ စသော အပါယ်အရပ် ( အသူတကယ်ကို ပြိတ္တာမျိုး၌ယူ ) ၊

(၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင် ၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိဉာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိဉာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ်တို့အရပ် ၊

(၅) အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စန္တရာဇ်အရပ် ၊

(၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊

(၇) ဘုရားပွင့်ဆဲအခါ တရားနားလည်လောက်သော ဉာဏ်မရှိသူ ၊

(၈) တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း ၊ 


ရန်သူမျိုး(၅)

(၁) ရေ

(၂) မီး

(၃) မင်း

(၄) ခိုးသူ

(၅) မချစ်မနှစ်သက်သောသူ 


ဝိပတ္တိတရား(၄)ပါး

ဝိပတ္တိတရားဆိုသည်မှာ ဖောက်ပြန်ချို့ယွင်းခြင်း၊ ပျက်စီးခြင်းဟု အဓိပ္ပာယ်ရလေ၏။

(၁) ကာလဝိပတ္တိ = မင်းဆိုး၊ မင်းယုတ်အုပ်စိုးသောအခါ ကာလ

(၂) ဂတိဝိပတ္တိ = အပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်၍

(၃) ဥပဓိဝိပတ္တိ = ရူပါအဆင်းအင်္ဂါချို့တဲ့ခြင်း

(၄) ပယောဂဝိပတ္တိ = အသိအလိမ္မာ ဉာဏ်ပညာ၊ သတိဝီရိယမရှိပဲ ပြုမူ ၊ပြောဆို ကြံစည်မူ စသည့်မကောင်းသော အဖြစ်ဆိုးတို့နှင့်လည်းကောင်း ၊ 


ဗျဿနတရား(၅)ပါး

(၁) ဉာတိဗျဿန = ဆွေမျိုးပျက်စီးခြင်း

(၂) ဘောဂဗျဿန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း

(၃) ရောဂဗျဿန = အနာရောဂါဖြစ်ခြင်း

(၄) ဒိဋ္ဌိဗျဿန = မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း

(၅) သီလဗျဿန = သီလပျက်ခြင်း စသောပျက်စီးခြင်းတို့နှင့် ကြုံတွေ့ရခြင်း 


ကိုးကား။       ။ ဝီကီးပီးဒီးယား



မိုးငွေ့

No comments: