Tuesday, 1 October 2019

တရားရှာကိုယ်မှာတွေ့.....




အသက်လေးဆယ်ကျော်တာနဲ့ ခန္ဓာကိုယ်အတွင်းအပြင် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေ ယိုယွင်း ကျဆင်းလာကြတယ်...။ အနှစ်လေးဆယ်လုံးလုံး ခိုင်းစားထားတဲ့ ဒီခန္ဓာကြီး ခံနိုင်ရိုးလား...။ မကြားဖူး မဖြစ်ဖူးတဲ့ ရောဂါဝေဒနာတွေဖြစ်တယ်...။ ဒီနှစ် မိုးတွင်းက ရောဂါဘယထူပြောဆုံးလို့ ဆိုရမလား..။ မိုးရေထိတာနဲ့ ဖျားနာကိုက်ခဲကြတယ်...။ အလုပ်မှာဆို ခွင့်ယူတဲ့သူကလဲ သောက်သောက်လဲ...။ ဖျားတာက ရိုးရိုးတုပ်ကွေးတောင် မဟုတ်ကြတော့ဘူး ဆင်တုပ်ကွေးဖြစ်ကြတယ်..။ ကျွန်မက တော်ရုံ သူများတွေ ဘာဖြစ်ဖြစ် လိုက်မဖြစ်တတ်ဘူး...။ ဖြစ်ရင်လည်း ရောဂါရှာမရတဲ့ဟာမျိုး..။

ဒီကြားထဲ ကျွန်မကိုယ်တိုင် ဘုမသိဘမသိနဲ့ ဆင်တုပ်ကွေးလိုလိုဘာလိုလို ဘာရောဂါမှန်းမသိ ဖြစ်လိုက်သေးတယ်...။ အစကဒီလို...။ ဘယ်ဖက်လက်ဖျံ လက်ကောက်ဝတ်အဆစ် အထက်နားလောက်မှာ ရောင်တာ...။ နဲနဲယားတယ် ရောင်တယ် တခါတခါ တဆစ်ဆစ်နဲ့ ကိုက်သေးတယ်...။ မြန်မာလိုတော့ သွေးမှင်လေမှင်ခေါ်ကြတယ်...။ ဒါပထမဆုံးဖြစ်ဖူးတာ မဟုတ်ဘူး လွန်ခဲ့တဲ့ လေးငါးနှစ်တုန်းက တစ်ခါ၊ မနှစ်က တစ်ခါဖြစ်ဖူးခဲ့တယ်...။ ပထမဆုံးအကြိမ်ဖြစ်တုန်းကလည်း ဘယ်ဖက်လက်ဖျံရောင်တာပဲ...။ သုံးခါစလုံး ဘယ်ဖက်လက်ပဲဖြစ်တာ ညာဖက်လက်က တစ်ခါမှ မဖြစ်ဘူး...။ ပထမကြိမ်ဖြစ်တုန်းက လက်ကောက်ဝတ်ကို တအားလာကိုင်ရင်နာတယ် ရောင်တာက နဲနဲပဲ...။ အိမ်နားက GP ဆရာဝန်ကိုသွားပြတော့ မှတ်မိသလောက်တော့ အလာဂျီဆေးပေးတယ် အဆိပ်ဖြေဆေး တစ်မျိုးပေးတယ် သွေးစစ်ခိုင်းတယ် အဲတုန်းက သွေးတွင်းဆီများတာတို့ ဘာတို့မဖြစ်ဘူး...။ အဲဒါနဲ့ အဲတုန်းက ဆရာဝန်ပေးတဲ့ ဆေးငါးရက်စာသောက်ပြီး သူ့ဘာသာသူ ပျောက်သွားတယ်...။  မနှစ်တုန်းကတော့ ဘယ်ဖက်လက်မှာပဲထပ်ဖြစ်တယ် လက်ဖျံတော့မဟုတ်ဘူး တံတောင်ဆစ် အပေါ်လက်မောင်သား အောက်ဖက်မှာ ယားပြီး ရောင်တယ်...။ အဲဒါလည်း တစ်ရက်နှစ်ရက်နဲ့ပျောက်သွားလို့ ဘာဆေးမှတောင် မစားလိုက်ရဘူး...။

ဒီနှစ်ဖြစ်တာကမှ ထူးထူးဆန်းဆန်းတွေ....။ လက်က တစ်ပတ်ရောင်ပြီး တစ်ပတ်လောက်ပြန်ပျောက် ပြန်ဖြစ်နဲ့ သုံးခါရှိပြီ...။ အထွေထွေအထူးကုနဲ့ပြတယ် သူတို့လည်း ဘာမှန်းရေရေရာရာမသိတော့ စီဗစ်နဲ့ အရောင်ကျဆေးပဲပေးတယ်...။ အယားပျောက်ဆေးပေးတယ် ဒါပဲ...။ ဒါနဲ့ ဆရာမကြီးကို သွေးစစ်ဖို့ လိုလားလို့ အထွန့်တက်ကြည့်တော့ သူ သွေးတွင်းဆီများ မများကို အကုန်စစ်ခိုင်းတယ်...။ ယူရစ်အက်ဆစ် တက်တယ် ကျန်တာအကုန်ကောင်း...။ အဲဒါနဲ့  ခရမ်းသီး ခရမ်းချဉ်သီး မျှစ် မှို စတော်ဗယ်ရီ နဂါးမောက်သီး အဲဒါတွေပဲ ရှောင်ခိုင်းတယ်...။ မလေးရှား ကေဘီက သူငယ်ချင်းက နေလနည်းနားလည်တော့ သူ့ကို အကူညီတောင်းကြည့်တာ “အစ်မ အဲဒါ သွေးမှင်လေမှင်ဖြစ်တာ အင်္ဂလိပ်နည်းနဲ့မရဘူး မြန်မာနည်းနဲ့ကု...”တဲ့...။ အင်္ဂလိပ်ဆရာဝန်တွေက သူတို့ကို သွေးမှင်လေမှင်လို့ သွားပြောလည်း စိတ်မဝင်စားသလို ဘာမှပြန်မဖြေဘူး...။ သူတို့ဆေးဖက်ဆိုင်ရာမှာ ဒီလို အသားရောင်တာ ဘာကြောင့်ဖြစ်တယ်ဆိုတာကို ရှိကိုမရှိတာ...။ 

သူငယ်ချင်းကတော့ ကျွန်မကို တောင်နံကတိုးသွေးလိမ်းခိုင်းတယ် ဆားကြပ်ထုပ်ထိုးခိုင်းတယ်...။ အဲနေ့က ခွင့်ယူပြီး အိမ်မှာနားတာ မှန်သွေားတယ်...။ ညကတည်း လက်ဆစ်တွေ ကိုက်တာဆိုတာ လုံးဝမခံနိုင်ဘူး...။ သူများတွေပြောတော့ ဆင်တုပ်ကွေးဆိုတာ အဆစ်တွေ အကုန်ကိုက်တယ် ပြောကြတယ်...။ ကိုယ့်အလှည့်ကျ ညာဖက် တံတောင်ဆစ်ပဲ မခံမရပ်နိုင်အောင်ကိုက်တာ...။ ညအိပ်မရတော့ ဆေးတစ်လုံးသောက်လိုက်မှ သက်သာပြီး အိပ်ပျော်သွားတယ်...။ မနက်လင်းလို့ အိပ်ယာထတော့ ခြေလက်တွေလေးလံပြီး တောင့်တောင့်ကြီး ဖြစ်နေတယ် လမ်းသေချာ မလျှောက်နိုင်ဘူး...။ လက်က တစ်ဖက်ကရောင် တစ်ဖက်ကကိုက်တော့ မျက်နှာတောင်ကောင်းကောင်း မသစ်နိုင်ဘူး...။ အဲနေ့က ကိုယ့်ဘာသာကိုယ် အိမ်မှာရှိတဲ့ ဆားကို အဝတ်ပါးစလေးနဲ့ထုပ်ပြီး ရောင်တဲ့ နေရာကို ကြပ်ထိုးတယ်...။ တောင်နံကတိုးက ညနေမှဝယ်လို့ရလို့ ညဖက်လိမ်းပြီးအိပ်တယ်...။ နောက်နေ့တော်တော်သက်သာသွားတယ်...။ နောက်နေ့တွေ ရက်ဆက်တိုက် အနီစက်ဖုလေးတွေေ ပေါက်လာတယ် မျက်နှာကနေ ခြေဖမိုးထိ အကုန်ထွက်တာ...။ အဲကျမှ ဆင်တုပ်ကွေးမှန်းသိတယ်...။ အဖျားကမှမရှိတာလေ ဘယ်ရိပ်မိပါ့မလဲ...။ တကယ်ကြီးလုံးဝကို မဖျားတာ...။. အနီစက်တွေပေါက်ပြီးတော့ ခံတွင်းမှာ အပူကြွလို့ အစားကောင်းကောင်းမစားနိုင်ဘူး...။ ဗီတာမင်ဘီတူး တစ်နေ့နှစ်လုံးသောက်တာတောင် တစ်ပတ်လောက်ကြာတယ်...။

ခု ဒီနှစ်ရဲ့ သုံးကြိမ်မြောက်လက်ရောင်တာကို ဆေးခန်းမပြချင်တော့လို့ ဆေးဆိုင်ကနေ လုပ်ပြီးသား ဆားကြပ်ထုပ်ဝယ်လိုက်တယ်...။ တကယ်သူ့နည်းက ရေနွေးဆူ အိုးဖုံးပေါ်မှာ မစိုစေဘဲ ခံနိုင်သလောက် အပူခံပြီး ကြပ်ထိုးရတာ....။ ဆားခါးကြပ်ထုပ်လို့မေးဝယ်လို့ရတယ်...။ ဆားခါးကို ရေနွေးနဲ့ဖျော်ပြီး ရေချိုးပေး ခြေထောက်စိမ်တာတို့လုပ်ပေးရင် ပိုကောင်းတယ်တဲ့...။ တကယ်တမ်း ဒါနဲ့လည်းမတိုးပါဘူး လက်က ရောင်မြဲရောင်ဆဲ ကျမသွားဘူး ဘယ်လက်ဖမိုးကနေ တတောင်အောက်နားထိက ပြေးနေတာ ဒီနေ့ လက်ဖျံရောင်မယ် နောက်နေ့လက်ဖမိုးရောက်ချင်ရောက်သွားရော...။ အဲဒါနဲ့ အထူးကုဆရာမကြီးဆီ ပြန်သွားတယ် ထုံးစံအတိုင်း ရင်ကျပ်လား အဖုအကျိတ်တွေထွက်လား မေးတယ် သွေးချိန် ပေါင်ချိန် နားကျပ်နဲ့နားထောင် အရောင်ကျဆေး နဲ့ ဒီတစ်ခါ ယူရစ်အက်ဆစ်ကျတဲ့ဆေးပါ ထည့်ပေးတယ် အဲဒီဆေးတွေကို ဗိုက်တာမင်စီတစ်လုံးနဲ့တစ်နေ့နှစ်ကြိမ်တွဲသောက် နှစ်ပတ်နေ ပြန်လာပြတဲ့...။

သူနဲ့ပြပြီး တစ်ပတ်ကြာတဲ့အထိ အဲလိုပဲ ရောင်နေသေးတာနဲ့ တစ်နေ့တစ်နေရာြပောင်းရင် သက်သာမလာဘူး...။ ရုံးမှာ ကျွန်မကို အမြဲတရားအကြောင်းပြောပြတတ်တဲ့ အန်တီကြီးတစ်ယောက် ရှိတယ်...။ အဲဒီအန်တီက အရင်က ဆရာဝန်ပဲ ခုအငြိမ်းစားသွားလို့ သူ့ကို သမီးလက်က ဒီလိုပဲလို့ပြောပြတော့ သူက အကြောတွေပိတ်နေတာလို့ပြောတယ် Limpid block ဖြစ်တာတဲ့...။ လူတွေရဲ့ ခန္ဓာကိုယ်မှာ ဓါတ်ကြီးလေးပါးနဲဖွဲ့စည်းထားတဲ့အထဲမှာ သွေးကြောဆိုတာ တေဇောဓါတ်...။ ပထဝီ တေဇော အာဘော ဝါယော ဓါတ်ကြီးလေးပါး ညီညွှတ်မျှတမှ ကျန်းမာမှာ...။ ဒါကြောင့်လူတစ်ယောက်ကို လူလို့မမြင်ဘဲ ဓါတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတာလို့မြင်တတ်ရင် မောဟပြုတ်ပြီပေါ့..။ ဒါက တရားအနေနဲ့ကြည့်တာကိုပြောပြတာ...။ အန်တီက စင်တာတစ်ခုမှာ နိုင်ငံခြားက လာဖွင့်တဲ့ လျှပ်စစ်ဖျာထိုင်ခုံမှာ သွားစမ်းထိုင်ကြည့် သူက ဘေးနာမှာ လေသန့်စက်ထားပေးပြီး ကိုယ်ကထိုင်ရုံပဲ အဲဒီဖျာကတစ်ဆင့်လွှတ်ထားတဲ့ လျှပ်စစ်ဓါတတွေက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပိတ်နေတဲ့သွေးကြေတွေ ဆဲလ်အသေတွေ မကောင်းတဲ့ဆဲလ်တွေကို ပြုပြင်ပေးတယ် ဖွင့်ပေးတယ်တဲ့...။

ဒါနဲ့ အဲဒီစင်တာမှာ စာရင်းသွားပေးပြီး နာရီဝက်ထိုင်ကြည့်တယ် ပိုက်ဆံပေးစရာမလိုဘူး အခမဲ့...။ အားလုံးလာထိုင်တဲ့သူတွေက အသက်ကြီးကြီး အဖိုးဖွားတွေများတယ် လေဖြတ် လေငန်းဆွဲဖူးသူတွေ အကြောမကောင်းတဲ့ သူတွေများတယ်...။ ကျွန်မတစ်ယောက်ထဲ လက်ရောင်တယ်ဆိုလို့ မှတ်တမ်းလာယူတဲ့ ကောင်လေးမျက်နှာက နဲနဲထူးဆန်းသွားတယ်...။ ဘာလို့ရောင်တာလဲ ခိုက်မိလို့လားတဲ့...။ ဟင့်အင်း သွေးမှင်လေမှင်လို့ထင်တာပဲလို့ဖြေတော့ သူက နားမလည်သလို ကြောင်တောင်တောင် အမူအရာနဲ့ လျှပ်စစ်ဖျာပေါ်ထိုင်ရင် ရေသန့်တစ်လီတာဗူးကို ထိုင်နေတဲ့ နာရီဝက်အတွင်း အကုန်သောက်ရမယ်တဲ့ မကုန်လဲရတယ် ကုန်ရင်တော့အကောင်းဆုံးပေါ့..။ စထိုင်တာနဲ့ ရှင်းပြတဲ့ ကောင်လေးနဲ့ လာထိုင်တဲ့သူတွေ အပြန်အလှန်နှုတ်ဆက်ရတယ် ပထမဆုံး လက်အုပ်ချီ မင်္ဂလာပါ Good Morning လို့နှုတ်ဆက်ပြီး လက်နှစ်ဖက်ကို အပေါ်မြှောက်ဆန့်ပြီး ဝါကီဝါကီလို့ အော်ရတယ်...။ ဟာ... တော်တော်ကြောင်တဲ့ အလုပ်ပဲ...။ အဲလိုအသံကျယ်ကျယ်လေး ဖွင့်အော်လိုက်တာကိုက အတွင်းထဲက ပျော်ရွှင်ကြည်နူးစိတ်တွေကို ဖြစ်ပေါ်စေတယ်လို့ ပြောတယ်...။ အဲဒါကိုကြည့်ပြီး နောက်နေ့တွေ ဆက်မထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်..။ အမှန်တော့ ဒါမျိုးက လုပ်ရိုးလုပ်စဉ်တွေပါပဲ.. ဘာမှမထူးဆန်းဘူး..။ အဲမှာ အရှေ့ကနေ ရှင်းပြတဲ့ ကောင်လေးက လျှပ်စစ်ဓါတ် တကယ်လွှတ်မလွှတ်ကို စမ်းသပ်ပြပါတယ်...။ ဖျာပေါ်ထိုင်တဲ့သူရဲ့ လက်သီးဆုပ်ကို သူလက်နဲ့ထိတော့ ဓါတ်လိုက်သလို ခံစားရတယ်...။ အဲဒါ လျှပ်စစ်လှိုင်းရှိနေတာကို သက်သေပြတာ...။ ကိုယ်က ရေကို တစ်နေ့ သုံးလီတာရအောင် သောက်နေကျဆိုတော့ နာရီဝက်အတွင်း သူများတွေ 300ml ဗူးသေးသေးလေးပဲ ကုန်တဲ့ အချိန်မှာ ကျွန်မက တစ်လီတာ အကုန်ကုန်အောင်သောက်တယ်...။

ခုနှစ်တန်း ရှစ်တန်းလောက်တုန်းက ဒူးဆစ်တွေကိုက်ဖူးတော့ တရားဘယ်လိုထိုင်ရတယ်ဆိုတာ စနစ်တကျမသိပေမယ့် ဝင်လေထွက်လေမှတ်ရင်း ကိုယ့်ဘာသာကိုယ်ကုခဲ့ဖူးတယ်...။ အဲတုန်းက သိသိသာသာပျောက်သွားတယ်....။ ခုလည်း ဆေးမတိုး ဘာမှန်းမသိတဲ့အတူ တရားမှတ်ကြည့်မယ်လို့ ဆုံးဖြတ်ပြီး လုပ်ကြည့်တယ်...။ တကယ်တော့ စိတ်နဲ့ကုတာလောက် ဘာမှမစွမ်းဘူး...။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရမယ် အဲဒါအရေးအကြီးဆုံးအချက်ပဲ..။ သြော်... ရုံးက ဆရာဝန်အငြိမ်းစားအန်တီက ကျွန်မကို ရေခဲကပ်ကြည့်ပါလားလို့ ပြောတာကို သတိရလို့ ဆေးအရောင်းဆိုင်မှာ Ice Pad လေးတစ်ခု ဝယ်ပြီး ရေဖြည့် အခဲခံပြီး ရောင်တဲ့ နေရာ ကပ်ကြည့်တာ ...... နောက်ဆုံး တရားမှတ်တာနဲ့ ရေခဲကပ်တာ လုပ်တာ နှစ်ရက်နဲ့ လုံးဝပျောက်သွားတယ်...။

လူတွေအတော်များများဟာ ကိုယ်ကျန်းမာနေရင် ကိုယ့်ကိုယ်ကို မေ့နေတတ်ကြတယ်...။ ခလုတ်ထိမှ အမိတတတ်ကြတယ် ကျွန်မကိုယ်တိုင်အပါအဝင်ပါပဲ...။ ခုခေတ်က ထစ်ခနဲဆို ဘာကင်ဆာ ညာကင်ဆာဖြစ်ကြတယ်...။ အဲလို ရောဂါကပ်ဆိုးကြီးမဖြစ်ရလေအောင် လုပ်ဆောင်ရမှာက လွယ်လွယ်လေးပဲ ဒါပေမယ့် အဲဒီလွယ်လွယ်လေးကိုပဲ လူတွေက မလုပ်နိုင်ကြဘူး လုပ်ဖို့မေ့နေတတ်ကြတယ်...။ ပြီးတော့ အဲဒီအချက်ကို လုပ်ဖို့ကလည်း ဒီခေတ်အခါရဲ့ ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုကြောင့် မြို့ပြနေလူတွေက ပိုလို့မလုပ်နိုင်ကြဘူး...။ အဲဒါကတော့ အောက်ဆီဂျင်ကို ၀၀ရှူဖို့ပါပဲ..။ ကျွန်မတို့တွေ နေ့တဓူ၀ လှုပ်ရှားသွားလာနေပေမယ့် အသက်ကို ပြင်းပြင်းရှူဖို့ လေကို ၀၀ရှူရှိုက်ဖို့ မေ့နေတတ်ကြတယ်...။ တခါတခါ သတိရတဲ့ ငါအသက်ရောရှူရဲ့လားလို့ ကိုယ့်ကိုယ်ကို သံသယဖြစ်မိတယ်...။ အေးလေ မရှူရင်သေသွားမှာပေါ့နော့...။ ပြောချင်တာက  မနက်မိုးလင်းတိုင်း ကိုယ့်အိမ်ဝရံတာဖြစ်ဖြစ် ခြံဝင်းထဲဖြစ်ဖြစ် အသက်ရှူလေ့ကျင့်ခန်းလေးလုပ်ပေးကြပါ....။ အရင် ကျွန်မတို့ စမ်းချောင်းဖက်မှာ နေတုန်းကတော့ ပြည့်သူ့ရင်ပြင်မှာ ထိုက်ကျိမနက်တိုင်း ကစားဖြစ်တယ်...။ ထိုက်ကျိဆိုတာလည်း တရုတ်လူမျိုးတွေက ဆင်းသက်လာတဲ့ အသက်ရှူလေ့ကျင့်ခန်းတစ်မျိုးပဲ...။

ဘာကြောင့် အောက်ဆီဂျင်ကို ၀၀ရှူခိုင်းသလဲဆိုတော့ ဟိုတလောက ဆောင်းပါးတစ်ပုဒ်ဖတ်ရတယ်...။ ကင်ဆာရောဂါဆိုးကို ကာကွယ်နိုင်မယ့် နည်းလမ်းဆိုတဲ့ ဆောင်းပါး...။ သူပြောထားတာ အောက်ဆီဂျင်၀၀ရှူရင် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကင်ဆာဆဲလ်တွေ ထပ်တိုးပွားမလာနိုင်တော့ဘူး...။ ကင်ဆာဆဲလ်ဆိုတာ လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ ရှိနေပြီးသား...။ အစားအသောက်ကြောင့် အနေအထိုင်ကြောင့် ပြီးတော့ စိတ်ကြောင့်လဲ ကင်ဆာဆဲလ်တွေတိုးပွားစေနိုင်ပါတယ်...။ မြို့ပြနေ လူတွေမှာ ပိုအဖြစ်များမယ်ထင်တယ်...။ ဘာကြောင့်လဲဆိုတော့ ကားကျပ်တယ် ကိုယ်တိုင်မောင်းတော့ စိတ်ဖိစီးမှုများတယ် လေသန့်သန့်လည်းမရှူရဘဲ ဆီငွေ့တွေ ဓါတ်ငွေ့တွေကို နေ့စဉ်ရှူနေရတယ် အစားအသောက်ထဲက ဆိုးဆေး တာရှည်ခံဆေး မလတ်ဆတ်တော့တဲ့ အစားအစာ ရယ်ဒီမိတ် အဲဒါတွေ အများကြီးပါတယ်...။

တနေ့သေရမယ်ဆိုတာ သိလျက်နဲ့ အသက်ရှင်နေချိန်မှာ လူတွေဟာ ကျန်းမာရေး အလှအပ စတာတွေကို တာရှည်ခံအောင် ကြံဆောင်နေကြတယ်...။ အသားရည်မတွန့်အောင် ဆေးထိုး ခွဲစိပ်ပြုပြင်ကြတယ်...။ အို နာ သေ ဘေးကနေ မလွတ်မြောက်နိုင်မှန်းသိသိနဲ့လည်း တဏှာကို စွဲလန်းနေကြတယ်...။ လူတိုင်း အိုရမှာ နဲ့ သေရမှာကို မကြောက်ဘူးပဲထား နာရမှာကိုတော့ ဘယ်သူမှ ခံစားချင်မှာမဟုတ်ဘူး...။ ဒါကြောင့် မအိုအောင် ဆေးထိုး ဆေးစားမယ့်အစား မနာအောင် ကိုယ့်ကျန်းမာရေးကို ဂရုစိုက်သင့်တယ်...။ အားလုံး အနိစ္စ သဘောနဲ့ ကြည့်တတ်ရင် ဘာမှ တပ်မက်တွယ်တာစရာကိုမရှိဘူး...။

အားလုံးရောဂါကင်းဝေး ကျန်းမာ ချမ်းသာကြပါစေ....


မိုးငွေ့

No comments: