တလောက တီဗီမှာ မခိုင်လး(ခိုင်သင်းကြည်)ကားလာတော့ ကျနော်ငယ်ငယ်က ခင်ခဲ့ဖူးတဲ့အစ်မတစ်ယောက်ကို သတိရသွားမိတယ်...။ အဲအစ်မနာမည်က မညိုတဲ့... ကျနော့်တို့ တာလေမြို့ဈေးနားက အုပ်ကျင်းရွာမှာနေတာ..။ သူ့အမေက ဈေးထဲ ပြည်မကြီးကထွက်တဲ့ ကုန်ခြောက်တွေဖြစ်တဲ့ ငါးပိ ငါးခြောက် ကြက်သွန် အာလူး စတာတွေရောင်းတယ် မနက်စောပိုင်းဆို ပဲပြုတ်လည်းရောင်းတယ်...။ သူ့အမေနောက်အိမ်ထောင်နဲ့ရတဲ့ ကလေးလေးတစ်ယောက်ရှိတယ် အဲကောင်လေးက မျက်လုံးဝိုင်းဝိုင်းပါးဖောင်းဖောင်းနဲ့ လုံးလုံးကစ်ကစ်လေး ချစ်စရာကောင်းတယ် ဆောင်းတွင်းဆို ပါးတွေနီရဲကွဲအက်ပြီး နှပ်ချေးတွဲလောင်းနဲ့ ဈေးထဲမယ် အဲကလေးပဲစကြနောက်ကြတာ...။ မညိုက မခိုင်လေးနဲ့မဆိုစလောက်လေးပဲဆင်တာပါ မျက်နာသွယ်သွယ် နှာတံစင်းစင်း နှုတ်ခမ်းကမထူမပါး မျက်ခုံးနက်နက် မျက်လုံးလေးတွေက မျက်တောင်ရှည်ရှည်ဝန်းရံထားတော့ ချောတဲ့လှတဲ့ ကောင်မလေးတစ်ယောက်ပေါ့....။ ဪ အပေါ်နှုတ်ခမ်းဒေါင့်နှစ်ဖက်မှာ နှုတ်ခမ်းမွှေးရေးရေးလေးတောင်ရှိသေး ကျနော်သေချာမှတ်မိနေတယ် အစ်မမျက်နှာကို...။ သူကို အဲခေတ်က ပိုးတဲ့ကြိုက်တဲ့သူတွေ အများကြီးရှိမှာပဲ...။ ကျနော် ဆယ်တန်းအောင်လို့ ပြန်တော့ မညိုက အိမ်ထောင်ကျသွားပြီ တာချီလိတ်က ရဲတစ်ကောင်နဲ့...။ ခုနေတော့ ကလေးဘယ်နှစ်ယောက်အမေတောင်ဖြစ်နေလဲမသိ...။ ကျနော်ရန်ကုန်စရောက်တုန်းက စာအဆက်အသွယ်ရှိသေးတယ်...။ နောက်တော့ အဆက်သွယ်ပြတ်သွားတာခုထိပဲ...။ အဖိုးဆုံးတုန်းကလဲ မတွေ့ဖြစ်လိုက်ဘူး...။ ဒီတစ်ခါပြန်သွားလည်ဖြစ်ရင် တွေ့ချင်တဲ့သူတွေကို List သေချာလုပ်သွားရမယ်...။ ကျနော်ငယ်ငယ်က Crush ခဲ့ဖူးတဲ့ ဟိုအစ်ကိုကြီးနဲ့ရောပဲ(စကားချပ်) ...။ မညိုက စကားပြောလဲကောင်းတယ် အဲတုန်းက ကျနော်က အမေဈေးရောင်းတာလိုက်ရတော့ သူ့အမေဆိုင်နဲ့က ရှေ့နောက်လေးပဲ...။ မညိုက ကျနော်ထက် သုံးလေးနှစ်လောက်ပဲကြီးမယ်ထင်တယ်....။ ကျနော့်ကိုလည်းအရမ်းခင်တယ်...။ ရှမ်းပြည်မှာ ဗမာတွေကလူဦးရေနည်းတော့ အဖေဗမာဖြစ်တဲ့ကျနော်က ဗမာစကားလည်း ရှမ်းမတွေလောက်မဝဲဘဲ သေချာကျကျနနပြောနိုင်တာမို့ ခင်တာလည်းပါမယ်...။ ကျနော့်ကို မီးမီးလေး မီးမီးလေး ဆိုပြီး ချစ်လို့ မုန့်တွေလည်း ဝယ်ကျွေးတတ်တယ် အဲအစ်မက...။ မညိုက မွေးချင်း မောင်တစ်ယောက်နဲ့ မအေတူ ဖအေကွဲမောင်လေးတစ်ယောက်ပဲရှိတာကိုး...။ မညို မောင်အရင်းက မင်းသားစိုးသူနဲ့ခင်ဆင်ဆင်ပဲ ချောတယ်...။ ချစ်စရာကောင်းတဲ့ အစ်မတစ်ယောက်မို့ မညိုနဲ့ ထပ်ဆုံချင်ပါသေးတယ်...။
အုပ်ကျင်းရွာဆိုတာ တကယ်တော့ တပ်ထွက်ရဲဘော်ဟောင်းမိသားစုတွေနဲ့ ဗမာပြည်ကလိုက်လာကြတဲ့ သူတို့ဆွေမျိုးနီးစပ်တွေနေကြတဲ့ရွာ ...။ တစ်ရွာလုံးနီးပါး ဗမာတွေပဲနေတာ....။ အဲအုပ်ကျင်းက ဦးစိုးမြင့်ဆိုတာ တစ်ယောက်ရှိတယ် သူကဈေးကောက်လုပ်တာ...။ ကျနော်တို့နယ်မှာ အဲတုန်းက စည်ပင်လည်းမရှိသေးဘူးထင်တယ်...။ ဦးစိုးမြင့်က မနက်ဆို ဈေးသည်တွေရဲ့ဆိုင်တိုင်းကို တစ်ဆိုင်ဘယ်လောက်ဆိုပြီး လိုက်ကောက်ရတာ သူတို့မှာ ကော်မရှင်တစ်ခုတော့ရှိမယ်ထင်တယ်...။ အဲကငွေတွေနဲ့ ဈေးနဲ့ပတ်သက်တာလိုအပ်တာလုပ်ရတာထင်တယ်...။ ခုခေတ်တော့ ဘယ်လိုပုံ ဘယ်လိုနည်းတွေလုပ်နေကြလည်း ကျနော်မသိတော့ဘူး...။ အဲဦးစိုးမြင့်က ကျနော်တို့ မနက် ဈေးထွက်တော့မယ်ဆို ကျနော်တို့လှည်းကိုလာတွန်းပေးတယ် ...။ သံဖရိန်နဲ့လုပ်ထားတဲ့ လက်ကိုင်ပါတဲ့ သုံးဘီးတွန်းလှည်းထဲ ဈေးခင်းဖို့ပစ္စည်းတွေကို သုံးထပ်သားသေတ္တာထဲထည့်ပြီး သွားရောင်းရတာ...။ ဈေးရောက်ဖို့ တာလေတံတားကိုဖြတ်ရသေးတယ် အဲဒီလှည်းကိုတွန်းဖို့ ယောကျာ်းအားနဲ့မှအဆင်ပြေတာမို့ အမေက ဦးစိုးမြင့်ကို ပိုက်ဆံပေးပြီး နေ့တိုင်းလာတွန်းခိုင်းပါတယ်...။ ဦးစိုးမြင့်မိဘတွေကလည်း တပ်ထွက်တွေဘဲ သူ့အမေလဲ ဈေးထဲ ပဲပြုတ်နဲ့ ပန်းရောင်းတယ်...။ ကျနော်တို့ရှမ်းပြည်မှာ ဗမာစာတွေကို ဗမာတွေပဲလုပ်ရောင်းတာများတယ်...။ ဦးစိုးမြင့်က ကျနော့်အဒေါ်တွေနဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေ... စကားပြောကောင်းတယ် ကလေးတွေကို ပုံပြင်ပြောပြတတ်တယ်...။ ကျနော်တို့ ဗီဒီယိုပြရင် မီးစက်လာနှိုးပေးပြီးတာနဲ့ ကျနော်တို့အိမ်ရှေ့မှာ ကလေးတွေတပြုံကြီးဝိုင်းဖွဲ့ပြီး ပုံပြင်ပြောပြတော့တာပဲ...။ ဦးစိုးမြင့်တို့က မောင်နှမများတယ် ရှစ်ယောက် ကိုးယောက်လောက်ရှိမလားဘဲ...အဲထဲ ဦးစိုးမြင့် ညီအငယ်ကောင်တစ်ယောက်ဆို ငယ်ငယ်တုန်းက ကျနော့်ကို သိပ်လိုက်စတာ ကျနော်က သူ့မျက်နှာပိုးကိုလုံးဝမကြိုက်ဘူး မျက်နှာရူးပုံစံမျိုးသိတယ်မလား...။ အဲလိုလူတွေကို ကျနော်လုံးဝသဘောမကျဘူး....။ ကျနော့် အဖိုးအသုဘနဲ့တာလေကိုနောက်ဆုံးရောက်တော့ ဦးစိုးမြင့်နဲ့တွေ့ခဲ့သေးတယ် အသုဘမှာလိုက်ကူပေးတာ ညအိပ်စောင့်ပေးတာလုပ်ပေးသေးတယ်...။ အဲမတိုင်ခင်က သင်္ကြန်မှာအရက်တွေမူးပြီး နမ့်မွေချောင်းထဲစိမ်နေလို့ လေဖျန်းသလိုဖြစ်သွားသေးတယ်... ဆေးတော်တော်ကုလိုက်ရသေးတယ်တဲ့...။ မသေတာပဲကံကောင်း...။
ဒီတစ်ခါ တာလေပြန်ဖြစ်ရင် တွေ့ချင်တဲ့ ချစ်ခင်သူတွေအားလုံး ကျန်းကျန်းမာမာနဲ့ ရှိနေနိုင်ပါစေလို့ ဆုတောင်းပါတယ်...။
Revolution will prevail
မိုးငွေ့
No comments:
Post a Comment