ကျမတို့ ရုံးနားမယ် အိန္ဒိယလူမျိုး အဒေါ်ကြီးတစ်ယောက်ရဲ့ အကြော်တဲလေးတစ်ခုရှိတယ်... ။ တကယ်က သူအကြော်ရောင်းနေတာကြာလှပြီ ကျမက သူ့ဆီကတစ်ခါမှဝယ်မစားဖြစ်ဘူး ...။ နေ့လည်နေ့ခင်းဗိုက်ဆာရင် ဈေးထဲက ရခိုင်မုန့်တီသုပ် နဲ့ မနက်ခင်းကရောင်းမကုန်တဲ့ အကြော်တွေကိုပဲဝယ်စားဖြစ်နေတာ...။ အခုကျ အဲနားလေးက အုန်းစိမ်းရည်နဲ့ ကြံရည်ရောင်းတဲ့ လင်မယားဆီက ကြံရည်လေးသွားဝယ်သောက်ရင်းနဲ့ အဲအဒေါ်ကြီးဆီက အကြော်တွေဝယ်စားဖူးသွားတာ...။ ခုနွေရောက်ပြီဆိုတော့ ရာသီဉတုကပူအိုက်လောင်မြိုက် ထမင်းစားမကောင်း သရေစာတွေပဲစားချင်နေ နေပူပူမှာ ကြံရည်အေးအေးလေးသောက်လိုက်ရတာ အရသာကိုရှိ..။ တကယ်က ကျမ ကြံရည်မသောက်ဖြစ်တာနှစ်ချီနေပြီ... ကြံရည်သောက်ရင် ဘီပိုး စီပိုး ဘာညာကူးတတ်တယ် မသန့်ဘူးဆိုလို့ မသောက်ဖြစ်တာ မနှစ်က သီတင်းကျွတ်တုန်းက ပုဂံသွားတော့မှ ပုဂံဘုရားတစ်ဆူရဲ့ အပြင်ဖက်မှာရောင်းတဲ့ ကြံရည်ဆိုင်မှာပြန်စသောက်တာပဲ..အဲတုန်းက ပူလို့သာသောက်လိုက်တာ ကြံရည်က သိပ်မချိုဘူး...။ အခု ရုံးနားက ဈေးရှေ့က အသည်မှာ ကြံရည်ကချိုအေးမွှေးနေရောပဲ...။
အလုပ်မကောင်းတော့ နေ့ခင်းပိုင်းလေး အချိန်ပိုင်းအကြော်သည်လုပ်ပါတယ်
တကယ်ပြောချင်တာက အိန္ဒိယအကြော်သည် အဒေါ်ကြီးဆီက အကြော်တွေက ဈေးလည်းမဆိုးဘူး ခုခေတ် ဆီဈေးကြီးနေချိန် သူများတွေ အကြော်တစ်ခု ၂၅၀/- ၃၀၀/- ရောင်းတာ သူက တစ်ခု ၂၀၀/- အကြော်တွေက တစ်ခုတစ်ခုလည်း အကြီးကြီးပဲ...။ ငှက်ပျောကြော် ဗူးသီးကြော် ဘရာကြော် မတ်ပဲကြော် ပြောင်းဖူးကြော် ကြက်သွန်ကြော် ခုဆို ငါးကြော်တောင်မှရသေးတယ် ....။ ငါးမြီးတံသွယ် ငါးလေးတွေကို မုန့်နှစ်နဲ့ကြော်တာ....။ သူ့အချဉ်ရည်ကတော့ အရမ်းအကောင်းကြီးထဲကမဟုတ်ဘူး...။ ဂါလံပုံးငရုတ်ဆီချဉ်ကိုမှ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ မချည်းနှစ်နဲ့ ပြန်စပ်ဖျော်ထားတာ...။ သူ့ဆီအကြော်သွားဝယ်တိုင်း သူတစ်ယောက်ထဲ မုန့်နှစ်စပ် အကြော်ကြော် ဝယ်သူလာရင် ထည့်ပေးနဲ့ လက်မလည်ရှာဘူး...။ သူ့သမီးဆိုတာကလည်း အကြော်တဲထဲထိုင် ဖုန်းသုံးနေတာ ဇာတ်ကားပဲကြည့်နေတာဆိုပြီး ညည်းတယ်...။ တစ်ရက်မှာ အကြော်ထပ်သွားဝယ်တော့ သူတစ်ယောက်ထဲကြော်နေတာတွေ့လို့ ကျမကဝင်ကူပေးတာ သူအချဉ်စပ်နေတုန်း အကြော်ဝင်ကြော်ပေးတာ ဝယ်သူတွေကို ထည့်ပေးတာလုပ်ပေးလိုက်တယ် ကိုယ်တိုင်ကလည်း ငယ်ကတည်းက အမေနဲ့ ဈေးရောင်းခဲ့ဖူးတော့ ဒါမျိုးကလည်း ဝါသနာပါနေတော့ ကြော်ချင်တာလေ...။ အဲလိုလုပ်တော့ ကလေးတုန်းက ရွာမှာ မုန့်သွားစားတိုင်း မုန့်လင်မယားဆို ဝင်ကြော်လိုက်တာပဲ ခေါက်ဆွဲဆိုလည်း တစ်ခါတစ်လေဆိုင်ရှင်မအားရင် ကိုယ့်ဘာသာကိုယ်ထည့်လိုက်တာပဲ ပြီးတော့ ကျမတို့ဆီမှာ ရှမ်းမုန့်ဆီကြော်ဆိုတာရှိတယ်...။ ဗမာမုန့်ဆီကြော်လို ဆီများများနဲ့တော့မကြော်ရဘူး ...။ ကောက်ညှင်းဆန်ကြိတ်ထားတဲ့ မုန့်နှစ်နဲ့ ကြံသကာရောထားတဲ့ မုန့်နှစ်ခပ်ပျစ်ပျစ်ကို ဆီနဲနဲထည့်ထားတဲ့ ဒယ်ပူပူထဲ ဟင်းခတ်ဇွန်းကြီးတစ်ဇွန်းခတ်ထည့် နှမ်းနဲနဲဖြူး အုန်းသီးပါးပါးလှီးထားတာလေး သုံးလေးဖတ်ထည့်ပြီး သံယောင်းမနဲ့ ခပ်ပြားပြားအချပ်ဖြစ်အောင်ရိုက်ပေးရတယ် ဟိုဖက်ဒီဖက်လှန်ပေး နီညိုရောင်သန်းလာရင် စားလို့ရပီ... ။ တအားမကျွတ်ဘူး ပါးပါးပျော့ပျော့ ချိုချိုလေးနဲ့ စားကောင်းတယ်...။ အဲလိုမုန့်မျိုး ခုဖက်ခေတ်မှာ လုပ်ရောင်းသေးလားမသိတော့ဘူး....။ အဲဒါမျိုးဆိုလည်း ကျမက ဝင်လုပ်လိုက်တာပဲ တကယ်က ကလေးတုန်းက ဆော့ချင်တာလည်းပါတာပေါ့.... အဲလို...။ ပြောချင်တာကများပြီး တကယ်ပြောပြမှာက ချော်ချော်သွားတယ်...။ အကြော်သည်အဒေါ်ကြီးကိုစပ်စုကြည့်တော့ သူ့မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိတယ် လင်ယောကျာ်းကမရှိတော့လို့ ကလေးတွေကို ငယ်ကတည်းက အနီးကပ်သွန်သင်ဆုံးမတာမလုပ်ခဲ့ရဘူး ကလေးကျောင်းစရိတ်ပဲ ငွေရှာနေရလို့တဲ့...။ ကလေးတွေ အလုပ်မလုပ်ချင်တဲ့အကြောင်း အလုပ်လုပ်ဖို့ စိတ်မဝင်စားတဲ့အကြောင်းတွေညည်းပြတာပေါ့...။
ဒါနဲ့ ကိုယ့်ကလေးဘဝလေးကို ပြန်တွေးကြည့်မိတယ် ငါကလေးတုန်းက တော်တော်ငယ်ငယ်ကတည်းက ငါ့အမေ ငါ့အဖွားတွေက တော်တော်လေးခိုင်းခဲ့တာပဲလို့...။ ကျမငယ်တုန်းက အလုပ်စလုပ်ရတာ အသက် ၆နှစ် ၇နှစ်အရွယ်ကတည်းက မိုးလင်းလာရင် မောင်လေးရဲ့ နို့ဗူးလေးတွေကို ဆေးကြောပြီး ရေနွေးအိုးနဲ့ပြုတ်ရတယ် ထင်းမီးမွေးရတယ် ရေနွေးအိုးကျိုရတယ် အိမ်မကြီးနဲ့ ပေတစ်ရာကျော်လောက်ဝေးတဲ့ ရေတွင်းကနေ လက်အသားမာတက်တဲ့အထိရေငင်ပြီး အိမ်သာကို ရေပုံးသေးသေးလေးနဲ့ ရေခပ်ဖြည့်ရတယ်...။ တကယ်က ကျမတို့အိမ်မှာ အိမ်အကူ ကလေးထိန်း အဝတ်လျှော်တဲ့သူ အကုန်ရှိတယ်..။ ဒါပေမယ့် လူကြီးတွေက အလုပ်လုပ်တတ်အောင် ကြီးလာရင် အကုန်တတ်အောင်လို့ ထရိန်းပေးလိုက်တာလို့ ကျမမြင်တယ်...။ အဲဒါလေးကို ခုပြန်တွေးတော့ ကျေနပ်မိတယ် တခါတခါကျ ခုခေတ်ကလေးတွေ အပြည့်အစုံနဲ့ သုံးချင်တာသုံး အခွင့်အလန်းတွေအများကြီးရှိကြတာတွေ့တော့ ငါတို့တုန်းကများ ဇိမ်မကျလိုက်တာဆိုပြီး စိတ်ခုမိတယ်...။ ခုခေတ်ကလေးတွေက သူငယ်တန်းကနေ တချို့ဆို တက္ကသိုလ်ရောက်တဲ့အထိ အိမ်က မိဘက လိုက်ပို့နေရတုန်း...။ ကိုယ်တွေတုန်းကများ သူငယ်တန်းတောင် အမေက လိုက်မပို့ပေးဘူး သူများကလေးတွေနဲ့သွားရတာ ကြည့်ဦး ပထမဆုံးကျောင်းတက်ရက်တောင်...။ ဒါပေမယ့် ကိုယ့်အားကို ကိုးတတ်အောင် သင်ပေးလိုက်လို့ လူကြီးတွေကို တကယ်ကျေးဇူးတင်ပါတယ်...။
အကြော်သည်သုံးတဲ့ အကြော်ကြော်တဲ့ သံယောင်းမနဲ့ဂေါ်က လက်ကိုင်တိုနေလို့ ဝါးတုတ်တံရှည်ရှည်နဲ့ကြော်သင့်တယ်လို့ အကြံပေးခဲ့လိုက်သေးတယ် နေဦးအိမ်မှာ အဲလိုဝါးတံဝယ်ထားတာရှိရင်လာပေးမယ်လို့ပြောခဲ့သေးတာ .... ကဲ....။
Revolution will prevail
မိုးငွေ့
No comments:
Post a Comment