Thursday, 21 May 2009
ရိုးရာဓလေ့ပွဲတော်များ
          ကျမတို့ရွာမှာ အလွမ်းတရဆုံးက သင်္ကြန်ရောက်ရင် ဘုန်းကြီးကျောင်းမှာ သဲပုံစေတီတွေလုပ်ဖို့ တာလေချောင်းမှာ သဲတွေကို ကော်ပုံးတွေနဲ့ သွားသွားခပ်ကြရတာကိုပဲ...။ သဲပုံစေတီကို တတ်နိုင်ရင် တစ်အိမ်ကို တစ်ဆူလုပ်ကြတယ်...။ ဘာရယ်မဟုတ်ဘူး ရေထဲဆင်းပြီး သဲအစိုတွေကို သွားခပ်ရတာ သိပ်ပျော်ဖို့ကောင်းပါတယ်...။ နွေရာသီဆိုတော့ ချောင်းမှာ သောင်ကထွန်းတယ်လေ...။ သဲသွားခပ်ရတာ ရေက တိမ်တိမ်ကလေးရယ်...။ ဘုန်းကြီးကျောင်းနဲ့ တာလေချောင်းက ခပ်လှမ်းလှမ်းဆိုပေမယ့် သဲစိုတွေကို သယ်ရတာ လေးတယ်လို့တောင် မထင်ပါဘူး... ။ ပျော်နေကြတာပါပဲ...။ ကျမတို့ ၈နှစ် ၉နှစ်အရွယ်ပဲ ရှိဦးမယ်...။ သဲပုံခပ်ကြီးကြီးပုံပြီးသွားရင်တော့ တခွန်တိုင်တို့၊ ကုက္ကားတို့ သာတနာ့အလံတို့ နောက်ပြီး သင်္ကြန်မှာ ရှမ်းလူမျိုးဓလေ့ လုပ်စားကြတဲ့ မုန့်ဖက်ထုပ်တို့ နောက် ရှမ်းလို “ခေါက်အက်ပ်” လို့ခေါ်တဲ့ ကြိတ်ထားတဲ့ ကောက်ညှင်းကို ကြံသကာနဲ့ရောနယ်ပြီး အုန်းသီး၊ မြေပဲထည့် ဖက်နဲ့ထုပ်ပြီးပေါင်းတဲ့မုန့်မျိုး ၀ါးတိုင်မှာ ချိတ်ဆွဲထားကြတယ်...။ သူတို့ အယူကတော့ ဒါတစ်နှစ်ပတ်လုံး မိသားစုတွေ ဖူဖူလုံလုံနဲ့ စားနိုင် သောက်နိုင်အောင်လို့ ဆုတောင်းပွဲကြီးလုပ်ကြတာပါပဲ...။
    ခုနောက်ပိုင်းတော့ သိပ်မလုပ်ကြတော့ဘူးလို့ထင်ပါတယ်..။ နှစ်သစ်သင်္ကြန်ဆိုရင် အိမ်တွေမှာဗုံမောင်းတွေနဲ့ သီချင်းသွားဆိုကြ ကကြတယ်...။ အဲဒါကိုရှမ်းလို “ သုတ်စူး ” လို့ခေါ်တယ်...။ အိမ်တိုင်းနှစ်ကူးမှာ ကျန်းမာပျော်ရွှ့င်ဖို့ ဆုတောင်းပေးတဲ့သဘောပါပဲ...။ ခုတော့ အဲဒီလိုသဲပုံစေတီတွေ သိပ်တောင် မလုပ်ကြတော့ဘူး ထင်တယ်...။ ရိုးရာဓလေ့ ကိုသိပ်မြတ်နိုးတဲ့ ကျမအတွက်တော့ နှမြောတသမိတာပါပဲ...။ ကျမလဲ ပြန်မရောက်ဖြစ်တာကြာနေပြီ....။ ဖြစ်နိုင်ရင် ကျမပုံတွေနဲ့ ပြချင်ပါတယ်...။
            နောက်တစ်ခု နှစ်နှစ်တစ်ခါ ကျင်းပလေ့ရှိတဲ့ တိုးနယားပြိုင်ပွဲကြီးပါ...။ ကျမတို့ ဘုန်းကြီးကျောင်းမှာ တခြားကလာရွာတွေက သူတို့ ဖန်တီးထီထွင်ထားတဲ့ ကျားရုပ်တို့ ကိန္နရီ၊ ကိန္နရာတို့ တိုးနယားတို့ အခြားအကောင်တွေ စသဖြင့်ပေါ့ ပြိုင်ဖို့လာကြတယ်...။ ဘုန်းကြီးကျောင်းထဲမှာ ၀ါးလုံးတွေနဲ့ လက်ဝှေ့ကြိုးဝိုင်းလို လေးထောင့်စပ်စပ် ခပ်လိုက်တယ်...။ ကျမတို့တွေ အဲဒီပြိုင်ပွဲကိုကြည့်ကြဖို့ ထမင်းတောင် မစားနိုင်ကြဘဲ ပွဲမစခင် နေရာသွားဦးကြရတယ်...။ ပွဲက ညနေမှစတာ...။ အရမ်းကြည့်လို့ကောင်းပါတယ်... ။ စိတ်ဝင်စားစရာပါပဲ...။ တောင်ကြီးတန်ဆောင်တိုင်မှာ မီးပုံးပျံကို အကောင်မျိုးစုံပုံစံလုပ်ကြသလိုပဲ...သူတို့လဲ အကောင်ပလောင်ပုံမျိုးစုံနဲ့ လာပြိုင်ကြတယ်..။ အဓိကအားဖြင့်တော့..တိုးနယားအကတို့၊ ဒေါင်းအကတို့ပေါ့...။ ရှမ်းရိုးရာ ဗုံတွေ မောင်းတွေ တီးပြီး..ကကြတယ်...။ အကဲဖြတ်တဲ့ဒိုင်သူကြီးတွေက အမှတ်ပေးကြရတာ..။ ပြီးရင် ဆုချီးမြှင့်တယ်...။ အဲဒီချိန်ဆို ဘုန်းကြီးကျောင်းမှာငါးရက် တစ်ပတ်လောက်ကတော့ ပွဲလုပ်ပြီးသားပဲ..။ ကျမတို့ ငယ်ငယ်က ပွဲတွေ ဆယ့်နှစ်ရာသီလုပ် နေသလိုပါပဲ..။ အဲဒီက လူတွေကလဲ ပွဲလမ်းသဘင် ခုံမင်ကြတယ်...။ ခုနောက်ပိုင်း ကျမပြန်သွားလည်ဖြစ်တဲ့နှစ်တွေမှာ ပွဲတွေသိပ်မလုပ်ဖြစ်ကြတော့ဘူး..။
          နှစ်နှစ်တစ်ခါ လုပ်လေ့ရှိတဲ့ နောက်ထပ်ပွဲတစ်ခုရှိသေးတယ်..။ အဲဒါကတော့ ကျမတို့ရှာထိပ်မှာရှိတဲ့ နတ်စင်မှာ နတ်ပွဲကျင်းပကြတာပါ..။ ကျမ သေသေချာချာတော့သိပ်မသိဘူး..။ ကျမအထင်တော့ ရှမ်းကိုးမြို့ရှင် နတ်နန်းပဲဖြစ်မယ်...။ ၁၂နှစ်အရွယ်မှာပဲ ကျမကရန်ကုန်မှာကျောင်းလာတက်ရပြီဆိုတော့... ဒီပွဲတွေကို ကျမတော်တော် မှတ်မိနေတာကိုပဲ ကျေးဇူးတင်ရမှာ..။ အဲဒီနတ်နန်းရှိတဲ့ နေရာက မိုင်းဖြတ်မြို့တို့ ကျိုင်းတုံမြို့တို့ သွားတဲ့ကားလမ်းမပေါ်မှာပါ...။ နတ်နန်းရဲ့အရှေ့တည့်တည့်မှာ တာလေချောင်းရှိတယ်...။ အဲဒီချောင်းစပ်မှာပဲ ပွဲဈေးတန်းကြီးကိုဖြစ်လို့ပေါ့...။ နတ်ဝင်သည်တွေကလဲ နတ်တွေကိုပူဇော်ပသဖို့ နတ်က ကကြတယ်...။ ကျမ သူငယ်ချင်းတစ်ယောက်က နတ်စင်မှာကတော့ဖို့ သူတို့အိမ်ကပြုတ်ထားတဲ့ ၀က်ဆီဖတ်ကိုလာကျွေးတယ်...။ ကျမသိသလောက်တော့ နတ်အတော်များများဟာ ၀က်သားမပူဇော်ရပါဘူး...။ ဒါပေမယ့် ကျမကိုသူငယ်ချင်းက စားလိုက်ပါ..။ အဲဒါ နတ်စင်က စွန့်လာတဲ့အသား အန္တရာယ်ကင်းအောင်စားရတယ်ဆိုလို့ ကျမဘ၀မှာ ပထမဦးဆုံး စားဖူးတဲ့ ၀က်ဆီဖတ်ပြုတ်ပါပဲ...။ စားလို့တော့ကောင်းတယ် ဆိမ့်ဆိမ့်ကလေး......။ ကျမကအဆီဆို သိပ်ကြောက်တာ...အသားတော့စားတာပေါ့...။
       သီတင်းမကျွတ်ခင် အချိန်ဆိုရင် ကျမတို့အိမ်မှာ ယိုးဒယားကလာတဲ့ ရောင်စုံစက္ကူပါးတွေ သိပ်ရောင်း ကောင်းတယ်..(အိမ်မှာကကုန်စုံဆိုင်ဖွင့်ထားတယ်လေ).။ အနီးအနားက မိုင်းလင်းရွာ ဘက်မှာဆို အဲဒီစက္ကူရောင်စုံကို မီးပုံးလှလှလေးတွေ လုပ်ရောင်းဖို့ လာဝယ်ကြတယ်...။ ပြီးတော့ မှန်လိုရောင်စုံအကြည်နဲ့ စက္ကူတော့မဟုတ်ဘူး ..။ ပလပ်စတစ်အမျိုးစားပဲ အဲဒါလဲ မီးပုံးလုပ်ဖို့ဝယ်ကြတယ်...။ မီးပုံးလေးတွေက ၀ါးနှီးအခွေနှစ်ခွေကို အပေါ်အောက်ခွေပြီး မှန်စက္ကူ အရောင်တွေကို ကော်နဲ့ကပ်ပြီးရင် ဘေးတစ်ဖက်ဆီမှာ ချည်ကြိုးလေးတပ်လိုက်တော့ မီးပုံးလေးတွေရပြီပေါ့...။ သီတင်းကျွတ်တော့မယ်ဆိုရင် ကျမနဲ့ ကျမ သူငယ်ချင်း နန်းဖေါင်းတို့ အဲဒီရွာမှာ စက်ဘီးစီးပြီး မီးပုံးသွားဝယ်ကြတယ်...။ သီတင်းကျွတ်ရောက်ရင် အိမ်ပေါ်ထပ် ၀ရံတာမှာ မီးပုံးရောင်စုံလေးတွေအထဲမှာ မြေထည်ဆီမီးခွက်မှာ စိုက်ထားတဲ့ ဖယောင်းတိုင်ကို ထည့်ပြီး ထွန်းလိုက်ရုံပဲ...။ ရွာဆိုတော့ လျှပ်စစ်မီးမရှိဘူးလေ...။ အိမ်တိုင်းအိမ်တိုင်း မီးပုံးရောင်စုံတွေ ချိတ်ဆွဲထားတဲ့ ဒီဝါကျွတ်ကာလ သီတင်းကျွတ်ပွဲတော်မှာဆို တစ်ရွာလုံး ထိန်ထိန်လင်းလို့ သိပ်ကိုလှနေတာပေါ့.....။ ဒီလိုမြင်ကွင်းမျိုး ကျမတို့ ထပ်မြင်တွေ့ရဖို့က သိပ်ကိုခဲရင်းလှပါပြီ...။
   ရိုးရာဓလေ့ကို ချစ်မြတ်နိုးသူတိုင်းအတွက် ကျမတို့ရွာဓလေ့ အကြောင်း ကျမမှတ်မိသလောက်လေး ရေးသားလိုက်ပါတယ်...။
မိုးငွေ့
No comments: