ခေါင်းစဉ်ကိုဘာတပ်ရမှန်းမသိတော့လို့ ရုပ်ရှင်ကားတွေလို X-man Origin တို့ Spiderman Origin တို့လို သာမီးလဲ တစ်ခါတုန်းကတို့ရွာမှာကို အော်ရီဂျင်ပလိုက်တယ်...။ ဘာလို့လဲဆိုတော့ အဲဒီခေါင်းစဉ်အောက်ကနေ ရေးလာခဲ့တာ တစ်ခါတုန်းကတက္ကသိုလ်မှာ ထိကိုပို့စ်တွေကတော်တော် များနေပြီလေ..။ ဒါပေမယ့် မီးမီးရွာကနေမြို့ကို ဘယ်လိုစထွက်လာခဲ့ရသလဲဆိုတဲ့ အစကိုပြန်ဆွဲလိုက်တဲ့ ပို့စ်လေး ဒီပို့စ်ကိုရေးပြချင်ပါတယ်...။
အဲဒီတုန်းက ကျွန်မချစ်တဲ့ဖေဖေဆုံးပြီး တစ်နှစ်မပြည့်ခင်လေးမှာပေါ့....။ ကျွန်မအသက်ဆယ့်သုံးနှစ်ပြည့်ဖို့ လပိုင်းလောက်အလို အတန်းတင်စာမေးပွဲဖြေခါနီးလေး...။ ကျွန်မခုနှစ်တန်းဖြေရမှာပေါ့...။ ရန်ကုန်ကအဒေါ်က လူကြုံရှိတုန်း မြို့မှာကျောင်းတက်ဖို့တစ်ခါတည်းလိုက်ခဲ့ရမယ်တဲ့....။ အတန်းတင်စာမေးပွဲကို အအောက်ခံလိုက်တဲ့...။ စာကျေအောင် ခုနှစ်တန်းကိုမြို့မှာတစ်နှစ်ပြန်တက်ဆိုပြီး အိမ်နဲ့တစ်ခါမှမခွဲဖူးသေးတဲ့ ကလေးမလေးဟာ... ပထမဦးဆုံး အဘိုး အဘွား မေမေနဲ့မောင်နှမပိစိလေးတွေကိုခွဲရတော့မယ်ဆိုတော့ ဝမ်းနည်းလိုက်တာမပြောနဲ့တော့ပေါ့...။ အဲဒီကတည်းက မိသားစုနဲ့နှစ်အရှည်ကြီးခွဲနေရမယ့်ဇာတာ ပါလာတာပါပဲ...။ နဂိုစိတ်အခံကိုက ဝမ်းနည်းတတ်တဲ့သူ.... ငယ်ကတည်းက ဘယ်သူနဲ့မှ ယုယုယယကပ်မနေတတ်ဘဲ ဘာသိဘာသာနေတတ်တဲ့သူ...။ ကျွန်မ မေမေရှေ့မှာ မျက်ရည်မကျခဲ့ဘူး....။ စိတ်ထဲမှာ ဝမ်းထဲမှာ ကျိတ်ထားတယ်...။
ရန်ကုန်သွားဖို့ လေယာဉ်ကို တာချီလိတ်မှာသွားစီးရတယ်...။ လူကြုံ ဦးလေးကြီးက မေမေတို့နဲ့ဆွေလိုမျိုးလို ခင်နေတဲ့သူ...။ တာချီလိတ်ရောက်တော့ ကျွန်မရဲ့ အင်္ဂလိပ်စာဆရာမ ဒေါ်ခင်ဖြူဝေကို သွားနှုတ်ဆက်လိုက်သေးတယ်...။ ဆရာမနဲ့မတွေ့ခင်က ကျွန်မဟာ လူကြောက်တတ်တဲ့ ခပ်ကုတ်ကုတ် ကလေးမလေးတစ်ယောက်ပါ...။ ဆရာမရဲ့ ဆုံးမသွန်သင်မှုအောက်မှာ ကျွန်မဟာ နဲနဲတက်ကြွဖျတ်လတ် လာခဲ့တယ်...။ ဆရာမရဲ့ ပုံပန်းသဏ္ဍာန် ပြောဆိုနေထိုင်သွားလာပုံကို အားကျမိလို့လဲ ပါပါတယ်...။ ဆရာမက တစ်ချိန်က တောင်ကြီးမှာ ဘောလီဘောလက်ရွေးစင်....။ ကျွန်မငယ်ငယ်က ညနေဆိုကျောင်းဝင်းထဲကကွင်းမှာ ဘောလီဘောပုတ်တာတို့ ကြက်တောင်ရိုက်တာတို့ သွားသွား ကစားလေ့ရှိတယ်...။
ကဲ....တောသူမြို့တက်ခန်းကိုဆက်ပါဦးမယ်......။ ဒီလိုနဲ့ လူကြုံဦးလေးကြီးနဲ့ လေယာဉ်စီးလာလိုက်တာ... ရန်ကုန်က အဒေါ်ဆီကိုရောက်လာပါတယ်...။ ဒီအဒေါ်က ကျွန်မတို့အမေရဲ့ မောင်နှမရှစ်ယောက်ထဲက အငယ်ဆုံးအမွှာအဒေါ်နှစ်ယောက်ရဲ့ အထက်ကပါ...။ ကျမကို ငယ်တုန်းက သွားလေရာခေါ်ခေါ်သွားတတ်တဲ့သူ။ အဟိ...သူ့အကြောင်းနဲနဲအတင်းပြောလိုက်ဦးမယ် အဲဒီအဒေါ်ကယောကျာၤးလျာလိုလိုဖြစ်နေတာ... ညဖက် အိမ်သာသွားတက်ရင်း ဆေးလိပ်ခိုးသောက်တတ်တယ် ကျွန်မက ကလေးပိစိလေးဆိုပေမယ့် မှတ်မိနေသေးတယ်။ သူက အိမ်သာသွားလဲခေါ်သွားတယ်လေ ကျွန်မက သူ့အတွက် အရုပ်ကလေးလိုဖြစ်နေတာကိုးး..။ အဟဲ ...အဲဒီအဒေါ် ခုတော့ ကလေးငါးယောက်အမေဖြစ်နေပြီ...။ ရန်ကုန်မှာ အဒေါ်နဲ့နေတာ မပျော်ဘူး... သူ့ယောကျာၤး (သာမီးရဲ့ ဦးလေးတော်သူ)က မျက်နှာကျောသိပ်တင်းတယ်...။ ဒီတော့ မီးမီးကြောက်တယ်လေ...။ ကျောင်းကလဲ မတက်ရသေး...နွေရာသီသုံးလကိုပါ ဒီအတိုင်းကျော်ဖြတ်ရဦးမယ်...။ ကံကောင်းချင်တော့ အဒေါ်အမွှာထဲကတစ်ယောက်က သူ့ယောကျာၤးစစ်ဗိုလ်နဲ့ ဖေါင်ကြီးမှာနေတာ ရန်ကုန်ကို အလည်ရောက်ပြီး မီးမီးကို ဖောင်ကြီးအလည်ခေါ်တော့ လိုက်သွားလိုက်တယ်...။ အဲကျမှ အသက်ရှူချောင်သလို ခံစားလိုက်ရတယ်...။
ဖောင်ကြီးမှာပျော်ဖို့ကောင်းတယ်...။ နယ်မြို့လေးလိုဖြစ်နေတော့ ကိုယ့်ရွာလိုပဲ သစ်ပင်ပန်းပင်တွေ အကောင်တွေမြင်ရသေးတယ်...။ အဒေါ်တို့ယောကျာၤး ဦးလေးက တပ်ထောက်ဗိုလ်ကြီး ဆိုတော့ နေရတဲ့ အိမ်လေးက ပျဉ်အိမ်ခြေတံရှည် အခန်းလေးခန်းပါတဲ့အိမ် ဝင်းကလဲအကျယ်ကြီးပဲ...။ ကြက်တွေလဲမွေးထားတယ်...။ ဝက်တွေလည်းမွေးထားတယ်...။ အဲဒီမွေးထားတဲ့ကြက်ထဲမှာ ကြက်တညင်ကြက်ဖတစ်ကောင်ပါတယ်...။ ခြေတိုတို ပုတုတုလေးနဲ့ လမ်းလျှောက်ရင် ဘရိတ်ဒန့်ကနေသလိုပဲတဲ့ အဒေါ်က မိုက်ကယ်ဂျက်ဆင်လို့နာမည်ပေးထားတယ်...။ အဲလိုမွေးထားတဲ့အပြင်ကို တပ်ကပေးတဲ့ ရိတ်က္ခာကလဲ အလျှံပယ်ပဲ... အမဲသားဆိုစားမနိုင်တော့လို့ အမဲခြောက်လုပ်လုပ်ထားရတယ်..။ ကြက်သွန်အာလူးဆိုရင် အခန်းတစ်ခန်းမှာ ဖြန့်ထားရတယ် အဲလိုပေါပေါလောလောစားရတာ...။ ညနေဆိုရင် အဒေါ်က ရုပ်ရှင်လိုက်ပြတယ်...တပ်ထဲက ပိတ်ကားနဲ့ ရုပ်ရှင်ရုံက ရေနံချေးတွေသုတ်ထားတဲ့ အဆောက်အဦးမဲမဲကြီး...။ ရုပ်ရှင်မပြခင် အဲရှေ့က မုန့်ဟင်းခါးဝယ်ကျွေးတယ် အရမ်းစားကောင်းတာပဲ တစ်ပွဲကို ငါးကျပ်တဲ့...။ ဒီလိုနဲ့ ဖောင်ကြီးမှာ ဘယ်လောက်ကြာကြာနေလိုက်လဲ မမှတ်မိတော့ဘူး...။ ရန်ကုန်ပြန်ရောက်တော့ အဒေါ်နဲ့ခွဲရလို့ ငိုမိသေးတယ်...။
ဒီလိုနဲ့ သင်္ကြန်ကို မန္တလေးသွားလည်ကြတယ်...။ မန္တလေးရောက်တော့ မန်းကအဒေါ်နဲ့ ညီမတစ်ဝမ်းကွဲတွေက ဒီမှာပဲကျောင်းတက်မလားခေါ်တော့ ကိုယ်နဲ့အရွယ်မတိမ်းမယိုင်းညီမတွေနဲ့နေရမှာ ပိုအဆင်ပြေတယ်ဆိုပြီး မန်းမှာ ကျောင်းတက်ဖို့နေခဲ့လိုက်တယ်...။ မန်းဆေးရုံကြီးနားက အမှတ်(၁၂) ကျောင်းမှာ တက်ရတယ်...။ ကျောင်းကို စက်ဘီးလေးတစ်ယောက်တစ်စီးနင်းပြီး သွားရတယ်...။ ပျော်စရာကြီးပေါ့...။ နေတာက ၂၇လမ်းပေါ်မှာ ၇၂x၇၃လမ်းကြားပေါ့...။ ၂၆ဘီလမ်း ကျုံးတောင်ဖက်က မင်္ဂပေါင်းကူးတံတားနဲ့ တဖြောင့်တည်းလမ်းက ၇၃လမ်းမကြီးပေါ့ ဒါကြောင့်သူ့ကို မင်္ဂလမ်းလို့လဲခေါ်တယ်...။ အဲဒီလမ်းမကြီးအတိုင်းတောင်ဖက်စူးစူးကိုသွားရင် မန္တလေးတက္ကသိုလ်ကြီး ရှိတယ်...။ နောက်နော့အဒေါ်တို့က ဗထူးကွင်းနားက မေတ္တာလမ်းသွယ်ထဲကိုပြောင်းသွားတယ်...။ ဒါကြောင့် ဗထူးကွင်းနားက မြီးရှည်ဆိုသိပ်ကြိုက်တာပဲ... ခဏခဏဝယ်စားကြတယ်...။ ပြီးတော့ လမ်းထိပ်မှာက မင်းသီဟ လက်ဖက်ရည်ဆိုင်...။ အဲဆိုင်က ခုဆို ဆိုင်ခွဲတွေများနေပြီလို့သိရတယ်...။ လက်ဖက်ရည် မုန့်တီ ပဲအီကြာ အဲဒါတွေသိပ်ကောင်းတယ်..။
ကျောင်းနှစ်လကျော်လေးပဲတက်ရသေးတယ် ရှစ်လေးလုံးအရေးအခင်းကြီးဖြစ်ရော...။ အိမ်ကနေ သူများတွေလမ်းပေါ်မှာဆန္ဒပြတာကိုတစ်ရက်သွားကြည့်တယ် ၃၅လမ်း မင်္ဂလာဈေးနားကပေါ့...။ ဘုန်ကြီးတွေ မယ်သီလရှင်တွေ စက်ရုံအလုပ်ရုံ ဝန်ထမ်းဌာန အသီးသီး သူ့အဖွဲ့အစုနဲ့ လမ်းမပေါ်မှာအပြည့်ပဲ...။ နောက်နေ့ကျတော့ အတန်းပိုင်ဆရာမက အသိဖြစ်နေတော့ အမှတ်၁၂လဲနက်ဖြန်ထွက်မယ်ဆိုလို့ ကျောင်းကနဲ့လိုက်သွားဖြစ်သေးတယ်...။ ခေါင်းစည်းတွေ လက်ပတ်အနီတွေနဲ့ပေါ့...။ အဒေါ်တို့အိမ်တစ်အိမ်လုံးထွက်လိုက်တာ အိမ်မှာ ဟင်းချက်တဲ့အစ်မကြီးပဲ ကျန်တော့တယ်...။ ဦးလေးက ဆရာဝန်ဆိုတော့ ဆရာဝန်အသင်းနဲ့လိုက်တယ် အဒေါ်က အိမ်ရှင်မအသင်းက ကလေးတွေအားလုံးက ကျောင်းကနဲ့ ဟုတ်နေရောပဲ...။ နောက်တစ်ရင်မသွားလိုက်တာ မှန်သွားတယ်...။ လမ်းမှာ ကျောင်းသားတွေကို ရေခဲထုပ်ထဲအဆိပ်ထည့်ကျွေးလို့ သေကြတယ်တဲ့...။ ဘာပဲဖြစ်ဖြစ် နိုင်ငံချစ်တဲ့စိတ် မျိုးချစ်စိတ်ကလေးကိုယ့်မှာရှိနေတာနဲ့ အတွေ့အကြုံလဲရတာပေါ့...။ ညနေ ညနေဆို စက်ဘီးလေးတွေနဲ့ထွက်ပြီး ဝင်းအုတ်နံရံတွေပေါ်မှာ ကာတွန်းကပ်တာသွားသွား ဖတ်ကြတယ် မကြောက်မရွံပေါ့...။
အရေးအခင်းကြောင့် ကျောင်းပိတ်သွားလိုက်တာနှစ်နှစ်ကြာသွားတယ်...။ ဒါနဲ့ မီးမီးလည်း ရန်ကုန်ပြန်ရောက်သွားရော...။ အဒေါ်က သူ့သမီးတွေတက်တဲ့ လသာ(၂)မှာပဲကျောင်းအပ်ပေးလိုက်တယ်...။ ခုနှစ်တန်းကနေ ဆယ်တန်းထိ လသာ(၂)မိန်းကလေးကျောင်းမှာတက်ခဲ့တယ်...။ ငယ်ကတည်းက ယောကျာၤးမိန်းကလေးရောတဲ့ ကျောင်းပဲနေခဲ့ရတော့ မိန်းကလေးကျောင်းကအထာကို နားမလည်ခဲ့ဘူး...။ ခုနှစ်တန်း(F)မှာတက်တော့ တစ်ရက် အတန်းထဲက ခိုင်ခိုင်မော်ဆိုတဲ့ကောင်မလေးက အတန်းထဲပြေးဝင်လာပြီး ဘာမပြောညာမပြောနဲ့ ကျွန်မပါးကိုနမ်းလိုက်ပါတယ်...။ ကျွန်မကလဲလက်မြန်သူမို့ သူ့ပါးကို ဖျန်းခနဲ့ပဲရိုက်လိုက်တယ်...။ ဘဝမှာ သူစိမ်းသူရံပါးကို ရိုက်ဖူးခြင်းပါ...။ အဲဒါနဲ့သူလဲ အတန်းပိုင်ဆရာမကို သွားတိုင်ရော ဆရာမက ကျွန်မကိုခေါ်ပြောတယ်...။ တကယ်တော့ သူကချစ်လို့ခင်လို့ အသည်းယားလို့ နမ်းလိုက်တာပါ...။ ကျွန်မကတော့ လန့်သွားတာ မဟုတ်လား..။ အဲကောင်မလေးက လူကောင်ထွားထွား စကားပြောရင်လဲ အသံကျယ်ကျယ်နဲ့ ယောကျာၤးလျာလိုဘာလိုလိုပဲ ဒါပေမယ့် တက္ကသိုလ်တက်တာ့ သူ့ကို နှုတ်ခမ်းနီတွေမိတ်ကပ်တွေနဲ့ တွေ့လိုက်တယ်...။
မိန်းကလေးကျောင်းဆိုတော့ အချစ်တော်တွေထားတာ ကဗျာတွေ စာတွေပေးကြတာ အော်တိုရေးခိုင်း ကြတာတွေရှိတယ်...။ လက်ရေးတွေကလည်းလှမှလှပဲ...။ ကျွန်မလား... အချစ်တော်စာရဖူးတယ် အဲခုနှစ်တန်းမှာပဲ...။ ရှစ်တန်း ကိုးတန်း ဆယ်တန်းကျတော့ ကိုယ်က အသင်းခေါင်းဆောင်ချည်း ဆက်တိုက်လုပ်ရတော့ အဲအရှိန်လေးနဲ့မို့လား အချစ်တော်ဖွဲ့မခံရတော့ဘူး အေးရော...။ ဆယ်တန်းတက်တော့ အပြင်ကျူရှင်လုံးဝမတက်ဘဲ ကျောင်းကိုပဲကျောင်းတံခါးပိတ်တဲ့အထိတက်ခဲ့တယ်...။ ဆရာမက ကျောင်းတက်မှန်လို့ အိန်ဂျယ်ရုပ်(ကြွေရုပ်)လေးတစ်ရုပ်ဆုချလိုက်သေးတယ်...။ တော်သေးတယ် ဆယ်တန်းကို နှစ်ပေါက်အောင်ခဲ့တယ်...။ ကျောင်းပိတ်တော့ ရွာမှာ ခြောက်လလောက်ပြန်နေတယ်...။ အိမ်ကဆိုင်မှာပဲ ဈေးရောင်း သူငယ်ချင်းတွေနဲ့ လျှောက်သွားအဲဒါပဲလုပ်တယ်...။ ရန်ကုန်ပြန်ရောက်တော့မှ KMD မှာ ကွန်ပျူတာသင်တန်းစတက်တယ်...။ အင်္ဂလိပ်စာလည်းတက်တယ်...။
ဆယ်တန်းအောင်ပြီးပြီးချင်း တက္ကသိုလ်တက်ဖို့က နှစ်နှစ်ကျော်လောက်ထပ်စောင့်ရတယ်...။ ၁၉၉၅မှာ ကြည့်မြင်တိုင်ကမ်းပတ်စ် RC3 မှာ သတ္တဗေဒအဓိကနဲ့ ကျောင်းစတက်ရတယ်...။ ပထမနှစ်က ဆယ်လတက်ပြီး စာမေးပွဲဖြေရတယ်...။ ဒုတိယနှစ်က ခြောက်လနဲ့စာမေးပွဲဖြေရတယ်...။ တတိယနှစ်ကျတော့ ဆယ့်ငါးရက်ပဲလားမသိတက်ပြီး ကျောင်းသားအရေးခင်းထပ်ဖြစ်လို့ ကျောင်းကြီးပိတ်လိုက်ပြန်ပါတယ်...။ ဒန်...ဒန်း....ဒန်ပဲ.... ပိတ်လိုက်တဲ့ကျောင်း ။ တတိယနှစ်စာမေးပွဲကို ၂၀၀၀ခုနှစ်ကျမှ ကိုယ့်ကျရာမြို့နယ် အထက်တန်းကျောင်းမှာသွားဖြေရတယ် အိုးပင်းဘုတ်နဲ့ဖြေတာလေ မအောင်ဘယ်ရှိမလဲ...။ အောင်ရုံပဲတော်ပါပြီလို့ စိတ်လျှော့တဲ့သူတွေကတော့ အောင်မှတ်လေး သုံးပုဒ်လောက်ဖြေတယ်...။ လောဘကြီးသူတွေက အပြည့်ခြောက်ပုဒ်ဖြေတော့ ကွာလဖိုင်းတွေ မဟာတွေရောက်ကုန်တယ် ဒါပါပဲ...။ တကယ်ပညာတတ်မတတ်တော့မသိဘူး...။ နောက်ဆုံးဖိုင်နယ်ကိုတော့ ကြည့်မြင်တိုင်ကလူတွေ သန်လျင်တာဝမှာတက်ရမတဲ့....။ အောင်မလေး ငိုချင်ထှာ..ဒီလောက်ဝေးတာ ...။ ကျောင်းသားတွေမြို့ပြင်ရောက် လမ်းမှာ ဘာဖြစ်ဖြစ် ပျက်စီးပြီးရောဆိုတဲ့ စေတနာနဲ့ ရွာပြင်ထုတ်ထားတာ...။ တလောက အန်တီစု အင်္ဂလန်မှာဘွဲ့တက်ယူတော့ ပြောသွားတာလေးသတိရမိတယ် သူတို့ခေတ်ကလိုပဲ ကျောင်းသားတွေကို တက္ကသိုလ်မှာ Campus Life ကို အပြည့်အဝရစေချင်တယ်တဲ့...။ ခုခေတ်ကလေးတွေမပြောနဲ့ ကျွန်မတို့တောင် ရန်ကုန်တက္ကသိုလ်ကြီးကို အရမ်းတက်ချင်ခဲ့တာ ခုတော့ ဘွဲ့ယူတဲ့အချိန်လေးပဲ ရောက်ဖြစ်ခဲ့တယ်...။
ဒီလောက်ဝေးတာ ကျောင်းကို နေ့တိုင်းသွားမတက်ချင်ပါဘူးဆို နောက်ဆုံးနှစ်မို့ ပရက်ဒီကယ်ကလဲ တစ်ပတ်ကို ငါးရက်အပြည့်လုပ်ရတယ်...။ အဲဒီတုန်းက ညောင်ပင်လေးဈေးထဲမှာအလုပ်လုပ်နေပြီ Dawn နို့ဆီကိုယ်စားလှယ် အရောင်းဆိုင်မှာ အရောင်းလုပ်ရတာ...။ မနက်ကို ပရက်ဒီကယ်သွားလုပ် နေ့လည်ဆိုင်ပြန်ထိုင် အဲလိုလုပ်ရတယ်...။ ဘွဲ့ရတော့ အသက်ကအစိပ်ဖြစ်နေပြီ...။ အလုပ်လုပ်တော့ ကိုယ်သိပ်ကြောက်ပါတယ်ဆိုတဲ့ ဂဏန်းတွေနဲ့တည့်တည့်တိုးတယ်...။ ပထမနှစ်တက်တုန်းက ဆရာကြီးလူထုဦးစိန်ဝင်းဆီမှာ အင်္ဂလိပ်စာသွားတက်တော့ ဆရာကြီးကို လေယာဉ်မယ်လုပ်ချင်တယ်လို့ တိုင်ပင်ဖူးခဲ့တယ်...။ ဆရာကြီးကတားတယ် မလုပ်နဲ့သမီး..ဒီအလုပ်က မိုးပေါ်မှာ အသက်အရွယ်လေးရှိတုန်းပဲလုပ်လို့ကောင်းတာတဲ့ အသက်ကြီးလာလို့ မြေကြီးပေါ်ရောက်ရင်ကိုယ်လုပ်ရမယ့် အလုပ်နဲ့ အရမ်း gap ဖြစ်သွားလိမ့်မယ်တဲ့...။ ဒီလိုပါပဲ ဘဝနဲ့ဆန္ဒဆိုတာ တစ်ထပ်တည်းမကျနိုင်ဘူးလေ...။ ခုချိန်ထိဆိုပါတော့.....။ ဒါပေမယ့် ခုတော့ ဘလော့ဂင်းနေရလို့ ကိုယ်ဝါသနာပါတဲ့ စာပေလေး ရေးနေရလို့ ကျေနပ်မိနေလေရဲ့...။
မိုးငွေ့

13 comments:
ကိုယ်ဟန်ပန်ကိုကမိန်းကလေးနဲ့တူးဖူး ခါးပတ်နက်လည်းရထားတယ်ဆိုတော့မိန်းကလေးကျောင်းမှာ ဖိုက်တာမိုးငွပ်ဖြစ်မှား)း)
ငပေါလေးး)
လသာ ၂ ထွက်ဘဲအချင်းချင်းဘဲနော့်။
သတိရမိနေသေးတယ်။
အချစ်တော်တွေထားကြတာလေ။
ပန်းလာပေးကြ၊မုန့် လာပေးကြနဲ့ ။
ကျမတောင် အချစ်တော်၃-၄ ယောက်လောက်ရှိတာ။
ဘာမှန်းမသိဘူး အူအူကြောင်ကြာင်နဲ့ လေ။
စိတ်ဝင်းစားစရာမိုးငွေ့ ဘဝလေးကိုဖတ်သွားတယ်နော်။
မမိုးနဲ့ကျွန်တော်နဲ့ကျောင်းချင်း၊အတန်းချင်းသာကွာတာ...
၉၅ကာလ၊ကို့ယို့ကားယားကျောင်းသားခေတ်ကိုဖြတ်
သန်းခဲ့ရတာခြင်းတူသဗျ၊မိန်းလို့ခေါ်တဲ့ ရန်ကုန်တက္ကသိုလ်
ကြီးကိုတတ်ချင်တာတစ်ပိုင်းကိုသေနေတာပဲဗျာ....၊ဖိုင်
နယ်မှတတ်ရမယ်ဆိုလို့စိတ်ကူးတွေယဉ်လို့...၊နောက်
ဆုံးမှာတော့....:(
ပို့စ်တစ်ပုဒ်တည်းမှာ ခုနှစ်တန်းကနေ ဘွဲ့ရ၊ အလုပ်ဝင်၊ ဘလော့ဂ်ရေးတဲ့အထိ စုံစုံစေ့စေ့ ပြောပြသွားလိုက်တာ ဖတ်ရင်းနဲ့ မျောသွားတယ်၊ ကျနော်တို့က ခေတ်ပြိုင်တွေ ဖြစ်ဖို့များတယ်ဗျ..၊ မေဂျာကအစ တူတယ်၊း) ကျောင်းတွေကို မြန်မာပြည်အနှံ့ လိုက်တက်တာကို သဘောကျမိတယ်...။
၁၂ကျောင်းဆိုတာလေးတွေ့တော့ ရင်ထဲသိမ့်ခနဲ ဖြစ်သွားတယ်။ မြတ်က ၁၂ကျောင်းထွက်မို့ပါ။ ကြားထဲမှာ ကျောင်းတွေခဏခဏ ပိတ်တော့ ကုန်ဆုံးသွားတဲ့အချိန်တွေအတွက် နှမြောလိုက်တာ။
အားကျစရာကြိးပဲမမ..:):)
အတွေ့အကြုံလေးကို ဖတ်သွားပါတယ်ရှင့် ...း)
တကယ့်ကို အားကျစရာကောင်းပါတယ် ။
ငယ်ဘဝကနေလက်ရှိအခြေအနေအထိကို ရေးသွားပုံလေး သဘောကျတယ် မိုးငွေ့ရေ မြန်မာသဒ္ဒါနဲ့ပြောရရင်တော့ လိုရင်းတိုရှင်းပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မိုက်တယ်..:)
မမိုးငွေ့  စန်းထွန်းမကြီးက ဖြတ်သန်းရတဲ့ ခေတ်တွေတူတယ်..အာစီတူးမှာ တက်နေရာက ဖိုင်နယ်မှာတော့ ရန်ကုန်တက္ကသိုလ် မိန်းကြီးမှာ တက်မယ်လို့  အားခဲထားတာ ဒဂုံတက္ကသိုလ်ကြီးကို ပို့ လိုက်တယ်..တရက် သူ့ ကျောင်းလိုက်သွားတာ..ကျောင်းရောက်တာနဲ့  ကင်တင်းပြေးရတယ်..မနက်က တီးခဲ့တာတွေ ကားစောင့်လို့  အစာကြေပြီး ဗိုက်ဆာသွားတယ်လေ..ပင်ပန်းလိုက်တာ..တီချယ်တွေ ပြောပြဖူးတဲ့ မာလာဆောင်၊ ရတနာဆောင်သူတွေအကြာင်းကတော့ လွမ်းမောစရာ
သုတ ရသ
တွေအားလုံး ရလိုက်သော ပိုစ့်လေးပါ
၈၈ တို့ ကျောင်းသား သပိတ်တို့ ဆိုတာတွေကို ဖြတ်သန်းခဲ့ရတာကိုး ။
တာချီလိတ် ကနေ လေယဉ် စီးသွား၇တာဆိုတော့ ဘယ် မှာ မွှေးတာလဲ
Post a Comment