မြေနီကုန်းစီးတီးမတ်ထဲရောက်တော့ လျှောက်ကြည့်ရင်း စာအုပ်တန်းမှာ ဆရာမြသန်းတင့်ရဲ့ လက်ဖက်ရည်နဲ့ပတ်သက်တဲ့ စာအုပ်နှစ်အုပ်ရခဲ့တယ်....။ ထုံးစံအတိုင်း ဆရာမြသန်းတင့်ရဲ့ ဘာသာပြန် Lao She ရဲ့ Tea House နဲ့ ဆရာရဲ့ ကိုယ်ပိုင်အရေး "လက်ဖက်ရည်ဆိုင်" ဆိုတဲ့ စာအုပ်တွေ....။ Lao She ရဲ့ Tea House ကတော့ လက်ဖက်ရည်ဆိုင်ကို အကြောင်းပြုပြီး တရုတ်ပြည်ရဲ့ ခေတ်သုံးခေတ်အကြောင်းကို ရေးပြသွားတာ ...။
ဆရာမြသန်းတင့်ကိုယ်ပိုင်အရေးဖြစ်တဲ့ "လက်ဖက်ရည်ဆိုင်" ကိုတော့ ဖတ်ပြီးသွားပြီ....။ စာအုပ်လေးက ပါးပါးလေး ဆရာက သူ့အသက် ဆယ့်သုံးနှစ်သားလောက်က လက်ဖက်ရည်ဆိုင်ဖွင့်ခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ အဲဒီဆိုင်ဖွင့်ဖြစ်ရခြင်းရဲ့အကြောင်းကိုပြောပြထားတာတွေ အရှေ့ပိုင်းမှာတော့ သူ့ဇာတိရွာလေးမှာ လက်ဖက်ရည်ဆိုင်ဘယ်နှစ်ဆိုင်ရှိခဲ့တယ် ဘယ်သူတွေက စဖွင့်ခဲ့တာတွေရယ် လက်ဖက်ရည်ဆိုင်လာထိုင်တဲ့သူတွေအကြောင်းကို စုံစုံလင်လင်ရေးပြထားသလို အဲဒီခေတ်က ဖက်ဆစ်ဂျပန်တွေကို ဘယ်လိုတော်လှန်ခဲ့တဲ့ဆိုတဲ့အကြောင်း စာမျက်နှာနည်းနည်းနဲ့ ရသစုံစုံလေးရေးပြသွားခဲ့တာလေးပါ....။ ဆယ့်သုံးနှစ်အရွယ် ဆယ်ကျော်သက်မှာ ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တွေကို အသေးစိပ်မှတ်မိရေးပြနိုင်လောက်အောင် ဆရာကိုယ်တိုင်က မှတ်ဉာဏ်ကောင်းသူဖြစ်သလို နေ့စဉ်မှတ်တမ်းပုံမှန်ရေးတဲ့သူတစ်ယောက်လည်း ဖြစ်နိုင်တယ်...။ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်အနေနဲ့ ကျူးကျော်လာတဲ့ ဖက်ဆစ်ဂျပန်တွေကို အမိနိုင်ငံတွက် တော်လှန်ရကောင်းမှန်းသိတဲ့ စိတ်ဓါတ်ကိုလည်း စာဖတ်နေရင်း ချီးကျူးမိတယ်...။ ကျနော်တို့ဒီဖက်ခေတ်ကလေးတွေကျတော့ ဂိမ်းဆော့မယ် ဘားသွားမယ် ကလပ်သွားမယ် အပျော်အပါးလိုက်ကြမယ် ကိုယ်ကျိုးကိုပဲကြည့်ကြတဲ့သူတွေများနေတော့ နောင်လာမယ့် အနာဂတ်နိုင်ငံကတော့ မတွေးဝံ့စရာပါပဲ.....။ လူငယ်တွေကို အဲဒီလိုဖြစ်အောင်လဲ စနစ်တကျ အကွက်ချ စီစဉ်ပြီး လုပ်ထားတဲ့ အလွန်အင်မတန်ကြောက်စရာကောင်းသော နိုင်ငံဖျက်သမားတွေက နှစ်ရှည် စီမံကိန်းဆွဲပြီး အုပ်ချုပ်ခဲ့ကြတာမလား...။
ဒီစာအုပ်ဖတ်ပြီး ကျနော်တို့ရွာမှာ ငယ်ငယ်က သောက်ခဲ့ဖူးတဲ့ လက်ဖက်ရည်ဆိုင်လေးကို သတိရသွားခဲ့တယ်...။ ကျနော် ခပ်ငယ်ငယ် အမေနဲ့ဈေးရောင်းလိုက်တုန်းက တာလေရွာထဲမှာ လက်ဖက်ရည်ဆိုင်မယ်မယ်ရရမရှိသေးဘူး....။ ရှမ်းပြည်ဆိုတော့ ရှမ်းခေါက်ဆွဲဆိုင်တွေပဲပေါတာမလား တရုတ်ထမင်းဆိုင်တောင်မှ တစ်ဆိုင်ထဲရှိတာ...။ အဲတုန်းက လက်ဖက်ရည်သောက်ချင်ရင် တာလေဈေးထဲက ဦးတင်ဝလက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲရှိတယ် အထပ်တစ်ရာ (ရန်ကုန်အခေါ် သကြားပလာတာ) အီကြာကွေး စမူဆာ အဲဒါတွေရတယ်...။ ကျနော်မှတ်မိသလောက် ဈေးထဲ ပေါက်ဆီလုပ်ရောင်းတဲ့သူတွေမရှိသေးဘူး....။ နောက်ကျတော့ ကျနော်တို့ အိမ်ရှေ့တည့်တည့်မှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်လာဖွင့်တယ်....။ အဲဒီအိမ်အောက်ထပ်အခန်းကို လားရှိုးကပြောင်းလာတဲ့ တရုတ်လင်မယားနှစ်ယောက်က လာငှားဖွင့်တာ...။ ဦးသန်းထွန်းတဲ့ အဲဦးလေးနာမည်က သူက ပေါက်ဆီလုပ်တာ သိပ်ကောင်းတယ်...။ အဲအခါကျမှ ကျနော်တို့ပေါက်ဆီစားရတာ မဟုတ်ရင် အမေ တာချီလိတ်/မယ်ဆိုင်ဖက် ဈေးဝယ်ထွက်လို့မှ စားကြရတာ...။ ဦးလေးဦးသန်းထွန်းက ပေါက်ဆီလည်းလုပ်သလို အီကြာကွေးလည်းလုပ်ရောင်းတယ် အီကြာကွေး ပုတိုပိစိလေးတွေ သူစလုပ်ရောင်းတာပေါ့...။ အရင်ဈေးထဲဝယ်စားခဲ့ဖူးတာက အီကြာကွေးအချောင်းရှည်ရှည်တွေ...။
ဈေးထဲကဖွင့်တဲ့ ဦးလေး ဦးတင်ဝလက်ဖက်ရည်ဆိုင်မှာဆို တပ်ထဲကလူတွေလာအထိုင်များတယ် ဈေးကပ်လျက်က အုပ်ကျင်းရွာဆိုတာ တကယ်တော့ တပ်ထွက်ရဲဘော်ဟောင်းမိသားစုတွေနေကြတဲ့ ဗမာအများစုနေကြတဲ့ ဗမာရွာပေါ့... ဈေးကလည်း တပ်ရှေ့တည့်တည့်မှာတည်ထားတာကိုး အဲတုန်းက ကချင်(၅) တပ်ရင်း အခုတော့ ဘာတပ်ခေါ်လည်း ကျနော်သေချာမသိတော့ဘူး....။ အဲတပ်ကထွက်တဲ့ ကချင်တွေတော်တော်များများလည်း ကချင်ပြည်မပြန်ကြတော့ဘဲ တပ်နဲ့ တစ်မိုင်မရှိတရှိအကွာမှာရှိတဲ့ သီရိရွာမှာစုနေကြတယ် အဲရွာကို ကချင်ရွာလို့လည်းခေါ်ကြတယ်...။ ပြောချင်တာက ဦးတင်ဝဆိုင်မှာက တပ်ထဲက ဗမာတွေနဲ့ အုပ်ကျင်းရွာက ဗမာတွေထိုင်ကြတာများတယ်...။ အဲထဲမှာ အုပ်ကျင်းရွာက အဘထီဆိုတဲ့ အဘိုးကြီးက မိုးလင်းတာနဲ့ အဲဆိုင်မှာချည်းပဲ သူမိန်းမရောင်းတဲ့ မုန့်ဟင်းခါးဆိုင်မှာတောင်မထိုင်ဘူး (အရင် မုန့်ဟင်းခါးပို့စ်မှာတုန်းက ကျနော်ပြောဖူးတဲ့ ဒေါ်ပါဆွေဆိုတာ အဘထီအမျိုးသမီးပေါ့) အဘထီမြေး စိုင်းမင်းမင်းဆိုတာကလည်း ကျနော်နဲ့ကျောင်းမှာတစ်တန်းထဲ သူငယ်ချင်းတွေ...။ အဘထီကိုယ်တိုင်က တပ်ထွက်တစ်ယောက် (အရင်က ရဲဘော်ဟောင်းခေါ်ပေမယ့် အခုခေတ်တော့ စစ်မှုထမ်းဟောင်းလို့ခေါ်ကြမယ်ထင်တယ်) အဘထီက ရေဒီယိုနားထောင်တယ် သတင်းစာတွေဖတ်တယ် နိုင်ငံရေးအကြောင်း ဟောင်ဖွာဟောင်ဖွာ ပြောနေပြီဆို အဲဒါသူပဲ စစ်တပ်မုန်းတဲ့သူတွေဆိုရင်တော့ အဲအဖိုးကြီးကို ကြည့်မရကြဘူး...။ အများအားဖြင့်တော့ ရှမ်းတွေကို၌က ဗမာမုန်းတီးရေးဝါဒီရှိနေပြီးသား....။
လက်ဖက်ရည်အကြောင်းပြန်လှည့်ရအောင် ဦးလေး ဦးတင်ဝလက်ဖက်ရည်က ဗမာအချိုခြောက်နဲ့ ယိုးဒယားခြောက်ရောနှပ်လို့ မွှေးလည်းမွှေးသလို အရောင်လည်းလှတယ်...။ အရင်ခေတ်က လက်ဖက်ရည်ဖန်ခွက်လေးတွေ မှတ်မိကြတယ်မလား အခုခေတ်တော့ အဖြူရောင်ကြွေခွက်တွေပြောင်းသုံးကုန်ပြီ...။ အဲဖန်ခွက်နဲ့ဆိုတော့ အောက်ဆုံးအလွှာက နို့ဆီနဲ့အပေါ်အလွှာအကျရည်ကို သေချာမြင်ရတယ် ပြီးတော့ သတ္တုလက်ဖက်ရည်ဇွန်းနဲ့မသောက်ခင်မွှေရတာမျိုးလေ....။ ခုခေတ်လို နို့ဆီ နို့စိမ်း အကျရည်တစ်ခါထဲ ရောစပ်ဖျော်ပြီးသားမဟုတ်ဘူး...။ ကျနော်ကတော့ Old School လို့ပဲပြောပြော အဲခေတ်က လက်ဖက်ရည်ဆိုင်ရဲ့ presentation နဲ့ အရသာကိုပဲ သဘောကျနှစ်သက်တယ်...။ အဲတုန်းက နို့စိမ်းနဲ့လက်ဖက်ရည်မဖျော်ကြဘူး...။ နို့ဆီကလည်း ကုလာမခြင်းဆွဲ နို့ဆီဗူး ပျစ်ပျစ်နှစ်နှစ်ကိုပဲသုံးတာ...။ ကျနော် ရန်ကုန်မှာ အဲလိုအရသာမျိုးများရမလားလို့ နို့စိမ်းမထည့်ဘဲ နို့ဆီနဲ့အဖျော်ခိုင်းတာ အရသာက မတူတော့ဘူး အကျရည်ရော နို့ဆီရော အရည်အသွေးတွေက ပြောင်းလဲကုန်ပြီကိုး....။ ကျနော်တို့ငယ်ငယ်က ကုလားမခြင်းဆွဲနို့ဆီဆိုတာ စစ်တပ်က ရိက္ခာပေးလို့ရတာကို လာရောင်းစားကြတာ import ဝင်လာတဲ့ စားသုံးကုန်မဟုတ်သေးဘူး...။ လက်ဖက်ရည်ဆိုင်တွေက နို့ဆီ သကြားကို စစ်တပ်မိသားစုတွေက လာရောင်းတဲ့ ရိက္ခာကိုပဲအားထားပြီးဝယ်ကြရတာ မဟုတ်ရင်တော့ ယိုးဒယားကလာတဲ့ စံပယ်ပန်းတံဆိပ် (mali) နို့ဆီကိုပဲ သုံးရတာ အဲနို့ဆီကျတော့ ကျဲတောက်ကြီး...။ ဒါမှမဟုတ်လည်း နွားနို့ရတဲ့နေ့ဆို နွားနို့နဲ့ဖျော်တဲ့ လက်ဖက်ရည်လည်းသောက်လို့ရတယ်...။ ကျနော်တို့ဖက်က နို့စားနွားမွေးတဲ့လူလည်းရှားတော့ အုပ်ကျင်းမှာ တစ်ကောင်စ နှစ်ကောင်စ မွေးတဲ့အိမ်တွေဆီက နို့ညှစ်ရောင်းမှသာ နွားနို့စစ်စစ်ကို သောက်ရတာပဲ...။ ဖန်ပုလင်းနဲ့တစ်ပုလင်းကိုဘယ်လောက် စသဖြင့်ရောင်းတာပေါ့...။ ဦးလေး ဦးတင်ဝဆိုင်က လက်ဖက်ရည်အပြင် အထပ်တစ်ရာ ပလာတာ စမူဆာကောင်းတယ် သူက အစ္စလာမ်လူမျိုးဆိုတော့ အိန္ဒယမုန့်တွေလုပ်တာနိုင်တယ်...။ ဂျုံဆိုလည်း အရည်အသွေးကောင်းလို့လားမသိဘူး မုန့်တွေက ကြော်ပြီးထွက်လာရင် ဂျုံနံ့ကမွှေးနေရောပဲ အခုခေတ်ကအဲလိုအနံ့အရသာမရတော့ဘူး...။
ကျနော်တို့ အိမ်ရှေ့က ဦးလေး ဦးသန်းထွန်းဆိုင်ကျတော့ အိမ်ဆိုင်ဆိုတော့ တစ်နေကုန်ဖွင့်တာ သူ့ဆိုင်ကျ တောင်ကြီး ကျိုင်းတုံ မိုင်းဖြတ်ကလာတဲ့ ခရီးသည်တင်ကားတွေ ကုန်ကားသမားတွေနဲ့ တာလေကလူတွေ အထိုင်များတယ် လူစုံတယ်ပေါ့....။ ပြီးတော့ သူ့ဆိုင်က ကက်ဆက်နဲ့ ဘောက်စ်တွေနဲ့ သီချင်းလည်းဖွင့်ပေးတယ်...။ နည်းနည်းပိုခေတ်မှီတာပေါ့...။ သူ့ဆိုင်က ပေါက်ဆီ ပဲမုန့် အီကြာကွေးပုစီလေးတွေကောင်းတယ်.. .. လက်ဖက်ရည်လည်းကောင်းပါတယ်...။ သူက လားရှိုးမှာနေစဉ်ကလည်း လက်ဖက်ရည်ဆိုင်အတွေ့အကြုံရှိခဲ့ဖူးသူတစ်ယောက်...။ မှတ်မိသေးတယ် ကျနော် ဆယ်တန်းအောင်လို့ အိမ်ကခဏပြန်လည်တုန်းက သူငယ်ချင်းတွေနဲ့ အဲဆိုင်မှာထိုင်ကြသေးတယ် ငှားလာတဲ့ ကာတွန်းစာအုပ် မဂ္ဂဇင်းစာအုပ်တွေဖတ် စာစောင်တွေဖတ်ရင်း ရေနွေးခရားတစ်အိုးပြီးတစ်အိုးသောက်ပြီး တစ်နေကုန်အာလူးတွေဖုတ်ကြတာ...။ ဒါပေမယ့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်တော့ ပြောင်းသွားပြီး ဦးသန်းထွန်းတို့ မိသားစုက အကုန် လားရှိုးကိုလား မန္တလေးကိုလားမသိ ပြန်ပြောင်းသွားကြပြီ သူ့ဆိုင်တစ်ခုလုံးကို ငှားပေးတဲ့ အိမ်ပိုင်ရှင်ကပဲ လက်ပြောင်းလက်လွှဲယူပြီး ပြန်ဖွင့်တာ ဟုတ်တယ်...။ သူတို့လည်း မုန့်လုပ်တာ ဘာညာအကုန်ပြန်သင်ထားတော့ ဆိုင်ဆက်ဖွင့်ဖို့ အဆင်ပြေသွားတယ် ဖောက်သည်ကလည်းရှိပြီးသားဆိုတော့ ရောင်းမကောင်းဖို့လည်း သိပ်မစိုးရိမ်ရတော့ဘူး...။ ပြီးတော့ တာလေမှာလည်း လက်ဖက်ရည်ဆိုင်ဆိုလို့ အဲတစ်ဆိုင်ထဲရှိတာလေ..။ 2011 ငလျင်လှုပ်တော့ ဦးသန်းထွန်းလက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့အိမ်က ငလျင်ကြောအောက်မှာပြားပြားဝပ်အကုန်ပြို ငလျင်မလှုပ်ခင်အရှေ့ပိုင်းနှစ်တွေကတည်းကလည်း လက်ဖက်ရည်ဆိုင်မဟုတ်တော့ဘူး ရှမ်းခေါက်ဆွဲဆိုင်ဖြစ်သွားပြီ အဲဆိုင်ရှင်အဒေါ်နဲ့သူ့သားက ငလျင်ထဲပါသွားတာပေါ့...။ ကျနော်လည်း အဖိုးဆုံးပြီး(2014)ကတည်းက မပြန်ဖြစ်တော့တာဆိုတော့ တာလေမှာ လက်ဖက်ရည်ဆိုင် ဘယ်နှစ်ဆိုင်ရှိလည်း ဘယ်သူတွေဆက်ဖွင့်ကြလည်း သေချာမသိတော့ဘူးရယ်....။
ဦးသန်းထွန်းလက်ပြောင်းလက်လွှဲထားခဲ့တုန်းက ကျနော့်အဖွားတာလေမှာနေနေသေးတယ်...။ အိမ်မှာကျနော်တို့အမေ ဈေးရောင်းထွက်ရင် အဖွားကကျန်ခဲ့တယ် ရေနွေးအိုးတည်ပေးမယ့်သူမရှိတော့ အဖွားက သူ့ရေနွေးခွက်ထဲ ဟောလစ်မှုန့်တွေထည့် ဇွန်းတစ်ချောင်းတပ်ပြီး အိမ်ရှေ့အိမ်ကိုလမ်းဖြတ်ကူး လက်ဖက်ရည်ဆိုင်မှာ ရေနွေးသွားတောင်းထည့်ပြီး ကလောင်ကလောင်ဇွန်းနဲ့မွှေရင်း အိမ်ဖက်ပြန်ကူးလာတာ နေ့စဉ်နဲ့အမျှပါပဲ...။ ရွာမှာက မနက်ဆို ကျနော်ငယ်ငယ်က ရေနွေးအိုးတည်ဖို့ ထင်းမီးဖိုဖိုရတယ် နောက်ပိုင်းခေတ်ကျ မီးသွေးမီးဖိုဖိုတယ်...။ မီးခိုးမှိုင်းတွေမဲတူးနေတဲ့ အတွင်းပိုင်းမှာ ထုံးဂျိုးတွေကပ်နေတဲ့ရေနွေးအိုးနဲ့ရေနွေးတည်ရတာပေါ့...။ နောက်ကျတော့ ရန်ကုန်က အဒေါ်တွေက အဖွားအဲလို သူများဆိုင်မှာ ရေနွေးသွားသွားယူတာကိုသိတော့ ရေနွေးတည်ရလွယ်အောင် ဂက်စ်မိုးဖိုဝယ်ပေးတယ် လျှပ်စစ်မီးလား ခုခေတ်ထိကိုမရသေးတာ ခုသုံးနေကြတာက ထိုင်းကမီးလိုင်းဆိုလား လာအိုဖက်ကလိုင်းဆိုလားပဲ...အော်...တကယ်ပါပဲ ပြည်တွင်းမှာရှိတဲ့ဂက်စ်လိုင်းတွေရောင်းစားပြီး ကျနော်တို့ပြည်သူတွေမှာ ဆင်းရဲမွဲတေနေရ ဘာမှမသုံးရမစွဲရဘဝ....။
အဲ ရန်ကုန်ရောက်မှာကျတော့ 1988-1990 ဝန်းကျင် လက်ဖက်ရည်ဆိုင်ထိုင်တယ်ဆိုတာ ယောကျာ်းတွေပဲထိုင်ရတာလို့မှတ်ကြတယ်....။ လက်ဖက်ရည်ဆိုင်ရှေ့ဆို ဘယ်မိန်းကလေးမှ ဖြတ်မလျှောက်ရဲကြဘူး မလျှောက်ရဲဆို ဖြတ်သွားတာနဲ့ ဆိုင်မှာလာထိုင်တဲ့ငနဲတွေရဲ့ ကျွတ်ကျမတတ် scan ဖတ်သလို အကြည့်တွေကိုကြောက်ကြလို့ပါပဲ...။ တကယ်လည်းဟုတ်တယ်လေ....။ လက်ကိုင်ဖုန်းမပေါသေးတဲ့ခေတ် အင်တာနက်မရှိတဲ့ခေတ်မှာ အဲဒီယောကျ်ားတွေအတွက်က ရှားရှားပါးပါးနိုင်ငံခြားကလာတဲ့ ပလေးဘွိုင်းစာအုပ်လောက်နဲ့ ကျေနပ်နေရတဲ့ခေတ်ဗျာ အဲ..ဒါပေမယ့် အပေါ်စက်အောက်စက်လိုမျိုးဗီဒီယိုခွေတွေတော့ပေါ်နေပြီထင်တယ် ဆိုတော့ သူတို့အတွက်က မျက်စိအစာကျွေးစရာ လက်ဖက်ရည်ဆိုင်ကဖြတ်လျှောက်လာတဲ့ ကောင်မလေးတွေက သားကောင်ပဲလေ.... (ဆောရီး ကျနော်ပြောတာ ရိုင်းသွားလား မဝါဒီဆန်သွားသလားမသိဘူး)...။ ကျနော် ရန်ကုန် တရုတ်တန်းမှာနေတော့ လက်ဖက်ရည်ဆိုင်စထိုင်ဖူးတာ ရှစ်တန်းကိုးတန်းကတည်းကပဲ သူငယ်ချင်းတွေနဲ့ထိုင်တာ ယောက်ကျားလေးတွေတစ်ယောက်နှစ်ယောက်ပါမှထိုင်ကြတာအဲတုန်းက မိန်းကလေးချည်းထိုင်ရင် မျက်စိစပါးမွှေးစူးသေးတာ ရပ်ကွက်ထဲက...။ ဒါက long long ago ေခတ်က အမြင်ကျဉ်းမြောင်းနေတဲ့ကာလကပေါ့...။ ခုတော့ မိန်းကလေးတွေ လက်ဖက်ရည်ဆိုင်မပြောနဲ့ ဘီယာဆိုင်တောင်ထိုင်နေကြပြီဆိုတော့ ကျနော်တို့နိုင်ငံကလူတွေဟာ အတွေးအခေါ်အယူအဆတွေ အစွန်းရောက်ကြသလိုပဲ ခံစားရတယ် ဗုဒ္ဓဘာသာလို့ခံယူထားကြပြီးတော့လေ...။
ကျနော်တို့ ငယ်ငယ်ကခေတ် လက်ဖက်ရည်ဆိုင် vibe မျိုးလိုချင်ရင်တော့ ဗီယက်နမ်မှာတော်တော်များများ တွေ့နိုင်သေးတယ်...။ အထူးသဖြင့် တောင်ပိုင်းမှာရှိတဲ့ ဆိုင်ဂုံမြို့နဲ့ အဲနားတစ်ဝိုက် နယ်မြို့တွေက ဗီယက်နမ်ကော်ဖီဆိုင်တွေမှာ အဲလိုမျိုးအငွေ့အသက်တွေရသေးတယ်...။ တကယ်တော့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဟာ သူ့ခေတ်သူ့အခါက လူမှုရေး စီးပွားရေး နိုင်ငံရေးအခြေကို မသိမသာပြောပြသွားနိုင်တဲ့ မှတ်စုစာအုပ်ကြီးတစ်အုပ်လိုပါပဲ...။ ဆရာမြသန်းတင့်ရဲ့ လက်ဖက်ရည်ဆိုင် စာအုပ်လေးဖတ်ပြီး ငယ်တုန်းကရွာက လက်ဖက်ရည်ဆိုင်တွေအကြောင်းပြန်ပြောပြမိသွားတယ်...။ ဖတ်ထားတဲ့စာအုပ် reviewed လေးမဟုတ်ပေမယ့် ကျနော့်ပို့စ်လေးကို စိတ်ကျေနပ်အားရမိမယ်လို့ မျှော်လင့်ပါတယ်...။
No comments:
Post a Comment