Friday, 18 August 2017

မင်းမရှိတဲ့နေရာ ၃၃.....




ကျွန်မရဲ့ University Life ဟာ ကိုမျိုးကျော့ သီချင်းတွေနဲ့ဖြတ်သန်းခဲ့ရတာဆိုရင်မမှားဘူး...။ အဲတုန်းက ကိုမျိုးကျော့က ပထမဆုံး သူ့အခွေတွေကို New Year Eve 31ရက်နေ့ညမှာ Limited Edition နဲ့ အသိမိတ်ဆွေတွေကိုဝေခဲ့တယ်..။ သူ့ခွေကြမ်းကို နားထောင်ရတော့ သူ့သီခ ျင်းတွေကို နားထောင်လို့ရတယ် ကြိုက်တယ်..။ အဲဒီတုန်းက Music အမျိုးအစားတွေဘာတွေလဲ သိပ်နားမလည်ပါဘူး..။ မြန်မာပြည်မှာ ပထမဆုံး Rap ဂီတကို စတင်သူ...။ သူတီထွင်တဲ့ Melody တွေက ဆန်းပြားတယ် ပုံပြင်ဆန်တယ် နားထောင်ပြီးရင် ရင်ထဲ ကျွမ်းမြေ့ပျော်ဝင်သွားစေတယ်.... သီးခြားကမ္ဘာကို ရောက်သွားစေတယ်...။ တစ်နေ့ သီချင်းအဟောင်းတွေချည်းပဲ ရောင်းတဲ့ဆိုင်တစ်ခုကို ရောက်သွားတော့ ကိုမျိုးကျော့ရဲ့ လူဖြစ်ရတဲ့ဒုက္ခရှိလားလို့ ဝင်မေးဖြစ်ရင်း ဒီစီဒီလေးရခဲ့တယ်...။ A Night with Myo Kyawt Myaing ကျွန်မကြိုက်တဲ့ သီချင်းတွေများတယ်..။ အဲဒီထဲက သုံးပုဒ်လောက်ကို You Tube ကနေတင်ပေးလိုက်ပါတယ်..။





၃၃


၃၃ ဆိုတဲ့ သီချင်းလေးကတော့ ကိုမျိုးကျော့ရဲ့ ဘယ်နှစ်ခွေမြှောက်က သီချင်းမှန်းတော့မသိ 2000ခုနှစ်တော်တော်စွန်းမှ ထွက်တဲ့ အခွေ...။ ဒီသီချင်းလေးနားထောင်ဖြစ်တော့မှ ကိုမျိုးကျော့ရဲ့ ခံစားမှုလေးကို စာနာကြည့်မိတယ်..။ လူတစ်ယောက်ရဲ့  ၃၃နှစ် ဆိုတဲ့အသက်အရွယ်ဟာ တကယ်တွေးကြည့်ရင် ကိုးလို့ကန့်လန့်အရွယ်ဖြစ်နေတာ...။ လူငယ်နဲ့ လူကြီးအရွယ်ရဲ့ ကြားအသက်အရွယ်မျိုးလေ...။ လူငယ်တွေနဲ့ ပေါင်းတော့လဲ ကိုယ်ကလူကြီးဖြစ်...။ လူကြီးတွေနဲ့ပေါင်းပြန်တော့လဲ ကိုယ်က ကလေးဖြစ် အဲလိုစကောစကအရွယ်ကို ရေးစပ်ထားတဲ့ စာသားလေးနဲ့...။ ကျွန်မက ကိုယ်ပိုင်သံစဉ်တေးရေးဆရာတွေထဲမှာ အကြိုက်ဆုံးက ကိုငှက်ကြီးပြီးရင် ကိုမျိုးကျော့ပဲ... သူတို့က သီချင်းရေးရင် သံစဉ်တေးသွားတွေ မထပ်ဘူး...။ စာသားတွေက လေးနက်ပြီး ကဗျာဆန်တယ်.. စကားလုံးတွေ နူးညံ့ပျော့ပျောင်းတယ်... သံလိုက်စွမ်းအားတွေပျော်ဝင်တယ်..။




မင်းမရှိတဲ့နေရာ



မင်းမရှိတဲ့ နေရာ ဆိုတဲ့သီချင်းလေးကတော့ 2006 2007 ဝန်းကျင်ကထွက်တဲ့ လူဖြစ်ရတဲ့ ဒုက္ခဆိုတဲ့ အယ်လ်ဘမ်ထဲကတစ်ပုဒ်...။ အဲဒီအယ်လ်ဘမ်လေးက ကိုမျိုးကျော့ ခါတိုင်းရေးနေကျ သီချင်းတွေနဲ့ကွဲထွက်တယ်..။ သူ့သီချင်းအမျိုးအစားက အီလက်ထရိုပေါ့ပ်ဆန်တယ် အီလက်ထရိုပေါ့ပ် စစ်စစ်လဲမဟုတ်ဘူး...။ သံစဉ်ခပ်ဆန်းဆန်းလေးပေမယ့်  နားထောင်ကောင်းတယ်..။ ဒီဖက်ခေတ် သီချင်းအသစ်တွေကို သိပ်မခံစားနိုင်တော့လို့လား အဟောင်းတွေကို ပြန်လည်ရှာဖွေရင်း အဟောင်းထဲက အကောင်းများကို နားထောင်ဖြစ်တဲ့ အခါတိုင်း ဒီနေရာလေးမှာ ပြန်လည်မျှဝေပါရစေလို့...း)



 သတိရရင်ပြီးတာပဲ



သတိရပြီးတာပဲ ဆိုတဲ့ သီချင်းလေးကို ပြန်နားထောင်ဖြစ်တော့ သူငယ်ချင်းတစ်ယောက်ကို ပြန်သွားသတိရမိတယ်..။ သူက အဲသီချင်းကိုနားထောင်လည်းပြီးရော တိတ်ခွေကိုထုတ်ပြီး နင်းချေပစ်လိုက်တယ်..။  ပျက်ပြီးသားရည်းစားကိုဘာလို့လွမ်းနေမှာလဲ.. တခြားလူရင်ခွင်ထဲရောက်နေတာကို ဘာလို့ ပြန်လာဖို့မျှော်နေတာလဲဆိုပြီး စာသားကိုမကြိုက်လို့တဲ့ နင်းချေပစ်လိုက်တယ် ခွေကို.....။ သြော်... လူတစ်ကိုယ် စိတ်တစ်မျိုးလေ.. ခံစားချက်တွေ ခံယူချက်တွေ ဘယ်လိုတူနိုင်ပါ့မလဲ ..။




 


မိုးငွေ့

No comments: