ဆရာမြသန်းတင့်ရဲ့ "မမ" ဆိုတဲ့ စာအုပ်ကို ကျနော် 2024 နှစ်ထဲမှာ ဖတ်ဖြစ်ခဲ့တာပါ...။ အရင်ချိန်တွေထက် စာဖတ်အားတွေကျသွားတာသိတယ်...။ 2024 တစ်နှစ်လုံးက ဝေလေလေပဲ ဘာမှမလုပ်ဖြစ် စာအုပ်တွေလည်း ဘာမှသေသေချာချာရေရေရာရာကိုမဖတ်ဖြစ်တာ...။ ခုနှစ်ပိုင်းဆို စာအုပ်လေးတစ်အုပ်တောင် မဝယ်ဖြစ်သေးဘူးလားလို့....။ ဆိုတော့ ဒီစာအုပ်လေးဖတ်လို့ ဖြစ်ပေါ်လာတဲ့ ခံစားမှုတချို့ပဲပြောပြချင်တာပါ...။ ထုံးစံအတိုင်း ကျနော် ဘယ်စာရေးဆရာကြီးတွေရဲ့ စာအုပ်ကိုတော်ရုံတန်ရုံ Review လည်းမရေးပါဘူး...။ ဆရာကြီးတွေရေးခဲ့တဲ့စာတွေကိုဖတ်ပြီး ရလာတဲ့ခံစားမှုရသနဲ့ အတွေးတွေကိုပဲ ရေးဖြစ်တာများပါတယ်...။
မမကဘယ်လိုလူမျိုးလည်းဆိုတော့ တည်ငြိမ်တဲ့အသက်အရွယ်ရောက်နေပေမယ့် စိတ်ကိုအလိုလိုက်မိတဲ့ အတွက်ကြောင့် အမှားတစ်ခုကျူးလွန်မိသွားတာ...။ အဲအမှားတစ်ခုကြောင့်လည်း သူ့ဘဝတစ်ခုလုံး ဖြည်ရခက်အောင် ရှုပ်ထွေးသွားခဲ့ရတာ...။ ပြီးတော့ မမအဲလိုဖြစ်သွားရတဲ့အကြောင်းအရင်းက ငယ်ရွယ်တဲ့အချိန်ကို ပြည့်ပြည့်ဝဝ အသုံးမချလိုက်ရဘဲ အသက်တော်တော်ကွာတဲ့ ယောကျာ်းတစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့လို့လည်းပါတယ်...။ အိမ်ထောင်ရေးတစ်ခုမှာ ဘာတွေလိုအပ်တယ် ဘာတွေလစ်ဟာနေလဲ ဘယ်လိုတွေစိတ်ထားပြီး နေထိုင်ကျင့်ကြံရမလဲဆိုတဲ့ ကွက်လပ်တွေကို ထင်သာမြင်သာအောင်ရေးပြသွားတာ...။
အဓိကက လူတစ်ယောက် ကိုယ့်စိတ်ကို control လုပ်နိုင်ဖို့က တော်တော်အရေးကြီးတယ် မဟုတ်ရင် ဘယ်အရွယ်မှာမဆို အဲစိတ်အလိုလိုက်မှုနဲ့ပဲ နွံနစ်သူတွေနစ်ရတယ်... ဘဝတွေ ပျက်စီးဆုံးရှုံးသွားရတဲ့အထိ ဖြစ်ရတယ်လို့ "မမ"ကနေ သင်ခန်းစာရခဲ့တာလေးတွေပါ...။ အရင်ခေတ်က စာရေးဆရာကြီးတွေရဲ့ ဇာတ်အိမ်တည်တာလေးတွေ အရေးအသား စကားလုံးအသုံးအနှုန်းတွေကို ခုခေတ်စာရေးဆရာတွေ ထက်ပိုသဘောကျလို့ သူတို့ရဲ့ အရည်အချင်းနဲ့အရည်အသွေးကို ယုံကြည်လို့ သူတို့စာအုပ်တွေကို ပိုဖတ်ဖြစ်တယ်...။ အဲဖက်ခေတ်က စာရေးဆရာတွေက နိုင်ငံခြား ဝတ္ထုတွေကိုအဖတ်များတော့ သူတို့စာတွေ သူတို့အတွေးတွေက ပိုပြီးခေတ်မှီဆန်းသစ်တယ် အနှစ်သာရလည်းရှိတယ်လို့ ကျနော်မြင်မိတယ်...။
ဒီပို့စ်က မနှစ်ကတည်းက ရေးထားပြီးမတင်ဖြစ်တဲ့ပို့စ် 2024 မှာ စာဖတ်အားနည်းတယ်သာပြောတာ 2025 လည်း ဒီတိုင်းပဲ အခု 2026 နှစ်ဦးပိုင်းရောက်လာတဲ့အထိ ကျနော်ဘာတွေလုပ်နေလည်း? အမှန်ပြောရရင် ကျနော် အိမ်ပြန်ရောက်ရင် ညဖက် tiktok မှာပဲ အချိန်ဖြုန်းဖြစ်နေတယ် အစကတော့ အပျော်သဘောဆော့ပေမယ့် အချိန်ကုန်တာနဲ့တန်အောင် content creator တစ်ယောက်ဖြစ်ဖို့ ကျနော် စဉ်းစားမိတယ် ခုဆို ကျနော့် doodles ပုံလေးတွေဆွဲတာတို့ ဆွဲပြီးတဲ့ပုံလေးတွေကိုပြပြီး စကားပြောတဲ့ပို့စ်တွေ ခပ်စိပ်စိပ်တင်ဖြစ်လာတယ်...။ tiktok ကိုသဘောကျတာက ကိုယ်ပြောချင်ပြချင်တဲ့အကြောင်းအရာတွေကို အချိန် ဆယ့်ငါးစက္ကန့် သို့မဟုတ် သုံးမိနစ်လေးနဲ့ point တွေကိုပြသွားလို့ရတာကိုပဲ...။ ပြီးတော့ vd တွေရိုက်တာများပြီး အရင်ကထက် လူကြောက်တာ ကင်မရာကြောက်တာတွေလျော့လာတယ် စကားပြောစွမ်းရည်ကိုလေ့ကျင့်ပေးပြီးသားလဲဖြစ်သွားတယ်..။ တကယ်တော့ ကျနော်ဟာ ကိုယ့်သက်တမ်းရဲ့ သုံးပုံနှစ်ပုံလောက်ထိ ကျနော်တကယ်မလုပ်ချင်တဲ့အလုပ်ထဲမှာပဲအချိန်ဖြုန်းခဲ့ပြီးပြီ...။ ခုကစပြီး ငါ့ရဲ့ကိုယ်ပိုင်ဖြစ်သင့်ပြီလို့ ကျနော်ဆုံးဖြတ်ပြီး အရာအားလုံးကို neglect လုပ်သင့်တာလုပ်တယ် ပြောဖို့အချိန်တန်လာလို့ထင်တဲ့ စကားတွေကိုသိမ်းမထားဘဲ ပြောလိုက်တယ် စိတ်ထဲလုပ်ချင်လာတဲ့အရာတွေကို လုပ်ပစ်လိုက်တယ်....။
အဲဒါအတွက် vd editing တွေနဲ့ ကျနော် ထပ်ပြီးလေ့လာသင်ယူရမယ့် အရာတွေအများကြီးပဲ...။ ကျနော် ဒီလကုန်လောက်ဆို ကျနော့် tiktok ရဲ့ user name ကို တရားဝင် နာမည်လေးတစ်ခုပေးလိုက်တော့မယ်လို့ရည်ရွယ်ထားတယ် အဲဒါကတော့ Mee's Diary လို့ပေးမယ်...။ အခုက ကျနော် တစ်လတစ်ခါလောက် နာမည်တွေအမျိုးမျိုးပြောင်းတာတို့ အီမိုဂျီတွေထားတာတို့လုပ်နေတာ ...။ ဘာရယ်မဟုတ် ကျနော့် content လေးတွေကို စိတ်ဝင်စားရင် လာ join ပေးပါ လာလေ့လာပါလို့ ဘလော့စာဖတ်သူတွေကို ဖိတ်ခေါ်ချင်ပါတယ်...။ ကျနော့်ကိုယ်ပိုင် hashtag ကတော့ #ဗြာဟ္မဏပြည်ကလာသည် ဖြစ်ပါတယ်ဗျ....။ ဒါမယ့် အဲ #hashtag က ကျနော်တစ်ယောက်ထဲပဲ သုံးသေးတော့ search မှာရှာလို့မရနိုင်သေးဘူးထင်တယ်...။
2026 ကစပြီး ကျနော်တင်မယ့်ပို့စ်တိုင်းရဲ့ အဆုံးသတ်လေးမှာ "မိုးငွေ့" ဆိုတာ ပြန်ထည့်ပြီနော်...:)
မိုးငွေ့


No comments:
Post a Comment