မြူတွေဝိုးဝါး နေခြည်ပါးပါးနဲ့
ဆောင်းပီတဲ့ မနက်ခင်းတစ်ခုကို ဒီဇင်ဘာမှာတွေ့ရတယ်.....။
ဟိုးခေတ်က
မြန်မာသီချင်းတစ်ပုဒ်ကို သွားအမှတ်ရမိတယ် "ဆောင်းအမီ" ဆိုတဲ့ သီချင်းလေး....။
ငယ်စဉ်တုန်းက ကက်ဆက်တို့ ရေဒီယိုတို့ကို နားထောင်ခဲ့ရတဲ့ခေတ်က မနက်ခင်း မေမေ
ဟင်းချက်ရင် မြန်မာသံရေဒီယိုဖွင့်ဖွင့်ထားတတ်တယ်....။ အဲဒီတုန်းက ဆောင်းအမီကို
နားထောင်ဖူးခဲ့မယ်ထင်တယ် သေချာမမှတ်မိတော့ဘူး.....။ မူရင်းအဆိုတော် မေလှမြိုင်
ပြီးတော့ လက်ဆင့်ကမ်းပြီး ခင်ညွန့်ရီ ဟေမာနေဝင်း စိုးစန္ဒာထွန်း စသဖြင့်
ပြန်လည်သီဆိုခဲ့ကြတယ်....။
အေးမြတဲ့ရာသီမှာ လူငွေ့က ပိုနွေးလို့ အဝေးရပ်ရောက်နေသူ ချစ်သူ အိမ်ထောင်ဖက်တွေကို မျှော်ရ တမ်းတရတဲ့ ဖွင့်ဆိုချက် မြန်မာသံသီချင်းတစ်ပုဒ်....။
ချစ်သူတစ်ယောက်ရဲ့ ရင်ခွင်ဟာ ဘယ်လောက်နွေးထွေးလဲဆိုတာ
သိဖို့ မကြိုးစားချင်တော့ဘူး....။
"မြူက
ကိုယ့်ကိုယ်ကိုဆီကနေ အမြဲထွက်ပြေးနေတဲ့ မိန်းကလေး တစ်ယောက်ပဲ" လို့ သူခဏခဏ
မှတ်ချက်ချတာကို ပြန်ကြားယောင်မိတယ်.....။
တကယ်တော့ ဘောင်ခတ်တာကို
မကြိုက်ဘူးပြောပြီး အကြိမ်ကြိမ်ကိုယ့်ကိုယ်ကို ဘောင်ခတ်ထားမိနေသူက မြူမှုန်ဝေ......
မြူ့ကို
မေမေက ဆောင်းရာသီမှာမွေးခဲ့တာမဟုတ်ဘဲ နွေဦးရာသီ မြူတွေဆိုင်း မှိုင်းဝေနေတဲ့
မနက်ခင်းမှာမွေးခဲ့လို့ မြူမှုန်ဝေလို့ နာမည်မှည့်တွင်ပေးခဲ့တယ်...။
ဒီနေ့
မြူ့ဆီကို သူရောက်လာရမယ့်နေ့ပဲ......။ အိမ်အပြင်ဖက် မြက်ခင်းပြင်ပေါ် စားပွဲတစ်လုံး ခုံနှစ်လုံးနဲ့ စားပွဲခင်းအဖြူရောင်ပေါ်မှာ
ကော်ဖီထည့်ထားတဲ့ ကြွေအိုးနဲ့ ကော်ဖီပန်းကန်နှစ်စုံ.....။ မနီးမဝေးက မြူတွေရစ်သိုင်းနေတဲ့ ထင်းရှူးပင်ချွန်ချွန်တွေက
စီစီရီရီလှလှပပ....။
ခြံစည်းရိုးနားမှာ လူတစ်ယောက်ရပ်နေတယ်....။ တော်တော်လှမ်းနေပေမယ့် အရပ်ရှည်ကိုင်းတဲ့ ပုံနဲ့ ဟန်ပန်တွေက သူဆိုတာ သိသာထင်ရှားစေတယ်....။
အဖြူရောင် သစ်သားဝင်းခြံတံခါးကို သူတွန်းဖွင့်ဝင်လာရင်း မြူ့ကို လက်ဝှေ့ရမ်းပြ နှုတ်ဆက်လိုက်တယ်...။ ဂျင်းဘောင်ဘီအပြာဖျော့နဲ့ အနက်ရောင်သိုးမွှေးခေါင်းစွပ် ဆွယ်တာ
အနွေးထည်လေး ဝတ်ထားတယ်....။
သူအနားရောက်လာတော့
ခါတိုင်းလိုပဲ မြူ့ကို သူပွေ့ဖက်နှုတ်ဆက်တယ်....။ သူ့
ကိုယ်ငွေ့က အရင်လို နွေးထွေးဆဲလို့ ခံစားရတယ်....။ သူဆွတ်ထားတဲ့ ပရုတ်နံ့ပါတဲ့
ရေမွှေးကလဲ မြူ့ကို ရင်ခုန်လှုပ်ရှား လန်းဆန်းသွားစေခဲ့တယ်....။
"မြူက
လွန်ခဲ့တဲ့ ဆယ်နှစ်ကနဲ့ ဘာမှသိပ်မပြောင်းလဲသွားဘူး လှနေတုန်း" လို့ သူက
အနီညိုရောင်ဆိုးထားတဲ့ မြူ့နှုတ်ခမ်းကို ကြည့်ပြီးပြောတယ်....။ ပြီးတော့
မဲနက်ကော့ပျံနေတဲ့မျက်တောင်တွေနဲ့ ဝန်းရံထားတဲ့ မျက်ဝန်းတစ်စုံကို
သူစိုက်ကြည့်တယ်....။
"
ကော်ဖီသောက်ကြမယ်လေ ပူနေတုန်းလေး.... အချိန်အကြာကြီး ဝေးသွားခဲ့တာ အခု
ကော်ဖီခါးခါး သောက်တတ်နေပြီလား" လို့ မြူမေးတော့ သူက သွားစွယ်တွေပေါ်အောင်
ပြုံးပြီး....
"မြူပြောလဲ
ကိုယ်ခံရမှာပဲ ဆယ်နှစ်လုံးလုံးကျင့်ခဲ့ပေမယ့်
ခုထိမအောင်မြင်သေးဘူးလေ...."လို့ပြောပြီး သူ့ဘာသာသူ သဘောကျနေတယ်...။
မြူတစ်ချက်ပြုံးလိုက်ရင်း
သူ့ကော်ဖီခွက်ထဲ သကြားညိုနှစ်ခဲသုံးခဲလောက်ထည့်ပေးလိုက်တယ်....။
အငွေ့ထောင်းထောင်းထဆဲ ကော်ဖီအနက်ရောင်ရည်တွေကို သူ့ရှေ့မှာရှိတဲ့ နှင်းဆီပန်းခက်လေးတွေနဲ့ဒီဇိုင်းဖော်ထားတဲ့
အဖြူရောင်ကြွေခွက်ထဲ ငှဲ့ထည့်ပေးလိုက်တယ်....။ အဲချိန်မှာပဲ အသက်၅၀ ကျော်ဝန်းကျင်
တိုင်းရင်းသားအမျိုးသားကြီးတစ်ယောက်က တိုဟူးနွေးနဲ့ ရှမ်းခေါက်ဆွဲထည့်ထားတဲ့..... စားစရာဗန်းတစ်ခုလာချတယ်....။ မြူသူ့ရှေ့ကို ရှမ်းခေါက်ဆွဲပန်းကန်ကမ်းပေးလိုက်တယ်....။
"နှစ်တွေကြာသွားပေမယ့်
အကြိုက်တွေမပြောင်းသေးဘူးပဲ....." လို့သူပြောပြီး "တိုဟူးနွေးလေ"
လို့ဆက်ပြောတယ်....။
"ဟုတ်တယ်
အကြိုက်တွေ ခုထိမပြောင်းသေးဘူး...." လို့မြူသူ့ကို သေသေချာချာကြည့်ပြီး
ပြန်ပြောတော့ သူက ကော်ဖီငုံ့သောက်နေရင်း လှမ်းကြည့်တယ်....။ မြူအဲလို
နှုတ်ခမ်းစေ့ပြီး မျက်နှာတည်တည်နဲ့ပုံကို သူသိပ်သဘောကျတာ...။
"မြူ
ကိုယ်နဲ့ ဘယ်တော့မှ အတူလိုက်မနေတော့ဘူးလား..." သူက ခုထိ ဘာမှမစားသေးဘဲ
သိချင်တာတွေ မေးနေတယ်...။
"ခေါက်ဆွဲအရင်စားလိုက်ဦးလေ
အေးပြီးထွေးကုန်လိမ့်မယ်..." လို့ မြူစကားလမ်းလွဲရင်း သူ့ခေါက်ဆွဲပန်းကန်ကို
တူနဲ့ မွှေပေးလိုက်တယ်....။
"ကိုယ်တို့
ဆယ်နှစ်လောက်အချိန်ယူလာခဲ့တာ အချိန်ဖြုန်းလာခဲ့ကြတဲ့ ရလဒ်က
ဘာမှမဟုတ်ဘူးလား...."
တိုဟူးနွေးစားရင်း
မြူသူ့ကို စကားဆက်မပြောဖို့ လက်ကာပြလိုက်တော့ သူ သောက်လက်စ ကော်ဖီခွက်ကို
ပြန်ချပြီး အိတ်ထဲပါလာတဲ့ စီးကရက်ကို မီးညှိလိုက်တယ်.....။
"ခုချိန်ထိ
ဘာမှမပြောင်းလဲသေးဘူးပဲ ဇွတ်တရွတ်လုပ်တာတွေ စိတ်လောကြီးတာတွေ စည်းကမ်းမရှိတာတွေ
ဒါတွေဘာတစ်ခုမှမပြောင်းလဲသေးဘူးပဲ...." လို့ မြူလေသံအေးလေးနဲ့ မှတ်ချက်ချလိုက်တယ်....။
တကယ်ဆို အကြာကြီးကွဲကွာနေတဲ့ သူနှစ်ယောက်ရဲ့ ပြန်လည်ဆုံတွေ့ပုံလေးက
အေးချမ်းကြည်နူးမှုတွေနဲ့ရှိနေရမှာမဟုတ်လား....။
သူက
မြူ့ကို တစ်ချက်လှမ်းကြည့်ပြီး စီးကရင်မီးခိုးတွေကို အရှည်ကြီး
မှုတ်ထုတ်လိုက်တယ်.....။ သူ့မျက်လုံးတွေမှာ မကျေနပ်ချက်တွေက ထင်းခနဲ....။ မြူတို့
ပြန်ဆုံကြတယ်ဆိုတာ မြူတို့နှစ်ယောက် ပြန်ပေါင်းစည်းဖို့လို့
သူဘာလို့ထင်ထားတာလဲ....။ ဒီတစ်ခါပြန်ဆုံခွင့်ဟာ တစ်သက်တာထာဝရ ဝေးကွာရဖို့လဲ
ဖြစ်နိုင်တာပဲ....။
"မြူဘာတွေတွေးနေလဲ
ဘာတွေလုပ်နေလဲဆိုတာ ကိုယ်တော့ နားမလည်နိုင်တော့ဘူး.... ကိုယ်သိတာ မြူ့ကို ကိုယ်ချစ်တယ်
မြူနဲ့နှစ်ယောက်အတူနေချင်တယ် ဒီလောက်ပဲ .........."
ရာသီဥတုအေးအေးနဲ့
သူရှေ့က ရှမ်းခေါက်ဆွဲက အေးခဲကုန်ပြီ သူကတော့ မြူ့ကို အားမလိုအားမရဖြစ်ပြီး
ရင်ပူနေပုံရတယ်....။
"တစ်ယောက်ထဲထင်ရာပြော
တစ်ယောက်ထဲဆုံးဖြတ်ချက်တွေချနေတာ ခုထိဘာမှမပြောရသေးဘူးနော် ဘာလို့
စိတ်တွေလောတကြီးဖြစ်နေတာလဲ....."
သူပူလောင်နေသလောက် မြူကတော့ နာမည်နဲ့လိုက်အောင် တည်ငြိမ်အေးစက် မထုံတက်သေးနဲ့ သူ
မြူ့ပခုံးကို ဆွဲလှုပ်ရမ်းပစ်ချင်စိတ်ပေါက်သွားခဲ့တယ်....။
"ကိုယ်ကတော့
ဆယ်နှစ်ပြည့်လို့ ပြန်ဆုံတဲ့အခါ ပျော်စရာကောင်းမယ်လို့ ထင်ထားခဲ့တာ
ကိုယ်တို့နှစ်ယောက်အတူ မလုပ်ဖူး မသွားဖူးတဲ့နေရာတွေ သွားကြမယ်လို့
စိတ်ကူးထားတာ..." သူ ပေါက်ကွဲလွင့်စင်ပြတော့ မြူက သူစွဲလန်းတဲ့ အပြုံးမျိုးနဲ့ သူ့ကို ညှို့ငင်တယ်....။
"ပြောပါဦး..........
ဘာတွေလုပ်ပြီး ဘယ်တွေသွားမယ်စိတ်ကူးထားခဲ့လဲ...." တဲ့.... မြူ့အသံတွေက
နှင်းတွေလိုပဲ အေးစက်စက်နဲ့ ရယ်သံလေးဆွတ်ပြီး အရှေ့ပိုင်းကလိုမဟုတ်ဘဲ
ခပ်ချွဲချွဲလေသံမျိုး သူသဘောကျတဲ့ စကားပြောသံမျိုးကြောင့် စောစောက ပူလောင်နေတာတွေ
ချက်ချင်းအရည်ပျော်ဆင်းကျသွားရ....။ အဲလို ခံစားမှုပေါင်းစုံရောစပ်ထားတဲ့
လေသံမျိုးနဲ့ ပြောတတ်တာလဲ မြူပဲရှိ....။
"မြူနဲ့ရုပ်ရှင်အတူကြည့်မယ်
ညသန်းခေါင်ရောင်းတဲ့ ထမင်းကြော်သွားစားကြမယ် လက်ဖက်ရည်ဆိုင်ထိုင်မယ်
ကိုယ်တွေ့ထားတဲ့ တစ်ဆိုင်လုံးအဖြူရောင်တွေနဲ့အလှဆင်ထားတဲ့
ကော်ဖီဆိုင်ကိုလည်းသွားထိုင်မယ် မြူကြိုက်တဲ့ ပင်လယ်ကမ်းခြေကိုသွားကြမယ်
မြူစားချင်တာ အကုန်ကျွေးမယ် မြူရေကစားတာ ရေကူးတာကြည့်မယ် ညတစ်ညလုံးမအိပ်ဘဲ မြူ့ကို
ရင်ခွင်ထဲသိပ်ထားပြီး မြူအိပ်ပျော်နေတာကို ကြည့်ချင်တယ်....ပြီးတော့
မြူ့ပါးပြင်ကို ခပ်ဖွဖွနမ်းမယ်.... ဒီလောက်ပါပဲ...."
မြူကသူပြောနေတာကို
ခပ်အေးအေးနားထောင်ရင်း စားပြီးသားပန်းကန်နဲ့ သူမစားရသေးတဲ့ ခေါက်ဆွဲပန်းကန်တွေကို
ဗန်းထဲကောက်သိမ်းနေတယ်.....။
"အဲဒီလို
လုပ်ကြတာပေါ့.... ထမင်းကြော်နဲ့ကြက်ဥကြော်စားမလား သွားကြော်ပေးမယ်..."
"စားမယ်
ခုနက မင်းနဲ့ဒေါသထွက်လိုက်ရတာ ခုဗိုက်ဆာပြီ ခေါက်ဆွဲတွေကလဲ
စားလို့မရတော့ဘူး...."
"သင်ခန်းစာယူလေ
စိတ်လောပြီးဒေါသထွက်တော့ အစာပါငတ် စိတ်အေးအေးထားတဲ့သူက ဗိုက်ပြည့်သွားပြီ တွေ့လား...."
မြူက
ခေါက်ဆွဲပန်းကန်ဗန်းကိုလက်တစ်ဖက်က ကိုင်ရင်း သူ့ဘေးနားမှာလာရပ်ပြီး သူ့ဆံပင်တွေကို
ဖွပြီးပြောလိုက်တော့ သူသဘောကျစွာ အသံထွက်ရယ်မောလိုက်တယ်....။ သူ့ဘဝမှာ သူ့ကို
ခုပဲစိတ်ဆိုးအောင် ခုပဲပျော်အောင်လုပ်နိုင်တာ မြူတစ်ယောက်ထဲရှိတယ်....။
"မြူက
အမြဲတမ်း လွတ်လပ်စွာပြေးနေရတာကိုကြိုက်ခဲ့တယ်မဟုတ်လား ဘာလို့အခုရပ်နေရတာလဲ"
... လို့ သူစိတ်ထဲတွေးလိုက်မိတယ် ...။
"အရာရာဟာ
တချိန်ချိန်မှာရပ်တန့်ရမယ်ဆိုတာ သိသွားတဲ့အခါ အမြဲတမ်းဆိုတာလည်း
အမြဲတမ်းမရှိဘူး....
အဲဒါ ဘယ်တော့မှ မမေ့နဲ့ " သူ့အတွေးကို ကြားလိုက်သလို မြူပြောလိုက်တယ်
ပြီးတော့ သူ့အတွက် ထမင်းကြော်ပေးဖို့ အိမ်ထဲ ပြန်ဝင်သွားတယ်...။
နေခြည်နုတွေ တဖြေးဖြေးဖြာကျလာတဲ့အခါ မြူငွေ့တွေ ဟာ ပါးလျားလွင့်ပြယ်ကုန်တယ်.......။ မြူက
မြူခိုးငွေ့တွေဆိုရင် သူက နေရောင်ခြည်အလင်းတန်းတစ်ခု ဘယ်လိုမှပေါင်းစပ်လို့မရဘူးဆိုတဲ့အဓိပ္ပါယ်ပဲ.....။ မြူရှိနေရင် နေရောင်ခြည်ရှိလို့မဖြစ်ဘူး နေရောင်ရောက်လာရင်လဲ
မြူမှုန်တွေက ပျောက်ကွယ်သွားရစမြဲမဟုတ်လား.....။ အဲလိုပဲ "မြူမှုန်ဝေ"
နဲ့ "လင်းရောင်နီ" ဘယ်လိုမှပေါင်းဆုံလို့မရတဲ့ သူတွေအဖြစ်
နားလည်ထားတယ်...။
သူ့ကို လိပ်ပြာဖမ်းသူလို့ အမြဲတမ်းယိုးစွပ်ခဲ့ဖူးတာ ခုတော့ သူက မြူ့လက်ဖဝါးထဲမှာ
ဘယ်ဆီကိုမှ မပျံသန်းချင်တော့တဲ့ အဝါရောင်လိပ်ပြာတစ်ကောင်ဖြစ်လို့....
Revolution will prevail
မိုးငွေ့
No comments:
Post a Comment