Hello 📞!!!!
ဘယ်တော့မှ အဆက်အသွယ်မလုပ်တော့ဘူးလို့ သူထင်ထားတဲ့ ကျွန်မဆီက
ဖုန်းဝင်လာတော့ သူရုတ်တရက် မှင်သက်သွားလိမ့်မယ် .....။ သူက "Who's speaking
?" လို့ ဝတ္တရားအရမေးလိုက်ပေမယ့် ကျွန်မအသံကို မှတ်မိနေသေးတယ်ဆိုတာ ကျွန်မသိတယ်... "Its me..." လို့
ကျွန်မပြန်ဖြေလိုက်တဲ့အသံကိုသူကြားတော့....အတွေးထဲမှာ ဖျတ်ခနဲ ဒါဟာ အိပ်မက်လား
တကယ်ဖြစ်နေတာလားလို့ စဉ်းစားလိုက်ပုံပဲ သူတခဏငြိမ်သက်သွားခဲ့တယ်....။
အဖြစ်ပျက်ဟာ Adele ရဲ့ 🎵Hello...🎶 သီချင်းထဲကနဲ့မတူဘူးလား.....?
ကျွန်မဖတ်ဖူးတာရှိတယ် 🎶 Hello...🎵 သီချင်းကို Adele
သီဆိုတော့ ကမ္ဘာတစ်ဝှမ်းက ပြတ်စဲသွားကြတဲ့ ချစ်သူစုံတွဲတွေ ရည်းစားဟောင်းတွေ
တော်တော်များများ ပြန်ဆုံတွေ့ပြီး တွဲဖြစ်သွားကြတယ်တဲ့.....။ အဲဒါဟာ တကယ်အမှန်လား
တကယ်ပဲ Hello လို့ ထူးလိုက်တဲ့ သူ့အသံလေးတစ်ခုဟာ ကျွန်မတို့
နှစ်ယောက်ပြန်ဆုံတွေ့ဖို့ သက်ရောက်မှုတကယ်ရှိခဲ့တာလား....။
Hello !!!! ဆိုပြီး အစပြုလိုက်တဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ ပြန်တွေ့ဆုံမှုဟာ
အရင်ကထက် ပိုသိမ်မွေ့နူးညံ့ လေးနက်ပီပြင်ပြီး ပိုနက်ရှိုင်းလာတယ်.....။
ကျွန်မနဲ့ပြန်ဆုံပြီးနောက် သူ့စာမျက်နှာမှာ Lionel Riche ရဲ့ "Hello.." သီချင်းထဲက
ကောင်မလေးနာမည်ကိုယူပြီး "Dear......" "ချစ်သော....." ဆိုပြီး
သူရေးနေကျမဟုတ်တဲ့ စာတွေကို အခန်းဆက်လိုက် စတင်ရေးသားနေတာတွေ့ရတယ်....။
ပုံမှန်သူရေးနေကျစတိုလ်ကနေ ဆန့်ကျင်သွေဖယ်ပြီးရေးထားတာ သူအဲလောက်
စိတ်ကူးကွန့်မြူးပြီး Romance ဆန်တတ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး...။ သူ့ရဲ့ရိုးစင်းတဲ့
စကားလုံးတွေကလည်း ချစ်စရာကောင်းလိုက်တာရော....။ ကျွန်မက ကဗျာတွေကိုချစ်ပေမယ့်
ကဗျာဘယ်တုန်းကမှ မရေးတတ်ခဲ့ဘူး....။ ကျွန်မသူ့ကိုစသိတာ သူ ကဗျာဆရာပေါက်စနတစ်ယောက် အဖြစ်ကပါ...။
နောက်ပိုင်း သူ့စာမျက်နှာမှာ သူရေးနေကျပုံစံအတိုင်း ကဗျာတွေ သရော်စာတွေ
အတွေးအခေါ်ပိုင်းဆိုင်ရာ ဆောင်းပါးတွေ ရေးတာများတယ်....။
"ဟဲလို" ကနေအကြောင်းပြုပြီး ကျွန်မရဲ့ ညပိုင်းအချိန်တွေကို
သူစတင်သိမ်းပိုက်လိုက်တော့တာပဲ.....။ သူရေးတဲ့
"ချစ်သော........"ထဲကလိုပဲ ညတွေမှာ မင်းအနား မအိပ်ဘဲ အမြဲရှိနေပေးမယ်ဆိုတာမျိုးပေါ့...။သူက ကျွန်မနဲ့ စကားပြန်ပြောရလို့ ပျော်တယ်တဲ့....ပြောနေရင်း ကျွန်မအိပ်ပျော်သွားမှာ ပြန်သွားမှာကို
အမြဲစိုးရိမ်ပြီး စိတ်ဖိစီးရတယ် သူ့ဘေးနားကနေ ပျောက်ပျောက်သွားမှာကို
စိုးရိမ်စိတ်နဲ့ပဲ ကွိုင်တက်နေရတာတဲ့လေ....။ တွေ့လား သူပုံစံပြောင်းပြီး ကျွန်မကို
ချင်းကပ်တာသေချာသွားပြီပဲ....။ သူစကားပြောကောင်းတာ ကျွန်မကို
ကြွေဆင်းပျော်ဝင်အောင် လုပ်နိုင်တယ်ဆိုတာ ယုံပြီလား....။
အဲဒီကစပြီး ကျွန်မတို့ စကားဝိုင်းမှာ
အကြောင်းအရာတော်တော်များများမထပ်အောင် မရိုးအောင်ပြောဖြစ်ကြတယ်....။ အသက်ငယ်ပေမယ့်
သူပြောတာတွေက အတွေးခေါ်ပိုင်း စိတ်ပိုင်းဆိုင်ရာတွေနဲ့ စစ်ပွဲတွေအကြောင်း
နိင်ငံတကာရေးရာတွေအကြောင်းများတယ် သူပြောသမျှလိုက်တွေး လိုက်စဉ်းစားရတာလဲ
စိတ်ဝင်စားစရာကောင်းတယ် အသစ်တွေရတယ် သူ့ခံယူချက်အရ
အရင်းမြစ်ကိုရသလောက်ယူတတ်ရမယ်ပေါ့....။ ကျွန်မကတော့ ငယ်ဘဝကနေကျောင်းပြီးတဲ့အထိ
ကျွန်မဘဝရဲ့ဖြစ်စဉ်အကြောင်း ပြောဖြစ်တာများတယ် သူက ကျွန်မအကြောင်းကို အသေးစိပ်
စိတ်ဝင်စားတတ်သူ ကျွန်မကိုဖန်ပြွန်သန္ဓေနဲ့မွေးပြီး ပုံသွင်းထားတဲ့သူလို့
စွပ်စွဲတတ်သူ ပြီးတော့ ကျွန်မရဲ့မွေးဇာတိထိ လက်တွေ့ကျကျသွားပြီး အရင်းအမြစ်အနေနဲ့
ကုန်ကြမ်းလည်း ယူတတ်သူလေ....။
အဲညမှာ.... ကျွန်မတို့နှစ်ယောက်က
"နတ်သျှင်နောင်နဲ့ဓါတုကလျာ"စုံတွဲနဲ့တူတယ်ပြောတော့ သူကဟုတ်တယ် သူတို့ကို
ကိုယ်သိတယ်တဲ့....။ စာတမ်းငယ်လုပ်ဖို့ကြိုးစားနေသူ နိုင်ငံတကာ
ကဗျာတွေအတော်များများကိုလေ့လာ ဖတ်ရှုနေတဲ့သူတစ်ယောက်အနေနဲ့ သူသိတာကိုတော့ ကျွန်မ
မအံ့ဩမိပါဘူး....။ သူတို့နှစ်ယောက်က အသက်တော်တော်ကွာကြတာလေ အခု
ကိုယ်တို့နှစ်ယောက်လိုပေါ့လို့ သူပြောပြီး "ကိုယ့်အတွက်က အသက်ဆိုတာ
ကိန်းဂဏန်းတစ်ခုပါပဲ"လို့ ကျွန်မကိုနှစ်သိမ့်သလိုထပ်ပြောတယ်...။
"ရာဇဓါတုကလျာက မြန်မာ့သမိုင်းမှာ တော်တော်လှတဲ့
ပင်တိုင်စံမင်းသမီးတစ်ပါးလို့ ကိုယ်သိထားတယ်.... ဒါပေမယ့် သူတို့နှစ်ယောက်က
(၇)လလောက်ပဲပေါင်းရပြီး ဓါတုကလျာက နတ်သျှင်နောင်ကို
အပြီးတိုင်ထားခဲ့တော့တာပဲ....သူသေသွားတယ်လေ.... မင်းကတော့ ကိုယ့်ကို
အဲလိုမထားခဲ့ဘူးမလား"....တဲ့....။
"ဟိတ် .... တစ်ခုရှိသေးတယ် နတ်သျှင်နောင် ဓါတုကလျာကိုစတွေ့ပြီး
ချစ်ခင်စုံမက်သွားတဲ့အချိန်က သူ့အသက် ၂၃နှစ် ဓါတုကလျာက ၄၀ ရှိနေပြီ
..ကိုယ်တို့နှစ်ယောက်ဆုံတဲ့အချိန်နဲ့ တစ်ထပ်ထဲပဲရော မထူးဆန်းဘူးလား ...ကိုယ်က
လူဝင်စား ရှေးဘဝ နောက်ဘဝ အဲဒါတွေ အယုံအကြည်မရှိလို့သာ ရှိရင် ကိုယ်တို့နှစ်ယောက်ဟာ
နတ်သျှင်နောင်နဲ့ဓါတုကလျာ လက်သစ်လဲဖြစ်နိုင်တာပဲနော်...တွေးကြည့်ရင်"
တခါတခါ သူက ကျွန်မထက်တောင် စိတ်ကူးယဉ်ဆန်တတ်နေပြန်ရောလို့တွေးပြီး
ပြုံးလိုက်မိသေးတယ်....။
"သူတို့လက်ထပ်တဲ့နေ့စွဲ ကိုယ်မှတ်မိသေးတယ် (21st March 1603)..
မင်းမွေးနေ့နဲ့ သိပ်တောင်မကွာပါလား..." လို့ မှတ်ချက်ချတယ်....။ အံမယ်သူက
ကျွန်မထက် နတ်သျှင်နောင်နဲ့ဓါတုကလျာအကြောင်း ပိုသိနေတယ်...။
ကျွန်မတို့နှစ်ယောက်စလုံးက မွေးလမတူပေမယ့် ရာသီခွင်ချင်းတူကြတယ်...ပြီးတော့ မွေးဂဏန်းလည်းတူကြတယ်...။ ဒါကြောင့် အမူအကျင့် စိတ်နေစိတ်ထား တော်တော်နီးစပ်ကြတယ်...။ တခါတလေ တူလွန်းအားကြီးရင်လဲ အတူနေလို့မရပြန်ဘူး....။ သူနဲ့စကားစပ်မိရင်းက ကျွန်မလဲ နတ်သျှင်နောင်နဲ့ဓါတုကလျာ အကြောင်း ရှာဖတ်ရဦးမယ် ပြီးတော့ သူတို့ရေးခဲ့တဲ့ ရတု ရကန်တွေ ကဗျာတွေကို ပြန်လေ့လာချင်သေးတယ်.....။ သူ့ဆီကတောင်အကူညီပြန်ယူရမယ့် သဘောမှာရှိတယ်....😊
Revolution will prevail
မိုးငွေ့
1 comment:
ဘလော့ မရေးဖြစ်သလို မဖတ်ဖြစ်တာလည်း အရမ်းအရမ်း ကြာနေပြီ။
ဒီဘလော့လေးက ခုထိ အသက်ဝင်နေတာ ချီးကျူးစရာပဲ။
ချစ်စရာ စာလေးတွေ ဖတ်သွားပါတယ်နော်...။
Post a Comment