ဒီတစ်ခေါက် သူနဲ့ပြန်တွေ့တော့ ကျမတို့ အရင်ကထက် နှစ်ယောက်တွေ့ရတဲ့အချိန်က ပိုများတယ်...။ နေရာအစုံလည်း ရောက်ဖြစ်ကြတယ်...။ ကျွန်မတို့ ကမ္ဘာအေးဘုရားလမ်းမပေါ် အင်းလျားကန်ရှေ့မှာရှိတဲ့ The Central မှာ သောကြာညနေတိုင်းလုပ်တတ်တဲ့ Unplugged တီးဝိုင်းလေးကို သွားနားထောင်ဖြစ်တယ်...။ အဲနေ့က သီချင်းနားထောင်နေကြတုန်း သူToilet သွားချင်တယ်ပြောလို့ သူ့ကိုစောင့်ရင်း ကျွန်မတို့ သီချင်းထိုင်နားထောင်တဲ့လှေခါးထစ်လေး အနောက်တည့်တည့်မှာ ဆယ်ပေ ဆယ့်နှစ်ပေလောက်အမြင့်ရှိတဲ့ Rodin ရဲ့ ကမ္ဘာကျော် The Thinker ရုပ်ထုတစ်ခုထုထားတယ်...။ ရိုဒင်ရဲ့ ပန်းပုရုပ် မူရင်းရုပ်ထုက ပါရီမြို့ရဲ့ Musee Rodin ပြတိုက်မှာရှိတယ်လို့ ကျွန်မဖတ်ဖူးတယ်....။ ပြီးတော့ ကျွန်မဖတ်ဖူးထားခဲ့တဲ့ ရိုဒင်နဲ့ သူ့ချစ်သူ ကမီးကလော်ဒဲ တို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုလည်းတစ်ဆက်တည်း သတိရသွားမိတယ်...။
သူပြန်ထွက်လာတော့ ကျမ ရိုဒင်ရဲ့ ရုပ်ထုရှေ့မှာရပ်နေတာမြင်တော့... သူ့ခါးပတ်ကိုသေချာပြင်ပတ်နေရင်း ကျွန်မကိုလှမ်းပြောတယ်....။
"ဘာတွေစိတ်ဝင်စားနေလဲ Rodin ကိုမင်းသိတယ်မလား" တဲ့....။
"သိတော့သိတယ် နည်းနည်းကလေးပဲသိတာ ခင်ဗျားသိရင်ပြောပြလေ နားထောင်ချင်တယ်.."
ဒါနဲ့ ကျွန်မတို့ အေးအေးဆေးဆေးရှိတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ဝင်ပြီး ညစာစားရင်း ရိုဒင်နဲ့ကမီးကလော်ဒဲတို့ရဲ့ အချစ်ဇာတ်လမ်းကို သိသလောက်လေး ဖလှယ်ဖြစ်ကြတယ်...။ ပြီးတော့ ကျွန်မတို့ လရောင်အောက်မှာ အတူတူလမ်းလျှောက်ပြန်ကြတယ်...။ ကျွန်မတို့ တိုက်ရှေ့ရောက်တော့ အဝင်ဝနား စိုက်ထားတဲ့ ယုဇနပန်းတွေက လရောင်အောက်မှာ ဖွေးဖွေးလှုပ်လို့....။ သူတစ်ခါ ကျွန်မအတွက်ယူလာခဲ့ဖူးတဲ့ သူကိုယ်တိုင်စိုက်ထားတဲ့ ယုဇနပန်းလေးတွေလောက်တော့ မမွှေးဘူးလို့ထင်တယ်...။ အဲတုန်းက ယုဇနပန်းလေးတွေက အရွက်လေးကိုချေလိုက်ရင် (Citric)သံပုရာနံ့လေးမွှေးနေတာ....။ သူပြန်သွားပြီး မအိပ်ခင်အထိ ကျွန်မတို့ ဖုန်းပြောကြပြီး နောက်နေ့ တစ်နေကုန်တစ်ယောက်ကို တစ်ယောက်ဖုန်းမဆက်ကြေးလို့ စိန်ခေါ်လိုက်ကြတယ်.... ။
တကယ်တော့ ကျွန်မတို့က မသိစိတ်ကနေ လွမ်းဆွတ်တမ်းတနေရသူအချင်းချင်းတွေပါလေ....။
Revolution will prevail
မိုးငွေ့
No comments:
Post a Comment