Thursday, 4 July 2024

လိပ်ပြာဒိုင်ယာရီ.....(တွေ့ဆုံခွင့်)


 


အချိန်အတိုင်းတာတစ်ခုအထိ အွန်လိုင်းမှာ ကျွန်မတို့စကားပြောဖြစ်ခဲ့ကြပေမယ့် သူနဲ့အပြင်မှာ တစ်ခါမှလူချင်းမဆုံကြရသေးဘူး....။ အဲဒီနေ့က သူကွန်ပြူတာပြင်ဆိုင်တစ်ခုကနေ ကျွန်မကို အကူညီလှမ်းတောင်းလို့ သွားတွေ့ရင်းက ကျွန်မတို့နှစ်ယောက်ရဲ့ ပထမဆုံး တွေ့ဆုံမှု စတင်ခဲ့တာပဲဖြစ်တယ်...။ 

သူ့ Laptop လေးပြင်ထားတာ ပြန်ရွေးတော့ တာဝန်ရှိဝန်ထမ်းနဲ့သူ နားလည်မှုလွဲ စကားမပေါက်ကြတာကို ကူညီဖြေရှင်းပေးဖို့ ကျွန်မကိုခေါ်လိုက်တာ....။ နောက်တော့မှသိရတယ် သူကျွန်မကို သက်သက်တွေ့ချင်လို့ လှည့်ခေါ်ခဲ့တယ်ဆိုတာ...။ အဲညနေက ကျွန်မတို့ သူကွန်ပြူတာပြင်တဲ့လမ်းထိပ်က ကော်ဖီဆိုင်မှာထိုင်ဖြစ်ကြတယ်....။ ဆိုင်နာမည်က Black Sky တဲ့... ကျွန်မတို့နှစ်ယောက်ကို ဒီနေ့ဒီချိန်ထိကနေ သက်ဆုံးတိုင် အမှတ်ရနေစေမယ့် နေရာလေးတစ်ခုပေါ့....(ဒါပေမယ့် ဒီနေ့ထိ ကျမတို့ အဲဒီကော်ဖီဆိုင်လေးကို ပြန်မရောက်ဖြစ်ကြတော့ဘူး )...။ 

ဆံပင်ကောက်ကွေး မျက်တောင်မဲနက်တွေ ဝန်းရံထားတဲ့ ဗာဒံစေ့ပုံမျက်အိမ် မျက်ခုံးထူထူ အကြည့်စူးရှရှ ပြုံးလိုက်ရင် မျက်လုံးတွေမှေးစင်းသွားတဲ့ သွားစွယ်ဖွေးဖွေးတွေနဲ့ အသက်နှစ်ဆယ်ကျော် ကောင်လေးတစ်ယောက်....။ ရန်ကုန်ကို ဒဿနိကဗေဒနဲ့ ကဗျာစာပေလေ့လာဖို့ ရောက်လာတဲ့ ကဗျာဆရာပေါက်စတစ်ယောက်….။ ခုမှလူချင်းဆုံရတော့ ကျွန်မတို့ တရားဝင်ပြန်မိတ်ဆက်ကြတယ်...။ ကော်ဖီသောက် စကားပြောဖြစ်ကြရင်း ကျွန်မကို အရွယ်နဲ့မလိုက် အပြင်မှာပိုလှပနုပျိုတဲ့အကြောင်း သူ့ချီးမွမ်းခန်းတွေကို နားထောင်ရသေးတယ်...။  လိုက်လျောညီထွေအောင် စကားပြောဆိုနိုင်တဲ့ သူ့အရည်အချင်းကို ရိပ်မိလိုက်တယ်...။  

ညနေအိမ်ပြန်တော့ သူကျွန်မနဲ့အတူ ဘတ်စ်လိုက်စီးတယ်...။ သူနဲ့ကျွန်မက တစ်မြို့နယ်ထဲနေတာဆိုတာတော့ အွန်လိုင်းမှာ စကားပြောကတည်းကသိထားပါတယ်…။ ကျွန်မဆင်းတဲ့မှတ်တိုင်မှာပဲ သူလိုက်ဆင်းတယ် သူငှားနေနေတဲ့ ကွန်ဒိုက အဲကားမှတ်တိုင် တစ်ဖက်လမ်းနောက်ကျောက တိုက်တစ်ခုမှာပဲ....။ ကျွန်မနေတဲ့တိုက်က သူနဲ့တစ်ရပ်ကွက်ခြားမို့လို့ သူ ကျွန်မနဲ့လမ်းလျှောက်ပြီး အိမ်ထိလိုက်ပို့တယ်...။  

အဲဒီကအစပြုပြီး သိပ်မကြာခင်မှာပဲ နှစ်ယောက်စလုံး ပတ်သက်သူရှိပြီးသားဆိုတဲ့ လိမ်လည်ဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက်ကြီးပေါ်လာပြီးချိန်မှာပဲ ကိုယ်စီရဲ့ချစ်သူတွေအပေါ်ကို သစ္စာဖောက်ပြီးသားဖြစ်သွားကြတယ်...။ အဲနောက်ပိုင်း တင်းမာပေါက်ကွဲမှုတွေက ကျွန်မတို့နှစ်ယောက်ကိုဝေးကွာသွားဖို့ မစွမ်းတဲ့အပြင် ပိုပြီးနီးစပ်စွဲလန်းစေခဲ့တာဟာ... ကျွန်မတို့နှစ်ယောက်ကို နှစ်အကြာကြီး လွင့်စင်ပျောက်ကွယ်သွားစေမယ့် ဖြစ်ရပ်တစ်ခု ဖြစ်မှန်းမသိဖြစ်ခဲ့တယ်...။ နှစ်အကြာကြီးဝေးသွားကြတယ်လို့ဆိုလိုတာ အဲချိန်တုန်းက ကျွန်မတို့နှစ်ယောက်ဘယ်တော့မှ ပြန်မဆုံနိုင်ကြတော့ဘူးလို့ သတ်မှတ်လိုက်တာလဲဟုတ်သလို (ပြန်ဆုံဖြစ်မဆုံဖြစ်မသေချာပေမယ့်) ဝေးကွာပြီး ဆယ်နှစ်ပြည့်တဲ့နေ့မှာ ပြန်ဆုံဖို့လဲ ချိန်းဆိုသတ်မှတ် လိုက်ကြသေးတယ်....။  

ခုတော့.... သတ်မှတ်ချိန် ဆယ်နှစ်မပြည့်ခင် ၃နှစ်အလိုမှာ ကျွန်မတို့ပြန်ဆုံကြတယ်....။ ကံကြမ္မာရဲ့စေခိုင်းရာလို့ပြောရမလား, တွေ့ဖို့အချိန်တန်လို့လား, မမြင်နိုင်တဲ့ တစ်စုံတစ်ရာရဲ့ တွန်းအားကြောင့် တွေ့ဆုံဖို့ ဖုန်းစဆက်လိုက်တဲ့ ကျွန်မရဲ့ဆုံးဖြတ်ချက်ကြောင့်လား, သတိရမှုတွေနဲ့တွေ့ချင်တဲ့ဆန္ဒပြင်းပြလို့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ပေးလာခဲ့တဲ့ သူ့ကြောင့်လား, ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ ကျွန်မတို့နှစ်ယောက် ခုနှစ်နှစ်တာလုံး သိမ်းဆည်းမျိုသိပ်ထားခဲ့တဲ့ သတိရလွမ်းဆွတ်မှုတွေ သိုသိပ်ထားခဲ့ရတဲ့ နာကျင်မှုတွေကို ဖြေချဖွင့်ထုတ်ဖို့ အချိန်ရောက်လာတာပဲဖြစ်တယ်....။  




"စကားတစ်ခွန်း အဖြစ်ပျက်တစ်ခုကြောင့် ကမ္ဘာပေါ်ကချစ်သူစုံတွဲပေါင်းများစွာ ဝေးသွားကြပြီးပြီ ကိုယ်တို့လည်း အဲထဲပါသွားလိမ့်မယ်"လို့ နောက်ပိုင်း ကျွန်မတို့ စကားပြောအဆင်မပြေရင် သူနောက်ဆုံး ထုတ်သုံးတတ်တဲ့လက်နက်တစ်ခုပေါ့....။ 

"ကိုယ့်ကို "ချစ်တယ်" လို့ အဖြေပြန်ပေးဖို့ ခုနှစ်နှစ်တောင်အချိန်ယူလိုက်ရတာလား" 

"ချစ်တယ်လို့ ပြန်ပြောဖို့ ခုနှစ်နှစ်ကျော်လုံး တစ်ယောက်ထဲမြိုသိပ်သိမ်းဆည်းထားရတာ ဘယ်သူမှမသိဘူးလေ ဘယ်လောက်ပင်ပန်းရလဲ"

"Roller Coaster စီးရတာ အမြင့်ဆုံးကနေ အောက်ပြန်ကျတဲ့အရှိန် အကွေ့အကောက် အလှည့်ပတ်တွေနဲ့ သဲထိတ်ရင်ဖိုတွေများလိုက်တာ ကြမ်းတမ်းလိုက်တာလမ်းက... ခုတော့ ရောင်စုံမြင်းရုပ် 🎠လေးတွေပေါ်ကိုပဲ ငြိမ့်ငြိမ့်ညောင်းညောင်း ထိုင်စီးချင်တော့တယ်"

"Roller Coaster? အဲစကားလုံးကို ကိုယ်ခုထိမရင်းနီးသေးဘူး"လို့ သူမရွံမရဲပြောလာလို့ ကျွန်မပြုံးမိသွားသေးတယ်...။

"Roller Coaster = ရင်ခုန်စိတ်လှုပ်ရှားခြင်း  သေချာမှတ်ထားဦး "



___________________
Revolution will prevail
မိုးငွေ့

No comments: