Wednesday, 17 July 2024

Butterfly Diary…..(Sense)

 




ကျွန်မတို့ ညကောင်းကင်ကို အတူမကြည့်ဖြစ်တာကြာပြီ... လာမယ့် တနနင်္ဂနွေနေ့က ပြာသိုလပြည့်ည , လပြည့်ဝန်းကြီး ဘယ်လောက်လှလိုက်မလဲ...။ တကယ်တမ်း ကျွန်မတို့ အစောပိုင်း စကားပြောကြတုန်းက နှစ်ယောက်ဆုံဖို့ အဲဒီလပြည့်ညနေပိုင်းကိုရွေးချယ်ထားခဲ့ကြပြီးသား....  ။ အကြောင်းကြောင်းကြောင့် တစ်ပတ်စောပြီး တွေ့ဖြစ်သွားကြတယ်....။

 Marchလ 8 ရက်နေ့.....

သူကျွန်မနဲ့အတူထိုင်ချင်တယ်ဆိုတဲ့ အဖြူရောင်ကော်ဖီဆိုင်လေးမှာ ညနေပိုင်း ကျွန်မတို့ဆုံဖြစ်တယ်...။ အဲညနေက ကော်ဖီဆိုင်ရှေ့မှာ သူ့ကိုတွေ့တွေ့ချင်း ပွေ့ဖက်ထားမိတယ်...။ ဒီလိုနွေးထွေးမှုမျိုးနဲ့ ကင်းကွာခဲ့ရတာ နှစ်ပေါင်းဘယ်လောက်တောင်ကြာခဲ့ပြီလဲ....။ တကယ်က ခြေဖျားထောက်ပြီး သူ့လည်ဂုတ်ကို တွဲခိုပြီး အကြာကြီး ဖက်တွယ်ထားချင်ခဲ့သေးတာ...။ ဟိုအရင်ချိန်တုန်းက ကျွန်မကိုသူပွေ့ဖက်ထားရင် သူ့ရင်ဘတ်နားကပ်ပြီး သူ့ရင်ခုန်သံတွေကို နားထောင်ရတာ သိပ်သဘောကျတာ ကျွန်မအနားရှိနေရင် သူ့ရင်ခုန်သံစည်းချက်တွေက တဒုန်းဒုန်းနဲ့မြန်နေတတ်တယ်... အဲဒါဘာကြောင့်လဲလို့ သူ့ကိုမေးတော့ "မင်းက ကိုယ့်ကိုပြုစားထားလို့ပေါ့" လို့ သူဖြေတတ်တယ်...။ ပြီးတော့ သူဆွတ်ထားတဲ့ CK ရေမွှေးလေးကို သူ့ရင်ခုန်သံနားထောင်ရင်း ရှူရှိုက်ရတာကိုကြိုက်တယ်....။

လူနေရပ်ကွက်အလယ်ခေါင်မှာဖွင့်ထားတဲ့ ဆိုင်မို့လို့ ဂရုမစိုက်ပေမယ့်လည်း အနောက်တိုင်းဆန်တဲ့ ကျွန်မတို့အပြုမူက သူတို့အတွက် အထူးဆန်းမျက်စိနှောက်စရာဖြစ်သွားမှာစိုးလို့ ကျွန်မတို့ပွေ့ဖက်နှုတ်ဆက် နမ်းရှုံ့ခြင်းအမှုကို ဆက်မလုပ်တော့ဘဲ ဆိုင်အရှေ့  သရက်ပင်အောက်မှာ ခင်းထားတဲ့ စားပွဲလေးကိုရွေးချယ်လိုက်ကြတယ်....။ ကျွန်မတို့စကားမပြောဖြစ်သေးဘဲ မိနစ်ပိုင်းလောက် တစ်ယောက်ကို တစ်ယောက် ထိုင်ကြည့်နေခဲ့ကြတယ် .....။ 

ပြီးတော့မှ သူ ကျွန်မကိုစကားစလိုက်တာက... "ခု ဘာရေမွှေးသုံးနေလဲ" တဲ့.....

အာရုံခြောက်ပါးထဲ လုံးချာလိုက် အသက်ရှင်နေတဲ့လူတွေအတွက် အထူးသဖြင့် Relationshipတွေအတွက် ရနံ့ဟာ အရေးကြီးတဲ့ အခန်းမှာပါဝင်တယ်လို့ ကျွန်မယူဆတယ်....။ ကျွန်မကိုယ်တိုင်ကလည်း ရနံ့တစ်ခုနဲ့ပတ်သက်ပြီး Sensitive ဖြစ်လွန်းသူတစ်ယောက် ဖြစ်နေလို့ပါပဲ....။ ရနံ့တစ်ခုဟာ လွန်ခဲ့တဲ့ အချိန်တွေဆီ အတွေးတွေကို စက္ကန့်ပိုင်းနဲ့ခေါ်ဆောင်သွားနိုင်စွမ်းရှိတယ်....။ ရနံ့နဲ့ပတ်သက်ပြီး ကျွန်မစာရေးဖူးပါတယ်...။

လွန်ခဲ့တဲ့နှစ်များ ကျွန်မသူနဲ့စတွေ့တုန်းက သုံးဖြစ်ခဲ့တာ Gucci Envy Me ဆိုတဲ့ရေမွှေးပဲ သူ့အနံ့ကဆွဲဆောင်မှုရှိပြီး Sexy ကျတယ်....အခု ကျွန်မသုံးဖြစ်နေတာကလည်း Gucci ပါပဲ ဒါပေမယ့် Envy Me မဟုတ်တော့ဘူး GUCCI Bamboo  ပါ....။  သူ့ရနံ့က performance ကောင်းတယ် ဆွဲဆောင်မှုရှိတယ် ညီမျှချင်းကျတယ်လို့ ခံစားရတယ်....။ ပြန်လည်တွေ့ဆုံမှုရဲ့ ပထမဆုံး ပွေ့ဖက်နှုတ်ဆက်ခြင်းမှာ ရနံ့တစ်ခုက သူ့အတွက် နွေးထွေးတဲ့ကြိုဆိုမှု ဖြစ်သွားတာကို ကျေနပ်မိတယ်...။ 


__________________

Revolution will prevail
မိုးငွေ့


No comments: