ကျမ ဒီအပိုင်းမှာ စာရေးသူ Mark Manson က အိုင်းဇက်နယူတန်ရဲ့ စဉ်းစားတဲ့ဦးနှောက်နဲ့ ခံစားတဲ့ဦးနှောက်တွေအကြောင်း..., နယူတန်ရဲ့ နေပတ်လမ်းကြောင်းလေ့လာချင်စိတ်နဲ့ သူကိုယ်တိုင် နယူတန်(၂)ဆိုပြီး လူတွေရဲ့ နှလုံးသားပတ်လမ်းကြောင်းကို သိချင်စိတ်ဖြစ်ရင်း "နယူတန်ရဲ့ ခံစားမှု ဉပဒေသ ၃ ရပ်" ကိုရေးသားဖြစ်တဲ့အကြောင်းလေး ပြန်ရေးပြပါမယ်...။
_____________________
နယူတန်ရဲ့ ခံစားမှုဉပဒေသ
အိုက်ဇက်နယူတန် တစ်ယောက် လယ်ကွင်းထဲမှာ မတ်တပ်ရပ်နေတယ်....။
ရုတ်တရက်... မျက်နှာကို လက်ဝါးနဲ့ ဖြောင်းခနဲ ဖြတ်ရိုက်တာ ခံလိုက်ရတယ်...။ ဘဝမှာ ပထမဆုံး အရိုက်ခံရတာပဲ...။
ဂျုံစိုက်ရင် ဘာဖြစ်လို့ ထောင့်ဖြတ်အတန်းတွေနဲ့ စိုက်ရသလဲဆိုတာကို နယူတန်ရဲ့ ဦးလေးက သူ့ကို အာပေါင်အာရင်းသန်သန်နဲ့ရှင်းပြနေတာ...။ နယူတန်က သူ့ဦးလေးပြောတာကို နားမထောင်အားဘူး...။ နေလုံးကိုငေးကြည့်နေတယ်...။ အလင်းရောင်ဆိုတာ ဘယ်ကလာသလဲ အလင်းထဲမှာ ဘာတွေပါသလဲဆိုတာကို စဉ်းစားနေတယ်...။
အဲတုန်းက နယူတန်ရဲ့ အသက်က ၇ နှစ်....။
သူပြောနေတာကို နားမထောင်ရကောင်းလားဆိုပြီး နယူတန်ရဲ့ ဦးလေးက နယူတန့်မျက်နှာကို အားရပါးရ ပိတ်တီးလိုက်တာ နယူတန်ခင်ဗျာ သူ့ကိုယ်သူ ဘယ်သူလဲဆိုတာတောင် ခဏမေ့သွားပြီး မြေကြီးပေါ် ခေါက်ခနဲ လဲကျသွားတယ်...။ စိတ်ကို ပြန်စုစည်းပြီး တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာတာတောင်မှ အိုက်ဇက်နယူတန်ရဲ့ စိတ်အပိုင်းအစတချို့ဟာ အဲဒီလယ်ကွင်းရဲ့ မြေစာခဲတွေကြားမှာ ကျကျန်ခဲ့ပြီ.... ပြန်မရတော့ဘူး...။
နယူတန်ရဲ့အဖေက နယူတန် မမွေးခင်လေးတင် ဆုံးသွားတယ်...။ သူ့အမေကလည်း သူ့ကိုထားခဲ့ပြီး ဟိုဖက်ရွာက သူဌေးတစ်ယောက်နဲ့ယူသွားတယ်...။ ဒီလိုနဲ့ နယူတန့်ကလေးဘဝတစ်လျှောက်လုံး ဦးလေးတွေ အဒေါ်တွေ အဘိုးအဘွားတွေဆီမှာ တစ်လှည့်ဆီလိုက်နေရတယ်..။ ဘယ်သူမှလည်း သူ့ကို ခေါ်မထားချင်ကြဘူး..။ ဘာလုပ်ပေးရမန်းလည်း မသိကြဘူး..။ အားလုံးအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုလို ဖြစ်နေတာပေါ့....။ အမျိုးထဲမှာ သူ့ကိုချစ်တဲ့သူ မရှိသလောက်ပဲ...။
နယူတန်ရဲ့ ဦးလေးက ပညာမတတ်ဘူး...။ အရက်သမား...။ လယ်စိုက်တာတစ်ခုပဲ ကျွမ်းကျင်တယ်...။ ဒီတော့ တစ်ချိန်လုံးလယ်ကွင်းထဲမှာပဲ ချိန်းကုန်နေတယ်..။ ဦးလေးလယ်ထဲသွားပြီး စိုက်ခင်းလိုင်းတွေကို ရေတွက်နေပြီဆိုရင် နယူတန်လိုက်သွားတယ်...။ အဲဒီတစ်ချိန်ပဲ နယူတန့်ကို သူ့ဦးလေးက အဖက်လုပ်တာလေ...။ ဘယ်သူမှ အရေးစိုက်တာ မခံရတော့ ဦးလေးဂရုစိုက်တဲ့ အချိန်တခဏဟာ နယူတန်အတွက် သဲကန္တာရထဲက ရေတစက်လိုဖြစ်နေတာ...။
နယူတန်က ငယ်ငယ်ကတည်းက အင်မတန်တော်တယ်...။ အသက် ၈ နှစ်သားလောက်မှာ အတွက်အချက်တွေ အရမ်းကျွမ်းကျင်နေပြီ ...။ ဦးလေးမွေးထားတဲ့ နွားတွေ သိုးတွေအတွက် နောက်တစ်နှစ်စာ အစာဘယ်လောက်ဝယ်ရမလဲ ဆိုတာ တွက်တတ်နေပြီ...။ ၉နှစ်သား အရွယ်မှာ လယ်ထဲမှာ ဘာလီခင်း ဂျုံခင်း အာလူးခင်း ဘယ်နှစ်ဧက ရှိသလဲဆိုတာ စိတ်တွက် တွက်တတ်နေပြီ...။
၁၀ နှစ်သားအရွယ်ရောက်တော့ လယ်စိုက်တဲ့ အလုပ်ဟာ နယူတန်အတွက် ပျင်းစရာဖြစ်လာတယ်...။ ကောင်းကနေလုံး ဘယ်အချိန်မှာ ဘယ်နေရာရောက်နေသလဲ ဘယ်ရာသီမှာ ဘယ်လိုရွေ့လျားနေသလဲဆိုတာကို ပိုပြီး စိတ်ဝင်စားလာတယ်...။ သူ့ဦးလေးကတော့ ဒါတွေ ဘယ်စိတ်ဝင်စားပါ့မလဲ ထမင်းစားလို့ရတဲ့ အလုပ်မှ မဟုတ်တာကိုး...။ အဲဒီတော့ လယ်အလုပ်တွေကို စိတ်မဝင်စားဘဲ နေလုံးကို တငေးငေးလုပ်နေတဲ့ နယူတန်ကို နားရင်းအုပ်တော့တာပေါ့...။
နယူတန်က ကျောင်းမှာလည်း သိပ်ပြီးအဆင်မပြေလှဘူး...။ ဖြူဖတ်ဖြူရော် ပိန်ကိုင်းကိုင်းနဲ့ ဘေးပတ်ဝန်းကျင်ပေါ်မှာလည်း အာရုံမရှိဘူးလေ....။ အပေါင်းအသင်းလည်းမရှိ နယူတန်က နေနာရီတွေကို စိတ်ဝင်စားတယ်...။ ကာတီစီရန် မျက်နှာပြင် သီအိုရီတွေကို လေ့လာချင်တယ်...။ လဆိုတာ အလုံးလား အပြားလား အတွေးနယ်ချဲ့ချင်တယ်...။ တခြားကလေးတွေက စိန်ပြေးတမ်းကစားနေတဲ့အချိန်မှာ နယူတန်က ရွာထဲက စမ်းချောင်းတွေကို တစ်ယောက်တည်းလေ့လာနေတယ်...။ စီးနေတဲ့ ရေတွေကို အကြာကြီး ထိုင်ငေးရင်း လူတွေရဲ့ မျက်လုံးဟာ အလင်းရောင်ကို ဘယ်လိုများ မြင်ရသလဲဆိုတာကို စဉ်းစားနေတယ်...။
နယူတန်ရဲ့ ငယ်ဘဝဟာ နားရင်းအုပ်ခံရတဲ့ အချိန်တွေနဲ့ ပြည့်နေတယ်...။ နားရင်းတစ်ချက် အရိုက်ခံရတိုင်း နယူတန်ရဲ့ ခံစားတဲ့ဉီးနှောက်က ငါဘာလို့ လူဖြစ်လာသလဲ တစ်ခုခုတော့ မှားနေပြီ ဆိုပြီးတွေးမိတယ်...။ ဘာဖြစ်လို့ ငါ့မိဘတွေ ငါ့ကို ပြစ်သွားကြသလဲ...။ ဘာဖြစ်လု့ ကျောင်းနေဖက်ကလေးတွေက ငါ့ကို လှောင်ကြသလဲ ဘာဖြစ်လို့ အမြဲတမ်း ငါတစ်ယောက်ထဲ ဖြစ်နေတာလဲ...။ နယူတန်ရဲ့ စဉ်းစားတဲ့ဦးနှောက်က သီအိုရီတွေ လသွားလမ်းကြောင်းတွေ နေပတ်လမ်းကြောင်းတွေနဲ့ အလုပ်ရှုပ်နေတဲ့ အချိန်မှာ ခံစားတဲ့ဦးနှောက်က ငါ့ဘဝတော့ တစ်ခုခုလွဲနေပြီ ဆိုပြီး ကောက်ချက်ချနေတယ်...။ အတွင်းစိတ်ထဲကို နစ်ဝင်သွားအောင် ဖိထည့်နေတယ်...။
တစ်ရက်ကျတော့ နယူတန်က သူ့ကျောင်းစာအုပ်ထဲမှာ ဒီလိုချရေးတယ်...။
"ငါဟာ ပျော့ညံ့တဲ့ အဖြစ်မရှိတဲ့ လူတစ်ယောက်ပဲ ငါ့အတွက် ဒီကမ္ဘာမှာ နေရာမရှိပါလား... အိမ်မှာလည်း နေရာမရှိဘူး ကျောင်းမှာလည်း နေစရာမရှိဘူး ငရဲမှာတောင် ငါ့အတွက် နေရာရှိမှာ မဟုတ်ဘူး..။ ငါဘာလုပ်ရမလဲ...။ ငါဘာအသုံးကျသလဲ... ငိုနေရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူး..."
ခင်ဗျားအခု ဖတ်ရသမျှတွေဟာ နယူတန်ရဲ့ တကယ့်ဘဝဇာတ်လမ်းတွေပဲ...။(နည်းနည်းပါးပါးလွဲတာတော့ ရှိရင်ရှိမှာပေါ့လေ...)
ဟုတ်ပြီ... အခု ကျွန်တော်တို့ နေနေတဲ့ စင်္ကြာဝဠာအပြင် နောက်ထပ် စင်္ကြာဝဠာတွေ ရှိနေသေးတယ်လို့ မြင်ယောင်ကြည့်လိုက်...။ အဲဒီ စင်္ကြာဝဠာတွေထဲက တစ်ခုမှာ နောက်ထပ် အိုက်ဇက်နယူတန်တစ်ယောက် ရှိနေတယ်ဆိုပါစို့...။ အဲဒီနယူတန်တန်ကလည်း ကျနော်တို့ စင်္ကြာဝဠာရဲ့ နယူတန်လိုပဲ ငယ်ငယ်ကတည်းက မိသားစုနဲ့ အဆင်မပြေတဲ့သူ အနိုင်ကျင့်ခံခဲ့ရတဲ့သူ အပါင်းအသင်းမရှိတဲ့သူ လောကကြီးကို ဒေါသထွက်နေတဲ့သူ ပြီးတော့ အဲဒီနယူတန်က ကျနော်တို့ နယူတန်လိုပဲ အတွက်အချက် အရမ်းကျွမ်းကျင်တယ် ဉာဏ်ကောင်းတယ် သူ့ကို နယူတန်(၂)လို့နာမည်ပေးလိုက်မယ်...။
နယူတန်(၁) နဲ့ နယူတန်(၂) မတူတာတစ်ခုတော့ရှိတယ်...။ နယူတန်(၂)က အပြင်ဖက်လောကကြီးကို မလေ့လာဘူး...။ ကမ္ဘာပတ်လမ်းနေလမ်းကြောင်းတွေကို စိတ်မဝင်စားဘူး...။ သူက လူတွေရဲ့ စိတ်အတွင်းပိုင်းမှာရှိတဲ့ ခံစားချက်တွေ စဉ်းစားမှုတွေကို ပိုစိတ်ဝင်စားတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်...။ အရမ်းကြီး ကြိုးစား စိတ်ကူးယဉ်ကြည့်စရာတောင်မလိုဘူး ငယ်တုန်းက နှိပ်စက်ခံရတဲ့ သူတွေဟာ ကြီးလာတဲ့အခါ ပိုပြီး မြင်တတ် စဉ်းစားတတ်တဲ့သူတွေ ဖြစ်လာတတ်တယ်...။ ကျနော်တို့ ခင်ဗျားတို့ အတွက်တော့ တခြားလူတွေကို လေ့လာရတာ အပျင်းပြေဝါသနာတစ်ခုဖြစ်ရင်ဖြစ်နေမယ်...။ ဒါပေမယ့် အနှိပ်စက်ခံခဲ့ရသူတွေအတွက်တော့ တခြားသူတွေကို လေ့လာစောင့်ကြည့်ခြင်းဟာ သေရေးရှင်ရေးတမျှ အရေးကြီးလာတယ်...။ပတ်ဝန်းကျင်ကလူတွေ ကိုယ့်ကို ဘယ်အချိန် ဒုက္ခပေးမလဲဆိုတာကို အချိန်ပြည့်စောင့်ကြည့်နေရတာကိုး...။ လေသံအနိမ့်အမြင့် မျက်ခုံးအပင့်အချ သက်ပြင်းအသွင်းအထုတ် ဒါတွေကအစ အရေးကြီးတဲ့ သတိပေးသံတွေ ဖြစ်လာနိုင်တယ်လေ...။
နယူတန်(၂)က သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေရဲ့ စိတ်သဏ္ဌာန်ကို စိတ်ဝင်စားတယ်...။ သူ့တို့ကို စောင့်ကြည့်လေ့လာတယ်...။ သူတို့တွေ ဘာတွေ စဉ်းစား ဘာတွေ လုပ်နေကြသလဲဆိုတာကို မှတ်စုစာအုပ် တစ်အုပ်နဲ့ချရေးထားတယ်...။ သူတို့ ကိုယ်တိုင်တောင် သတိမထားမိတဲ့ အရာတွေကို နယူတန်(၂)က စာမျက်နှာ ရာနဲ့ချီပြီး မှတ်သားတယ်..။ အတွက်အချက် ကျွမ်းကျင်ရင် နေနဲ့လရဲ့ လမ်းကြောင်းကိုတောင် တိုင်းလို့ရတာပဲ...။ လူ့အတွင်းစိတ်ကမ္ဘာရဲ့ လည်ပတ်ပုံကိုလည်း တိုင်းလို့ မရစရာမရှိဘူးလို့ သူကတွေးတယ်..။
အဲဒီမှာ ကျနော်တို့ အားလုံးသိပြီးသားဖြစ်တဲ့ သိပေမယ့် ဝန်မခံချင်တဲ့ အချက်တစ်ခုကို နယူတန်(၂)ရှာတွေ့သွားတယ်...။ အဲဒီအချက်က ဘာလဲဆိုရင် ကျနော်တို့အားလုံးဟာ မုသားတွေနဲ့ တည်ဆောက်ထားတဲ့ သူတွေဖြစ်တယ် ဆိုတဲ့အချက်...။ ပုံမှန် လိမ်ညာနေကြရင်း အကျင့်တောင် ဖြစ်နေကြပြီ...။ အရေးကြီးတဲ့ အရာတွေနဲ့ ပတ်သက်ပြီးတော့လည်း လိမ်တယ်...။ အသေးအမွှားကိစ္စလေးတွေမှာလည်း မုသားမကင်းဘူး များသောအားဖြင့် ဒီလိုလိမ်တယ်ဆိုတာ အကျင့်ယုတ်ချင်လို့ မဟုတ်ဘူး...။ ကိုယ့်ကိုယ်ကိုညာနေရင်း သူများကိုပါ လိမ်မိသွားတဲ့သဘော...။
နယူတန်(၂)ရဲ့ အမြင်အရဆိုရင် လူတွေရဲ့ နှလုံးသားကို ဖြတ်သွားတဲ့ အလင်းဟာ ကိုယ့်ကိုယ်တိုင်တောင် သတိမထားမိဘဲ ယိုင်သွားတတ်တယ်...။ မုန်းတဲ့သူ့ကို ချစ်တယ်လို့ ပြောမယ်...။ ဒီတစ်ခုကို ယုံကြည်လို့ ပြောပြီး တခြားတစ်ခုကို လုပ်မယ်...။ မရိုးသားတဲ့ ရက်စက်တဲ့ အပြုအမူတွေ လုပ်နေရင်း ကိုယ့်ကိုယ်ကို ရိုးသားကြင်နာတတ်တဲ့ သူလို့ အထင်မှားနေမယ် စိတ်ထဲမှာတော့ ကိုယ်လုပ်သမျှတွေဟာ အပြောင်းအလဲမရှိဘဲ မှန်ကန်နေတယ်လို့ ထင်ကြမယ်...။ ဘယ်သူ့ကိုမှ မယုံသင့်ဘူးလို့ နယူတန်(၂)ကောက်ချက်ချလိုက်တယ်...။ လူတွေနဲ့ ဝေးလေလေ ဒဏ်ရာနည်းလေလေပဲလို့ ယူဆလိုက်တယ်...။ ဒါကြောင့် ဘယ်သူ့နားမှာမှမနေဖို့ ကြိုးစားတယ်..။ လူ့နှလုံးသားတွေရဲ့ ဆွဲငင်အားပတ်လမ်းကြောင်းထဲ ဝင်မသွားမိအောင် ထိန်းတယ်...။ သူငယ်ချင်းမလိုဘူး လိုလည်း မလိုချင်ဘူး...။ နယူတန်(၂)ရဲ့ မျက်စိထဲမှာ ကမ္ဘာကြီးဟာ အက်ကွဲခြောက်သယောင်းနေတဲ့ ဖုန်းဆိုးမြေ တစ်ခုပဲ...။ ဒီလိုနေရာမျိုးဟာ လူဖြစ်လာမှတော့ ငါ့ဘဝ အဓိပ္ပါယ်ရှိဖို့ နေနည်း တစ်နည်းပဲရှိတော့တယ်...။ ဒီကမ္ဘာကြီးဘယ်လောက် ဆိုးသလဲ ဘယ်လောက် စိတ်ပျက်ဖို့ကောင်းသလဲ ဆိုတာကို ငါမှတ်တမ်းတင်မယ်လို့ နယူတန်(၂)က ဆုံးဖြတ်လိုက်တယ်...။
သူ့ကိုယ်သူသာ စိတ်ချမ်းသာအောင်မနေတတ်တာ နယူတန်(၂)က ရည်မှန်းချက်တော့ အကြီးသား လူ့နှလုံးသားရဲ့ ပတ်လမ်းကြောင်းကို အဖြေရှာချင်တယ်...။ နာကျင်မှုရဲ့အဟုန်ကို တိုင်းတာချင်တယ်...။ ခံယူချက်တွေ တန်ဖိုးတွေရဲ့ ခွန်အားကို လေ့လာချင်တယ်...။ မျှော်လင့်ချက်တွေရဲ့ သိပ်သည်းဆကို သိချင်တယ်...။ ပြီးတော့ အရေးကြီးဆုံးအနေနဲ့ ဒီအရာတွေ အားလုံးရဲ့ ဆက်နွယ်မှုကို သူသိချင်တယ်...။
အဲဒီမှာ နယူတန်ရဲ့ ခံစားမှု ဉပဒေသ ၃ ရပ် ဆိုတာကို ရေးဖို့ ဆုံးဖြတ်လိုက်တယ်...။
__________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment