ငါတို့အားလုံး “တခုချင်း”စီကနေ
ငါတို့အားလုံး “တခုထဲ”ဖြစ်သွားတဲ့အခါ........
"ငါတို့အားလုံးတခုထဲ"
================
ကင်မရာတွေရှေ့
ဗိုက်ဖုံးအင်္ကျီလှန်ပြလိုက်တာ
အဲဒီမိန်းမရွယ်ရဲ့ ဗိုက်သားမဟုတ်ဖူး
"အနာဂါတ်ကြီး"ဗျ
နေ့စေ့ လစေ့ အနာဂါတ်ကြီး
"မဖျက်ဆီးနဲ့
အညွှန့်မချိုးနဲ့ "လို့ ပြောနေတာ
အိုက်တင်ကောင်းလို့
သရုပ်ဆောင်နေတာမဟုတ်ဘူး
ပလက်ဖောင်းပေါ်လက်အုပ်ချီရင်း
စီးကျလာတဲ့ မျက်ရည်တွေက
စာနာဖို့ ဆင်ခြင်ဖို့
နံရံကို မှုတ်ဆေးနဲ့
လက်ဆော့နေတာမဟုတ်ဘူး
ငယ်သူအိပ်မက် အပျက်မခံ ပန်းချီမှာ
လွတ်လပ်ခြင်းရဲ့ ဒရမ်တွေ"ထမြည်"နေတာ
အိုးခွက်ပန်းကန်တွေကို
ထုရိုက်နေတာ မဟုတ်ဘူး
ကျင့်ဝတ်မဲ့မကောင်းဆိုးရွားတွေကို
မောင်းထုတ်နေတာ
ဘဏ်ဖယ်ရီက သူ့ရှေ့လမ်းပေါ်
ပစ်ခင်းချလိုက်တဲ့ နှလုံးသားတွေရှေ့
ကျွီ"ကနဲ ဘရိတ်အုပ်လိုက်တော့
အနင်းကျိတ်ခံဖို့ ရွေးထားတဲ့
လူသားစင်စစ် ဧကန်ဖြစ်တွေကိုတွေ့ရတယ်
မီးပွိုင့်မှာ
စက်သေကုန်တဲ့ကားတွေ ရှေ့
ရင်ကျပ်လာလို့ တုံးလုံးရပ်လိုက်ရတဲ့
လူသားတွေ
အို...ကမ္ဘာကြီးရဲ့....
လေထဲဝဲပျံနေတဲ့ ဓါတ်ပုံတွေကြည့်လိုက်ပါ
ယုံကြည်ရာပိုစတာကိုယ်စီနဲ့
လမ်းကူးလာတဲ့ လူအိုစုံတွဲလည်းပါတယ်
သံပုံးတီးရင်း ငိုမဲ့မဲ့ အဒေါ်ကြီးလည်း
ပါတယ်
ဝှီးချဲပေါ်က အံကြိတ်နေတဲ့ ဖခင်အို
ဘုရားစင်ရှေ့ သစ္စာဆိုနေတဲ့ မိခင်အို နဲ့
အင်ဂျင်နီယာမှာလည်း သူ့တန်ဖိုးနဲ့
အထည်ချုပ်သမလေးလည်း သူ့တန်ဖိုးနဲ့
စတီယာရင်ကိုင်သော လက်တွေ
မြေဖြူကိုင်သော လက်တွေ
ခေတ်လမ်းနံရံမှာ ကာတွန်းတကွက်
ကဗျာတကြောင်း၊ ပန်းချီတချပ်၊
ဆေးထိုးအပ်နဲ့၊ ကီးဘုတ်ဖိုက်တာများ.....
အားလုံး.....စက်ခေါင်းမောင်းသမား
ဒီလမ်းပေါ်မှာ အခုတော့
ကျောင်းတော်က ရန်စတွေတောင်
ယောက်ဖရေ သားရီးရေ ပြန်ခေါ်လို့
ဘုရားကျောင်းရှေ့ ချပ်ဂျ်ကျောင်းရှေ့
ဗလီရှေ့မှာ အားလုံးအတူ
ချီတက်သူတွေစားပြီးမှ
အမောပြေ အလကားကျွေးတာပါလို့
ပြောသွားတဲ့ ဖရဲသီးသည်လေးကအစ.....
ငါတို့အားလုံး 'တခုချင်းစီ'ကနေ
ငါတို့အားလုံး "တခုထဲ"ဖြစ်သွားတဲ့အခါ
ငါတို့ဟာ
နိုင်မြင်းကို ရွေးလောင်းသူတွေ မဟုတ်
ကိုယ်တိုင်ပန်းဝင်တဲ့ နိုင်မြင်းအဖြစ်
ကိုယ်တိုင် ကဆုန်ဆိုင်းပြေးနေကြတာ။
#မင်းကိုနိုင်
၁၉.၂.၂၀၂၁
No comments:
Post a Comment