Monday, 8 August 2011

တစ်ခါတုန်းက မင်းသားအလောင်းအလျာတွေ.....



ကျောင်းတုန်းက အဟောင်းတွေကို အသစ်ပြန်မရေးဖြစ်တာကြာပေါ့....။ တလောက Balazone သွားတော့... ပိုင်ဇေရဲထွန်းတို့ မိသားစုတွေ တပြုံတမကြီးနဲ့တွေ့ခဲ့တယ်...။ တပြုံတမကြီးလို့ရေးရတာက သူတို့မိသားစုလေးငါးယောက်အပြင် သူ့ယောက်ခမကြီးရော ကလေးထိန်းတွေရောလေ....။ သူ့အမျိုးသမီးလေးက တတိယမြောက်သားလေးကို ထပ်မွေးထားတာမကြာသေးဘူးတဲ့....။ ဒီလိုပါ ကျောင်းတုန်းက သူနဲ့ တခြား ရုပ်ရှင်မင်းသားအလောင်းအလျာများအကြောင်း နည်းနည်းအပုပ်ချချင်ပါတယ်...။ ဟဲ...ဟဲ... ဒီပို့စ်ဖတ်မိတဲ့ သူတို့အမျိုးတွေ မိတ်ဆွေသယ်ရင်းတွေ မိုးငွေ့ကိုခဲနဲ့ပေါက်မလား. ချောင်းရိုက်မလား တစ်ခုခုပဲဗျို့....။ ကျမတို့ RC3မှာ ကျောင်းတက်တုန်းကျမတို့အဖွဲ့ထဲမှာတိုက်ကွမ်ဒိုက အမတစ်ယောက်ပါတယ်....။ သူမိတ်ဆက်ပေးလို့ တိုက်ကွမ်ဒိုက ယောက်ကျားလေးသူငယ်ချင်းတွေတော်တော်များများနဲ့ သိတယ်...။ ပိုင်ဇေက အဲဒီတုန်းက မြန်မာ့လက်ရွေးစင်... ။ ကျမတို့နဲ့တော့ ကျောင်းမတူဘူး ...။ သူက RC2က....။ ဒါပေမယ့် သူငယ်ချင်းတွေက ကျမတို့ကျောင်းမှာများတော့ လာလာလည်တယ်....။ သူက ဘိုဆန်ဆန်ရုပ်နဲ့ နုဖတ်ပြီးချောတော့ ကျောင်းထဲဝင်လာရင် အကုန်လုံးကငေးမောကျရတာ...။ ကျမကတော့ ယောက်ကျားတစ်ယောက်အဲဒီလောက် နုဖတ်ချောမောနေတာကိုမကြိုက်ဘူး....။ အသားညိုမှ အရပ်ရှည်မှ ယောက်ကျားပီသမှကြိုက်တာ...။ ဒီတော့ ငေးမောတဲ့ အထဲမှာတော့မပါဘူးပေါ့....။ သူက ရုပ်ကလေးချောတော့ နည်းနည်းတော့ မာန်တက်တာပေါ့ဗျာ....။ တစ်ကမ္ဘာလုံးလုပ်ကျွေးတဲ့ ရုပ်မျိုးအမြဲဖမ်းထားတတ်တယ်...။ အဲ... သူ့ရဲ့ပင်ကိုယ်စတိုလ်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်....။ အဲဒီလိုနဲ့ ကျမသူငယ်ချင်းက ကိုးရီးယားမြန်မာ ချစ်ကြည်ရေးပွဲရှိတယ်... သုဝဏ္ဏကွင်းမှာ ကစားသမားတွေကို ပန်းစည်းကမ်းဖို့ ကျမကို အကူညီတောင်းပါတယ်....။ အဲဒီချိန်က ကိုးရီးယားဇာတ်လမ်းတွေ သိပ်ခေတ်မစားသေးပါဘူး...။ ကိုးရီးယားကစားသမားတွေကို ပန်းစည်းကမ်းမယ်ဆိုတော့ စိတ်ဝင်စားတယ် ကူညီမယ်ဆိုပြီး လက်ခံလိုက်တာ....။ တကယ်လည်းပွဲစရော....မြန်မာနဲ့ ကိုးရီးယားကစားသမားတွေ တစ်ယောက်ခြားဆီ ကွင်းလယ်မှာ တန်းစီးရပ်နေကြတယ်...။ ပိုင်ဇေလဲပါတယ်လေ....။ ပန်းစည်းကိုင်ပြီး ကျမဆုတောင်းနေမိတယ် သူနဲ့မကျပါစေနဲ့... ကိုးရီးယားကောင်လေးနဲ့ပဲပန်းစည်းကမ်းရပါစေပေါ့....။ သူနဲ့က သူငယ်ချင်းမိတ်ဆက်ပေးထားပေမယ့် သူ့ပုံစံကိုမကြိုက်လို့ သိပ်လဲ မခင်ဘူးလေ...။ ဆုတောင်းမပြည့်ပါဘူးဗျာ...။ တကယ်ကြီး ပိုင်ဇေနဲ့ကို တည့်တည့်တိုးတာ...။ ကောင်စုတ်လေးက ပန်းကမ်းပြီးလက်ဆွဲနှုတ်ဆက်တော့ လက်မကမ်းပေးဘူးလေ.... အဲလို အကျင့်မကောင်းတာ...တမင်သက်သက်လုပ်တာလေ....။ နောက်တော့ကျမှ... ရင်းနှီးလာတော့မှသိတာ... သူ..ကျမကို စလိုက်တာပါတဲ့...။ မခက်လား လူပုံလည်မှာ ကျမက လက်ကြီးကမ်းပေးပြီး လေထဲမှာပြန်ရုတ်လိုက်ရတာ...ဘယ်လောက် ဖီးလ်အောက်လဲ...။ တကယ်တော့ သူက သဘောကောင်းရှာပါတယ်.. သူ့မျက်နှာထားကိုက အော်တို အဲလိုဖြစ်နေတာတဲ့...။ အင်းလျားလမ်းထဲ သင်္ကြန် သူမဏ္ဍတ်လုပ်တော့သွားဖြစ်သေးတယ်...။ အဲဒီတုန်းက သူက မင်းသမီးလေးတစ်လက်နဲ့တွဲနေပြီလေ (အဲ...နိုင်ငံရေးတွေပါကုန်ပြီထင်တယ်)...။ ကိုဂျွန်လွင်ရဲ့ မော်ဒယ်အေဂျင်စီမှာ သင်တန်းတက်ပြီး ဆီဒိုးနားမှာ ရှိုးပွဲလုပ်တော့ သွားကြည့်ကြသေးတယ်....။ ခုတော့လည်း သူက တကယ့် လူကြီးဖြစ်နေပါပြီ လူကြီးမှ ကလေး သုံးယောက်ဖအေကိုဖြစ်နေပါပြီ.... ဇနီးငယ်ငယ်... သမီးချောချောလေးနဲ့ ချစ်စရာအင်မတန်ကောင်းတဲ့ သားကလေးနှစ်ယောက်တောင် ပိုင်ဆိုင်ထားနေပါပြီ....။ ခုနောက်ပိုင်း ဗီဒီယိုခွေတွေမှာ မင်းသားအစ်ကိုနေရာတွေက ပြန်ရိုက်နေတာတွေ့နေရပြီ...။ အောင်မြင်ပါစေ... သူငယ်ချင်း....။ နောက်တစ်ယောက်အကြောင်း အပုပ်ချရအောင်....အဲလေ... ပြောကြအောင်....။ သူကတော့ ကျမတို့နဲ့ တစ်ကျောင်းထဲ ဒါပေမယ့် သူက Phys မေဂျာက...။ သူလည်း တိုက်ကွမ်ဒိုကပဲ....။ အားတော့နားပါရဲ့ ဒါပေမယ့် ပြောပြချင်ပါတယ်....။ သူက စကားပြောရင် တံတွေးမသိမ်းတတ်ဘူး... ဘိုလိုမပြောဘဲနဲ့တောင်မှ သူနဲ့စကားပြောရင် ရှောင်လင်သိုင်းတော့ တတ်ထားရတယ်...။ အဟဲ... ကျမ မသိလိုက်လို့ ခံခဲ့ရတဲ့ အကြောင်းလေးတစ်ခု ပြောပြဦးမယ်...။ တစ်နေ့ ကျမတို့ RC3 ဝင်ဝင်ချင်း ဆင်ဝင်မရောက်ခင် တစ်ဖက်တစ်ချက်က ပုဏ္ဏရိတ်ပင်တွေနဲ့စည်းလုပ်ထားတဲ့ ပန်းခြံသေးသေးလေးရှိတယ်..။ ကျမတို့ထိုင်နေကြတာက ဝင်ဝင်ချင်း ဘယ်ဘက်ခြမ်း ပုဏ္ဏရိပ်ပင်ဒေါင့်ချိုးက ဗာဒံပင်အောက် ခုံတန်းလေးမှာ..။ အဲဒီအပင်ပေါ်မှာကလည်း ကျီးကန်းတွေက သိပ်သောင်းကျန်းတာ...တအာအာနဲ့ကို ဆူနေတတ်တယ်....။ ကျမရယ်..ကျမသူငယ်ချင်းနှစ်ယောက်နဲ့ အဲဒီတိုက်ကွမ်ဒိုအစ်ကိုချောနဲ့စကားပြောကြတာပေါ့...။ စကားပြောနေရင်းနဲ့ ကျမဘယ်ဖက်လက်ဖျံပေါ် “ဘတ်”ဆိုပြီး...တစ်ခုခုလာစင်တယ်လို့ခံစားရတော့ ကျမက အပင်ပေါ်က တအာအာ ဆူညံနေတဲ့ ကိုကျီးကန်းများဆီကို ချက်ချင်းမော့ကြည့်လိုက်တယ်...။ စိတ်ထဲမှာလည်း ချက်ချင်းပဲ အင်းးး ငါတော့ ကျီးကန်းချေးပါချတာ ခံလိုက်ရပြီပေါ့...။ အဲသလို မော့ကြည့်နေချိန်မှာပါ အောင်မင်းဝင်းက ကျမလက်ကိုဆွဲယူပြီး တစ်ရှူးနဲ့ သုတ်ပစ်လိုက်ပါတယ်...။ “ဆောရီး...ဆောရီးသူငယ်ချင်းငါ့တံတွေးနင့်လက်ကို စင်သွားတာပါ”တဲ့....။ သေရောဗျာ...။ ရယ်လည်းရယ်ချင်... ငိုလည်းငိုချင်ဖြစ်သွားတာပေါ့....။ ကျောင်းပြီးတော့ မော်ဒယ်လ်အေဂျင်စီတွေ ဘာတွေဖွင့်လိုက်သေးတယ်...။ ခုတော့...မြန်မာဗီဒီယိုခွေတွေမှာ... မင်းရဲဆက် ဆိုတဲ့နာမည်နဲ့ရိုက်နေပါတယ်...။ မင်းသား.... အင်မတန်ဖြစ်ချင်တဲ့ကောင် ...။ အစပိုင်းကတော့ အရံအနေနဲ့ လူကြမ်းဗီလိန်နေရာက အရိုက်များနေရာကနေ...ခုတော့ ခေါင်းဆောင်နေရာက စရိုက်နေရပြီလို့တော့ ကြားတာပဲ....။ အဆက်သွယ် မရှိကြတော့ဘူးလေ...။ တိုက်ကွမ်ဒိုက အစ်ကိုတွေကလည်းမလွယ်ဘူးရယ်....။ မင်းသားဖြစ်ချင်တဲ့သူ အများသား...။ သတ္တိကလည်း တိုက်ကွမ်ဒိုကပဲ....။ နောက်ပြီး ကျမတို့အခန်းထဲက နာမည်တော့သိပ်မမှတ်မိတော့ဘူး... ကျောင်းတုန်းကတော့ သူ့ကိုမင်းသားလို့ပဲခေါ်ကြတာ...။ အော်...သူက ကျောင်းလာရင် မျက်နှာကို ဖွေးနေအာင် ပရိုမီနာအမြဲလိမ်းပြီးလာလို့ ပရိုမီနာလို့တောင် နာမည်ပြောင်ခေါ်ကြတယ်...။ ဦးကျော်ဆီမှာ တပည့်သွားခံပြီး ကားတော်တော်များများမှာ ပါသေးတယ်...။ ခုနောက်ပိုင်းတော့ ပျောက်သွားရော....။ ညီနန္ဒအကြောင်းကိုတော့ ဒီမှာ တစ်ခါရေးထားပြီးသားမို့ ထည့်မရေးတော့ဘူး....။ ပျော်စေ ပျက်စေပါ... ကျောင်းတုန်းက အမှတ်တရလေးတွေကို မှတ်တမ်းတင်ထားချင်တာသက်သက်ပါပဲ... ဘယ်သူ့ကိုမှထိခိုက်နစ်နာစေတဲ့ စိတ်နဲ့မဟုတ်ပါဘူး...။ အဆက်သွယ်ရှိနေဆဲ သူငယ်ချင်းတွေရော... အဆက်သွယ်မရှိတော့တဲ့ သူငယ်ချင်းတွေရော စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အရာရာအောင်မြင်အဆင်ပြေကြပါစေလို့ ဒီပို့စ်လေးနဲ့ ဆုမွန်တောင်းပေးလိုက်ပါတယ်....။


မိုးငွေ့

6 comments:

စံပယ္ခ်ိဳ said...

တော်ပါသေးရဲ့ ဟိုးအစကတဲက
ကိုယ်လုံးဝမကြိုက်တဲ့မင်းသားဖြစ်နေလို့
ပလိုမီနမ်မြင်ရင်တော့သတိရမိမှာသေချာပြီ။
ဒီလိုရေးပြတာကိုပဲကျေးဇူးပါရှင်။

ညိမ်းနိုင် said...

ရေးထားတာလေးက ခပ်အေးအေးလေးနဲ့ ရီရတယ်...။
တံတွေးစင်တာကတော့...အင်း...ကျွန်တော်တွေးမိတာက
သူနဲ့တွဲရိုက်မယ့် မင်းသမီးတွေတော့ဒွတ်ခဗျနော်...:D

မအိမ်သူ said...

သူငယ်ချင်းတွေအကြောင်း သူငယ်ချင်းကပြန်ရေးတာလေး ဖတ်ရတာ ကြည်နူးစရာလေး... ဖတ်ပြီးတော့ ဘာမဆိုင်ညာမဆိုင် ကျောင်းတုန်းက သူငယ်ချင်းတွေကိုတောင် လွမ်းမိသွားတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ပိုင်ဇေကို အပြင်မှာ မြင်ဖူးတော့ မမိုးပြောသလိုဘဲ
မျက်နှာထားက ခပ်တင်းတင်းပါဘဲ
သူ့စတိုင်ဘဲထင်ပါရဲ့
ခုတော့လည်း ရင့်ကျက်နေလောက်ပါပြီနော်..
တံတွေးမသိမ်းတတ်တဲ့ မင်းသားကိုတော့ မသိဘူးရယ်
ညီနန္ဒကိုတော့ သိတယ်. သူကဖားကန့်ကိုလည်း လာတယ် ရှိုးပွဲကန်ထရိုက်လားဘာလား လုပ်တယ်လေ

Angelhlaing(May everybody be happy and healthy! said...

ခုမှပဲ သိတော့တယ်...:):) ဖတ်ရင်းပြုံးလို့ ..:P

မောင်သီဟ said...

း) ပန်းစည်းကမ်းခေါ်တယ်ဆိုတော့ ကျွန်တော်တို့ရွာက ကွမ်းတော်ကိုင်ပန်းတော်ကိုင်အပျိုတွေလိုပေါ့ဗျာနော့
မမိုးငွေ့း)

မင်းသားဆိုရင် ကျွန်တော်လည်း ယောက်ျားပီသမှကြိုက် တယ်ဗျ ကိုးရီးယားအခြောက်တွေဆိုအတော်အမြင်ကပ်ပဲ
အခုခေတ်မိန်းကလေးတွေ အဲလိုအခြောက်လိုလိုပုံစံတွေ ကြိုက်တာ အံ့သြမိတယ်း)း)


မောင်ဘကြိုင်