ဒါးလက်မြို့က ကျွန်မတို့တည်းတဲ့ ဟိုတယ်ကနေ မနက်စာစားပြီး တောင်ပေါ်မှာရှိတဲ့ Truc Lam ဘုရားကျောင်းကို cable ဓါတ်လုံးနဲ့ထပ်တက်ကြရပါတယ်...။
Cable မစီးခင် ဒါးလက်မြို့ရဲ့ ရှုခင်း
တောင်ပေါ်တက်တဲ့ ရှုခင်း
တောင်ပေါ်ကအမှတ်တရပစ္စည်းဆိုင်
Truc Lam ဘုရားကျောင်း
ဘုရားကျောင်းဝင်းထဲမှာ ပန်းတွေအများကြီးစိုက်ထားတယ် လှမှလှပဲ
ချဉ်ပေါင်ပန်းလေးမပွင့်သေးဘူး
ကျွန်မတို့ဆီမှာ ဈေးထဲမယ် ပဲပန်းဆိုပြီး တစ်စီးကို ငါးထောင်လောက်နဲ့ရောင်းနေတာ ပေါ့ ..။ ဒီမှာတော့ အလှစိုက်ပန်းလေးတွေ သိပ်လှတာပဲ
ငယ်ငယ်တုန်းက ရွာမှာ အဲလိုပန်းမျိုးတွေ အ၀ါရောင်လေးတွေအများကြီးပဲ ပန်းရောင်တော့ ခုမှမြင်ဖူးတာ
Bao Ding ဘုရင့်နန်းတော်ထဲမှာလည်းအဲဒီပန်းလေးရှိတယ် ဘာပန်းမှန်းမသိ
လာသမျှခရီးသွားတွေအားလုံးကလည်း ဘုရားရှိခိုးပြီး ဒီပန်းတွေနဲ့ပဲလှည့်ပတ်ဓါတ်ပုံရိုက်နေကြတာပဲ
ပန်းမြို့တော်ကိုရောက်ခဲ့တော့ ပန်းပုံတွေကများနေတယ်
ဘုရားကျောင်းမှာ ဘုရားကန်တော့ လျှောက်ကြည့် ဓါတ်ပုံရိုက်ကြပြီးတော့ Dantala ရေတံခွန်ကို ဆက်သွားခဲ့ကြပါတယ်..။ ပြင်ဦးလွင်မှာရှိတဲ့ ပိတ်ချင်းမြှောင်ရေတံခွန်လောက်တောင်မလှပါဘူး..။ ပွဲကောက်ရေတံခွန်သာသာရယ်..။ ဒါပေမယ့် ရေတံခွန်က ဟိုးအောက်ဖက်လျှိုထဲမှာမို့ လမ်းလျှောက်ဆင်းရင် တစ်နာရီလောက်ကြမယ်တဲ့..။ အားလုံး ရိုလာခို့စတာလိုမျိုးဟာနဲ့ တစ်စီးကိုနှစ်ယောက်စီးပြီး ရေတံခွန်ရှိတဲ့အောက်ကို သွားရတယ်..။ ကားမောင်းတာက လက်တံလေးနှစ်ဖက်ပါတယ် အရှေ့မှာထိုင်တဲ့သူက လက်တံကို ရပ်ချင်ရင် အနောက်ကိုဆွဲပြီး အရှေ့ကိုသွားချင်ရင် အရှေ့ကိုတွန်းရတယ်..။ မောင်းခါစက အထိန်းအချုပ်ခက်ခဲတယ်..။ ကျွန်မနဲ့ညီမလေးကတစ်စီး အတူစီးရတာ ကျွန်မက Driver ပေါ့..။ အကွေ့အကောက်နေရာရောက်ရင် လမ်းကြောင်းကအစောင်းလုပ်ထားတော့ အသည်းယားစရာ..။ ခါးပတ်ကလည်း အရှေ့ကတစ်ယောက်ပဲပတ်ရတာ..။
အဆင်းအတက်မှာ လုပ်ကိုင်ပေးရတဲ့ ၀န်ထမ်းလေးတွေကလဲ အဲလိုဝတ်စုံပြည့် သပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့်လေးတွေ..။ ဖော်ဖော်ရွေရွေလဲရှိကြတယ်..။ ဆက်ဆံရေးကတော့ ပြောစရာမရှိ။
ရေတံခွန်ကြီးဆီကအပြန် နေ့လည်စာစားတဲ့ဆိုင်က မုန့်ဆိုင်လေး... ပြန်ခါနီးတော့ လူက အားယုတ်လျော့လာတယ် ပင်ပန်းနေပြီလေ ဓါတ်ပုံတောင် စုံအောင်မရိုက်နိုင်တော့ဘူး..။ ဒါးလက်မှာ ညစာစားပြီး ဒါးလက်ညဈေးကိုသွားလည်ကြသေးတယ်..။ ဖုန်းက ဘက်ထရီလုံးဝကုန်သွားလို့ ဟိုတယ်မှာ အားသွင်းပြီးထားခဲ့ရတာနဲ့ ဘာပုံမှမရိုက်ခဲ့ရဘူး..။ ညဈေးမှာ အများဆုံးရောင်းတောက အနွေးထည်တွေများတယ်..။ 3in 1ကော်ဖီထုပ်တွေကတော့ ဈေးပေါတယ်..။ ကော်ဖီက သိပ်ကောင်းတာပဲ..။ Nest နဲ့တော့တခြားဆီရယ်..။ ကော်ဖီစစ်လို့လားမသိ အနံ့မွှေးပြီး သောက်ချင်စဖွယ်ရှိတယ်..။ အခါးတော့နည်းနည်းကဲတယ်..။
ရေတံခွန်ကအပြန် ခရီးစဉ်မှာ ပါတဲ့ Xaun Houng ရေကန်ကို မရောက်တော့ပါဘူး အချိန်မရှိတာလည်းဖြစ်ပါမယ်..။ ကျွန်မတို့ ခရီးစဉ်မှာပါပြီး မရောက်ဖြစ်ခဲ့ကြတာ နောက်တစ်နေရာက တောင်ပေါ်လက်ဖက်ခင်းနေရာပါပဲ..။ အဲနေရာကို ကျွန်မက သိပ်ရောက်ချင်တာ..။ မလေးရှားက Cameron High Land က လက်ဖက်စိုက်ခင်း ပန်းစိုက်ခင်းနဲ့ စတော်ဗယ်ရီစိုက်ခင်းတွေဆီကို သိပ်ရောက်ဖူးချင်နေခဲ့တာ..။ ဒီခရီးစဉ်မှာလည်း ကျွန်မကိုအဆွဲဆောင်နိုင်ဆုံးက အဲဒီလက်ဖက်ခင်းနေရာလေးပဲ ..။
ဟိုချီမင်းစီးတီး အပြန်လမ်းမှာ မိုးတွေရွာ
Sai Gon City ပြန်ရောက်တော့ shopping ထွက်ဖို့ Sai Gon ညဈေးကိုပို့ပေးတယ်..။ ဈေးဝယ်မယ်ဆိုရင် ထက်ဝက်စစ်ပြီးမှဝယ်တဲ့..။ ဂိုက်ကအဲလိုမှာထားတယ်..။ ကိုယ်လိုချင်တဲ့ ပစ္စည်းဈေးမေးလိုက်ရင် သိန်းဂဏန်းကြီးပဲ..။ တစ်ဝက်လောက်စစ်ချရမှာ မစစ်ချင်ဘူး ဒီတော့ ဘာမှကိုမ၀ယ်ခဲ့ဘဲ ပတ်ပြီး ပြန်ထွက်လာခဲ့တယ်..။ ညစာစားကြတယ်....ညစာစားဖို့ ပီဇာဆိုင်ထဲဝင်သွားတော့ ပီဇာကျွေးမယ်ထင်ထားတာ.. ဘယ်ဟုတ်မလည်း ထမင်းနဲ့ ဟင်းလည်းရတယ်တဲ့ ..။ ဟိုတယ်ပြန်ပြီး ရေမချိုးသေးဘဲ ညဈေးထပ်သွားကြတယ်..။ အပြန်လက်ဆောင်ဘာမှမ၀ယ်ရသေးဘူးလေ..။ ညဈေးမှာ ဗီယက်နမ် လက်ကိုင်ပိုက်ဆံအိပ်သေးသေးလေးတွေ ဒါဇင်လိုက်ဝယ်လာတယ်..။
အပြန် လေယာဉ်ကွင်းမှာ ပစ္စည်းချိန်ဖို့တန်းစီတော့ ဘေးနားက အဲကောင်ကလေး သိပ်ဆော့တာပဲ ချစ်ဖို့လည်းကောင်းတယ် အသားလေးကဖြူဖွေးကြည်ဥနေရော
ဘိုင်ဘိုင် ဟိုချီမင်း C U again
ပုံတွေက ဆွဲဆောင်မှုမရှိတော့ သီးခံပြီး အစအဆုံးအားပေးလာတဲ့ စာဖတ်သူတွေကို ကျေးဇူးတင်ပါတယ်...။ နောက်နှစ်တွေ ဟနွိုင်းတို့ ဒါနန်းတို့ဆီ သွားလည်ဖို့ အားခဲထားတယ်....း)
မိုးငွေ့
No comments:
Post a Comment