မန္တလေးမှာ ဖက်ရှင်ဆိုင်ဖွင့်တော့ အဲခေတ်က ဖက်ရှင်ရှိုးလျှောက်ကြတဲ့ခေတ်ကြီးပေါ့....။ မတင်မိုးလွင်တို့ရဲ့ Talent Model Agency နဲ့ ကိုဂျွန်လွင်တို့ The Star Model Agency က အဲချိန် ဒိတ်ဒိတ်ကျဲ ဟော့နေချိန်ပေါ့...။ မန်းမှာ ဖက်ရှင်ရှိုးတစ်ခုလာလုပ်မယ်ဆိုတော့ ကျွန်မတို့ The Rays ကနေ Sponsor ပေးရပါတယ် ကိုယ့်ဆိုင်ရဲ့ အဝတ်စားတွေကို လူပိုသိအောင် ကြော်ငြာတာပေါ့....။ အဲတုန်းက နိုင်းနိုင်းနဲ့ ညီညီတာ ခေတ်ပြိုင် မော်လ်ဒယ်မင်းသားနှစ်ယောက် နာမည်ကြီးနေချိန်ပဲ...။ တကယ်တော့ ဟိုးအရင်ပို့စ်တွေမှာ ဒီအကြောင်းအရာတွေက ရေးခဲ့ပြီးသားလည်းဖြစ်တယ်....။ နိုင်းနိုင်းနဲ့ ညီညီတာ ဖက်ရှင်ရှိုးမှာ ဝတ်တဲ့ ဂျာကင်ဆိုပြီး နောက်နေ့ကျတော့ ဆိုင်မှာ ရောင်းကောင်းတော့တာပဲလေ....။ အဲလိုအကျိုးဆက်တော့ ချက်ချင်းခံစားရတာပေါ့....။ မှတ်မှတ်ရရ မန္တလေးမြူနီစပယ်ရုံး(စည်ပင်ခန်းမ)ရဲ့ ခန်းမကြီးထဲမှာ ရှိုးလုပ်ခဲ့ကြတာပါ...။ မော်ဒယ်လ်တွေတော်တောများများနဲ့ ကိုဂျွန်လွင်နဲ့လဲ ခင်မင်ရင်းနှီးသွားကြသေးတယ်....။ နောက်ပိုင်း ရန်ကုန်မှာ အလုပ်လုပ်တော့ သူတို့နဲ့ ကုမ္ပဏီကလုပ်တဲ့ နှစ်ပတ်လည်တို့ ပစ္စည်းမိတ်ဆက်ပွဲတို့လုပ်တော့လည်း ဆက်သွယ်ဖြစ်သေးတယ်လေ...။
၂၀၀၀-၂၀၁၀ ဆယ်နှစ်တာ မှတ်ဉာဏ်ကို ပြန်ခေါ်ရတာ နဲနဲရှည်သွားတယ်....။ ၂၀၀၀ ရောက်ဖို့ ၁၉၉၉ ဒီဇင်ဘာ (၃၁)ရက်နေ့ညကို ကျွန်မတို့ ဆိုင်က ရှယ်ယာလေးယောက်လုံး ချောင်းသာမှာ New Year Eve သွားလုပ်ကြတာတော့ မှတ်မိတယ်....။ ၂၀၀၀-၂၀၀၁ မှာ နောက်ဆုံးနှစ်ကို သန်လျင်တာဝမှာ နောက်ဆုံးနှစ်ကျောင်းတက်ရသေးတယ် ....။ ကျွန်မကအဲချိန်အလုပ်လုပ်နေပြီ ညောင်ပင်လေးဈေးထဲမှာ Dawn နို့ဆီအရောင်းဆိုင်ပေါ့ ဒိုင်ပေါ့ ကျွန်မတို့ ကုမ္ပဏီကနေ ကွန်တိန်လာလိုက် လက်ကား ပြန်ဖြန့်တာပါ....။ တက္ကသိုလ်က Day ယူထားတော့ ဆိုင်ထိုင်ရင်း ကျောင်းတက်ရတာ အတန်းသွားမတက်နိုင်ပေမယ့် လက်တွေ့အချိန်ကိုတော့ မှန်မှန်သွားတက်ရတယ် လက်တွေ့ကလဲ တစ်ပတ်မှာ ငါးရက်လုံးရှိနေတော့ သိပ်တော့မထူး ကျောင်းငါးရက်တက်ရသလိုဖြစ်သွားပါတယ်...။ အဲချိန် မန်းကဖက်ရှင်ဆိုင်မှာ ကျွန်မတို့ မန်းက ရှယ်ယာရှင်တွေနဲ့ထားခဲ့ရတယ်....။ နောက်ပိုင်း သုံးလေးနှစ်လောက်မှာပဲ ဆိုင်ဆက်မဖွင့်ဖြစ်တော့ဘဲ ပိတ်လိုက်ရပါတယ် အဓိက ကတော့ ကိုယ်ကိုယ်တိုင်သွားမလုပ်နိုင် မဦးစီးနိုင်တဲ့အလုပ် ကိုယ့်ကွယ်ရာမှာထားရမယ့်အလုပ်ဆိုရင် မလုပ်တာအကောင်းဆုံးပါပဲ...။
၂၀၀၂ မှာဘွဲ့မယူခင် သင်္ကြန်ပိတ်ရက်ကိုးရက်ကို မဟာစည်မှာ သီလရှင်ဝတ်ဖြစ်တယ်....။ ကျွန်မရဲ့ သီလရှင်ဘွဲ့နာမည်က ခေမာဝတီ ဖြစ်တယ်....။ ဘွဲ့ယူတော့ Bob ပုံစံ Wig နဲ့တက်ယူရတယ်...။ အစမ်းလေ့ကျင့်တဲ့ရက်မှာ ကချင်ဝတ်စုံအနီရောင်ဝမ်းဆက်နဲ့ဆိုတာမှတ်မိတယ်...။ ကုမ္ပဏီမှာအလုပ်စလုပ်တော့ မှတ်မှတ်ရရ လစာ နှစ်သောင်းစရတယ်....။ အဲခေတ်က နှစ်သောင်းရတာ MK က Brand တွေဘာတွေ ဝယ်ဝတ်လို့ရတယ်....။ ၂၀၀၃ နဲ့ ၂၀၀၄ နှစ်နှစ်စာအဖြစ်ပျက်တွေ တချို့တလေတောင်မမှတ်မိတော့ဘူး အဲ ကျောင်းတုန်းက Crush ယုဇနဂါးဒင်းမှာ မင်္ဂလာဆောင်တာ သွားလိုက်သေးတယ် သူတို့တစ်မိသားစုလုံးနဲ့က ခင်တာကိုး....။ ငယ်တုန်းကလို ဒိုင်ယာရီရေးဖြစ်ခဲ့ရင်တော့ ပြန်ပြောပြစရာတွေရှိနေလိမ့်ဦးမယ်....။ ၂၀၀၅ မှာ ကျွန်မတို့ စမ်းချောင်းမှာတိုက်ခန်းတစ်ခန်းဝယ်လိုက်လို့ အဲဒီကိုပြောင်းနေကြတယ်....။ အဲမတိုင်ခင်က ၂၀၀၂ အစကတည်းက စမ်းချောင်း လွှတ်တော်နားမှာရှိတဲ့ အဒေါ်အိမ်မှာနေခဲ့တာပါ...။ ကျွန်မကို ခုနှစ်တန်းနှစ်ကတည်းက ကျောင်းထားပေးခဲ့တဲ့ အဒေါ်မိသားစုပေါ့....။ OMG!!! ၂၀၀၆ လည်း ဘာမှရေရေရာရာပြန်တွေးမရပါလား...။ ၂၀၀၇မှာတော့ စင်္ကာပူနဲ့ မလေးကိုရောက်သွားဖြစ်ခဲ့တယ်....။ မလေးရှားကို စလုံးကနေ ဘတ်စ်ကားနဲ့သွားကြတာ KL ရောက်တယ် Genting ရောက်တယ်...။ အကြိုက်ဆုံးက Genting ပဲ တောင်ပေါ်မှာတည်ထားတဲ့ ကစားကွင်းနဲ့ လောင်းကစားရုံတွေ Shopping Mall တွေ တကယ်သဘောကျတယ်...။ Pizza Hut ကို တီဗီကြော်ငြာထဲမှာသာမြင်ဖူးခဲ့တာ Genting က Pizza Hut ဆိုင်မှာထိုင်ရတာ ဒီနေ့ထိမမေ့သေးဘူး သူ့ဆိုင်လေးက အမိုးကအစ မှန်အကြည်တွေနဲ့အုပ်ထားပြီးအပေါ်မော့ကြည့်လိုက်ရင် တိမ်တိုက်တွေက အုပ်လိုက်ရွေ့နေကြတာ ရာသီဉတုကလဲ အေးစိမ့်နေတာပဲ နေလို့သိပ်ကောင်းတယ်....။ ဘေးသားမှာ ကြက်အူချောင်းလေးတွေနဲ့ ချိစ်တွေအများကြီးထည့်ထားတဲ့ Jumbo size Pizza အကြီးကြီးတစ်ချပ်မှာပြီး ကျွန်မတို့အတူသွားကြတဲ့ ခရီးဖော်ငါးယောက် စားကြတာ မှတ်မိသေးတယ် ကော်ဖီခွက်ဆိုတာလည်း မတ်ခွက်အကြီးကြီးနဲ့ အဝသောက်ရတယ်....။ ကစားကွင်းထဲမှာလဲ တော်တော်များများ မစီးဖူးတာတွေ စီးရဲတာတွေအကုန်စီးခဲ့တယ်....ပျော်ဖို့ကောင်းတယ်....။ အခွင့်ရရင် Genting ကိုထပ်သွားချင်သေးတယ် စင်္ကာပူထက် မလေးရှားကလည်စရာပိုများတယ် တခြားကမ်းခြေတွေနဲ့ တောင်ပေါ်ဒေသတွေဆီကိုလည်း သွားလည်ချင်သေးတယ်....။
၂၀၀၈ မေလမှာ နာဂစ်မုန်တိုင်းဝင်မွှေတာမှတ်မိတယ်....။ ၂၀၀၈ ရှစ်လပိုင်းကစပြီး ဒီဘလော့ကိုစလုပ်တာမှတ်မိတယ်....။ စာတွေစတင်တာကတော့ ၂၀၀၈ ဒီဇင်ဘာလောက်မှာပါ....။ ၂၀၀၉-၂၀၁၀ ဘာမှသိပ်မမှတ်မိတော့သလောက်ပဲ မန္တလေးထပ်ရောက်သေးတယ် တစ်ဝမ်းကွဲညီမ မင်္ဂလာဆောင်နဲ့ နောက်တစ်နှစ် သူသမီးလေးမွေးလို့ သွားကြည့်ကြတာ ....။ ထူးဆန်းတာ ဒီဆယ်နှစ်တာ အတွင်း အဖြစ်ပျက်တွေကို ကျွန်မ Memory ထဲ ဘာမှသိမ်းမထားလိုက်မိတာပဲ....။
Revolution will prevail
မိုးငွေ့
No comments:
Post a Comment