ဆရာမကြီး ကြည်အေး စာအုပ်ကို "နွမ်းလျအိမ်ပြန်" တစ်အုပ်ပဲ သေချာဖတ်ဖူးတယ်... ။ ကျန်တဲ့ ကဗျာတွေဘာတွေ အဲလိုပဲ ဟိုတို့တို့ ဒီတို့တို့ဖတ်ဖူးခဲ့တယ်...။ "ကျွန်မပညာသည်" ကိုဖတ်ကြည့်ဖို့ ညွှန်းတဲ့သူရှိလို့ ဒီနေ့ အင်းဝရောက်တုန်း ဝယ်ဖြစ်ခဲ့တယ်...... ။ ရာသီဉတုက အရမ်းပူအိုက်လောင်မြိုက်လွန်းလို့ စာအုပ်ဆိုင်ကို Tiger Sugar က Boba Milk Tea တစ်ခွက်နဲ့ စာအုပ်ထိုင်ရွေးဖြစ်တော့ ဘာသာပြန်စာအုပ်လေးတစ်အုပ်ထပ်ရတယ်...။ ဘာသာပြန်သူက "မိုဆတ်"... ရောဘတ်တိုဘိုလာညို ရဲ့ ညနေအိမ်အပြန်ဝတ္ထုတိုများဆိုတဲ့စာအုပ် ...။ စာအုပ်ပါးလေးပါပဲ... စုစုပေါင်း ခြောက်ပုဒ်ပါတယ်.....။ ဘာသာပြန်သူရဲ့ အမှာစာကို အောက်မှာရေးပြချင်ပါတယ်...။
" စာရေးတယ်ဆိုတာ ပျော်ရွှင်စရာအခိုက်အတန့်တွေ ရနိုင်တဲ့ အလုပ်ပဲ...။ ဒါပေမယ့် စာရေးတာလိုပဲ ပျော်စရာကောင်းတဲ့ တခြားအလုပ်တွေရှိပါသေးတယ်...။ ပြောရရင် ဘဏ်ကိုဝင်စီးတာ....။ ရုပ်ရှင်ဒါရိုက်တာ...။ ဒါမှမဟုတ် ယောကျ်ားပိုင်းလုံးလုပ်တာမျိုးပေါ့...။ အဲလိုမှမဟုတ်လည်း ကလေးဘဝကို ပြန်သွားပြီး ဘောလုံးပြန်ကန်တာမျိုးဖြစ်ဖြစ်ပေါ့...။ ဒါပေမယ့် ကံက မကောင်းချင်တော့ ကလေးက လူကြီးပြန်ဖြစ်သွားတယ်...။ ဘဏ်ဓါးပြက အသတ်ခံရတယ်...။ ရုပ်ရှင်ဒါရိုက်တာက ဆက်ရိုက်ဖို့ ပိုက်ဆံပြတ်သွားတယ်...။ ပိုင်းလုံးငနဲကလည်းနေမကောင်းတွေ ဘာတွေဖြစ်ပေါ့....။ အဲဒီတော့ ဘာလုပ်မလဲ...။ စာပဲပြန်ရေးပေါ့....။ ရွေးစရာမှမရှိတာ...။ "
ဒါကတော့ ချီလီစာရေးဆရာ၊ ကဗျာဆရာ ရောဘတ်တိုဘိုလာညို(၁၉၅၃-၂၀၀၃) Boom Magazine နဲ့ အင်တာဗျူးမှာ ဖြေခဲ့တဲ့စာရေးခြင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့အမြင်ပါပဲ...။
ဘိုလာညိုရဲ့ ဝတ္ထုတိုတွေ ဘာသာပြန်တုန်းက ဟိုတစ်ပုဒ် ဒီတစ်ပုဒ် လျှောက်ပြန်ခဲ့တာဖြစ်ပေမယ့် စာအုပ်လုပ်မယ်ဆိုပြီး ကြည့်လိုက်တော့ ဒီဝတ္ထုတိုစုစည်းမှုက ဘိုလာညိုရဲ့ ဘဝဖြတ်သန်းမှုကို ထင်ဟပ်ပေးနိုင်တာ သတိထားမိလာတယ်...။
မွေးရပ်မြေ ချီလီမှာ ကြုံခဲ့ရတဲ့ အာဏာသိမ်းမှု အတွေ့အကြုံတွေဟာ ဘိုလာညိုရဲ့ စာတွေမှာ အမြဲထင်ဟပ်နေပြီး ဒီစာအုပ်ထဲမှာ "ချီလီ" လို့ နာမည်ပေးထားတဲ့ Detective ဝတ္ထုတိုက အဲဒီအတွက် အကောင်းဆုံး ဉပမာတစ်ခုပါပဲ...။
"မြေကမ္ဘာပေါ်က နောက်ဆုံးညနေခင်းတွေ" ဟာ မိဘတွေနဲ့အတူ ဘိုလာညို ပြောင်းရွှေ့ကြီးပြင်းခဲ့ရာ မက္ကဆီကိုမှာ ဇာတ်အိမ်တည်ထားပြီး သူ့ရဲ့ အကောင်းဆုံး ဝတ္ထုတိုတွေထဲက တစ်ပုဒ်ဖြစ်ပါတယ်...။ ဘိုလာညိုက မက္ကဆီကိုမှာပဲ စာတွေ ကဗျာတွေ စရေးခဲ့ပြီး အင်ဖရာရီယယ်လစ်ဆိုတဲ့ ကဗျာဆိုင်ရာ လှုပ်ရှားမှုတစ်ရပ်မှာ ဉီးဆောင်ပါဝင်ခဲ့ပါတယ်....။ ဇာတိမြေ(လက်တင်အမေရကတစ်ခုလုံး)က အခြေအနေအရပ်ရပ်နဲ့ သဟဇာတ မဖြစ်တော့တဲ့ စာရေးဆရာဟာ တဖြည်းဖြည်းနဲ့ ဉရောပဘက်ကို လွင့်လာပြီး နောက်ဆုံး စပိန်က ဘလန်းဇ်ဆိုတဲ့ ပင်လယ်ကမ်းခြေမြို့လေးမှာ သေတဲ့အထိ အခြေချသွားခဲ့ပါတယ်..။ (ဒီစာအုပ်မှာ စပိန်နောက်ခံဝတ္ထုတိုတွေဖြစ်တဲ့ "ကလာရာ" နဲ့ "ခေါ်ဆိုမှုများ" ကိုလည်းဖတ်ရမှာပါ..)။
ဘိုလာညိုဟာ ၂၁ရာစုရဲ့ အကောင်းဆုံး ဝတ္ထုတိုရေးဆရာတွေထဲက တစ်ယောက်ပါ...။ အင်ဖရာရီယယ်လစ် ကဗျာလှုပ်ရှားမှုကို နောက်ခံထားတဲ့ Savage Detectives ဝတ္ထုနဲ့ ( ဂါဘရီယယ်မားကွက်ဇ်တို့ ဗားဂတ်စ်ယော်ဆာတို့လည်း ရဖူးတဲ့) Romulo Gallegos စာပေဆုကို သူ ရခဲ့ပါတယ်...။ ဒါပေမယ့် ကမ္ဘာကျော်စာရေးဆရာအဖြစ်ကိုတော့ သူကွယ်လွန်ပြီးထုတ်ဝေတဲ့ 2666 ဝတ္ထုတိုထွက်ရှိချိန်မှ ရခဲ့တယ်လို့ ပြောရင်ရပါလိမ့်မယ်...။ (2666 ဝတ္ထုဟာ ကျန်းမာရေး ယိုယွင်းလာတာသိလို့ ကွယ်လွန်ပြီးနောက်ပိုင်း ကျန်ရစ်တဲ့ မိသားစုကို ရေရှည် အထောက်အပံ့ပေးနိုင်အောင် တစ်အုပ်ချင်းအနေနဲ့ ထုတ်ဝေပါဆိုပြီး အပ်ခဲ့တဲ့ ဝတ္ထုငါးပုဒ်ကို ထုတ်ဝေသူက စာအုပ်တစ်အုပ်ထဲပေါင်းပြီး ထုတ်ဝေခဲ့တာပါ...။ ပျက်စီးနေတဲ့ အသည်းကို အစားထိုးခွင့်ရဖို့ စောင့်ဆိုင်းနေတုန်း တန်းစီဇယားအရ ရှေ့မှာ နှစ်ယောက်ပဲ ကျန်တော့တဲ့ အချိန်မှာ ဘိုလာညိုကွယ်လွန်ခဲ့ပါတယ်...။ Reading is always more important than writing လို့ ပြောခဲ့ဖူးတဲ့ ဘိုလာညိုရဲ့ အရေးအသားတွေကို ဖတ်ရှု့ကြည့်ကြပါဦး....။
နှစ်အုပ်လုံးဖတ်ပြီးတဲ့အခါ တစ်ခုချင်းဆီ ဖတ်ရှုခြင်းအပေါ်ရတဲ့ ခံစားမှုရသတွေကို ပြန်လာရေးပေးပါဦးမယ်...။
__________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment