ဒီ 2025 ထဲ ကျနော် စာတွေသိပ်မရေးဖြစ်ဘူး အရင်နှစ်တွေနှစ်တွေနဲ့စာရင်ပေါ့....။ မရေးဖြစ်တဲ့အကြောင်းအရင်းက စာတွေမဖတ်ဖြစ်တာလည်းပါသလို ရေးချင်တဲ့ Mood မရှိတာလည်းပါတယ်....။ ကျနော် ဘယ်တွေရောက်နေလည်းဆို You Tube ဖက်ရောက်နေတာ ပြီးတော့ သီချင်းတွေနားထောင်ဖြစ်တယ်နေ့တိုင်း ကျန်းမာရေးအတွက် လမ်းလျှောက်တယ် တစ်ရက်ကို ခြေလှမ်းအနည်းဆုံး ခြောက်ထောင် အများဆုံး တစ်သောင်းကျော် လျှောက်ဖြစ်နေတယ်...။ ကျနော့်အတွက် စာရေးချင်စိတ်အဖြစ်ဆုံးက စာဖတ်ခြင်းပဲ ကျနော် ဟိုတလောက ဆရာမင်းလူရဲ့ စာအုပ်တွေ သုံးလေးအုပ်ဝယ်ဖြစ်တယ် ခေါင်းရင်းမှာထားပြီး စိတ်ပါတော့မှဖတ်ဖြစ်တယ်...။ ဆရာ့ရဲ့ "စာဖတ်တဲ့မင်းလူ ဖတ်တဲ့စာ" စာအုပ်ကိုဖတ်ပြီး ဆရာညွှန်းထားတဲ့ တခြားကျနော်မဖတ်ရသေးတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တွေကို မှတ်ထားသေးတယ် ဆရာမကြီး ခင်နှင်းယုစာအုပ်တွေ ဆရာကြီးရွှေဉဒေါင်းစာအုပ်တွေ ပြီးတော့ ဆရာမ ဝင်းဝင်းလတ်ရဲ့ စာအုပ်....။
ကျနော် အားရင် ရေးခဲ့ပြီးသား ပို့စ်အဟောင်းတွေသွားပြန်ဖတ်တဲ့အခါ လွန်ခဲ့တဲ့ ငါးနှစ် 2020-2022 အထိရေးတဲ့ပို့စ်တွေကို တကယ်အားရတယ်....။ ကိုးဗစ်-19 ကပ်ဆိုက်နေတဲ့ကာလမှာရေးခဲ့တဲ့ စိတ်ခွန်အားဖြစ်တွေ ကိုယ်တွေ့ကျန်းမာရေးပို့စ်တွေ သီချင်းခံစားမှုပို့စ်တွေ ရုပ်ရှင် review တွေနဲ့ တချို့ဟင်းချက် မုန့်လုပ်ပို့စ်တွေရောပဲ....။ စိတ်ကူးယဉ် အက်ဆေးတွေ ဝတ္ထုတွေကျတော့ ခုနာက်ပိုင်း အားမသန်တော့ဘူး ...။ လက်တွေ့ကျကျ အကြောင်းအရာတွေကိုပဲ ရေးရတာ ပိုကြိုက်တော့တယ်...။ အဲဒါ... ပြီးခဲ့တဲ့ ငါးနှစ်ကို နောက်ပြန်လှည့်ကြည့် သုံးသပ်တာ ကိုယ်ရေးဖြစ်ခဲ့တဲ့ စာတွေကို အားရမိပါတယ်လို့...။
ပို့စ်နဲ့မဆိုင်ပေမယ့် ပြောရဦးမယ်.... လွန်ခဲ့တဲ့ နှစ်လလောက်က ကျနော် အိပ်မက်မက်တယ်....ကမ်းနားတစ်ခုမှာကျနော်ကရပ်နေတာ အဲချိန်မှာ ရေလှိုင်းအကြီးကြီးပဲ မီတာနဲ့ချီမြင့်မယ် အဲရေလှိုင်းတက်လာပြီး ရေတွေလွှမ်းသွားတာ ဒါပေမယ့် ကျနော်ရပ်တဲ့နေရာကိုတော့ ရေတွေရောက်မလာတာထူးဆန်းတယ် တကယ်က နီးနီးလေးပဲ ကျနော်နဲ့က အဖြစ်အပျက်က 3D ရုပ်ရှင်ပိတ်ကားကြည့်ရသလိုမျိုးဖြစ်သွားတာ...အင်း...အဲလိုအိပ်မက်ခဲ့တာ နိုးလာတော့ ခါတိုင်းဖြစ်နေကျလိုပဲ ငါ့ကိုနိမိတ်တစ်ခုခုလာပြောသလားလို့ တန်းပြီး သတိထားလိုက်ပြီး အဲအိပ်မက်ကိုမှတ်ထားလိုက်တယ်....။ အခုပေ့ချ်တွေမှာ ရေအောက်ငလျင်ကြောင့် ဆူနာမီလှိုင်းတွေ ကမ္ဘာတလွှားဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြတယ်...အခုခန့်မှန်းတာကတော့ နက္ခတ်ပညာရှင်တွေပေါ့...။ ရေနဲ့လေကို သတိထားခိုင်းတာ ဘယ်နေရာဘာဖြစ်မလဲဆိုတာတော့ တိတိကျကျဘယ်သူမှမသိနိုင်ဘူး ကြိုတင်ကာကွယ်မှုလုပ်နိုင်အောင်လို့ သတိပေးထားတာ ဖတ်ရတယ်...။ မနှစ်က နိုဝင်ဘာလမှာ ဆည်ပေါက် မိုးကြီးပြီး ရွာတွေအတော်များများ မြေကြီးအောက်ရောက်သွားတာ မှတ်မိသေးတယ်မဟုတ်လား...။ အဲရွာတွေထဲရေစီးတွေ တရဟောဝင်နေတာ အဲပုံစံမျိုးလည်း ကျနော် 2023 လောက်က အိပ်မက်နိမိတ်ရခဲ့ဖူးတယ်...။ အဲလို ထူးထူးဆန်းဆန်းအိပ်မက်မျိုးဆို ကျနော်က memory ထဲ မှတ်မှတ်ထားတာ တိုက်ဆိုင်တာက များလို့လေ....။ ဒါကတော့ ဖြစ်လာခဲ့သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ကြိုတင်ပြင်ဆင်ဖို့ သတိရှိနေဖို့ပြောချင်တာပဲ...။ စကားမစပ် ကျနော်က အရာရာကိုကြိုမြင်တတ်တဲ့ နဂါးမယ်တော်တော့မဟုတ်ဘူးပေါ့...။
ဗုဒ္ဓလမ်းစဉ်ကို လိုက်နေတဲ့သူဆိုရင် ရတနာသုံးပါးကိုမမေ့နဲ့ ဂုဏ်တော်ပွားဖို့လည်းမမေ့နဲ့ သတ္တဝါအချင်းချင်း မေတ္တာထားဖို့လည်းမမေ့နဲ့.....။
No comments:
Post a Comment